“ဟေ့ … ကျောက်ကျင့်ပါ”
“ဟေ့ … ရှာဂျန်ကျောက်”
ဤအမည်နာမကို ကြားလိုက်ရ၍ စိနတိုင်းဘွားမျိုးနွယ်များထင်လျှင် ပါစင်အောင်လွဲပါလိမ့်မည်၊ ကျွန်တော်တို့ အချင်းချင်း နှုတ်ဆက် ပဋိသန္ထာရ ပြုမှုများသာ ဖြစ်ပါသည်။
ဘာကြောင့် ဤအမည်များဖြင့် ပြက်ရယ်ပြု ခေါ်ဝေါ်ကြသနည်းဟု မေးလာခဲ့လျှင် ရွံ့ရှာလွယ်သော ကိုယ် နှုတ် နှလုံးသုံးပါးလုံး အမူအရာတို့ကိုကြည့်ကာ တင်စား ခေါ်ဝေါ်ကြခြင်းဖြစ်ပါသည်။
တဖန် အမှန်တကယ် ထိတ်လန့်ကြောက်ရွံ့မှုကိုသိ၍ ခေါ်ဝေါ်သည်ဆိုလျှင် တင်စားသည့် 'ရုဠီသညာ' မဟုတ်၊ တကယ်အနက်မည် 'အနွတ္ထသညာ' သာဖြစ်ရပေမည်။
ထိုအမည်ရလွယ်မှုကို သူတပါးကိုထား မိမိကိုယ်တိုင် ကောက်ကြောင်းဖွေမိရာ၊ လူမှန်းသိစ စကားပီနားကြားတွင် ရင်းနှီးရသော အကြောင်းအရာများသည် ထိတ်လန့်ဖွယ် သရဲ တစ္ဆေ စုန်း ဒဏ္ဍာရီများ၊ မှောင်မည်းမည်း ညဥ့်ရိပ်များ၊ ချောက်ခြားဖွယ် ဆိုးခိုးတိုက်ခိုက်မှုများသည် တဖြတ်ဖြတ် ရုပ်ရှင်အမြန် ပြကွက်များလို ပေါ်လာကြသည်။
'ငါက ပဲပုံးတွေအပြည့်နဲ့ လှည်းမောင်းလာတာ၊ စစ်တွင်းက လေယာဉ်ပျက်ကုန်းလည်း ရောက်ရော ဆူးလုံးကြီး လိမ့်လာလိုက်တာ နွားတွေလည်း ထိမ်းမရ၊ လှည်းလည်း မောက်တော့တာပဲ ကံကောင်းလိုမသေ'။
ညဥ့်ဦးယံစကားဝိုင်းတွင် အဖေတို့ ဖလှယ်နေကြသော အတွေ့အကြုံများသည် ကြက်သီးတဖျန်းဖျန်းနှင့် နားထဲသို့ တိုးဝင် ကုန်ကြသည်။ ထိုညမျိုးတွင် ဘယ်လောက်ပင် ချွေးတွေပြန်နေပါစေ၊ ခေါင်းမြီးခြုံမဖွင့်ရဲတော့။ ခုခေတ်လို တီဗွီ၊ ဗွီဒီယိုတွေကလည်း မပေါ်သေးတော့ ကြောက်ရွံ့မှုကို ဖျောက်စရာ အာရုံမရှိ။
နေ့ခင်းကျတော့ရော၊ “အောင်ရွှေကြီး ပိုးထိလို့တဲ့ ဟေ့ ... အပမှီလာတာ အိမ်လည်းရောက်ကရော ဆုံးတာပဲတဲ့” ဆိုသည့် သတင်းတို့ကလည်း တမျိုးပြီးတမျိုး မရိုးရလေ။
ထိုသို့ အကြောက်တရားနှင့် ဖွားမြောက်ခဲ့ရာ ကျောင်းနေသောအခါမှာကော ဆရာတော်ကို ကြောက်လိုက်ရတာ မလှုပ်ပင် မလှုပ်ရဲ။ ဆရာတော်က ဘုန်းတန်ခိုးကြီးပြန် စာကလည်းတတ်၊ ဆွေကြီးမျိုးကြီးမှ ရဟန်းပြုခဲ့လို့ထင့် ဒေါသလွယ်သည်မှာ လူသူကြီးမှအစ ကိုရင်ကျောင်းသားအဆုံး အားလုံး ဖိန့်ဖိန့်တုန်ပင်။
စာမရလျှင် နကန်စာကျွေးသည်၊ ရန်ဖြစ်လျှင် နကန်စာကျွေးသည်၊ ဆော့လျှင် ကဲလျှင် နကန်စာကျွေးသည်၊။ ဝါးအဖျားကို သပ်ထားသော ထိုနကန်သည် အရှိုးရာတို့ကို ပြိုင်ပြိုင်ထစေသကဲ့သို့ တလုံးကွဲလျှင်လည်း ကျောင်းတောင်ဘက် ဝါးရုံကြီးက အစားရလွယ်သည့် အရာလေ။
နကန်က အများဆိုင်ဖြစ်သော်ငြား တရံတခါ ဆရာတော်လက်နားရှိသော အရာဝတ္ထုများသည်လည်း အထူးပြု နကန်ဖြစ်သွားရသည်။ မှတ်မိသေးတော့၊ ယောင်၍ပင် ကိုယ့်ခေါင်းကို စမ်းမိခဲ့၊ ဆရာတော်အား ဆွမ်းကပ်စဉ် နှစ်တောင်ထွာအတွင်းဝင်၍ကပ်မှ အကပ်မြောက်ကြောင်း သင်ကြားဖူးဖို့ဝေး၊ ကြားပင်မကြားဖူးတဲ့ အရွယ်၊ ထို့ကြောင့် ဘောဇဉ်စားဖွယ်တခုကို နှစ်တောင်ထွာအပြင်မှ ကပ်မိရာ ‘ခွမ်’ ခနဲ နှီးဒေါင်းလန်းနှင့် ခေါင်းကို ကပ်ပိခံလိုက်ရတော့သည်။ ဒေါင်းလန်းလည်း တစစီ၊ ခေါင်းလည်းမူးဝေလျက်။
ထိုအချိန်မှစ၍ ဆရာတော် ခေါ်လျှင်ပင် ကြောက်တထိတ်ထိတ် စိုးတလန့်လန့် ရှိတော့သည်။ ရိုက်သောကြောင့် ကြောက်၊ ကြောက်သောကြောင့် ယောင်မှား၊ ယောင်မှားသောကြောင့် ရိုက်၊ ဤသို့ဖြစ် အကြောက်သံသရာ လည်တော့သည်။ သည်အထဲ မြို့မှာနေသော ခန်းနေဦးပဉ္စင်း နွေရာသီပြန်လာပြီဆိုလျှင် ကြောက်အား ပိုရပြန်သည်။ ဆွမ်းခံရာလည်း ခေါက်၊ ရေဆွဲရာလည်း ရိုက်၊ ဝေယျာဝစ္စတိုင်းသည် အငေါက်, အခေါက်တို့ဖြင့် မကင်း။ ဘာကြောင့် ရိုက်မှန်းမသိ။ ကြောက်ပြီးရင်း ကြောက်ရတာကိုသာ သိသည်။ ထို့ကြောင့်ဖြင့် ထိုဦးပဉ္စင်း ဦးစန္ဒောဘာသ လူထွက်သွားသည်ကြားသောအခါ ပျော်လိုက်ရသည့် ဖြစ်ခြင်း။
နောင် လောကနီတိတွေ ဘာတွေသင်ရတော့ ဆရာသမားဆိုတာ အိုးထိန်းသည်နှင့် တူသည်၊ အိုးကို ကောင်းစေလိုလို့ ရိုက်ခတ်သကဲ့သို့ တော်စေ တတ်စေလို၍ ရိုက်ခြင်းဟု သင်ယူခဲ့ရသည်၊ စဉ်းစားကြည့်တော့ ပညာနှင့် အကြောက်တရား ဆတူများရခဲ့လေသလား။
သည်လိုနှင့် ဘဝထဲရောက်သည့်အခါမှာတော့ ပညာတွေက ကျောင်းမှာသာ ကျန်ခဲ့ပြီး အကြောက်တရားတွေကသာ တိုးပွားပါလာခဲ့လေရာ အရာရာကို တွန့်ဆုတ်နေမိတော့သည်။ ဟိုဟာလုပ်ရင် အပြစ်ရှိမလား၊ သည်ဟာပြောရင် အပြစ်ရမလားစသည့် အလေ့တို့သည် မကျင့်ဘဲ ပွားလာတော့သည်။ အယုတ်ဆုံး ရည်းစားစကား ပြောရာမှာပင် ရဲဆေးမတင်ဘဲ မပြောဝံ့။ သည်အထဲ ဝါသနာပါလို့ စာလေးပေလေးဖတ်ပြန်တော့လည်း လက်လှမ်းမှီတာက စုန်း တစ္ဆေ ကဝေ ဝတ္ထုများ။ ကဝေသင်္ချိုင်းဆိုသည့် စာအုပ်ထဲမှ ဇာတ်ဝင်ခန်းများဆိုလျှင် အခုထိပင် ကြောက်လို့ကောင်းတုန်း၊ အကြောက်တရားကို နည်းနိုင် လျော့နိုင် ပယ်နိုင် ရှားနိုင်မလားအောက်မေ့ပါတယ်။
အကြောက်ဆင့်လောင်းသည့် အရာတွေကသာ ဝန်းကျင်မှာ ပြည့်နှက်လို့၊ မကြောက်မရွံ့လွတ်လပ်စွာ ကိုယ်စိတ် ကိုယ့်ကိုယ် လုပ်ကိုင်ဖို့မဆိုထားနှင့် လွတ်လပ်စွာ ပြောဆိုရမည်ကိုပင် 'ထရံကြား နားရှိသည်' ဆိုသည့် စကားဟောင်းများကြောင့် နှုတ်ဆွံ့ခဲ့သည်။ တွေးမည်ခေါ်မည်ကြံစည်တော့လည်း ငါ့အကြံကို တစုံတဦးများ သိသွားလေမလားဆိုပြီး ရဲရဲမတွေးတတ်၊ ကြုံသမျှအရေးတို့ကို အပ်သလား ရာသလား မစဉ်းစား၊ ကြောက်ဖို့သာ အသင့်ပြင်နေတော့သည်။ ကြာတော့ ကြောက်ရွံ့ခြင်းသည် အကျင့်ပါနေခဲ့ပြီ။
ထို့ပြင် အခြားသူတွေ အဖမ်းအဆီးခံတာ ကြုံလျှင်လည်း ငါကိုလည်း ဖမ်းဆီးမှာလား၊ အခြားသူတွေ မမာမကျန်းဖြစ်ကုန်ပြီ ငါမှာရော စသည်ဖြင့် ... ... အကြောင်းကိုမရှာဘဲ အမျိုးမျိုးရှာကြံကြောက်မိတော့သည်။ သည်အမူအကျင့်တွေကြောင့် အထက်ပါ အမည်သညာ ရှိခဲ့ရခြင်းပင်။
ကျွန်တော်တို့ ဝန်းကျင်တွင် ကြောက်ရွံ့ခြင်းကို ဖြစ်ပေါ်စေတတ်သော အကြောင်းများစွာရှိရာ အာရုံခြောက်ပါးအပြည့် ဟုပင် ဆိုလိုက်ချင်ပါသည်။ ကြာတော့ အကြောက်တရား၌ ပျော်ပိုက်နေသူများဟု မျိုးခြား မြေခြား သူအများတို့ ကဲ့ရဲ့ သင်္ဂြိုဟ်ဖွယ်ဖြစ်နေတော့သည်။
တကယ်စဉ်းစားကြည့်သောအခါ ကျွန်တော်တို့သည် ‘ကြောက်တတ်လျှင် ဝန်ကင်း’ ဆိုသည့် စကားပုံကိုသာ နားစွဲနေပြီ။ ‘ကြောက်ရင် လွဲ၊ ရဲ မင်းဖြစ်’ ဆိုသည့် စကားကိုတော့ မေ့ပျောက်နေကြသည်။
ကြောက်ရွံ့ခြင်းသည် ဘဝတွက် အလွန်အန္တရာယ်ကြီးလှပေသည်။ ကြောက်ရွံ့မှုအားကြီးလျှင် ယုံကြည်မှု ပျောက်ဆုံးတတ်သည်။ ယုံကြည်မှု ပျောက်ဆုံးလျှင် သိမ်ငယ်စိတ်ဝင်လာသည်ကို သတိပြုသင့်သည်။
စာတွေရပါလျက် ဆရာကိုရွံ့၍ စာတွေ ပျောက်ရသည်အဖြစ်။ စာတွေရပါလျက် ကြောက်သောကြောင့် ပုစ္ဆာကို မှန်ကန်စွာ မဖြေနိုင်သည်အဖြစ်နှင့် ကိုယ်တိုင် မြင်ဖူးသူများ၊ အလုပ်ရှင်များကို ဝံ့ဝံ့စားစား ရင်မဆိုင်မှု၊ ခန်းနား ထည်ဝါသော နေရာများ ဆိုင်ကနားများကို ဝင်မဆံ့ခြင်းများသည် ကိုယ်တိုင်ဆုံဖူးကြသည့် သာဓကများပင်။
သတ္တုချကြည့်သော် ကြောက်ရွံ့ခြင်း၏အခြေခံသည် ဗဟုသုတမရှိခြင်းနှင့် စဉ်းစားဆင်ခြင်ဉာဏ် မရှိခြင်းကြောင့်ဟု တွေ့ရပေသည်။ ဤနှစ်ချက်ဖြင့် ကြောက်ရွံ့စိတ်ဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်း ဘာကိုကြောက်တာလဲ။ ဘာကြောင့် ကြောက်တာလဲ စသည်ဖြင့် နှိုင်းချိန်စဉ်းစား ဆင်ခြင်သုံးသပ်ခြင်းပြုနိုင်လျှင် ကြောက်ရွံ့စိတ်တို့ ဖယ်ရှားနိုင်ကာ ရဲဝံ့မှုဖြင့်ပင် အစားထိုးနိုင်မည်မှာ ဧကန်ပင်ဖြစ်ပါသည်။
နန်းမအလယ် ရံရွှေများစွာနှင့် စံနေသော အလောင်းမင်းသား သိဒ္ဓတ္ထသည် တကိုယ်တည်း တောနက်ထဲ လှည့်လည် တရားဖွေစဉ် ကြောက်ရွံ့ထိတ်လန့်ဖွယ် နိမိတ်အာရုံတို့ ကြုံသော်တိုင်း ဒါဟာ ငါ့ကို ဆုတ်နစ်စေတဲ့ မာရဘဲဟု ဆင်ခြင်ကာ ပယ်ရှားဝေးလွှင့်စေခဲ့ကြောင်းတို့ကို သံယုတ်ပါဠိတော်၌ အထင်အရှား တွေ့နိုင်ပါသည်။
ထိုနည်းတူ ဂရိတွေးခေါ်ပညာရှင်ကြီး ဆော့ကရေးတီးသည်လည်း သေဒဏ်စီရင်ခံရအံ့နီးတွင် တပည့်များက ငိုယိုနေကြရာ သင့်တို့ သေခြင်းကို ကြောက်စရာ ဟု ဘာကြောင့်ပြောနိုင်သလဲ၊ သင့်တို့ ခံစားဖူးလို့လားဟု မေးခဲ့သည်။ တပည့်များက မခံစားဖူးကြောင်းပြောကြတော့ သေခြင်းရဲ့ ဟိုမှာဘက်မှာ သင့်တို့ထင်သလို ဆိုးချင်မှဆိုးမှာ ဟုပြောကာ သေခြင်းကို မတုန်မလှုပ် ရင်ဆိုင်သွားတော့သည်။
ဤကိုချင့်၍ ကြောင်းကျိုး စဉ်းစားဉာဏ်ရှိခြင်းနှင့် အထွေထွေ ဗဟုသုတ ကြွယ်ခြင်းသည် လူတိုင်း ကြောက်ရွံ့သော သေခြင်းတရားကိုပင် ရဲဝံ့စွာ ရင်ဆိုင်စွမ်းရှိသည် မဟုတ်ပါလား။ ထို့ကြောင့် အကြောက်တရား ကို အနိုင်ယူနိုင်သောသူတို့သည် အရာရာကို အောင်နိုင်သူများဟု ဆိုလိုက်ချင်ပါသည်။ ‘ရဲရင့်ခြင်းကြောင့် တကြိမ်သာ သေဆုံးရ၍၊ ကြောက်ရွံ့ခြင်းကား အကြိမ်ကြိမ် သေခဲ့ရသည်’ ဆိုသော စကားမှာ ထိုသို့သော အာဇာနည်တို့ ကျူးရင့်ခဲ့သော ဥဒါန်းပင်။
ထိုသို့သော ဥဒါန်းမျိုးကို ကျွန်တော်တို့ အစ်မတဦးလည်း ကျူးရင့်ခဲ့ဖူးပါသည်။ အသက်ဘေးနှင့် လက်တကမ်းအကွာ၊ သေမင်းက တစ် နှစ် သုံး တိုင်မင်ခေါ်နေချိန် အဖော်အားလုံးတို့ တွန့်ဆုတ်သွေးပျက်သည့် ကာလ၊ ထိုကာလတွင် ကျွန်တော်တို့ အစ်မကား သေခြင်းကို တည်ငြိမ်အေးဆေးစွာ ရင်ဆိုင်ဖြတ်သန်း သွားခဲ့သည်။ ထိုအစ်မ ပြောခဲ့သော စကားမှာ ‘လူတိုင်း ကြောက်ရွံ့တတ်ကြသူချည်းပါပဲ၊ ဒါပေမယ့် အများအတွက် လုပ်သင့်တာကိုတော့ ကြောက်လျှက်နှင့် လုပ်ကြရမှာပဲ’ ဟု ဖြစ်ပါသည်။
နောက်တခါ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် သူ့မိတ်ဆွေအား ပေးစာမှ စကားလေးတပိုဒ်ကလည်း ‘ကြောက်စရာရှိ ကြောက်၊ ငိုစရာရှိ ငို၊ ပူစရာရှိ ပူပင်၊ လုပ်စရာရှိတာ လုပ်’ ဟူ၍ ဖြစ်ပါသည်။
ဤအကြောင်းများကို စဉ်းစားဆင်ခြင်ရင်း သူငယ်ချင်းများနှင့် တွေ့သောအခါ ကျွန်တော်တို့နာမည်များကို ပြောင်းဖို့ ကြိုးစားရပါမည်။ နာမည်ပေး ကင်းပွန်းတပ် မင်္ဂလာအသစ်ပြုကြပါမည်။ ထိုအခါ အမေရိကန်သမ္မတကြီး သီအိုဒို ရုစဗဲ့၏ ဤစကားလေးကို မေတ္တာလက်ဆောင်ပေးရပါမည်။
‘ကျွန်ုပ်တို့မှာ ကြောက်စရာဆိုလို့ ကြောက်စိတ်တခုတည်းသာ ရှိသည်’ တဲ့။ ။
ကံထွန်းသစ်
(ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၂ဝဝ၉)
သရုပ်ဖော် - အောင်ထက်
သရုပ်ဖော် - အောင်ထက်
No comments:
Post a Comment