Tuesday, July 27, 2010

အတိတ်သမိုင်းပြန်လှန်တဲ့အခါ ဆင်ခြင်စရာ (လူထု စိန်ဝင်း)

ဒီတနှစ်လောက်အတွင်း ဂျာနယ်တွေ ဖတ်ကောင်းလာတယ်။ အရင်ကလို အရည်မရ အဖတ်မရ ဖျော်ဖြေရေး သတင်းတွေအစား နိုင်ငံရေးအကြောင်း၊ ဒီမိုကရေစီအကြောင်း၊ ရွေးကောက်ပွဲအကြောင်း၊ သတင်းဆောင်းပါးတွေ သူ့ထက်ငါ ပြိုင်သထက်ပြိုင်အောင် ဖော်ပြလာကြတယ်။

ယောင်ဝါးဝါးအသိ

ဒီလိုဖော်ပြလာကြတာ လူကြီးပိုင်းအတွက်လည်း ကောင်းတယ်။ မကြားရ၊ မပြောရတာကြာပြီဖြစ်တဲ့ စကားတွေကို အားရပါးရဖတ်ပြီး အားရပါးရ စားမြုံ ပြန်နိုင်ကြတယ်။ လူငယ် လူရွယ်တွေအတွက်လည်း အများကြီးကောင်းတယ်။

အဆက်ပြတ်နေတဲ့ ခေတ်အကြောင်းတွေကို သိကြရတယ်။ ဂျာနယ်တွေကို ကျေးဇူးတင်မိတယ်။

လူငယ် လူရွယ်တွေသာမကဘူး၊ အခုချိန်မှာ အသက် ၅၀ တန်းအောက် ရောက်နေသူတွေတောင် ကိုယ့်နိုင်ငံရဲ့သမိုင်းကို သေသေချာချာ မှန်မှန်ကန်ကန် သိကြတာမဟုတ်ဘူး။ ယောင်ဝါးဝါးလောက်သာ သိကြတာ။

အတိတ်သမိုင်းကို မသိတဲ့အခါကျတော့ အခုပစ္စုပ္ပန်မှာ ရွေးကောက်ပွဲတို့၊ ဒီမီုကရေစီတို့အကြောင်းတွေကို ကြားရတဲ့အခါမှာ ဟိုလူပြောလည်း ဟုတ်နိုးနိုး၊ ဒီလူပြောလည်း ဟုတ်နိုးနိုးနဲ့ ယောင်ဝါးဝါးဖြစ်ကြနေကြရတယ်။
ကိုယ်တိုင် တိတိကျကျ ဘာမှဆုံးဖြတ်နိုင်စွမ်း မရှိကြဘူး။

တအံ့တသြဖြစ်ကြ

ဂျာနယ်လစ်တွေ ပြန်ပြီးဖော်ပြနေကြတဲ့ အတိတ်သမိုင်းကြောင်းတွေဖတ်ပြီး တချို့ဆိုရင် မယုံနိုင်လောက်အောင်ကို ပါးစပ်အဟောင်းသားဖြစ်နေကြတာ တွေ့ရတယ်။

ကာတွန်းတွေ တွေ့ပြန်တော့လည်း ဒီလိုသရော်လို့ရသလား၊ ဒီလိုလှောင်လို့ရသလားနဲ့ တအံ့တသြ ဖြစ်နေကြတယ်။

ဒါကြောင့် ဂျာနယ်တွေကို ကျေးဇူးတင်တယ်ပြောခဲ့တာ။ ဒါပေမယ့် ဘဝင်မကျ သဘောမတူနိုင်တာတွေလည်း ရှိပါတယ်။

ဂျာနယ်တွေက ပြန်လည်ဖော်ပြတဲ့ အတိတ်ဖြစ်ရပ်တွေထဲမှာ အများစုက နိုင်ငံရေးသမားအချင်းချင်း ကွဲကြ ပြဲကြတာတွေ တဦးနဲ့တဦး အပြန်အလှန် ပုတ်ခတ်တာတွေချည်း တွေ့ရတယ်။

နိုင်ငံရေးဆိုတာ ကိုယ်တိုင်မကြုံဘူးသူတွေရဲ့အမြင်မှာ နိုင်ငံရေးသမားတွေဆိုတာ ဒီလိုပဲ ကွဲကြ ပြဲကြ တိုက်ခိုက်နေကြတာပဲ၊ ဘယ်သူမှ မကောင်းပါလားလို့ ယူဆထားစရာ ဖြစ်နေတယ်။

ဒီနေ့ မြန်မာ့တပ်မတော်ရဲ့အမတေဖြစ်တဲ့ ရဲဘော်သုံးကျိပ် ဗိုလ်အောင်ဆန်း၊ ဗိုလ်လင်္ကျာ၊ ဗိုလ်စင်္ကြာ၊ ဗိုလ်နေဝင်း၊ ဗိုလ်ဇေယျ၊ ဗိုလ်ရန်အောင်၊ ဗိုလ်မှူးအောင်၊ ဗိုလ်ဗလ၊ ဗိုလ်တာရာ စတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာ သခင်ဘွဲ့ခံ နိုင်ငံရေးသမားဆိုတဲ့ အချက် မှေးမှိန်ကွယ်ပျောက်သွားနိုင်ပါတယ်။

နားမလည်နိုင်ဘူး

ညီညွတ်ရေး အရေးကြီးပုံကိုပြောချင်လို့ အကွဲအပြဲတွေကို ပြန်ဖော်ထုတ်တာဆိုတဲ့ အကြောင်းပြချက်ကလည်း မှန်တယ် မထင်ပါဘူး။

ညီညွတ်ရေးအကြောင်း တခြားပြောစရာပြစရာ နမူနာတွေ အများကြီးရှိပါတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံကြီး အကြောင်း၊ ၁၉၂၀၊ ၁၉၃၆ ကျောင်းသားသပိတ်ကြီး အကြောင်းတို့၊ နေသူရိန် အစည်းအဝေးကြီးအကြောင်းတို့၊ ပင်လုံညီလာခံ အကြောင်းတို့လို အကြောင်းတွေ မနည်းလှပါဘူး။ ဒါတွေကို ဇောင်းပေး ဖော်ထုတ်ခြင်းမပြုဘဲနဲ့ ကွဲတာ ပြဲတာတွေချည်း ဖော်ထုတ်နေကြတာတော့ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။

လူ့လောကမှာ အမြင်သဘောထားခြင်း မတူကွဲပြားတာဟာ လူ့သဘာဝဖြစ်တယ်။ ကဲ့ရဲ့ရှုတ်ချရမယ့်ကိစ္စ မဟုတ်ဘူး၊ နိုင်ငံရေးလုပ်တယ်ဆိုတာကလည်း လူ့လောကအရေးကို လုပ်ကြတာပဲ။ အဲဒီတော့ သဘောထား၊ အယူအဆ ကွဲပြားတာတွေ ဆွေးနွေးငြင်းခုန်တာတွေ ရှိမြဲဖြစ်တယ်။

ငြင်းခုန်တာ လူ့သဘာဝ

ဆွေးနွေးငြင်းခုန်ခြင်းဟာ ရန်ဖြစ်တာမဟုတ်ပါဘူး။ သမ္မတ အိုဘာမားရဲ့ ကျန်းမာရေးဥပဒေကို အမေရိကန် တနိုင်ငံလုံး ငြင်းးခုံခဲ့ကြသလို လွှတ်တော် နှစ်ရပ်လုံးမှာလည်း ငြင်းခုံဆွေးနွေးကြတာပါပဲ။ လွှတ်တော်ထဲ မဲခွဲတဲ့အခါမှာလည်း အိုဘားမားရဲ့ပါတီက ဒီမိုကရက်အမတ် ကန့်ကွက်မဲ ပေးသူတွေရှိခဲ့သလို၊ ပြိုင်ဘက် ရီပတ်ဘလစ်ကန်အမတ်တွေက ထောက်ခံမဲပေးသူလည်း ရှိခဲ့ပါတယ်။

အဲဒီလိုငြင်းခုန်ခဲ့ကြလို့ ကန့်ကွက် / ထောက်ခံမဲပေးခဲ့ကြလို့ ဘယ်ပါတီမှ နှစ်ခြမ်းမကွဲသွားသလို ဘယ်အမတ်ကိုမှလည်း သူ့ပါတီတွေက ပုတ်ခတ်မပစ်ခဲ့ကြဘူး။

ဂျပန်နိုင်ငံက LDP ဆိုတဲ့ ပါတီကြီးဆိုရင် ဂိုဏ်းအုပ်စုတွေ တဒါဇင်လောက် တရားဝင်တည်ရှိနေတဲ့ ပါတီဖြစ်တယ်။ ဒါတောင် LDP ဟာ နိုင်ငံရေးအာဏာကို တလျှောက်လုံးနီးပါး၊ ချုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ ဂိုဏ်းအုပ်စုတွေကြောင့် ပါတီ အစိတ်စိတ်အမွှာမွှာကွဲတာမျိုး မဖြစ်ခဲ့ပါဘူး။

သဘောပေါက်သင့်တယ်

စိတ်ဓာတ် အတွေးအခေါ် ရင့်ကျက်သူတိုင်း ငြင်းခုန်တာဟာ ရန်ဖြစ်တာမဟုတ်၊ ကိုယ်နဲ့ အယူအဆမတူတိုင်း ရန်သူဖြစ်သွားတာမဟုတ်ဆိုတဲ့ သဘောသဘာဝကို နားလည်ကြပါတယ်။

ဂျာနယ်တွေက ဒီအချက်ကို သဘောပေါက်ထားသင့်တယ်။ မီးလောင်ရာ လေပင့်သလို ဖြစ်မသွားအောင် သတိထား ဆင်ခြင်သင့်တယ်။ ငြင်းခုံတိုင်း ရန်ထဖြစ်တာ မရင့်ကျက်သေးတဲ့ ကလေးတွေရဲ့ အပြုအမှုဖြစ်တယ်။ ရင့်ကျက်သူတွေဟာ ငြင်းတိုင်းရန် ထမဖြစ်ဘူး၊ ကိုယ့်နဲ့မတူ ကိုယ့်ရန်သူလို့ သဘောမထားဘူး၊ မတူပေမယ့် လက်တွဲမဖြုတ်တမ်း နေချင်ကြတယ်။

အိုဘားမားနဲ့ ဟီလာရင် ကလင်တန်ဟာ အကြီးဆုံးပြိုင်ဘက်ကြီးများအဖြစ် တဦးနဲ့တဦး အပြင်းအထန် ဝေဖန် တိုက်ခိုက်ကြ ငြင်းခုန်ခဲ့ကြတာပဲ။ ဒါပေမယ့် အခုတော့ သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် လက်တွဲ နေနိုင်ခဲ့ကြတယ်။ ဒါဟာ ရင့်ကျက်ခြင်းရဲ့အကောင်းဆုံး သာဓကဖြစ်တယ်။

ကျေးဇူးကန်းရာ ရောက်မယ်

ဂျာနယ်တွေအနေနဲ့ နှောင်းခေတ်လူငယ်တွေကို နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဗဟုသုတဖြန့်ဝေပေးရာမှာ ဒီအချက်တွေကို အလေးအနက်ထား စဉ်းစားပြီးမှ ပေးသင့်တယ်။

နိုင်ငံရေးသမားဆိုတာ ဘယ်သူမှမကောင်းဘူးဆိုတဲ့ အမြင်မှားတွေ ဖြစ်ပေါ်စေမယ့်အကြောင်းတွေကို ရှောင်ရှားသင့်တယ်။ လူငယ်တွေ ဒီလိုအမြင်မျိုးစွဲသွားရင် နယ်ချဲ့သမားတွေနဲ့ ဖက်ဆက်တွေကို အသက်စွန့် တိုက်ခိုက်ပြီး တိုင်းပြည်လွှတ်လပ်ရေးရအောင် မိပစ် ဖပစ်၊ အိုးပစ် အိမ်ပစ်၊ သားပစ် မယားပစ် ဆောင်ရွက်ခဲ့ကြတဲ့ နိုင်ငံ့ကျေးဇူးရှင်ကြီးများကို ကျေးဇူးကန်းရာ ရောက်သွားပါလိမ့်မယ်။ သတိထားကြ၊ ဆင်ခြင်ကြစေလိုပါတယ်။


လူထု စိန်ဝင်း
နွယ်နီ မဂ္ဂဇင်း
အတွဲ (၂၀) အမှတ် (၃) ဇူလိုင်လ၊ ၂၀၁၀ခုနှစ်



No comments: