Monday, July 26, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၄၅)

ဖောင်ချည်နေစဉ်အတွင်း ငါးတကောင် လာပါသည်။ ဖထီးမန်းကလည်း တွေ့၊ ကျနော်ကလည်း လှေပေါ်က လှမ်းတွေ့ပါ သည်။ ဖထီးမန်းက “ငါးလာတယ်၊ ငါးလာတယ်” လှမ်းပြောပါသည်။

ကျနော်က မှိန်းနှင့်လှမ်းပြီး ပစ်ထိုးလိုက်သည်။ မှိန်းအမြီးတွင် ဝိုင်ယာကြိုးစ ချည်ထားသည့်အတွက် ပြန်ဆွဲယူလိုက်ပါသည်။

“ငါးက ငါးမန်း မဟုတ်ဘူး ဖထီးမန်းရဲ့၊ ငါးရွှေလို ရှည်မျောမျော အကောင်ပါ၊ စိတ်ချပါ အပေါ်က ကျနော် သေသေချာချာ စောင့်ပေးနေပါတယ်”

ကျနော်က ပြန်ပြောလိုက်သည်။ ကျနော်မှိန်းနှင့်လှမ်းပြီး ပစ်ထိုးလိုက်သည့်အတွက် ငါးလည်း ထွက်ပြေးသွားပါသည်။ ဖောင်လည်း ၂ ဖက်လုံးပြန်ချည်၍ ပြီးသွားပါပြီ။

ကျနော်တို့လှေမှာ ဖောင်နှင့်တွဲချည်ထားသည့်အခါ ဖောင်ကထိန်းထားသည့် အတွက် လှေမှာ ငြိမ်ငြိမ်သက်သက် ရှိပါသည်။ ဖောင်ကိုဖြုတ်လိုက်သည့် အတွက် မူလဇာတိပြပါတော့သည်။ လှေမငြိမ်ရခြင်း၊ လှေလူးရခြင်း၏ ပြဿနာမှာ ကျနော်တို့ လှေကိုစပ်ထားသည့် သစ်အမျိုးအစားခြင်း မတူ၊ ပျဉ်အထူအပါးခြင်း မတူသည့်အတွက် လှေမငြိမ်တာ၊ လှေလူးတာ လွန်စွာပင် သဘာဝကျပါသည်။

ရောက်ရှိတဲ့အခြေအနေ၊ ရရှိတဲ့အခွင့်အရေးအောက်မှာ လှေတစင်းကို တည်ဆောက်ရခြင်းဖြစ်ပါသည်။ မြင်မြင်ထင်ထင်၊ ပေါ်ပေါ်လွင်လွင်၊ လွတ်လွတ်လပ်လပ် စိတ်တိုင်းကျ လှေကိုတည်ဆောက်ခဲ့ရခြင်း မဟုတ်ပါ။ ဒီလှေကလေးတစင်းကို တည်ဆောက်ခဲ့ရသည်မှာလည်း ၈ လကျော်ပင် ကြာခဲ့ပါသည်။ တနေ့ကို အချိန်ပြည့်လည်း မဟုတ်ခဲ့ပါ။ စိတ်တိုင်းကျ လည်း မလုပ်ခဲ့ရပါ။ အခက်အခဲ အမျိုးမျိုးကြားထဲမှ လှေတစင်းကို မဖြစ်မနေ တည်ဆောက်ခဲ့ရခြင်း ဖြစ်ပါသည်။

ဖထီးမန်း၏ အမျှော်အမြင်ရှိမှု၊ စီစဉ်တက်မှု၊ တီထွင်တက်မှုကြောင့်သာ ဤတိုက်ပွဲကို ဖော်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

မလိုအပ်သော အရံပစ္စည်းတွေ ပစ်ချ၊ ဖောင်ကိုဖြတ်မိသောနေ့မှာ ၁၁ ရက်မြောက် ဟု ထင်ပါသည်။ ဤနေ့တနေ့တာအဖို့ လွန်ခဲ့သည့်ရက်များကဲ့သို့ပင် လင်းပိုင်း၊ မနက်ပိုင်းပိုင်းနှင့် ညဦးပိုင်းတွင်သာ လေနည်းနည်းတိုက်ပြီး နေခင်းပိုင်းမှာ နေခြစ်ခြစ်တောက် ပူသည်။ နေ့လည်ပိုင်းနှင့် ညဥ့်နက်ပိုင်းမှာ လှေမှာ ရွေ့သည် ဆိုရုံမျှသာ ရွေ့ပါသည်။

ကျွန်းပေါ်ကနေ စထွက်တဲ့နေ့က ဆရာဦးလှဖေ မေးခဲ့သည်။ ဘယ်နှရက်မှန်းလဲလို့ မေးခဲ့စဉ်က ၁၀ ရက်လောက်မှန်းတယ် ဆရာလို့ ဖြေခဲ့ပါသည်။ ကျနော်တို့ မှန်းခဲ့သည်မှာ မှန်ပါသည်။ လေကလေးသာ မှန်မှန်တိုက်ခဲ့လျှင် ၁၀ ရက်အတွင်း ရောက်နိုင်ပါသည်။ ကျနော် ရမ်းပြီး၊ မှန်းပြီး ပြောခဲ့သည်မဟုတ်ပါ။

ကွန်တီတီအကြောင်းဖတ်တုန်းက ပစိဖိတ်သမုဒ္ဒရာကို ဖောင်နဲ့ဖြတ်တာ တနေ့ကို မိုင် ၄၀ နှုန်းပေါက်သည်ဟု လေ့လာရသည်။ ကျနော်တို့ဖြတ်သည့်ခရီးမှာ မိုင် ၃၀၀ ကျော်ဆိုတော့ ၁၀ ရက်ထက် မပိုပါ။ ယခုကြုံတွေ့ရသည်က လေမှန်မှန်မရသည့် အတွက်ကြောင့် ဖြစ်ပါသည်။ ဒုတိယ ညဘက်ရောက်တော့ မီးက ပိုမြင်ရသည်။

လူပုံခြင်းကလည်း မတူ၊ လှေပုံခြင်းကလည်း ခြားနား

နောက်တနေ့ မိုးလင်းတွင် အတွေ့အကြုံတခု ပိုထူးလာပါသည်။ မနက် မိုးလင်းပိုင်းရောက်လာသည်နှင့် လှေများ ကမ်းခြေဘက်မှ ထွက်လာသည်ကို မြင်ရပါသည်။ လှေအများစုမှာ စက်တပ်ထားပါသည်။ ဤလှေများ ထွက်လာသည့် အတွက် ကျနော်တို့ ပိုသတိထားပါသည်။

ကျနော်တို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံလျှင် ကျနော်တို့ ကောင်းကောင်း မွန်မွန် ဆက်ဆံမည်။ ကျနော်တို့ကို မရိုးမသားဆက်ဆံလျှင်တော့ ကျနော်တို့ ၃ ယောက် ဆုံးဖြတ်ချက်ချပြီးသား ဖြစ်သည်။ ကျနော်တို့ ဘာကိုမှ မကြောက်ပါ။ သေနတ်မှလွဲ၍ ဓား၊ လှံ လက်နက်ကိုယ်စီ အပြည့်ပါသည်။

လှေများကလည်း ကျနော်တို့ အနီးသို့ နီးနီးနားနား ကပ်မလာပါ။ ခပ်လှမ်းလှမ်း ကသာမောင်းပြီး ကျနော်တို့ကို တစေ့တစောင်း လေ့လာအကဲခတ် သွားသည်ကို သတိထားမိပါသည်။ ဒီတော့မှာ ကိုယ့်ကိုယ်ကို ပြန်ပြီး သတိထား လေ့လာသုံးသပ်မိသည်။

ကျနော်တို့လှေနှင့် ကျနော်တို့ ၃ ယောက်ရောက်နေသည့် ပတ်ဝန်းကျင်နှင့် ဘယ်လိုမှ လိုက်လျောညီထွေမှု မရှိပါ။ ကျနော်တို့တွေ့ရသည့်များမှာ ကျနော်တို့လှေထက် ပိုပြီးလည်း ရှည်၊ ပိုပြီးလည်း သဘာဝကျကျ တည်ဆောက်ထားသည့် လှေများ။ ဒုံးလှေ။

ကျနော်တို့လှေက ပတ်ဝန်းကျင်ကလှေများ၏ ထက်ဝက်ပင်ရှိမည် မထင်ပါ။ ၁၅ ပေ သာရှိသည့်လှေ၊ ပြီးတော့ လှေပုံစံခြင်းကလည်း မတူ။ ကျနော်တို့လှေမှာ ဘေးက ဖောင်ကြီးတွဲထားလျက်။ လှေသာမဟုတ်၊ လူပုံကလည်း မတူပါ။ ဘေးကဖြတ်သွားသည့် လှေပေါ်ကလူများမှာ လွတ်လပ်သည့် ကမ္ဘာလောကကြီး ထဲကလူများ။

ကျနော်တို့ ၃ ယောက်က အချုပ်အနှောင်ဘဝကထွက်လာသည့် အကျဉ်းသား။ အသွင်အပြင်ခြင်းကလည်း မတူ၊ အဆင်အယင်ခြင်းကလည်း မတူပါ။ ကျနော်တို့ အဝတ်အစားက ထောင်အဝတ်အစားကို အုန်းခွံခေါက်ဆိုးထားသည့် ယောဂီရောင် ညိုမွဲမွဲ အမျိုးအစား။ ကျနော်တို့ ၃ ယောက်မှာ ပင်လယ်ပြင်တွင် နေလောင်ထား၍ ပြာနှမ်းနေသည့် ဘဝများ …။

ဆက်လက်ဖော်ပြပါမည်။


No comments: