Friday, July 23, 2010

ဘုန်းကြီးဘရေ လာလိမ့် (ရဲရင့်ခေါင်)

''ကုသလံ ဘာဝေတဗ္ဗံ'' ကုသိုလ်ဆိုတာ ပွားရမယ့်တရားဖြစ်တယ်။ တိုးပွားစေတတ်တဲ့ သတ္တိရှိတယ်။ ''အကုသလံ မဟာတဗ္ဗံ'' တဲ့ အကုသိုလ်ဆိုတာ ပယ်ရမယ့်တရားဖြစ်လို့ နောက်ဆုံးတော့ အပယ်အဖျက်ခံပြီး ကွယ်ပျောက်သွားရတယ်။

ကုသိုလ်တရားက တိုးပွားစေတတ်တဲ့ သတ္တိမရှိဘူးဆိုရင် အကုသိုလ်တရားကလည်း အပယ်အဖျက်မခံရဘူး ဆိုရင် ဘုရားအဆူဆူဘယ်ပွင့် နိုင်ပါ့မလဲ ... တဲ့။

ဒီစကားကို ဘုန်းကြီးကျောင်းမှာ သဂြုင်္ိဟ်တက်ခဲ့ရတုန်းက ဘုန်းကြီး ခဏခဏ ပြောလို့ ကြားဖူးနားဝဖြစ်နေပေမယ့် အမှတ်ထင်ထင် မဖြစ်ခဲ့ဘူး။

တချို့ အမှတ်တမဲ့ ကြားဖူးနားဝစကားတွေကလည်း ကိုယ်ရေးကြုံလာတော့မှ အမှတ်တရ ဖြစ်လာတတ်တာကလား။

xxxx

ကျုပ်သားအကြီးကောင်က သာသနာ့ဘောင်ဝင်ပြီး ရဟန်းပြုချင်တယ်ဆိုတုန်းက ကျုပ်လဲ သိပ်ထွေထွေထူထူး စဉ်းစားမနေပါဘူး။ ကောင်းရာကောင်းကြောင်း လုပ်တာပဲဆိုပြီး ပဉ္စင်းတက်ပေးလိုက်တာပါပဲ။

ကျုပ်ဘဝမှာက မြေယာလုပ်ကိုင်စားသောက်ဖို့ကလည်း လယ်ကွက်ယာကွက် လုံလုံလောက်လောက်ရှိသလို လုပ်မယ့်ကိုင်မယ့် ကိုယ်ခွဲလက်ဖဲ့ကလည်း သားသမီး ၇ ယောက်တောင်ရှိတာဆိုတော့ သားအကြီးဆုံးက သာသနာ့ဘောင်မှာ ပျော်တယ်ဆိုလည်း ကျုပ်အတွက်ရော သူ့အတွက်ပါ ဘာမှ ဝန်မလေးပါဘူ။ ကျန်တဲ့ သားသမီး ၆ ယောက်ထဲမှာ အလတ်ကောင်တယောက်ပဲ အိမ်ထောင်ကျတာဆိုတော့ ကျန် ၅ ယောက်က လူလွတ်တွေချည်းပဲ။ လုပ်ငန်း ဒေါင့်စေ့ရုံမကဘူး။ ဟို ရှင်လူထွက် အငယ်ဆုံးကောင်ဆို အလုပ်မရှိ လတ်လျားလတ်လျား လျှောက်လည်လွန်းလို့ ဆိတ်အုပ်တအုပ်တောင် ထောင်ပေးထားလိုက်ရသေးတယ်။ ဆိတ်ကျောင်းတဲ့ အလုပ်ရှိသွားရင် ခြေငြိမ်သွား အေးရောဆိုပြီး လုပ်လိုက်တာ။ ခုတော့လည်း သူ့ဆိတ်အုပ်နဲ့သူ ဟုတ်နေသားပဲ။

xxxx

အဲ .. ကျုပ်အကြောင်း နည်းနည်းပြောရဦးမယ်။ အဘိုးရဲ့ အဖေလက်ထက်ကစပြီး အဖေလက်ထက်အထိ ရပ်ရွာသူကြီး အဖြစ်အုပ်ချုပ်ခဲ့တာ သုံးဆက်တိတိပေါ့။ တောသူကြီးဆိုတော့ သူ့ဟာနဲ့သူတော့ အခြွေအရံတွေ သူရင်းငှား (စာရင်းငှား) တွေနဲ့ဘာနဲ့ ဆိုပါတော့ဗျာ။ အဘိုးတို့လက်ထက်မှာ ဓားမဦးချ ကိုယ့်လယ် ကိုယ်ယာ တည်ကြ ခုတ်ကြတော့ စာရင်းငှား အခြံအရံလည်းများ သူကြီးလည်းဖြစ်တဲ့ ကျုပ်အဘိုးတွေက ရွာနဲ့မနီးမဝေးလုပ်ခင်း ကိုင်ခင်း ကောင်းတဲ့ မြေယာတော်တော်များများကို ပိုင်လိုက်တယ်။

သားချင်းပေါက်ဖော် အစဉ်အဆက်ကတော့ ခပ်နည်းနည်းရယ်။ အဖေတို့မှာ ကြီးတော်ရယ်၊ အဖေရယ် မွေးချင်း နှစ်ယောက်ပဲရှိသလို ကျုပ်တို့ကျတော့လည်း အစ်မနဲ့ ကျုပ်နဲ့ နှစ်ယောက်ပဲရှိတယ်။ အစ်မက ရပ်ဝေးမှာ အိမ်ထောင်ကျတယ်လေ။ ကျုပ်အိမ်ထောင်ကျတော့ အိမ်မှာလည်း အမေ့အတွက် ကူဖော်လောင်ဘက် ချက်မယ့်ပြုတ်မယ့်လူမရှိတာနဲ့ အတော်ပဲဆိုပြီး အဖေက ချွေးမကို တခါတည်း အိမ်ပေါ်ခေါ်တင်လိုက်တာ မိဘတွေ မျက်လုံးမှိတ်သာသွားရော တအိုးတည်း တအိမ်တည်းပဲ။ အိမ်မှာက စာရင်းငှား အလုပ်သမားတွေ ကလည်း အဖေ့တူသား အမေ့တူသား ဆွေမျိုးတွေပဲဆိုတော့ ကျုပ်က သိပ် ဒူးကောက်ကြောတင်းအောင် မလုပ်ခဲ့ရဘူး။ သူကြီးသားဆိုပြီး ရမ်းရမ်းကားကားတော့ ဘာမှမလုပ်ပါဘူး။ ညနေ ညနေ အပေါင်းအသင်းတွေနဲ့ ထန်းရည်ခါးလေးသောက်တာနဲ့ ယုန်လိုက် သမင်လိုက် ဝါသနာပါတာလောက်ပါပဲ။ အဲ … ဝါသနာပါတာ ဆိုပေမယ့် တခါတလေရယ်လို့တော့ မဟုတ်ဘူးဗျ။ သောက်တတ်တာကတော့ နေ့စဉ်ပုံမှန်ပဲ။ သောက်ပြီး ဆူဆူပူပူတော့ မလုပ်ပါဘူး။ အဖေကလည်း တရွာလုံးအပေါ် သြဇာညောင်းအောင် အုပ်ချုပ်ထားလေတော့ ဆူဆူပူပူလုပ်ရင် သူ့ခြောက်ပေါက်တုံးက 'သား' ဆိုပြီးတော့လည်း ခွင့်လွှတ်မှာ မဟုတ်ဘူးလေ။

ခြောက်ပေါက်တုံးဆိုတာတော့ ကြားဖူးကြမှာပါ။ လုံးပတ် သုံးထွာလောက်ရှိတဲ့ သစ်သားတုံးကို အလယ်က လွှနဲ့ခွဲ နှစ်ခြမ်းစလုံးမှာ ပြန်ဆုံလိုက်ရင် ခြေကျင်းဝတ်ထည့်လို့ ဆန့်လောက်ရုံ ပေါက် ၆ ပေါက်ဖြစ်အောင် တဖက်တချက် ထွင်းထားတာပေါ့။ ထိပ်တဖက်မှာ ပတ္တာကြီးကြီးနဲ့တွဲထားပြီး ကျန်တဖက်ထိပ်မှာတော့ သော့ခပ်လို့ရအောင် သံကွင်း နှစ်ကွင်း အထက်အောက် ရိုက်ထားတာ။ မူးရူးပြီး ဆူပူတဲ့လူတို့ ဘာတို့ဆို ခြေကျင်းဝတ် နှစ်ဖက် အပေါက်နေရာမှာ ထည့်ပြီး ထိပ်က သော့ခပ်ထားတာပေါ့။ တပြိုင်နက် လူသုံးယောက်ကို ခပ်ထားနိုင်အောင် ခြောက်ပေါက် ဖောက်ထားတာ။ ရွာဘုရားပွဲရက်ဆို တခါတလေ ခြောက်ပေါက်တုံး တတုံးနဲ့တောင်မလောက်လို့ ဟိုဘက်ရွာသူကြီးဆီက ငှားထားရသေးတယ်။

အဲ … စောစောက ပြောခဲ့သလိုပေါ့ဗျာ။ အိမ်မှာ စာရင်းငှားတွေဆိုတာက အဖေ့ဘက် အမေ့ဘက် တူသားတွေလည်း ဖြစ်။ အဖေတို့ အမေတို့မှာလည်း သားရင်းသမီးကနည်းတော့ သူတို့ကိုလည်း သားသမီးအရင်းတွေလိုပဲ ထားတာပါ။ အိမ်ထောင်ပြုကြတော့လည်း အဖေတို့ကပဲ ပြောဆိုပြီး မင်္ဂလာဆောင်ပေး။ သူတို့စီးပွားဖြစ် လုပ်ကိုင်စားဖို့ဆိုပြီး မြေလေးယာလေးလဲ ခွဲပေးဆိုတော့ ကြီးတဲ့လူတွေ သူ့အိုးသူ့အိမ်ခွဲသွားလည်း သူတို့သားသမီးတွေထဲက အိမ်မှာ ကူဖော်လောင်ဘက် အဆက်မပြတ်ပါဘူး။

အဖေတို့ အမေတို့ မျက်လုံးမှိတ်သွားကြတော့ သူကြီးခေတ်လည်း ကုန်သွားပြီ။ ကျုပ်ကလည်း ဒီအလုပ် ဝါသနာမပါဘူး။ ကလေးတွေလည်း အရွယ်ရောက်ကြတော့ အိမ်မှာ စာရင်းငှားများနဲ့ ပူးတွဲလုပ်ကိုင်ရင်းကနေ လုပ်တတ်ကိုင်တတ်တွေ ဖြစ်ကုန်ကြပြီးဆိုတော့ ကျုပ်အတွက် အချိန်ပိုရတော့တာပေါ့။ ကျုပ်အလုပ်ကတော့ အဖော်ရှိရင် တောလယ်ထွက် ညနေကျ ဝိုင်းဖွဲ့သောက် ဒါပဲပေါ့။

အဲ ... သားကျိုးသမီးကျိုးကတော့ မဆိုးဘူးဗျ။ ကိုယ်ကလည်း အဖေအမေကို ပြန်လှန်ပြောလေ့မရှိခဲ့တော့ ကျုပ်သား သမီးတွေကလည်း ကျုပ် ဘယ်လိုနေနေ ဝေဖန်တာ ဘာတာ မရှိဘူး။ သူတို့အမေကလည်း နဂိုကတည်းက ခပ်အေးအေးဆိုတော့ ကျုပ်ကို ဘာမှ ပူညံပူညံမလုပ်ဘူး။ သူ့သားသမီးတွေနဲ့ သူစခန်းစေ့အောင် သူ့ဖာသာကြည့် စီမံသွားတာပဲ။

အံမာ ကျုပ်ကသာ ညနေတိုင်း မှန်မှန်သောက်နေပေမယ့် ကျုပ်သားတွေထဲမှာတော့ ဟို အိမ်ထောင်ကျသွားတဲ့ ကောင်တကောင်ပဲ အဖေ့ခြေရာ နည်းနည်းနင်းချင်တယ်။ ဒါတောင် သူ့အိုးသူ့အိမ်နဲ့ဖြစ်သွားမှ သောက်တတ်တာ။ အိမ်ပေါ်မှာတုန်းက မသောက်တတ်ဘူး။ ကျုပ်ခြေရာနင်းတယ်ဆိုပေမယ့် ကျုပ်နဲ့မတူတာ တချက်တော့ရှိတယ်။ ကျုပ်က သောက်ရုံသောက်တာ မူးလာလို့ အိမ်မှာ ရစ်တယ်၊ ဆူတယ်ဆိုတာ မရှိဘူး။ နည်းနည်းပါးပါး လုပ်လာတဲ့နေ့ဆို အိမ်ပြန်ရောက်လို့ မိသားစုတွေစုံတဲ့အခါ စကားပြော အူရွှင်တာပဲ ရှိတယ်။ ဒါလည်း ကလေးတွေ ပျော်ရုံလောက်ပဲဆိုတော့ ဘယ်သူ့ကိုမှ အနှောက်အယှက် မဖြစ်ပါဘူး။ တော်တော်များလာတဲ့နေ့ဆိုရင်တော့ စားသောက်ပြီး အိပ်ရာထဲ လှဲနေလိုက်တာပဲ။ အလုပ်မရှိတဲ့ ကျုပ်က မူးပြီးဆူနေရင် တနေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတဲ့လူတွေ စိတ်ညစ်ရမှာ။ ဒါကိုတော့ ကျုပ်က အလိုက်သိသိ ရှောင်ပါတယ်။

အဲ … ဟိုကောင်ကတော့ ကျုပ်လို ဟုတ်ပုံမရဘူး။ သောက်လာပြီး အိမ်ရောက်ရင် ပူညံပူညံ လုပ်ပုံရတယ်။ လင်မယားချင်း ခဏခဏ စကားများသံ ကြားတယ်။ သူ့အိမ်က ကျုပ်အိမ်ခြေရင်းဘက် ငါးအိမ်ကျော်လောက် ဆိုတော့ သူတို့ ရန်ဖြစ်သံတွေ ကြားနေရတာပေါ့။ သူ့အမေကတော့ တခါတလေ သွားပြောထင်ပါရဲ့။ ကျုပ်ကတော့ ဘာမှသွားမပြောဘူး။ ဟုတ်တယ်လေ။ အရင်က ကျုပ်ကိုဘာမှ ပြန်မပြောရဲဘူးဆိုပေမယ့် မူးလာတော့ အရင်လို ဟုတ်ချင်မှဟုတ်မှာ မူးမူးနဲ့ ပြန်လှန်ပြောရင် ကျုပ်ကလည်း မူးနေတာဆိုတော့ စိတ်ကထိန်းလို့ ရချင်မှရမှာ။ ခွန်းကြီး ခွန်းငယ် ဖြစ်ကြပြီဆိုရင် အောက်က အထက်ကို ပြန်လှန်မပြောဘူးဆိုတဲ့ ကျုပ်တို့ မိသားစုအစဉ်အလာလည်း ပျက်သွားမယ်။ နံဘေးကကြားရင်လည်း အမူးသမားသားအဖ ရန်ဖြစ်နေတယ်နဲ့ ပြောကြမှာ၊ ဒီတော့ သူတို့ရန်ဖြစ်သံကြားပြီဆိုရင် မလိမ့်တပတ်နဲ့ ဟိုဘက်ပိုင်း ထွက်သွားလိုက်တာပဲ။

ဒီကောင်လင်မယား တကျက်ကျက် ရန်ဖြစ်ကြတယ်ဆိုပေမယ့် လင်ခန်းမယားခန်း ပြတ်လောက်အောင်တော့လည်း မဖြစ်ရဲဘူးဗျ။ ဒါကတော့ ကျုပ်ကလည်း အရင်ကတည်းက သားသမီးတွေ အားလုံးကို ခပ်ပြတ်ပြတ် ပြောထားတယ်။ ကျုပ်တို့ ဘိုးစဉ်ဘောင်ဆက် စည်းကမ်း ဆိုပါတော့ဗျာ။

'အေး … မင်းတို့အရွယ်တွေ ရောက်လာကြပြီး။ လောကဓမ္မတာ အိမ်ထောင်ရက်သား ပြုချင်ပြုကြမှာပဲ။ ဒါ တို့ နားလည်တယ်။ တို့ကတော့ ဘယ်သူ့ ယူပါ။ ဘယ်ဝါ ယူပါလို့ မတိုက်တွန်းဘူး။ မင်းတို့ချင်း တသက်လုံး ပေါင်းရမှာ။ ကိုယ့်စိတ်နဲ့ကိုယ် ဆုံးဖြတ်ကြ။ သားတွေလည်း ကြိုက်တာတွေရင် ပြော။ တို့က မိသားဖသားပီပီ ပြောဆို တောင်းရမ်းပေးမယ်။ သမီးတွေလည်း အဖေတို့ ပွင့်ပွင့်လင်းလင်းပြောထားမယ်။ ကြိုက်တာတွေ့ရင် မိသားဖသားပီပီ လာပြောပါစေ။ ဘာအဆင့်အတန်းမှ မခွဲဘူး။ သူများလင်သားမဟုတ်လို့ လွတ်လွတ်ရှင်းရှင်းဆို ပေးစားမှာပဲ။

အဲ … အိမ်ထောင်ပြုပြီဆိုရင်တော့ အားလုံးမှတ်ထား။ မဆိုစကောင်း မုဆိုးဖို မုဆိုးမဖြစ်လာရင်သာ အိမ်ပေါ်ပြန်လက်ခံမှာ။ လင်ခန်းမယားခန်း ပြတ်လာတဲ့ တခုလပ်အဖြစ်နဲ့တော့ ဘယ်တော့မှ အိမ်ပေါ်ပြန်မတက်ခဲ့ရဘူး' လို့။ ဒါတွေကတော့ ကျုပ်နဲ့ ကျုပ်မိသားစုရဲ့ လက်ရှိအနေအထားပဲ ဆိုပါတော့ဗျာ။

အေး … သားအကြီးဆုံး ပဉ္စင်းခံပွဲ အဝင်နေ့ကတော့ သူ့အမေက မပြောစဖူး စကားတခွန်းပြောတယ်။ ''ကိုယ့်သား ပဉ္စင်းတက်တော့မှာ ဒီရက်ပိုင်းတော့ အပြစ်ကင်းအောင် နေစမ်းပါအုံးတော်'' တဲ့။ ကျုပ်ကလည်း နားထောင်လိုက်တာပါပဲ။ ရွာဦးကျောင်းထိုင်ဘုန်းကြီးကလည်း ကျုပ်တို့နဲ့က နှစ်ဖက်ဆွေမျိုးရယ်။ ကျုပ်နဲ့ကလည်း အဖေ့ဘက်က ညီအစ်ကိုနှစ်ဝမ်းကွဲ၊ သူတို့အမေဘက်ကလည်း မအေညီအစ်မဆိုတော့ မောင်နှမတဝမ်းကွဲပေါ့။ သူ့တူ ပဉ္စင်းတက်တော့မယ်ဆိုတော့ ဘုန်းကြီးလည်း အတော်ဝမ်းသာနေပုံရတယ်။ တရားဟောမယ့် ဓမ္မကထိကကိုတောင် မြို့ပေါ်က သူနဲ့စာသင်ဖက် ဘုန်းကြီးကို သီးခြားပင့်ထားတာ။

ပဉ္စင်းတက်တဲ့ အလှူကြီးနေ့ကတော့ ဘာပြောကောင်းမလဲဗျာ။ စည်လိုက်သမ ဝက်ဝက်ကွဲပဲ။ ဘုန်းကြီးအမိန့်အရ သားကြီး ငါးကြီး မလုပ်ရဘူးဆိုတဲ့အတိုင်း ငါးခြောက်အကောင်းစားနဲ့ ကုလားပဲ ကြာဇံဟင်းရယ် လက်သုပ်ရယ် ကျွေးတာကိုပဲ ဆန် ၁၀ တင်းကျော် ကုန်တယ်။ ကျန်တဲ့ ဦးဇင်းရဲ့ ညီတွေ ညီမတွေရော သူ့အမေ အဲ သူ့ဒကာမကြီးပေါ့လေ။ အဲ့ဒီဘက်က အဒေါ်တွေရောဆို မောရပန်းရမှန်းတောင် မသိနိုင်ကြတော့ဘူး။ အားလုံးကို ပျော်နေလိုက်ကြတာ။

တရားနာချိန်ရောက်တော့ ဓမ္မကထိကဆရာတော်ဟောတဲ့ တရားက 'အံ့ဖွယ်ရှစ်ဖြာ သာသနာ' ဆိုလားပဲ။ အကုန်တော့ မမှတ်မိတော့ဘူး။ ကျုပ်မှတ်မိသလောက်ကတော့ -

''အခု ရဟန်းဖြစ်သွားတဲ့ ဦးပဉ္စင်းဟာ တခြားရဟန်းတော်များနည်းတူ ဘုရားသားတော်ဖြစ်သွားပြီဆိုတဲ့ အကြောင်းရယ်။ သမုဒ္ဒရာလှိုင်းတံပိုးများဟာ သမုဒ္ဒရာထဲမျောပါလာတဲ့ ရွံရှာဖွယ်တွေကို ဖယ်ရှားပစ်သလို သာသနာတော်ရဲ့ အရှိန်အဝါဟာလည်း သာသနာတွင်း ရောက်လာသူတွေရဲ့ သန္တာန်မှာ ကျရောက်လာမယ့် မကောင်းမှုတွေကို ဖယ်ရှားပေးတတ်တဲ့အတွက် အရင်ကလို မကောင်းမှုဒုစရိုက်တွေကို အလွယ်တကူ မပြုဖြစ်တော့ဘူးဆိုတာရယ်။ ကျုပ်တို့လည်း ''ဘုန်းကြီးဘ၊ ဘုန်းကြီးမေ'' ဆိုတဲ့ သာသနာနဲ့ ဆက်စပ်တဲ့ အမည်ထူး ဂုဏ်ထူးတွေ ရရှိလာကြလို့ သာသနာ့အရှိန်အဝါတွေ တည်လာပြီဆိုတော့ အရင်ကလို သတ်တာ ဖြတ်တာ သောက်တာ စားတာတွေကို အမှတ်တမဲ့ ပြုရဲကြတော့မှာ မဟုတ်တော့ဘူး။ ကုသိုလ်ဘက် အားစိုက်လာကြတော့မှာဖြစ်တယ်'' ဆိုတာတွေတော့ မှတ်မိလိုက်တယ်။

တရားနာရင်း ကျုပ်စိတ်ထဲမှာ ''အင်း … ကျောင်းထိုင်ဘုန်းကြီးက ကျုပ်အကြောင်းတွေ ပြောပြထားလို့ ကျုပ်ကိုရိပ်ပြီး တရားစောင်းခုတ်လိုက်တာ ထင်တယ်'' လို့တောင် အောက်မေ့မိသေးတယ်။

ရဟန်းဖြစ်တဲ့နှစ် ဝါဆိုဦးမှာပဲ သားဦးဇင်းကို သူ့ဦးလေးဘုန်းကြီးက စာသင်တိုက်ပို့လိုက်တယ်။ ကျုပ်ကတော့ ဒုံရင်းပဲ ဆိုပါတော့ဗျာ။ အသက်ကလေးကလည်း ဘာလိုလိုနဲ့ ငါးဆယ်ကျော်လို့ ခြောက်ဆယ်ထဲ အတော်နင်းမိနေပြီ။ ဝါသနာကတော့ မဖျောက်နိုင်သေးဘူး။

အဲ … ကျုပ်တို့အရပ်ထုံးစံက သားရဟန်းရှိပြီဆိုရင် မိဘတွေကို နာမည်မခေါ်ကြတော့ဘူး။ ''ဘုန်းကြီးမေ'' ''ဘုန်းကြီးဘ'' လို့ပဲ ခေါ်ကြတာ။ အိမ်က အမယ်ကြီးကတော့ သာရေးနာရေး အလှူပွဲပဲသွားသွား၊ ကျောင်းကန်ဘုရားပဲသွားသွား သူ့ကို ''ဘုန်းကြီးမေ'' လို့ ခေါ်ပြီး ခေါင်းရင်းဝိုင်းမှာ ဦးစားပေးခံရတော့ ကျေနပ်နေတာပေါ့ဗျာ။ အဲ … ဂွကျတာက ကျုပ်ဗျ၊ ညနေဝိုင်းရောက်လည်း ကိုယ့်လူတွေက '' ဘုန်းကြီးဘ'' ပဲ ခေါ်ကြတော့တာကိုး။ ဒီနေရာမှာ ဒီဂုဏ်ပုဒ်ကြီး မလုပ်ပါနဲ့ဆိုလည်း မရဘူး။ အားလုံးက နှုတ်ကျိုးနေကြလို့ပဲလား။ တမင်ပဲ ခေါ်နေသလား မပြောတတ်ပါဘူးဗျာ။ ကျုပ်အလှည့်ရောက်ပြီဆိုရင် ''ရော့ ဘုန်းကြီးဘ ခွက်လှည့်'' ဆိုပြီ လုပ်ကုန်ကြရော။

ကျုပ်တို့ သောက်တယ်ဆိုတာက အပေါင်းအသင်းတွေစုပြီး ညနေ အပျော်ဝိုင်းဖွဲ့ကြတာဆိုတော့ အလယ်ခေါင်မှာ ထန်းရည်အိုး တည်၊ ပန်းကန်ပြားတချပ်ထဲမှာ ပဲလှော်အခြောက်ကို ပုံထားပြီးတော့ ခွက်က တခွက်ထဲရယ် တယောက် တလှည့်သောက်လိုက် ဝါးလိုက်ပေါ့ဗျာ။ တခါတလေ ဂျီသား၊ သမင်သားခြောက်ကလေးရှိတဲ့လူကလည်း မီးဖုတ်ယူလာပြီး ပဲလှော်ပန်းကန်ထဲ ရောထည့်ထားပေါ့။ ဟိုတွေး ဒီတွေး တွေးနေလို့ ခွက်လှည့်မေ့နေတဲ့အခါဆို ''ဘုန်းကြီးဘ ခွက်လှည့်'' တဲ့။ ခေါ်တဲ့ ဂုဏ်ပုဒ်နဲ့ လုပ်တဲ့အလုပ်က အတော့်ကို မလိုက်လျောတာ။ ကျုပ်နားထဲ တမျိုးကြီးပဲ ဒီအသံကြားလိုက်ရရင် ထူသလိုပူသလိုကြီး။ ဘေးကလူတွေများ ကြားသွားမလားဆိုပြီး ဘေးဘီလှည့်ကြည့်မိလိုက်သေးတယ်။ ''မကောင်းမှုဆိုတာ ရှက်စရာ'' လို့ ပြောသံဟောသံတွေ ကြားနေတုန်းက သိပ်သတိမထားမိဘူး။ အခုလို မဆီမဆိုင် ယှဉ်တွဲခေါ်လိုက်တော့ အတော်သိသာသဗျာ။ ကြာတော့ လူရှုတ်တဲ့အိမ်မှာ ဝိုင်းမဖွဲ့ရဲတော့ဘူး။ ချောင်ကျကျအိမ်မှာပဲ ခွက်ပုန်းခုတ်နေရတယ်။

xxxx

တနေ့တော့ဗျာ။ အဲ … တနေ့ဆို မှတ်မှတ်ရရ ကောက်ဦးတွေ ရိတ်သိမ်းပြီးစ ပြာသိုလကုန်လောက်မှာပေါ့။ ဟိုရွာ ဒီရွာမှာ ရှင်ပြုပွဲ အလှူတို အလှူစလေးတွေတောင် ရှိစပြုနေပြီ။ အလှူတို အလှူစဆိုလို့ ရှင်ပြုပွဲကို မလေးမစားခေါ်တာ မဟုတ်ဘူးနော်။ ကျုပ်တို့အရပ် အခေါ်အဝေါ်က ဆိုင်းတွေ မဏ္ဍပ်ဆင်တွေနဲ့ဆို အလှူကြီး တဲ့။ ဒီလိုအလှူကြီးတွေက သီးနှံသိမ်းပြီးလို့ တပို့တွဲလလောက်ရောက်မှ စကြတာ။ သားကြီးရှင်ဖြစ် ခပ်ကျဉ်းကျဉ်း အလှူလေးတွေကတော့ ရက်မဆုံရအောင် ဒီဘက်ပိုင်း ပြာသိုလလောက် လုပ်လေ့ရှိတယ်။ အဲဒါကို အလှူတို အလှူစလို့ လွယ်လွယ်ခေါ်ကြတာပါ။

အဲဒီနေ့ မွန်းတည့်ချိန်လောက်မှာပေါ့။ ရွာအနောက်တောင်ဘက်က ရေစိပ်ကြီး ဇလုပ်ဘက်မှာ သမင်တအုပ် ရေလာလာ သောက်တာ နှစ်ရက် ရှိပြီတဲ့။ လိုက်နေကျအပေါင်းအသင်းတွေက မနေ့ညနေကတည်းက စည်းတွေဘာတွေလည်း အသင့်လုပ်ပြီးခဲ့ပြီ။ ''ဘုန်းကြီးဘ'' လိုက်ခဲ့ပေရော့ဆိုပြီး လာခေါ်ပါရော။ သမင်လိုက်သွားမယ့်ဟာ ''ဘုန်းကြီးဘ'' ဆိုတာကြီးက တပ်ခေါ်လိုက်တော့ နားထဲမှာတော့ တမျိုးကြီးပေါ့ဗျာ။ တယ်တော့ လမိုင်း မကပ်ဘူး။ ဒါပေမယ့် ဝါသနာက မနေနိုင်တော့ လိုက်သွားဖြစ်တာပါပဲ။

အော် … စည်းချတယ်ဆိုလို့ ပြောရအုံးမယ်။ သမင်ကို ခွေးနဲ့လိုက်တာကတော့ ရိုးရိုးပါပဲ။ ခွေးကောင်းကောင်းခေါ်သွားပြီး သမင်အုပ်တွေ့ရင် ခွေးနဲ့မျက်မှန်းတန်းမိအောင် တပ်ပေးလိုက်။ လူအုပ်က နောက်က ညာသံပေးပြီး လိုက်တာပါပဲ။ ကြိုးကွင်းနဲ့ ထောင်တာကျတော့ အဲဒီလိုမဟုတ်ဘူး။ သမင်အုပ် ရေသောက်ဆင်းပြီး ပြန်တက်မယ့် ခင်ကြောပေါ်က နှစ်ဧကလောက်ရှိတဲ့ ယာကွက်မှာ ဘေးပတ်လည်က ခြေသလုံးတပတ်ရစ်လောက်ရှိတဲ့ သစ်ပင်တွေကို ခါးလောက်ကနေ တဝက်ပြတ်လောက်ခုန်ပြီး ဘေးစောင်းတွန်းလှဲထားရတယ်။ တပင်က လဲကျလာတဲ့ အဖျားလောက်မှာ နောက်ထပ် တပင်ကို ဆက်လှဲပေါ့။ ဒီလိုနဲ့ ယာကွက်ပတ်ပတ်လည် သုံးမျက်နှာမှာ ခါးလောက်သာသာ စည်းဝိုင်းကာပြီးသား ဖြစ်သွားအောင် လုပ်ရတယ်။ ကျုပ်တို့ရွာက အလယ်ရိုးမတောင်ခြေနဲ့ သိပ်မဝေးတော့ ယာခင်းဘေးမှာ သစ်ပင်ကလည်း ပေါတယ် မဟုတ်လား။ ဒီလို လုပ်ရတာ သိပ်မခဲယဉ်းလှဘူး။ ပြီးတော့မှ တဖက်ခင်တန်းဘက် သမင်အုပ်ဖြတ်ကူးဖို့ ကောင်းလောက်တဲ့ နှစ်နေရာလောက်မှာ ငါးပေခြောက်ပေလောက် အပေါက်လုပ်ထားပေါ့။ ပြီး အဲ့ဒီနေရာမှာ သွပ်နန်းကြိုး သေးသေးတွေကို လိမ်ပြီးကျစ်ထားတဲ့ သံကြိုးကွင်း ငါးကွင်းလောက်ကို သမင်ဦးခေါင်းနဲ့ အလောတော် ကျယ်ရုံလောက် ထောင်ထားရတာ။ ကွင်းတခုနဲ့တခု ထပ်မိနေအောင် ကွက်လပ်ပြည့်ထောင်ထားတော့ တတောင်ကွာလောက် အကွက်ကျဲတဲ့ သံပိုက်ကွန်ကြီး ထောင်ထားသလို ဖြစ်နေတာပေါ့ဗျာ။

ဒါတွေ အသင့်လုပ်လုပ်ပြီးပြီဆိုတော့ ကျုပ်တို့အဖွဲ့ တာဝန်ခွဲဝေ နေရာယူကြတယ်။ သွက်သွက်လက်လက် ငါးယောက်လောက်က ရေဆိပ်နဲ့ မလှမ်းမကမ်းနားမှာ ပုန်းနေရတယ်။ သမင်အုပ်ရေလာသောက်ရင် စည်းဝိုင်းရှိတဲ့ဘက် ချောက်တင်ပေးဖို့ပေါ့။ သုံးမျက်နှာ စည်းဝိုင်းထားတဲ့ ယာကွက်မှာက သံကွင်းထောင်မထားတဲ့ဘက်တွေမှာ တဖက် သုံးယောက်စီလောက် စောင့်ရတယ်။ စည်းဝိုင်းထဲ သမင်အုပ်ဝင်လာတဲ့အခါ ကွင်းထောင်တဲ့ဘက်ကို မသွားဘဲ တခြားဘက်ကို ဦးတည်သွားရင် သူတို့က လူသံပေးပြီး ချောက်လွှတ်ရတာပေါ့။ ကျုပ်တို့ ခပ်ကြီးကြီးတွေကတော့ ကွင်းတွေရဲ့ ဘေးထောင့်ဆီကနေ စောင့်နေရတယ်။ တချို့စည်းထောင်တာနဲ့ ကြုံဖူးတဲ့ သမင်အုပ်ဆိုရင် ကွင်းနားရောက်မှ ရိပ်မိပြီး ပြန်လှည့်တတ်တယ်။ အဲ့ဒီအခါမှ ဘေးကနေ လူယောင်ပြပြီး ချောက်ပေးရတာပေါ့။

အဲဒီနေ့က ကျုပ်စောင့်ဖို့ တာဝန်ကျတဲ့နေရာက ကွင်းထောင်ထားတဲ့ဘက် ထောင့်တထောင့်မှာ ဟိုဘက်ရွာကူးတဲ့ လမ်းလေးကပ်လို့ပေါ့။ ကျုပ်လည်း သမင်အုပ်ရောက်မလာမချင်း အသင့်ပါလာတဲ့ ဆေးလိပ်ကိုဖွာပြီး လက်ထဲမှာ ဝါးရင်းတုတ် တချောင်းကိုင်လို့ အနားမှာလည်း ဓားရှည်ဦးတို တချောင်းချပြီး စောင့်နေလိုက်တယ်။

နေတော်တော်လေးစောင်းတဲ့အချိန်မှာ ရေဇလုပ်ဘက်က ခွေးအိုင်တဲ့အသံနဲ့ လူအော်သံတွေ ကြားလိုက်ရတယ်။ သမင်အုပ်ကို စည်းဝိုင်းဘက် ပဲ့သွင်းလာတဲ့သဘောပဲ။ ကျုပ်လည်း သတိထားပြီး ခြုံကွယ်တခုမှာ အသာကပ်ရင်း မျက်ခြည်မပြတ် စောင့်ကြည့်နေတယ်။ ဒီအချိန်မှာပဲ ဟိုဘက်ရွာက ဈေးတောင်းတွေရွက်လာတဲ့ မိန်းမတွေ သုံးလေးယောက်လောက် ကျုပ်အနားကနေ ဖြတ်သွားရင်း ' ဟယ် .. သမင်စည်းချ စောင့်နေကြတာဟဲ့'' ဆိုပြီး ရပ်ကြည့်နေကြလို့ သူတို့မြင်ပြီး သမင်အုပ်ပြန်ဆုတ်သွားမှာစိုးတာနဲ့ လက်ဟန်ပြပြီး မြန်မြန်သွားဖို့ ပြောနေတုန်း။ ''ဘုန်းကြီးဘရေ လာလိမ့် လာလိမ့်''ဆိုတဲ့ အသံကြားလိုက်ပါရော။ အနားမှာဘေးရွာက မိန်းမတွေရှိတုန်း ဒီလို ခေါ်သံကြီး ကြားလိုက်ရတော့ ကျုပ်လည်း ထူပူသွားတာပဲ၊ ဒါနဲ့ ဟိုမိန်းမတွေများ ကြားလောက်လားဆိုပြီး သူတို့ဘက် လှည့်ကြည့် လိုက်ခါမှ ''ဟောတော့ ဒီဘက်ကစောင့်နေတဲ့ ဘကြီးက ဘုန်းကြီးဘ'' တဲ့ဆိုပြီး ရယ်ကြပါရောဗျို့၊ သူတို့အသံမှ မဆုံးသေးဘူး၊ ဗြုန်းဆို သမင်အုပ်က ကွင်းထောင်တဲ့ဘက်မသွားဘဲ ဟိုမိန်းမတွေရှိတဲ့ဘက်တန်း ခပ်နိမ့်နိမ့် နေရာကနေ ခုန်ပြေးကြပါလေရော၊ မိန်းမတွေ လန့်ဖျန့်ပြီးပြေးလိုက်ကြတာ တယောက်တော့ဖြင့် လယ်ဘေးက သစ်ငုတ်နဲ့တိုက်မိပြီး ခေါင်းပေါ်က ဈေးတောင်းပါ ပြုတ်ကျလို့ လူလည်း ဒူးကွဲ၊ ပစ္စည်းတွေလည်း ဖရိုဖရဲပေါ့၊ ကျုပ်လည်း ဘာလုပ်လို့လုပ်ရမှန်း မသိဘူး၊ ထူပူနေတုန်း နောက်ကလိုက်လာတဲ့ကောင်တွေနဲ့ ဘေးစောင့်တွေ ကျုပ်နားရောက်လာကြတော့တာပဲ ''ဘုန်းကြီးဘ ဘယ်လိုလုပ်လိုက်တာတုန်း၊ ကျုပ်တို့ နှစ်ရက်လောက် ကြိုးစားထားသမျှတွေ အလကားဖြစ်ကုန်ပြီ'' တဲ့။

ကျုပ်လည်း မွှန်ထူပြီး စိတ်ကတိုနေရတဲ့အထဲ သင်းတို့က အပြစ်တင်နေကြပြန်တော့ စိတ်ပေါက်ပေါက်နဲ့ ပြန်ဟောက် ထည့်လိုက်တယ်၊ ''ဟေ့ - တော်ကြစမ်း၊ ဒီလိုနေရာမျိုးမှာ ငါ့ကို ဒီလိုကြီး မခေါ်ကြနဲ့လို့ ငါအတန်တန် သတိပေးထားတဲ့ကြားက မင်းတို့ပါးစပ်တွေက ဒါပဲ အော်ခေါ်နေ၊ တောလယ်တာနဲ့ ''ဘုန်းကြီးဘ'' က ဘာဆိုင်လဲကွ၊ မင်းတို့လုပ်ပုံကိုက လမိုင်းမကပ်ဘူး၊ တော်ပြီ တော်ပြီ မင်းတို့ပါးစပ်တွေ ပိတ်မရတူတူ ငါပဲ ဒီအလုပ်ဖြတ်တော့မယ်၊ ကဲ … ဒါက အရေးမကြီးဘူး၊ ဟိုမှာ ဈေးတောင်းနဲ့ မိန်းမတယောက်လဲနေတာ ဘာဖြစ်လဲ သွားကြည့်အုံး'' ဆိုတော့မှ အားလုံး လှမ်းကြည့်လိုက်တော့ ဘာမှ ကြီးကြီးကျယ်ကျယ် ထိခိုက်ပုံမရပါဘူး၊ ပွန်းရုံပဲရုံထင်ပါတယ်၊ ထော့နဲ့ ထော့နဲ့နဲ့ သူ့ပစ္စည်းလေးတွေတောင်းထဲပြန် ကောက်ထည့်ပြီး ရွာဘက်ဆက်သွားနေကြပြီ၊ ပါးစပ်ကတော့ တတွတ်တွတ်နဲ့ ''အံ့ပါတော် … ဘုန်းကြီးဘလဲဆိုသေး ဒီအရွယ်ကြီးနဲ့ သမင်လိုက်ရသတဲ့'' ဆိုပြီး ပြောသွားလေရဲ့။

xxxx

ကျုပ်ထင်တဲ့အတိုင်းပါပဲ၊ နေဝင်ချိန်လောက် ကျုပ်တို့ရွာထဲပြန်ရောက်တော့ ဒီသတင်းက ပျံ့နှံ့နေပြီး ဈေးသည်တွေက မနက်ဖြန် ဝင်မယ့်ရွာထဲက အလှူအတွက် ငါးပိ၊ ငါးခြောက်မှာထားလို့ လာပို့ကြတာတဲ့၊ ဟုတ်သားပဲ ရွာဦးဘုန်းကြီးညီရဲ့ သား ရှင်ပြု မနက်ဖြန် အဝင်ပဲ၊ ကျုပ် ဦးဇင်းတောင် သူတို့ပရိက္ခရာဝယ်သွားရင်း ပင့်ခဲ့လို့ ကြွလာမယ်ပြောတယ်၊ ရောက်များနေပြီလား မသိဘူး။

ရောက်လည်းမတက်နိုင်ဘူး၊ ကျုပ်လည်း ခါတိုင်းလို ထန်းရည်ဝိုင်း ဝင်ချင်စိတ်မရှိတော့တာနဲ့ အိမ်ဘက် တန်းပြန်ခဲ့တယ်၊ ထုံးစံအတိုင်းပဲ အိမ်ကတော့ ဘယ်သူကမှ မေးလားမြန်းလား မလုပ်နေကြပါဘူး၊ သူတို့လည်း ကြားပြီးမှာတော့ သေချာတယ်၊ ညစာစားပြီးချိန်မှာတော့ မန္တလေးက ဦးဇင်းပြန်ကြွလာတယ်ဆိုပြီး ကျောင်းသားလေးတယောက်ကပြောလို့ သူ့ ဒကာမကြီးနဲ့ သူ့သမီးတွေ ကျောင်းသွားဖို့ ဖျော်ရည်တို့ သကြားတို့ ကမန်းကတန်း ပြင်နေကြရင်း သမီးအကြီးမက ကျုပ်ဘက်လှည့်ကြည့်လိုက်သေးတယ်၊ ''အေး - နင်တို့သားအမိတွေသွားကြ ငါတော့ မနက်ဖြန်မှပဲ သွားတော့မယ်''ဆိုပြီး ကျုပ်လည်း စိတ်ထွေထွေရှိတာနဲ့ အိပ်ရာထဲ စောစောဝင်လိုက်တယ်၊ ဟိုကောင်တွေကတော့ မနက်ဖြန် သမင်အုပ်နောက် ဆက်လိုက်အုံးမယ်တဲ့။

xxxx

ဒီတခါတော့ ကျုပ်စောင့်ရမယ့်စည်းဘက်မှာ သေသေချာချာ ဂရုစိုက်ပြီး စောင့်နေလိုက်တယ်၊ သိပ်မကြာလိုက်ပါဘူး၊ ''ဘုန်းကြီးဘရေ ... လာလိမ့် လာလိမ့်'' ဆိုတဲ့အသံကြားလို့ သေသေချာချာကြည်လိုက်တော့ ခပ်လှမ်းလှမ်းမှာ နည်းတဲ့ သမင်အုပ်ကြီး မဟုတ်ဘူး၊ ချိုကားကြီးတွေနဲ့ချည်းပဲ၊ အဲ အနားရောက်လာတော့ ... ဟာ ... သမင်းကြီးတွေ မဟုတ်ဘူးဟ၊ ဘာကောင်ကြီးတွေပါလိမ့်၊ ချိုလိုလို နားရွက်လိုလိုကြီးတွေကလည်း အကြီးကြီးတွေ၊ မျက်လုံးကြီးတွေကလည်း ပြူးကျယ်ပြီး ဝင်းဝင်းတောက်လို့၊ အလိုလက်ထဲကလဲ ဘာကြီးတွေလဲဟ၊ အံမာ ငါ့ဆီတန်းတန်းကြီး ပြေးလာနေပါလား၊ ကြည့်ရင်းကြည့်ရင်း အရပ်ကြီးတွေကလည်း မော့ကြည့်ရတယ်၊ လက်ထဲက လက်နက်ကြီးတွေက ငါ့ကိုတည့်တည်ချိန်နေပါလား၊ အမလေး ''မှတ်ကရော 'ဘုန်းကြီးဘ' တန်မဲ့ ဒီအရွယ်ကြီးရောက်တာတောင် သမင်လိုက်ချင်တုန်း၊ သမင်အုပ်နဲ့မတိုးဘဲ သူအဘတွေနဲ့တိုးတော့ ဘာတတ်နိုင်သေးတုန်း'' ဟာ ဒီမိန်းမတွေကလည်း ဘယ်တုန်းက ဒီနားပြန်ရောက်လာပြန်တာတုန်း ... အား ... လုပ်ကြပါအုံးဟ။ ''အဖေ အဖေ ဘာဖြစ်လို့တုန်း'' ဆိုတဲ့ သမီးကြီးအသံကြားလို့ အိပ်ရာက ကမန်းကတန်း ထလိုက်တော့ တကိုယ်လုံး ချွေးတွေ နဲ့ရွှဲလို့၊ မျက်နှာသစ်ပြီးလို့ ပြန်လှည့်လိုက်တော့ သူတို့ သားအမိ ကျောင်းဆွမ်းပို့သွားကြတော့မလို့ ပြင်ပြီးနေကြပြီ။ ''သမီး ဟိုဘက်ချိုင့် အသေးလေးက ဘာလဲ လက်ဖက်ရည်မြည်းလား၊ အဲဒါထားခဲ့ နောက်မှ ငါယူပြီး လိုက်ခဲ့မယ်၊ နင်တို့ ဆွမ်းပွဲပဲ ရွက်သွားကြ'' လို့ပြောလိုက်တော့ သူတို့အမူအယာတွေက တခုခုဝေခွဲမရ ဖြစ်နေပုံမျိုးနဲ့၊ ပြီးမှ ကျုပ်ပြောတဲ့ချိုင့်ကိုထားခဲ့ပြီး ဆွမ်းပွဲရွက်သွားကြလေရဲ့။

အမြည်းချိုင့်ဆွဲပြီး ကျောင်းကိုရောက်သွားတဲ့အချိန်မှာတော့ ဘုန်းကြီးများ ဆွမ်းဘုဉ်းပေးပြီးလို့ ရေနွေးကြမ်းဝိုင်း ထိုင်နေကြပြီ။ ကျောင်းထိုင်ဘုန်းကြီးအပြင် အာဂန္တုဆရာတော် ၃ ပါးလည်း ရှိတယ်။ ကျုပ် ဦးဇင်းကတော့ အနောက်ဘက်ဘေးကထိုင်ရင်း ရေနွေးကြမ်းငှဲ့ပေးနေတယ်ဆိုတော့ ကျုပ်ကို ကျောပေးလျက်ပေါ့။

ကျောင်းဘုန်းကြီးက''ဒကာကြီး ဘာအမြည်းတွေတုန်း'' လို့ မေးရင်း ''ဟဲ့ - ကိုရင် ပန်ကန်ပြားယူခဲ့၊ ဒီချိုင့်ထဲကဟာ လှယ်ပြီး ကပ်'' လို့ အမိန့်ပေးလိုက်တယ်။ ''ဘာအမြည်းတွေလဲတော့ မသိဘူးဘုရား၊ သူတို့ ထည့်ထားပြီးသား ဆွဲလာခဲ့တာပဲ၊ တပည့်တော်လှူချင်တာက ဒီအမြည်းချိုင့်မဟုတ်ဘူး ဘုရာ့၊ ဒီနေ့ တပည့်တော် သည့်ပြင် လှူစရာ အထူးရှိလို့'' ဆိုတော့ ဘုန်းကြီးက ''ဘာများလဲ ဒကာကြီး''တဲ့။

''တပည့်တော် ဘုန်းကြီးဘ ဖြစ်လာပေမယ့် ဒီနေ့အထိ အချိုးမပြောင်းခဲ့ဘူး။ အငယ်က ဝါသနာတွေလည်း မစွန့်နိုင်ခဲ့ဘူး။ ခု ... တပည့်တော် ဆုံးဖြတ်ပြီးပြီ။ ဒီနေ့ကစပြီး ''ဘုန်းကြီးဘ'' ဆိုတဲ့ဂုဏ်နဲ့ မလျော်ကန်တဲ့ တပည့်တော်ရဲ့ ဝါသနာတွေကို အပြီးတိုင် စွန့်လိုက်ပြီ ဘုရား၊ အဲဒါ အရှင်ဘုရားတို့ကို ဒီကတိသစ္စာနဲ့ လှူဒါန်းကန်တော့ပါတယ်ဘုရား'' ဆိုတော့ ဘုန်းကြီးက ''သာဓုဗျာ သာဓု … သာဓု 'သမဏဿ ရောစတေ သစ္စံ = ရဟန်းအတွက် သစ္စာတရားဟာ တင့်တယ်တယ်'' လို့ဆိုသလိုပဲ ဘုန်းကြီးဘ တယောက်အတွက်လည်း ဒီသစ္စာစကားဟာ အလွန်တင့်တယ်ပါတယ်'' ဆိုပြီး သာဓု သုံးကြိမ် ထပ်ခေါ်ပြန်တယ်။

ဦးဇင်းဒကာမကြီးက ''အဲဒါ သားဦးဇင်း သာသနာဘောင်ဝင်ရောက်ခဲ့တဲ့ ကျေးဇူးတွေပေါ့တော့်၊ တော့်အတွက် အို ကံကောင်းဖို့ ဖြစ်လာတာပဲ'' ဆိုပြီး သူတို့သားအမိကလည်း သာဓုသုံးကြိမ် ပြိုင်တူခေါ်လိုက်ကြပြန်တယ်။

သား ဦးပဉ္စင်းက ကျုပ်ဘက်လှည့်ပြီး ငေးကြည့်နေတယ်။ အသက်ကလေးရလာတော့ မျက်စိကပဲ နည်းနည်း မှုန်ချင်သလား။ ဘာကြောင့်လဲတော့ မသိဘူး။ ကျုပ်သား ဦးဇင်းမျက်နှာ ပြုံးနေသလား၊ တည်နေသလားဆိုတာ သိပ်မသဲကွဲဘူး။ ခပ်ဝါးဝါးနဲ့ ကျုပ်မျက်တောင်တွေတော့ ခပ်မြန်မြန် နှစ်ချက်သုံးချက် ခတ်လိုက်မိတယ်။ မျက်လုံးထောင့်က စိုစိစိနဲ့။

ကျုပ်တသက်မှာ ဒီနေ့ကြားရတဲ့ သာဓုခေါ်သံလို ကြက်သီးမွေးညှင်းထတာ တခါမှ မကြုံဖူးဘူး။

ဖိုးလေး ဦးသုခသို့

ရဲရင့်ခေါင်


No comments: