Sunday, July 25, 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယနိုင်ငံကို ရောက်ရှိ

ဘီဘီစီ
ဇူလိုင်လ ၂၅ ရက်၊ ၂၀၁၀ ခုနှစ်

မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၅ ရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံကို ဒီကနေ့ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟာ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့အတူ တခြားထိပ်တန်း ခေါင်းဆောင်တွေနဲ့ နယူးဒေလီမှာ တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုကောင်းလာဖို့နဲ့ နှစ်နိုင်ငံနယ်စပ်က ခွဲထွက်သူပုန်ကိစ္စ၊ လက်နက်၊ မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ စွမ်းအင်ကိစ္စတွေကို ဆွေးနွေးမယ်လို့ ယူဆရပါတယ်။

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေကို အိမ်နီးချင်းနိုင်ငံကြီးတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့က မျက်စေ့ကျကာ အပြိုင်အဆိုင် ဝယ်ယူနေကြတာဖြစ်တဲ့အတွက် အခုခရီးစဉ်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဝယ်ယူရေးဟာလည်း မပါမဖြစ် ဆွေးနွေးမယ့်အကြောင်းအရာတွေ ဖြစ်ပါလိမ့်မယ်။

ဗိုလ်ချုပ်ကြီးဟာ အခုတော့ ခရီးစဉ်ပထမဦးဆုံးအနေနဲ့ ဗုဒ္ဓဘုရားပွင့်တော်မူခဲ့ရာ ဗုဒ္ဓဂါယာကို အရင်သွားရောက်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာရှိတဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေကတော့ ဗိုလ်ချုပ်မှူးကြီးရဲ့ အိန္ဒိယနိုင်ငံ အလည်အပတ်ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြခဲ့ ကြပါတယ်။

မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အိန္ဒိယပါလီမန်အမတ်များအဖွဲ့ကလည်း ဗိုလ်ချုပ်ကြီးခရီးစဉ်နဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် မန်မိုဟန်ဆင်းဆီကို ကန့်ကွက်စာ ရေးသားပေးပို့ထားပါတယ်။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးတခုဖြစ်တဲ့ အိန္ဒိယနိုင်ငံအနေနဲ့ ဗိုလ်ချုပ်ကြီး အခုလို အလည်အပတ်လာရောက်တာကို ခွင့်ပြုတာနဲ့ပတ်သက်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက မကျေမနပ် ပြောဆိုဝေဖန်နေကြပါတယ်။

ဖော်ရိန်းပေါ်လစီ မဂ္ဂဇင်းမှာတော့ ဗိုလ်ချုပ်ကြီးသန်းရွှေဟာ စစ်ယူနီဖောင်း ချွတ်လေ့မရှိပေမယ့် အိန္ဒိယအာဏာပိုင်တွေရဲ့ တရားဝင် တောင်းဆိုချက်အရ အရပ်ဝတ်နဲ့ပဲ တက်ရောက်မယ်လို့ ရှားရှားပါးပါး သဘောတူလိုက်ရကြောင်း ရေးသားထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အိန္ဒိယနိုင်ငံကို ၂၀၀၄ ခုနှစ်က တကြိမ် လာရောက်ခဲ့ဖူးပါတယ်။

Photo - AP, Reuters, Getty Images


No comments: