ဇူလိုင်လ ၂၉ ရက်၊ ၂၀၁၀ ခုနှစ်မြန်မာနဲ့ မြောက်ကိုရီးယားနိုင်ငံကြား နျူးကလီးယားအရေးပူးပေါင်းဆောင်ရွက်မှု ရှိနိုင်တဲ့ကိစ္စကို အနောက်နိုင်ငံတွေ စိုးရိမ်ပူပန်နေတဲ့ကြားမှာပဲ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။
၎ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်လာတဲ့ နိုင်ငံခြားရေးဝန်ကြီး ပတ်ခ်ဝေချွန်း (Pak Ui-Chun) ဟာ ဒီနေ့ ရန်ကုန်မြို့မှာ ရွှေတိဂုံဘုရားနဲ့ အမျိုးသားပြတိုက်ကိုသွားခဲ့ပြီး မနက်ဖြန်မှာတော့ နအဖ စစ်အစိုးရ ဝန်ကြီးချုပ် အပြင် နိုင်ငံခြားရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးတို့နဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိပါတယ်။
၁၉၈၃ ခုက မြန်မာနိုင်ငံကိုရောက်နေခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်ကို ရန်ကုန်မြို့ အာဇာနည်ကုန်းမှာ ဗုံးခွဲ လုပ်ကြံတိုက်ခံရပြီးတဲ့နောက် မြန်မာနဲ့ မြောက်ကိုရီးယားဟာ နှစ်နိုင်ငံ သံတမန် အဆက်အသွယ်ဖြတ်ထားပြီး ၂၀၀၇ ခုနှစ်ကမှ သံတမန်ဆက်ဆံရေး ပြန်စခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့ မြောက်ကိုရီးယားကို သွားခဲ့ကြပါသေးတယ်။
ပြီးခဲ့တဲ့ဇွန်လက ဒီဗွီဘီသတင်းဌာနရဲ့ မှတ်တမ်းရုပ်ရှင်ထဲမှာ နအဖ စစ်အစိုးရဟာ မြောက်ကိုးရီးယား အကူအညီနဲ့ နျူးကလီးယားလက်နက်ထုတ်လုပ်ဖို့ ရည်မှန်းဆောင်နေတာတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စစ်အစိုးရဘက်က ငြင်းဆိုထားပါတယ်။
အခု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်ဟာ နှစ်နိုင်ငံဆက်ဆံရေး ပြန်စပြီး ၃ နှစ်အကြာမှာ ရောက်လာတဲ့ မြောက်ကိုရီးယားအစိုးရ ထိပ်တန်း အရာရှိတယောက်ရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်ပါတယ်။
Photo - AP, Reuters, Getty Images

















No comments:
Post a Comment