Wednesday, June 30, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၄၃)

ညဘက်သို့ရောက်လျှင် ပင်လယ်မှာ မီးစုန်းဓာတ်များသောကြောင့် လင်းလင်းလက်လက်ရှိပါသည်။ လင်းလင်းလက်လက် အရောင်များကို တွေ့ရသည်။ ညဘက်တွင် အချို့သောငါးများမှာ အရောင်လင်းနေသည်ကို တွေ့ရသည်။

မုန်တိုင်းနှင့်တိုး မိုးစဲပြီးနောက် ကျနော်တို့လှေကလေးပေါ်တွင် အသက်ကယ်အဖြစ်တင်ထားသော ဝါးလုံးခြောက် ၅ လုံးခန့် ရှိသည်။ လှေ၏ပဲ့ပိုင်းကို ဝါးလုံးအဖျား လွန်လျှက်ရှိသည်။ လှေပဲ့ပိုင်းကို လွန်နေသော ဝါးလုံးအစွန်းဖျားလေးပေါ်တွင် စင်ရော်လေးတကောင်သည် ညဘက်ရောက်လာတိုင်း အမြဲလာနားပါသည်။

ကျနော်တို့လည်း သူ့ကို ဘာမှမလုပ်ကြပါ။ တို့လည်း ဒုက္ခရောက်လို့ လွတ်မြောက်အောင် ရုန်းကန်တာ၊ ဒီ စင်ရော်လေးလည်း ခိုနားစရာမရှိလို့ တို့ဆီလာပြီး ခိုနားရှာတာ ဘဝတူတွေပဲဟု သဘောထားပြီး စင်ရော်လေးအပေါ်တွင် သံယောဇဉ်ဖြစ်မိပါသည်။ ဖထီးမန်းက ပြောသေးသည်။ စင်ရော်တွေ ပျံသွားတဲ့ဘက်ဟာ ကမ်းခြေဘက်ကိုပဲ ပျံသွားတယ်။

ကျနော်က ဖထီးမန်းနှင့် ဦးအောင်ငွေကို ပြောပြသေးသည်။ ဟိုတုန်းက တိုက်ရေယာဉ် ၁၀၃ ဗိုလ်မှူးဘသော်တို့ ရေနစ်တုန်းက အသက်လှေကလေးနဲ့ မျောနေကြတာ၊ ပင်လယ်စင်ရော်က လာနားတယ်။ သူတို့က သိပ်ဆာနေတော့ စင်ရော်လေးကို ဖမ်းပြီးစားရတယ်လို့ပြောတာ ကြားဖူးတယ်။

ကျနော်တို့လှေကလေးမှာ ကျနော်တို့ကို အမြဲမပြတ် အလုပ်တခုပေးထားပါသည်။ ဘယ်လိုမှ ဖာ၍မရဘဲ စိမ့်ပြီး ဝင်လာသောရေကို နာရီဝက်နီးပါးတကြိမ် အမြဲခတ်ထုတ်နေရပါသည်။ နောက်ပိုင်း ပဲ့ကိုင်ခြင်းကို ကျနော်ရော၊ ဦးအောင်ငွေပါ လုပ်ကိုင်လာနိုင်ပါပြီ။ စိမ့်ဝင်လာသည့်ရေကို အမြဲမှန်မှန် ခပ်ထုတ်နေရပါသည်။

နောက်ပိုင်းတွင် ဖထီးမန်း သင်ပေးမှုကြောင့် ရွက်တိုက်ခြင်း၊ ပဲ့ကိုင်ခြင်းကို ကျနော်ရော ဦးအောင်ငွေပါ လုပ်ကိုင်လာနိုင်ပါပြီ။ စိမ့်ဝင်လာသောရေကို အမြဲမှန်မှန် ခပ်ထုတ်ရသောသောကြောင့် အလှည့်ကျ ပဲ့ကိုင်၊ ရွက်တိုက်တာဝန်ကျတိုင်း ရေကိုပါ ခပ်ထုတ်ယူရပါသည်။

ရက်မမှတ်မိသောတနေ့ နေ့လည်တွင် အလျားမိုင်ဝက်ခန့်ရှိမည့် ငါးအုပ်တအုပ်ကို တွေ့ရသည်။ ငါးများမှာ ရေပြင်ပေါ်သို့ ခုန်၍တက်ပါသည်။ ငါးများမှာ ၂ တောင်နီးပါး၊ တတောင်၊ ထိုထက်အောက် အရွယ်မျိုးစုံပါသည်။ ကောင်ရေမှာ သန်းနှင့်ချီ ရှိမည်ထင်ပါသည်။ ၎င်းငါးအုပ်ကြီး ရေပြင်ပေါ်သို့ မြူးတူးခုန်တက်သောအသံသည် ရေပြင်ပေါ်သို့ မိုးသဲကြီးမဲကြီး ရွာသော အသံနှင့် ဆင်တူသည်။

၎င်းငါးအုပ်ကြီးအပေါ်တွင် ထောင်ပေါင်းများစွာသော စင်ရော်ငှက်အုပ်ကြီးကလည်း မြူး၍ ခုန်တက်လာသော ငါးများကို လိုက်၍ထိုးသုတ်နေကြသည်။ ကျနော်တို့လှေကလေးနှင့် ကိုက် ၅၀၀ ကျော်လောက်သာ ဝေးမည်ထင်သည်။ ညနေစောင်း နေဝင်ရီတရောအချိန်တွင် ရေပြင်မှာ ငြိမ်သက်လျက်ရှိသည်။

လိပ်ကြီးတကောင်သည် မလှုပ်မရှား ရေပေါ်တွင် ပေါ်နေသည်။ ၎င်းလိပ်၏ ကျောကုန်းပေါ်တွင် ငှက်ကလေးတကောင်သည် နားနေသည်။ ကျနော်တို့လှေနှင့် ကိုက် ၁၀၀ ကျော်ခန့်ဝေးမည် ထင်သည်။ မကြာမီ လိပ်ကြီးမှာ ရေထဲသို့ ငုပ်သွားသည်။

တနေ့ နေ့လည်တွင် ထူးဆန်းသော အသံတခု ကြားရသည်။ “ဝူ-ဝု” “ဝူ-ဝု” ဆိုသော အဝေးဆီးမှ အသံကြီးတခုကို ကြားရသည်။ ကျနော်တို့ တောင်မြောက် ဝဲယာ လှည့်ပတ်ကြည့်သည်။ မီးခိုးတလူလူနှင့် သင်္ဘောခေါင်းတိုင် ရေးရေးလေးကို အဝေးဆီတွင် လှမ်းမြင်ရသည်။ ပင်လယ်ကူးသင်္ဘောတစင်း ဖြစ်ပါသည်။

ဝေးလွန်းသည့်အတွက် စက်သံ ပြတ်တောင်း ပြတ်တောင်းသာ ကြားရသည်။ နောက်ရက်တွင် ဤသို့ “ဝူ-ဝု” “ဝူ-ဝု” အသံကြားရတိုင်း သတိထားလိုက်ကြည့်သည်။ ဘာမှလည်း မတွေ့ရပါ။ ရွက်တင်ထားလျှင် ရွက်ကို ပြန်ချလိုက်ရသည်။ နောင်သောအခါ ဤအသံမျိုးသည် ပင်လယ်ပြင်မှာသာမက ကောင်းကင်ပြင်တွင် နိုင်ငံတကာ လေယာဉ်ပျံကြီးများ ပျံသန်းသွားလျှင်လည်း အလားတူအသံမျိုး ကြားရပါသည်။


ပြည်တွင်း ဂျာနယ်တစောင်တွင် ပြန်လည်ဖော်ပြလာသော ကိုကိုးကျွန်း ပုံရိပ်တချို့

မျှော်လင့်တောင့်တဆုံးသော အရာ

ပြင်လယ်ပြင်တွင် ဖြတ်သန်းနေစဉ် ကျနော်တို့ အာသာပြင်းပြ မျှော်လင့်တောင့်တဆုံး အရာတခုရှိပါသည်။ စာဖတ်သူ စဉ်းစားကြည့်ပါ။ ကျနော် မဖော်ပြသေးပါ။ အဘယ်အရာကို မျှော်လင့်တောင့်တဆုံးအရာလို့ ထင်ပါသနည်း?။ တနေ့တနေ့ကို နာရီမလပ် တောင့်တ၍သာနေပါသည်။ စာဖတ်သူ စဉ်းစား၍ ပေါ်လာပါပြီးလား?။

အဘယ်သော အရာရှိပါသနည်း?။ ပင်လယ်သမုဒ္ဒရာအား အနားသတ် ရေးသပ်ထားသော ပင်လယ်ကမ်းခြေပေါ့။

ကျနော်တို့ ဘင်္ဂလားပင်လယ်ပြင်ကြီးကို ဖြတ်လာခဲ့တာ ၁၀ ရက်ပင်တိုင်ခဲ့ပါပြီ။ လင်းပိုင်းအချိန်တွင် ကျနော် တာဝန်ကျပါသည်။ ပဲလည်းကိုင်၊ ရေလည်းပက်ထုတ်ပေါ့။ ပင်လယ်စင်ရော်ကလေးကတော့ ပျံသွားခဲ့ပါပြီ။ ရောင်နီဦးကြယ်လည်း ပေါ်လာပြီ။ တချို့က မိုးသောက်ကြယ်လို့လည်း ခေါ်သည်။ ဤရောင်နီကြယ်မှာ ထွန်းလင်းအား ကောင်းလှသည်။ ရောင်နီပျိုး၍ လင်းဖို့ပင် အချိန်ရောက်လာပါပြီ။ မကြာခင် လင်း၍လာပါသည်။

ဖထီးမန်းနှင့် ဦးအောင်ငွေတို့ အနားယူ အိပ်စက်နေတုန်းရှိပါသေးသည်။ အရှေ့မိုးကုပ်စက်ဝိုင်းသို့ ပြုနေကြဝတ်အတိုင်း လှမ်းမျှော်ကြည့်ပါသည်။ အဝေးဆီ မျက်စေ့တဆုံး မှုန်ပြပြတွင် မည်းမှောင်သော အရာဝတ္ထုရှည်မျောမျောတခုကို ရိပ်ခနဲ လှမ်းမြင်လိုက်ရသည်။

လှိုင်းအိကလေး နိမ့်ဆင်းသွားသည်။ မြင်ကွင်းမှာ ရိပ်ခနဲ ပြန်ပျောက်သွားသည်။ လှိုင်းအိကလေး အပေါ်ပြန်မြောက်လာတော့ မည်းမှောင်သော အရာဝတ္ထု ရှည်မျောမျောကို ရိပ်ခနဲ ပြန်မြင်ရပြန်သည်။ ရိပ်ခနဲ မြင်လိုက်၊ ရိပ်ခနဲ ပျောက်သွားလိုက်နဲ့ ကျနော်ပဲ စိတ်စော စိတ်စွဲလို့ မြင်တာလား။

ကျနော် မျက်လုံးကို အသေအချာပွတ်သပ်ပြီး ပြန်ကြည့်ပါသည်။ ဟုတ်ပါသည်။ မရွေ့မလျားသောအရာ၊ မပျောက်ကွယ်သောအရာ ကျနော့် မျက်စေ့အမြင် မှောက်မှားခြင်း မဟုတ်ပါ။ ကျနော် ဝမ်းသာအားရပင် အော်လိုက်သည်။

ဆက်လက်ဖော်ပြပါမည်။


Monday, June 28, 2010

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အနာဂတ် (၁၀)

နောက်တခါ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံကို ကြည့်မယ်ဆိုရင်တော့ ပုဒ်မ ၄၉ မှာ တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခုနဲ့ ပြည်ထောင်စုနယ်မြေများဆိုပြီး ပိုင်းခြားသတ်မှတ်ထားပါတယ်။ ပုဒ်မ ၅၆ ထဲမှာလည်း နာဂကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ၊ ဓနု၊ ပအို့ဝ်၊ ပလောင်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေအပြင် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွေကို အသစ်ပြဋ္ဌာန်းထားတဲ့အတွက် ဒါဟာ တခြားဖွဲ့စည်းပုံနဲ့မတူတဲ့ ထူးခြားချက်လို့ ပြောနိုင်မလား။

“တဖက်က ကြည့်ရင်တော့ နာမည်အရပေါ့လေ၊ ဖွဲ့စည်းပုံထဲမှာ ဒီလို စုဖွဲ့မှုအသစ်တွေ ဖော်ထုတ်ပေးတယ် ဆိုတာကတော့ အခြားဖွဲ့စည်းပုံနဲ့ မတူဘူးပေါ့၊ ထူးခြားချက်လို့တော့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒီ ထူးခြားချက်အောက်မှာ အသေးစိတ် ပြန်ကြည့်လို့ရှိရင် ဒီ အသစ်ထည့်ပေးထားတဲ့ဟာက နာမည်ပဲဖြစ်ပြီးတော့ အဲဒီဒေသမှာ တကယ့်လုပ်ပိုင်ခွင့်ကို ပြန်ကြည့်လို့ရှိရင် များများမတွေ့ရဘူးခင်ဗျ။

ဥပမာဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဆိုတာက ဝ ကို ပြောတာ။ ကျန်တဲ့ ဓနု၊ ပအို့ဝ်၊ ပလောင်၊ ကိုးကန့်နဲ့ နာဂကိုတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပြီးတော့ တိုင်းနဲ့ဒေသဆိုပြီးတော့ ထပ်ပြီးတော့ ခွဲလိုက်သေးတယ်။

သို့သော်လည်းပဲ တိုင်းမှာဖြစ်ဖြစ် ဒေသမှာဖြစ်ဖြစ် ဦးစီးအဖွဲ့တွေ ဖွဲ့ရတယ်။ ဦးစီးအဖွဲ့တွေ ဖွဲ့မယ်ဆိုရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စေလွှတ်တဲ့ တပ်မတော်သား ၄ ဦးက အဲဒီဦးစီးအဖွဲ့မှာ မဖြစ်မနေ ပါရမယ်။


နောက်တချက်က အဲဒီဦးစီးအဖွဲ့ဥက္ကဋ္ဌတွေကို အဲဒီ တိုင်းတို့၊ ဒေသတို့က ကိုယ်ဘာသာရွေးပြီး ကိုယ့်ဘာသာ ခန့်လို့ မရဘူး။ ဘယ်လောက်ပဲ ကြိုက်ကြိုက် ဒီလူကို ပြည်နယ်လွှတ်တော်ကနေတဆင့် သမ္မတကနေ ခန့်ရမယ်လို့ ပြောထားတယ်။

ဆိုတဲ့အခါကျတော့ သမ္မတနဲ့ ဆန့်ကျင်ကွဲလွဲတဲ့သူ၊ သမ္မတနဲ့မကြိုက်တဲ့သူဆိုရင် အဲဒီ တိုင်း၊ ဒေသတွေက လုံးဝ ခန့်ခွင့်မရှိတော့ဘူး။ ဒါကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဆိုတဲ့ဟာက သက်ဆိုင်ရာ ဗဟိုကချပေးတဲ့ ဥပဒေတွေအောက်မှာ စီမံခန့်ခွဲတဲ့လုပ်ငန်းပဲ ဖြစ်မယ်ဗျ”


ပအို့ဝ်တိုင်းရင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ဗိုလ်မှူးခွန်ဥက္ကာရဲ့အမြင်ဖြစ်ပါတယ်။ တခါ ၁၉၄၇ ခုနှစ်ကနေ မျက်မှောက်ခေတ်အထိ နိုင်ငံရေးလှုပ်ရှားမှုမှာ တောက်လျှောက်ပါဝင်ခဲ့တဲ့ ဦးရွှေအုံးကလည်း အခုလို နှိုင်းယှဉ်ပြပါတယ်။

“အဲတော့ ၇၄ ခုနှစ်ဟာကျတော့ အချုပ်အခြာအာဏာပိုင်တဲ့ ပြည်နယ် ၇ ခုနဲ့ အချုပ်အခြာအာဏာ လုံးဝမရှိတဲ့ တိုင်း ၇ ခုတို့ တတန်းတည်းထားသော်လည်းပဲ ဒါဟာ ပြည်ထောင်စု ဘယ်လိုမှမဟုတ်တော့ဘူး၊ ကျနော်တို့ခေါ်တော့ တိုင်းနဲ့ပြည်နယ်တွေပဲ ခေါ်တယ်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကျတော့ အဲဒီ ၇၄ ခုနှစ်က အခြေခံဥပဒေကိုပဲ လိုက်တာပဲ အမှန်ကတော့။

တိုင်းနဲ့ပြည်နယ်မဟုတ်ဘဲနဲ့ တိုင်းကို တိုင်းဒေသကြီးတို့ ဘာတို့ နာမည်လေးပြောင်းလိုက်တာ။ မျက်လှည့်ပြတာပေါ့။ ပြောင်းလိုက်ပြီးတော့လုပ်တာ အမှန်ကတော့ မူအားဖြင့်တော့ တိုင်းနဲ့ပြည်နယ်ပဲ အမှန်ကတော့။
တိုင်းနဲ့ပြည်နယ်လုပ်လာခြင်းအားဖြင့် ဘာဖြစ်လာလဲဆိုတော့ ၇၄ ခုနှစ်အတိုင်း ပြန်ဖြစ်လာတာပဲ။

ပိုပြီးတော့ ထူးလာတာက ဘာလဲဆိုတော့ ၇၄ ခုနှစ်တုန်းက တိုင်းနဲ့ပြည်နယ်ဖြစ်ပေမယ့် တပါတီ အာဏာရှင်စနစ်ပဲ။ စစ်အာဏာရှင် မဟုတ်ဘူး။ အခုကျတော့မှ ပါတီစုံလို့ ပြောတယ်။ ပါတီစုံထဲမှာမှ စစ်တပ်က ဟိုက ယူလိုက်၊ ဒီက ယူလိုက် ၂၅ % ယူနဲ့ အမျိုးမျိုးလှည့်ယူလိုက်တော့ နောက်ဆုံးကျတော့ စစ်တပ်က အုပ်ချုပ်မှုပဲ အမှန်ကတော့။


အဲတော့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေက ဘာဖြစ်လာမလဲဆိုလို့ရှိရင် ဒီမိုကရေစီနိုင်ငံတော်မဟုတ်ဘဲနဲ့ စစ်တပ်က အုပ်ချုပ်တဲ့ စစ်နိုင်ငံ ဖြစ်သွားပြီ။ အခြေအနေက တဖြည်းဖြည်းနဲ့ ဆိုးဆိုး ဆိုးဆိုးလာတာ အမှန်ကတော့။

ကျနော်တို့က ၄၇ ခုနှစ်တုန်းကနဲ့စာရင် ၇၄ ခုနှစ် နည်းနည်း ဆိုးတယ်၊ ၇၄ ခုနှစ်နဲ့စာရင် အခု ၂၀၀၈ ခုနှစ်က ပိုပြီးတော့ ဆိုးလာတယ်။ ကျနော်တို့က ပြန်လမ်းမရှိသလို ဖြစ်သွားတယ် အမှန်က”


ဝါရင့်နိုင်ငံရေးသမား ဦးရွှေအုံးက ခေတ်အဆက်ဆက် အခြေခံဥပဒေတွေကို ဝေဖန်သုံးသပ်ပြသွားတာ ဖြစ်ပါတယ်။

တိုင်းရင်းသားတွေရဲ့အခွင့်အရေးကို ဖော်ဆောင်တယ်လို့ပြောလို့ရမယ့် အချက်တွေထဲမှာတော့ လွှတ်တော် ၂ ရပ်အနက် ပြည်သူ့လွှတ်တော်ကို မြို့နယ်နဲ့လူဦးရေကို အခြေခံပြီးဖွဲ့စည်းခဲ့သလို အမျိုးသားလွှတ်တော်မှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခုစီက ကိုယ်စားလှယ်တဦးစီပါဝင်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တခုစီ အတွက် ကိုယ်စားလှယ် ၁၂ ဦးကျစီ တူညီစွာရွေးကောက်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦးကို တင်မြှောက်ခွင့် ပြုထားပါတယ်။

ဒီအပေါ်မှာတော့ တိုင်းရင်းသားလူမျိုးများကောင်စီ အတွင်းရေးမှူး ဒေါက်တာ ဆလိုင်းလျှံမှုန်းက အမျိုးသားလွှတ်တော်ရဲ့အခန်းကဏ္ဍကို ရှင်းပြထားပါတယ်။

“ပြည်နယ်နယ်နမိတ်ကို ပြင်ဆင်တဲ့နေရာမှာ အမျိုးသားလွှတ်တော်က ဘာအခွင့်အရေးမှမရှိဘဲနဲ့ ပြည်ထောင်စု လွှတ်တော်ကသာ ပြင်ဆင်ပိုင်ခွင့်ရှိတယ်။ ဆိုတော့ ပြည်ထောင်စုလွှတ်တော်ဆိုတာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ပေါင်းပြီးမှ ဖွဲ့စည်းထားတဲ့ လွှတ်တော်ဖြစ်တယ်။ အမျိုးသားလွှတ်တော်မှာရော ပြည်ထောင်စု လွှတ်တော်မှာရော အများစုက ပြောရရင် ဗမာတွေကများနေတဲ့အတွက် တိုင်းရင်းသားတွေအနေနဲ့ သူတို့ပြည်နယ် နယ်နမိတ်ကို ကာကွယ်ပိုင်ခွင့်မရှိပါဘူး။

ဥပမာအနေနဲ့ပြောလိုက်လို့ရှိရင် ချင်းပြည်နယ်ကို ၃ ပိုင်း ပိုင်းမယ်၊ တပိုင်းကို မကွေးတိုင်းထဲမှာ ထည့်မယ်၊ တပိုင်းကို စစ်ကိုင်းတိုင်းထဲမှာ ထည့်ပြီးတော့ ကျန်တဲ့အပိုင်းသေးသေးလေးကို ချင်းပြည်နယ်အဖြစ် ချန်ထားမယ် ဆိုပြီးတော့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတရပ် တင်သွင်းလို့ရှိရင် ချင်းပြည်နယ် စကားပြောပြီးတော့ အမျိုးသားလွှတ်တော်မှာထိုင်နေတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေက ချင်းပြည်နယ်ရဲ့ အခွင့်အရေးကို ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။

ဘာဖြစ်လို့လည်းဆိုတော့ သူတို့မဲက အင်မတန်မှ နည်းပါးသွားပြီ ဖြစ်တယ်။ ကျနော်ပြောချင်တာက အမျိုးသား လွှတ်တော်ကနေပြီးတော့ ပြည်နယ်အခွင့်အရေးကို ကာကွယ်နိုင်တဲ့ အခွင့်အရေးဆိုတာ လုံးဝ မရှိဘူးဆိုတာ သွားတွေ့ရပါတယ်”


ဆက်လက်ဖော်ပြပါမယ်။


စည်းချက်

ကိစ္စတခုနဲ့ ကျွန်တော် အမေရိကန်နိုင်ငံရောက် ကရင်ဒုက္ခသည်တွေနေထိုင်သော ရပ်ကွက်ကိုရောက်သွားရင်း သူမကို စတင်မြင်ဖူးခဲ့တာပါ။ သိပ်သေချာတာကတော့ … သူမ ပြုံးသောအပြုံးက အရက်ပြုံး၊ အရက်သမားများနဲ့ ရင်းရင်းနှီးနှီး မိတ်ဆွေဖြစ်ခဲ့ဖူးတော့ ဒီအရည်ဝင်ပြီး ကျေနပ်လို့ပြုံးတဲ့ အပြုံးပါ။

ကျွန်တော်ကိစ္စတခုနဲ့ အိမ်တအိမ်ကိုသွားအရှာ အိမ်မှားပြီးဝင်သွားမိတော့ သူမက ရပါတယ် ဆိုပြီး ကရင်လို ကျွန်တော့်ကို ပြောပါတယ်။ အမေရိကန်နိုင်ငံကို သူတို့ရောက်လာပေမယ့် အိမ်ရဲ့ပြင်ဆင်မှုနဲ့ သန့်ရှင်းမှု အနေအထားကတော့ ဒေါနတောင်ခြေရင်းက လယ်သမား၊ တောင်ယာ လုပ်ကိုင်စားသောက်သော မိသားစုရဲ့ အိမ်ပုံစံ အနေအထားအတိုင်းပါပဲ။

ရေခံမြေခံကို မမေ့ချင်သောသဘောတွေလည်း ပါမှာပေါ့။ တခါက ကလေးလေးယောက်ကို ဂရုစိုက်မှုနည်းလို့ ဆိုပြီး ကလေးစောင့်ရှောက်ရေးအဖွဲ့က စကားပြန်အဖြစ်ခေါ်လို့ သွားရပြန်တော့ သူမနဲ့ စကားပြောရပြန်ပါတယ်။ ဒီတခါတော့ အရက်မမူးတော့ပါဘူး၊ ပြုံးပြုံးရွှင်ရွှင်နဲ့ ကျွန်တော်တို့ကို ဧည့်ခံစကားပြောရှာပြီး မေးသမျှ မေးခွန်းတွေကို ဖြေရှာပါတယ်။

၎င်းရဲ့ခင်ပွန်းသည်ကိုမေးတော့ ထိုင်းဒုက္ခသည်စခန်းမှာနေထိုင်ရင်း စခန်းကနေခိုးထွက်ပြီး တောထဲက ဝက်ဝံတကောင်ကို ဟင်းစားနဲ့ သည်းခြေအတွက်ပစ်လိုက်မိတာ ယနေ့တိုင် ထောင်ထဲကမထွက်ရသေးကြောင်း သိလိုက်ရတယ်။ ပြီးတော့လည်း ထိုင်းရဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူမှုကြောင့် ဥပဒေအရ သူမ၏ခင်ပွန်းကို ထိုင်းနိုင်ငံမှတဆင့် ဘယ်တတိယနိုင်ငံကိုမှ ထွက်ခွင့် မပေးတော့ဘူးလို့ သူမရဲ့ပြောပြချက်အရ သိရပါတယ်။

သူမကိုပြောရင်တော့ အမြဲတမ်း ပြုံးပြုံးလေး နားထောင်နေတတ်ပြီး အမြဲတမ်း လုပ်ချင်တာ လျှောက်လုပ်တတ်သူတဦးပါ။ ကျွန်တော့ထက်သာတာကတော့ သူမရဲ့ ကားအစိမ်းရောင်လေးကို ကိုယ်တိုင် မောင်းပြီး တခါတခါ ကျွန်တော့်ဆီကို ရောက်လာတတ်ပါတယ်။ ဘာသာစကား အဆီးအတားတခုက သူတို့တတွေကို အခက်အခဲများစွာ ပေးပါတယ်။ ဒီအမေရိကန်နိုင်ငံကို ကျွန်တော်ရောက်တာ ၂ နှစ်နီးပါး ရှိနေပေမယ့် ယခုတိုင် ကျွန်တော် ကားမမောင်းတတ်သေးပါဘူး။

တနေ့ကိစ္စတခုကြောင့် သူမနဲ့ကျွန်တော် ကားကြုံလိုက်စီးရင်း သူမရဲ့ကားနဲ့ပတ်သက်ပြီး စကားစပ်မိပါတယ်။

“နေပါဦးညီမ … အခုမောင်းနေတဲ့ကားက ဘာအမျိုးအစားလဲ” လို့ ဆိုတော့ …

“အကိုရယ် … ကျွန်မလည်း ဘာအမျိုးအစားမှန်း မသိပါဘူး…။ ဝယ်တာ ၃ လလောက်ရှိပြီ။ ကားဆိုရင် မောင်းလို့ရရင် ပြီးရောမဟုတ်လား၊ အမျိုးအစားတွေ ဘာတွေ မလိုပါဘူး” တဲ့ လေ။ မှတ်သားလောက်စရာပါပဲ။

သူမရဲ့ကလေးတွေကို ဂရုစိုက်ကြည့်ရှုမှုနည်းတော့ ကလေးစောင့်ရှောက်ရေးအဖွဲ့ (ဃဏှ)က အရာရှိနဲ့ ကျွန်တော် နှစ်ပတ် တခါ သူမဆီ ရောက်နေကျပါပဲ။

အိမ်ထောင်ရှိသော အမျိုးသားတယောက်နဲ့ သူမတို့ရဲ့ လူမှုရေးသတင်းတွေ၊ ကျွန်တော်တို့ ကရင်ဒုက္ခသည် အသိုင်းအဝိုင်းအတွင်း ကြားလာရတော့၊ အားလုံး မဖြစ်သင့်တာတွေ မဖြစ်ရအောင် သူမကို ကျွန်တော် သတိပေးမိပါတယ်။

“ကျွန်မကတော့ ကင်းကင်းရှင်းရှင်းပဲ နေချင်တယ်၊ သူပဲ ခဏခဏ လာလာ နှောက်ယှက်နေလို့ကို ခက်နေတာ” ဆိုပြီး ပြုံးပြီး ကျွန်တော့်ကို ပြောတတ်စမြဲပါ။ အဲ့ဒီအမျိုးသားကိုလည်း သူမ အရမ်းမုန်းတယ်လို့ဆိုပြီး ပြောတတ်ပါသေးတယ်။

နောက်တော့ အဲ့ဒီ … သူ မုန်းပါတယ်ဆိုသော ကိုယ်တော်ချောလည်း၊ မယားဟောင်းရဲ့ အိမ်ပေါ်ကဆင်းပြီး သူမရဲ့အိမ်ပေါ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလို့သွားပါပြီ။

“အစ်ကိုရယ် … ကျွန်မတို့နှစ်ယောက်က ငယ်ရည်းစားတွေပါ၊ ဟိုး … ထားဝယ်ဒေသမှာ ကရင်တော်လှန်ရေးကို အတူလုပ်ခဲ့ကြတုန်းကပေါ့” ဆိုပြီး ပြုံးလို့ …။ တဖန် သူမရဲ့အချစ်ဇာတ်လမ်းကလည်း၊ ဂန္ထဝင်ပဲဆန်သလားတော့ မသိဘူး၊ အခု သူတို့နှစ်ဦး ဇာတ်ပြန်ပေါင်းလိုက်တဲ့အချိန်မှာ တဖက်မှာ ကလေး ၄ ယောက်စီ။

ကိုယ်တော်ချောရဲ့ဇနီးသည်ကလည်း ဘဝမှာအားကိုးစရာဆိုလို့ ဒီယောက်ျားပဲရှိတာ၊ သူမရဲ့ဘဝတခုလုံး ပုံအပ်
ပြီး လေယာဉ်ပျံ အတူတူစီးကာ၊ ဒုက္ခသည်စခန်းကနေ ဒီအမေရိကန်ကို ရောက်ခဲ့တာ ကလေး ၄ ယောက်ရတဲ့ အထိပါပဲလေ။ ညနေတိုင်း သူမရဲ့သောကကိုဖြေဖျောက်ဖို့၊ အရက်တွေပဲ နင်းကန်သောက်နေတာကို ကြားရတော့ ကိုယ်တော်ချောရဲ့ဇနီးအတွက်လည်း စိတ်မကောင်းဖြစ်မိတယ်။

ဘယ်သူတွေ … ဘာပဲပြောပြော ငယ်ချစ်ဟောင်းနဲ့ ဘဝသစ်ကို အတူလျှောက်ရင်း အိမ်မက်တွေနဲ့ အပျော်ကြီး ပျော်နေသူကတော့ ပြုံးပိုင်ရှင်မမပါပဲ။ “သူက ကျွန်မခလေးတွေကို အရမ်းနားလည်တာ” – “သူ့ခမျာ … သူ့မယားဟောင်းနဲ့တောင် အဆက်အသွယ်လုပ်ခွင့် မရရှာဘူး” ဆိုပြီး မှတ်သားစရာ ဂရုဏာအသံနဲ့ ကျွန်တော့်ကိုတွေ့ရင် ပြောနေကျ။

ကိုယ်တော်ချောခမျာ ဘယ်အိမ်ပြန်လို့ရတော့မလဲ အသည်းနှလုံး မီးလောင်ကျွမ်းနေသော ကိုယ်တော်ချောရဲ့ ဇနီးသည်ဟောင်းက ကျွန်တော်တို့ ဘာဖလိုးမြို့ ကရင်ရပ်မိရပ်ဖကို သူမရဲ့ခံစားချက်တွေကိုရင်ဖွင့်ပြီး (ချစ်လင်ဟောင်း) ကလေးတွေရဲ့ဖခင်သွားတော့ သားသမီးတွေရဲ့ရှေ့ရေး ကိစ္စတွေကို အပူတပြင်း လာရောက် တိုင်ပင်ရှာပါတယ်။ “ဒီကောင့်မျက်နှာကို လုံးဝ မမြင်ချင်တော့ဘူး … အိမ်ပေါ်ပြန်မတက်နိုင်အောင် ကူညီကြပါဦး” လို့ဆိုလာတော့ - သူ အိမ်ကို ရောက်လာတာနဲ့ (911) ကို ခေါ်ပြီး ရဲကိုအကြောင်းကြားဖို့ အကြံပေး စီစဉ်လိုက်ရတာပေါ့။

“ခင်ဗျားအိမ်က သားသမီးတွေကို ပြန်မတွေ့ဘူးလား” လို့ ကျွန်တော်က ကိုယ်တော်ချောကိုမေးတော့ ခမျာ မျက်နှာငယ်လေးနဲ့ “တွေ့ချင်တာပေါ့အစ်ကိုရယ် ဘယ့်နှယ့်ပြောတာတုန်း၊ ကျွန်တော် အိမ်အရိပ်နင်းတာနဲ့ ရဲခေါ်မယ်လုပ်တော့ ဘယ်လိုမှပြန်လို့မရတော့ဘူး” လို့ ပြောရှာတယ်။ ကျွန်တော်လည်း “အေး မင်းဒုက္ခ၊ မင်းပဲရှာတာ” လို့ဆိုတော့ … မျက်လုံးလေး ပေကလတ်၊ ပေကလတ်နဲ့ ကျွန်တော့်ကို အားကိုးတကြီး ကြည့်ရှာပါတယ်။ တကယ်ပါ၊ ကျွန်တော်လည်း ဒီပြဿနာဖြေရှင်းလို့ မတတ်ပါ။

တနေ့တော့ မိတ်ဆွေတယောက်က “ခင်ဗျားကြားပြီးပြီးလား … နော်အယ်မူး (အမည်ရင်း မဟုတ်ပါ) တယောက်
သူ့ရဲ့သားကို ဓားမြှောင်နဲ့လိုက်လို့ ရဲက ဖမ်းသွားပြီ” လို့ဆိုတော့ ကျွန်တော်က ဘာမှမသိသေးဘူး၊ ရုံးရောက် ဂတ်ရောက်ဖြစ်ရင် ဒီမြို့မှာ မြန်မာပြည်သားတွေအတွက် ကျွန်တော် စကားပြန်လုပ်ပေးနေကျပဲလေ၊ ကျွန်တော် သိသင့်တာပေါ့။

ဒီလိုနဲ့ တပတ်ကျော်ကျော်လေးကျတော့ ကျွန်တော် စကားပြန်လုပ်တဲ့ရုံးက “ခင်ဗျား နောက်တပတ် တနင်္လာနေ့ မနက်ကျရင် စိတ်ပိုင်းဆိုင်ရာ ဆရာဝန်ကြီး အချုပ်သားတယောက်ကို စစ်ဆေးဖို့ရှိတာ ခင်ဗျား သွားရမယ်” လို့ ဆိုတော့ - “နေပါဦး … သူက ဘယ်သူလဲ” လို့မေးလိုက်တော့ “နော်အယ်မူး ပါ” တဲ့ လေ … ဒါဆိုရင်တော့ သေချာသွားပါပြီ။

အချုပ်သားထောင်မှာ ဝတ်ရုံအနီကြီးဆင်မြန်းလို့ မမအယ်မူးကို တွေ့လိုက်ပါပြီ။ သူမ ကိုယ်ဝန်တောင် အတော့်ကို ရင့်နေပြီပဲ။ မပြောင်းလဲပါ၊ အပြုံးနဲ့ ကျွန်တော့်ကို နှုတ်ဆက်ရှာပါတယ်။ သူမ ဖြတ်သန်းခဲ့သော လောကဓံ တရားတွေက ဒီ တည်ငြိမ်မှုကို ပေးထားပုံရပါတယ်။

“ကဲ - နင် ဘယ်လိုဖြစ်တာလဲ” လို့ မေးတော့ ...

“ကလေးကို ဆုံးမတာပါ၊ ဘာမှထူးထူးခြားခြား ရာဇဝတ်မှုကို မကျူးလွန်မိပါဘူး” တဲ့လေ။ “ဟ … ဒါဆို ဘာဖြစ်လို့ ဒီအချုပ်ထဲ ရောက်နေရတာလဲ” လို့ မေးတော့ …

“ကျွန်မသား .. မနက်ကတည်းက အိမ်ကနေထွက်သွားလိုက်တာ … ည ကိုးနာရီအထိကို အိမ်ပြန်မရောက်ဘူး၊ အဲ့ဒါ ကျမစိတ်ပူပြီး သူ့ကိုလိုက်ရှာတာ၊ တွေ့လည်းတွေ့ရော သူက ပြေး၊ ကျမကလိုက် ကျမလည်းသူ့ကို မိတာနဲ့ ပါးကို ဘယ်ပြန်ညာပြန်ကို ရိုက်လိုက်မိတာပါ”

“အေး … ကောင်းပြီ၊ ရဲကို ဘယ်သူခေါ်လိုက်သလဲ” လို့ မေးတော့ …

“သမီးက ခေါ်လိုက်တာပါ” လို့ ပြောပြီး သူမ မျက်ရည်ကျရှာပါတယ်။ နောက်တော့ “ကျွန်မလေ-ကျွန်မယောက်ျားကို အရမ်းသတိရတာပဲ” တဲ့ လေ။

အယ် … သူမရဲ့ ချစ်ခြင်းမေတ္တာတရားကလည်း ခမ်းနားလိုက်တာ။

မနေ့ညနေပိုင်းလောက်မှာ ကျွန်တော်မသိ မရင်းနှီးသော တယ်လီဖုန်းနံပတ်နဲ့ ဖုန်းခေါ်လာတော့ ကျွန်တော်က “ဘယ်သူလဲကွ” လို့ မေးမိလိုက်တော့ …

“ကျွန်တော်ပါ”

“ဘယ်သူလဲကွ ကျွန်တော်ဆိုတာ”

“စောနေဘလူးပါ”

“ဘာကိစ္စလဲ”

“ကျွန်တော့်မိန်းမကို ရဲဖမ်းသွားတာ နှစ်ပတ်ရှိပြီ၊ အဲ့ဒါ သူ့ကိုဘယ်မှာထားမှန်း မသိလို့ပါ”

“ဘယ်မိန်းမလဲကွ”

“နောက်မိန်းမပါ အစ်ကို”

“အေး … ငါလည်း မသိဘူး”

“ကျေးဇူးပြုပြီး စုံစမ်းပေးပါဗျာ”

“အေး … ငါ သူ့ကို တွေ့ခွင့်ရရင် မင်းကို ပြန်ပြောပြမယ်”

“အစ်ကိုရယ် ကျွန်တော့်မိန်းမကိုတွေ့ရင် ကျေးဇူးပြုပြီး စကားလေးတခွန်းလောက် ပြောပေးပါ”

“ဟေ … ငါ ဘာပြောပေးရမလဲ” လို့ ဆိုတော့ …

“ကျွန်တော် သူ့ကို အရမ်းချစ်ပါတယ်၊ ပြီးတော့ အရမ်းကို သတိရနေပါတယ်” လို့။

ကျွန်တော် ပြုံးမိပါတယ်။ ကရင် ခေတ်သစ် ကိန္ဒရီကိန္ဒရာတွေပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာဆိုတာ ကန္တာရထဲက လမင်းပဲမဟုတ်လား။

ကဲ … ဒီနေ့ ရုံးထုတ်ပြီ။

လက်ထိပ်ကြီးခပ်လို့ အမေရိကန် လူထွားထွားနှစ်ဦးကြားမှာ၊ သေးသေးညှက်ညှက်ကလေးနဲ့ သူမကို ပုံဖော်ပြီး မြင်နိုင်ပါတယ်။ မျက်နှာကတော့ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးလေးပါပဲ။ ကျွန်တော်ရဲ့နံဘေးမှာ ထိုင်နေသူက သူမရဲ့မိခင်ကြီး၊ ဇရာရဲ့အငွေ့အသက်၊ ကွမ်းသွေးတွေ ပေကျံနေသော နှုတ်ခမ်း၊ အသက်က ခြောက်ဆယ်ကျော်ကျော်၊ အမေရိကန်ရဲ့ပြစ်မှုဆိုင်ရာ တရားရုံးမှာ ကရင်ထမိန်ကြီးဝတ်လို့။ ပြီးတော့လည်း ကရင်လွယ်အိတ်ကလေးကို လွယ်ရက်သား။ သူမခမျာ ဒီအမေရိကန်နိုင်ငံကိုရောက်သော ၂ နှစ်ကျော် ကာလအတွင်းမှာ ဘောင်းဘီရှည်ကိုတောင် တော်တော်ခက်ခက်ခဲခဲ ဆင်မြန်းခဲ့ပုံရတယ်။ ဒီ သမီးအတွက် တရားရုံးကိုလာသောအခါမှာလည်း သူမအတွက် အဆင်အပြေဆုံး ကရင်ထမိန်ကိုသာ ဝတ်လာခဲ့ခြင်း
ပဲဖြစ်မှာပါ။

လက်ထိပ်နဲ့သမီးကို တရားသူကြီးရှေ့ ရဲအစောင့်အရှောက်နဲ့ ခေါ်လာတာကိုမြင်တော့ သူမ မျက်ရည်ကျရှာတယ်။ တရားခံက ၎င်းရဲ့သမီး။ တရားလိုက သူမကိုယ်တိုင်။ မြေးကို ပါးရိုက်၊ ဓားနဲ့လိုက်တယ် ဆိုသောကိစ္စတို့အတွက် သူမက တရားစွဲရခြင်းပါ။ ကြေကွဲစရာလည်း ကောင်း၊ သူမတို့ မိသားစုအတွင်း သင်ခန်းစာယူစရာလည်း ကောင်းပါတယ်။

နော်အယ်မူး ဝန်ခံချက်ထိုးပြီး အချုပ်က ထွက်ရတယ်။ သို့ပေမယ့် ၎င်းရဲ့အိမ်ကို ပြန်ခွင့်မရတော့။ သူမ ဓားမြှောင်နှင့် လိုက်ခဲ့သည်ဆိုသောသားကြီးကို တွေ့ခွင့်လုံးဝမရတော့။ တယ်လီဖုန်းဆက်ခွင့် လုံးဝ မရှိတော့၊ သူမ၏ ယောင်းမတော်သော အမျိုးသမီးတယောက်၏နေအိမ်တွင် သွားရောက်နေထိုင်ရပေတော့မည်။

“ကျွန်မရဲ့သားကို … ဘယ်တော့မှ ပြန်တွေ့လို့မရတော့ဘူးလား” လို့ ကျွန်တော့်ကို မေးရှာပါတယ်။
“အေး … ညီမ အေးအေးဆေးဆေးနေပြီးတော့ ဥပဒေကိုလေးစား၊ အသောက်အစား မရှိဘူးဆိုရင်တော့ တရားသူကြီးက ပြန်စဉ်းစားမှာပေါ့” လို့သာ ကျွန်တော် ပြောနိုင်ပါတော့သည်။

တရားရုံးမှ ကျွန်တော်တို့ထွက်တော့ သူမကို ကျွန်တော်မေးမိသည်။

''ညီမအချုပ်မှာဘယ်နှစ်ရက်နေခဲ့လဲ''

“၁၀ ရက်ပါ”

“ဘယ်လိုလဲ … အချုပ်ထဲမှာနေခဲ့တာ” ဟု ဆိုတော့ …

“ပေါင်မုန့်တွေပဲ၊ စားနေရတာ၊ အိမ်ကိုအမြန်ပြန်ပြီး ထမင်းအရမ်းစားချင်လာပြီ၊ ထမင်းမစားရတာ ၁၀ ရက် ရှိပြီလေ” ဟူ၍သာ ပြုံး၍ဖြေပါသည်။

တခုကိုတော့ ကျွန်တော် သူမကို ထူးထူးခြားခြား သတိထားမိတာ တခုရှိသည်။ မည်သည့် အခက်အခဲဒုက္ခ ကြုံတွေ့နေပါစေ၊ သူမသည် အပြုံးတော့မပျက်။ ၎င်း၏အိမ်၌ သားသမီးများနှင့် စုစုစည်းစည်း တွေ့ရစဉ်ကလည်း ဒီ မျက်နှာ။ အချုပ်ခန်းထဲ မြင်တွေ့ရစဉ်တုန်းကလည်း ဒီ မျက်နှာပြုံးပြုံးလေး။ ပြီးတော့ တရားသူကြီးရှေ့မှာ ဆုံတော့လည်း တခါ ဒီ မျက်နှာ ဒီအပြုံး … သူမကပဲ မှားနေတာပဲလား သို့မဟုတ် လောကကြီးကပဲ တိုင်ပင်တခုခု ပို၍မြန်နေသလား သို့မဟုတ် နှေးနေသလား။ ဘယ်လိုပဲဖြစ်ဖြစ် သူမကတော့ ပြုံးနေဆဲ …။ ။

သရုပ်ဖော် - အောင်ထက်


Thursday, June 24, 2010

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အနာဂတ် (၉)

အပိုင်း (၄)

အပိုင်း (၄) မှာတော့ ပြည်ထောင်စုစနစ်နဲ့ တိုင်းရင်းသားအခွင့်အရေးတွေ အကြောင်းကို ဆွေးနွေးထားပါတယ်။ ဦးမောင်မောင်သန်း စီစဉ်ပြီးတော့ ဒေါ်သီတာနွယ်က တင်ဆက်ပေးမှာပါ ခင်ဗျာ။

သောတရှင်များရှင်၊ အခြေခံဥပဒေနဲ့ အနာဂတ်ရေး အစီအစဉ် စတုတ္ထပိုင်းအဖြစ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းမှာပါဝင်တဲ့ ပြည်ထောင်စုစနစ်နဲ့ ဒီအခြေခံဥပဒေဟာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဘယ်လောက် အာမခံမလဲဆိုတဲ့အကြောင်း တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဥပဒေပညာရှင်တွေနဲ့ နိုင်ငံရေးသမားတွေရဲ့အမြင်ကို တင်ပြမှာဖြစ်ပါတယ်။

အခြေခံဥပဒေမူကြမ်း ပုဒ်မ ၈ မှာ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်နှင့် ဖွဲ့စည်း တည်ဆောက်သည်လို့ ဖော်ပြထားပါတယ်။

ဒီတော့ ဘယ်လိုပြည်ထောင်စုအမျိုးအစားကို ဆိုလိုပါသလဲ။ ပြည်ထောင်စု စနစ်ဆိုရင် ဘယ်လိုအင်္ဂါရပ်တွေနဲ့ ညီညွတ်ရသလဲဆိုတာ ၁၉၄၇ လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလ ပင်လုံစာချုပ် လက်မှတ်ရေးထိုးဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းကို ထောက်ခံခဲ့တဲ့ ရှမ်းပြည်လူငယ်ခေါင်းဆောင်၊ ရှမ်းပြည်တိုင်းရင်းသား လူမျိုးစုများ ဒီမိုကရေစီအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးရွှေအုံးက ပြည်ထောင်စုပေါ်ပေါက်ရတဲ့ အခြေခံအကြောင်းရင်းကို အခုလို ရှင်းပြပါတယ်။

“သဘောတူရင် ဘာသဘောတူသလဲဆိုရင် ကျနော်တို့ ပေါင်းမယ်၊ ဒါပေမယ့် ပြည်ထောင်စုပုံစံ ပြောင်းမယ်။ Union ပဲ။ Unitary မဟုတ်ဘူး။ Union က ဘယ်လိုပုံစံမျိုးဖြစ်ရမလဲဆိုရင် နံပါတ် ၁ က နိုင်ငံရေး တန်းတူညီမျှမှုရှိရမယ်။ နံပါတ် ၂ က ပြည်တွင်း လွတ်လပ်ခွင့် ရှိရမယ်။ ၃ က ခွဲထွက်ပိုင်ခွင့် ရှိရမယ်။ ဗိုလ်ချုပ်အောင်ဆန်းက အဲ ပေးမယ်၊ ဒါတွေ ကျနော် အကုန်လုံး သဘောတူတယ်။ ဒါတောင်မှ သူတို့ ချီတုံချတုံဖြစ်နေတာ သိပ်ပြီးတော့ မလုပ်ဘူး။

အဲ့တော့ ကျနော်တို့ ရှမ်းပြည် လူငယ်ခေါင်းဆောင်တွေက ဒီလောက် အခွင့်အရေး၊ ဒီလောက် သဘောတူညီချက် ရဖို့ဆိုတာ မလွယ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်ရှိလို့သာ ဒီလိုဟာမျိုးရတာ။ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်ကလည်း နောက် ပေါ်ချင်မှပေါ်မှာ၊ အဲ့တော့ ဒီလိုအခါမှာတော့ ပေါင်းသင့်ပြီထင်တယ်ပြောတဲ့အခါ နောက်ဆုံးကျတော့ ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်အားကိုးလို့ ပင်လုံစာချုပ်ဖြစ်လာတာ”


ရှမ်းပြည်တိုင်းရင်းသားလူမျိုးစုများ ဒီမိုကရေစီအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးရွှေအုံး

ပြည်ထောင်စုစနစ်ကို သွားမယ်ဆိုရင် တန်းတူရည်တူ အခွင့်အရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရှိဖို့ လိုအပ်ပါတယ်။ ဒီအခွင့်အရေးတွေကို အခြေခံ ဥပဒေသစ်မှာ ထည့်သွင်းထားတယ်လို့ အမျိုးသားညီလာခံကို တောက်လျှောက် တက်ခဲ့တဲ့ မင်္ဂလာဒုံမြို့နယ် အမှတ် ၁ လွှတ်တော်အမတ် ဦးတင်ထွန်းမောင်က ပြောပါတယ်။

“တန်းတူရည်တူ အခွင့်အရေးက အရင်ကတည်းက ပါနေတာပဲလေ၊ ဒါနဲ့ ခုဟာမှာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတွေ ထပ်ပေးထားတယ်။ နောက်တချက်က လူဦးရေရဲ့ ၀.၁ % ဆို အလိုအလျောက် ကိုယ်စားလှယ်တွေရတဲ့ဟာတွေ ပေးထားတယ်ဗျာ၊ အဲဒါတွေက ဘာပဲပြောပြော အရင်တုန်းက မရခဲ့ဘူးသေးတဲ့ဟာတွေ ဖြစ်နေတယ်လေ။

ဒါကြောင့် တိုင်းရင်းသားအခွင့်အရေးတွေနဲ့ ပတ်သက်လို့ကတော့ အခြားတိုင်းရင်းသားတွေ ကိုမထိခိုက်လို့ရှိရင် သူတို့ရဲ့ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ ဘာသာစကား ဒါတွေအကုန်လုံး လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်ဆိုတဲ့ သဘောပါ။ ကျနော်တို့က အကောင်းဘက်က မြင်တဲ့အခါကျတော့ အရင်ကထက်ပိုရလာတယ်လို့ မြင်တယ်လေ”


ဒါပေမယ့် အခုရေးဆွဲထားတဲ့ ပြည်ထောင်စုပုံစံက ဥပဒေရှုဒေါင့်ကကြည့်ရင် လက်ခံနိုင်စရာမရှိဘူးလို့ (BLC) မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးက ထောက်ပြပါတယ်။

“ပြည်ထောင်စုစနစ်လို့ ပြောမယ်ဆိုရင် ပထမတချက်က ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စုဖွဲ့စည်းရာမှာ ပါဝင်တဲ့ ယူနစ်များကြားထဲမှာ အာဏာတွေကို မျှတစွာ ခွဲဝေထားဖို့လိုတယ်။ ဒီအချက်ကို ကျနော်တို့က မတွေ့ရဘဲ ဒါနဲ့ပြောင်းပြန်ပဲ တပြည်ထောင်စနစ်ပုံစံမျိုးလို့ အတိအကျပြောလို့ရတဲ့ တင်းကျပ်တဲ့ ဗဟိုချုပ်ကိုင်မှုကို ကျင့်သုံးတဲ့အုပ်ချုပ်မှုစနစ်ကို ချမှတ်ဆောင်ရွက်ထားတာ ဖြစ်တယ်။

နောက်တခုက ဖွဲ့စည်းရာမှာပါဝင်တဲ့ ယူနစ်တွေနဲ့ တခုနဲ့တခုကြားထဲမှာလည်း တန်းတူရေး အခြေခံကို ဘာတခုမှ အာမခံချက်ပေးထားနိုင်ခြင်း မရှိဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အပါအဝင် တိုင်းရင်းသားဒေသတွေကို ဖွဲ့စည်းမှုအရ ပုံသဏ္ဍာန်အရ ဖွဲ့စည်းပေးထားသော်ငြားလည်းပဲ အဲဒီ တိုင်းရင်းသားဒေသရဲ့ အနှစ်သာရအရ လုပ်ပိုင်ခွင့်အာဏာ ဘာမှမရှိဘူး”

ဦးအောင်ထူးက အနှစ်သာရပိုင်းကို ထောက်ပြသွားပေမယ့် နိုင်ငံတော်ရဲ့ ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေး အာဏာဆိုတဲ့ အာဏာ ၃ ရပ်ကို ပြည်ထောင်စုတိုင်းဒေသကြီးများ၊ ပြည်နယ်များနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများကို ခွဲဝေအပ်နှင်းတယ်လို့ ပုဒ်မ ၁၁ က ဆိုပါတယ်။ ဒီ ခွဲဝေအပ်နှင်းမှုအပေါ် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက အခုလို သုံးသပ်ပြပါတယ်။

“အာဏာ ၃ ရပ်ကို ခွဲဝေပေးတယ်ဆိုတာကို Principle တော့ ကျနော် ဖတ်ရပါတယ်။ ဒါပေမယ့် လက်တွေ့ နောက်ဆက်တွဲ ဇယားကို သေချာကြည့်လို့ရှိရင် ခွဲပေးတဲ့အာဏာတွေဟာ မြူနီစပယ်အခွန်၊ ဈေးခွန်၊ ပွဲခွန်ကောက်ဖို့လောက် အဲဒီလောက် အာဏာတွေမှာ ဖြစ်နေပြီးတော့ အဓိကကျတဲ့ တိုင်းရင်းသားတွေ ပိုင်ဆိုင်တဲ့ သစ်တော၊ ရေမြေတောတောင်၊ သဘာဝ သယံဇာတ စသည်ဖြင့် အဲဒီအရေးတွေ သဘာဝပတ်ဝန်းကျင်အရေးတွေနဲ့ ပတ်သက်ပြီးတော့ ဘာမှမပါတာကို ပြန်တွေ့ရတယ်ဗျ။ အဲဒီဥပဒေပြုဇယားကို သေသေချာချာဖတ်လို့ရှိရင် ဗဟိုက ချုပ်ကိုင်ထားတဲ့ ဇယားပဲဖြစ်နေပြီးတော့ ပြည်နယ်မှာသော်လည်းကောင်း၊ ပြည်နယ်ထက်တဆင့်နိမ့်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ၊ တိုင်းတွေမှာ သော်လည်းကောင်း ဥပဒေပြုအာဏာ ပေးထားတယ်လို့ပြောပေမယ့် သူတို့ရတဲ့အာဏာဟာ Municipal အဆင့်၊ Local အဆင့်မှာပဲ ဖြစ်နေတယ် ဆိုတာကို ကျနော်တို့ တွေ့ရတယ်ခင်ဗျ”

ဆက်လက်ဖော်ပြပါမယ်။


Wednesday, June 23, 2010

တစည ပါတီ ပြောခွင့်ရသူ ဦးဟန်ရွှေ၊ NDF ပါတီ နာယက ဦးခင်မောင်ဆွေ နှင့် ဘီဘီစီ ဆက်သွယ်မေးမြန်းချက်

စစ်အစိုးရက ဒီနှစ်ကုန်ပိုင်း ကျင်းပပေးမယ်လို့ဆိုတဲ့ ရွေးကောက်ပွဲကိုဝင်မယ့် ပါတီတွေ ပါတီဝင်တွေရရှိအောင် စည်းရုံးရာမှာ လိုက်နာရမယ့်အချက်အလက်တွေ၊ စည်းကမ်းတွေကို ထုတ်ပြန်လိုက်ပါပြီ။

ရွေးကောက်ပွဲဝင်မယ့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီကတော့ စည်းကမ်းတွေရှိပေမယ့်လည်း သူတို့ပါတီအတွက်တော့ အခက်အခဲမရှိပါဘူးလို့ ဆိုပါတယ်။ ပါတီရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူးနဲ့ ပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ရွှေကတော့ …

“တော်ရုံတော်ရုံ အင်အားလောက်ဆိုလို့ရှိရင်တော့ ကျနော်တို့က ကျနော်တို့ ပါတီရုံးခွဲတွေမှာပဲ ကျင်းပလို့ရတဲ့ အခြေအနေရှိတဲ့အတွက် ကျနော်တို့ ခွင့်တောင်းစရာမလိုဘဲနဲ့ ဒီလိုလုပ်မယ်ဆိုတဲ့အကြောင်း ၇ ရက် ကြိုတင်အသိပေးတဲ့ သဘောမျိုးပဲ လုပ်လို့ရတဲ့အခြေအနေ ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ပါတီအနေနဲ့ကတော့ သိပ်အခက်အခဲမရှိဘူးလို့ ဒီလိုပဲ ပြောရမယ့်သဘော ဖြစ်ပါတယ်ခင်ဗျ”

ဟုတ်ကဲ့ခင်ဗျ၊ ကော်မရှင်အနေနဲ့ပြောတာကတော့ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ကို ဒီလို စည်းကမ်းတွေထုတ်ပါတယ်ဆိုပြီး လုပ်နေတော့ အခုဟာက လူထုကို နိုင်ငံရေးအသိအမြင်တွေ ပွင့်လင်းပြီးတော့ ခေါ်ပြီးတော့ စည်းရုံးပြောဆိုဖို့မှာ ဒီလို စည်းမျဉ်းတွေချလိုက်တော့ လူထုစည်းရုံးရေးနဲ့ ပတ်သက်ပြီးတော့ အခက်အခဲတွေ ရှိလာနိုင်ပါလားဗျ။

တစည ပါတီ ပြောခွင့်ရသူ ဦးဟန်ရွှေ

“နိုင်ငံရေးပါတီဆိုတာကတော့ မစည်းရုံးရဘူးဆိုတာ မရှိဘူးပေါ့ဗျာ။ ဝန်ထမ်းလည်း စည်းရုံးမှာပဲ၊ သို့သော် သက်ဆိုင်ရာ ဒီ ပုဂ္ဂိုလ်တွေအနေနဲ့က ပါတီနိုင်ငံရေးမှာ ဘက်မလိုက်ဘဲ ဆောင်ရွက်ဖို့အနေအထားမျိုးသာ ကျနော်တို့ ရှိပါတယ်။ ဒါမှလည်းပဲ ပါတီစုံမှာ အစိုးရက မကြာခဏပြောင်းတဲ့အခါမှာ ဝန်ထမ်းတွေ အနေနဲ့က ဒီယန္တယားကြီးက တည်တည်ငြိမ်ငြိမ်နဲ့ လည်ပတ်ပြီးတော့ လုပ်သွားနိုင်မယ့် အနေအထားရှိမှ ဒီစနစ်ကြီးက အောင်မြင်မယ်လို့ ဒီလိုပဲ ယူဆပါတယ်။

ကျနော်တို့ပြောလို့ရတဲ့ အချက်အလက်တွေ အများကြီးရှိပါတယ်။ အကြောင်းအရာတွေလေ၊ အဲ အသိပေးပြီးတော့ ပြောရမယ်၊ ပြည်သူလူထုကို ဒီမိုကရေစီအခြေခံအုတ်မြစ် ခိုင်မာအောင် တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့ ပြောလို့ရနိုင်မယ့် အကြောင်းအရာတွေ အများကြီး ရှိပါတယ်၊ ဟို နှိုင်းယှဉ်ပြီးပြောတာတို့၊ ဘာတို့ ဆိုတဲ့ဟာကတော့ ဒါက ပြောတဲ့အပေါ်မှာ မူတည်ပြီးတော့လေ၊ စေတနာပေါ်မှာ မူတည်ပြီးတော့လည်း ပြောတဲ့စကားက ထွက်တဲ့အခါကျတော့ တက်သနိုင်သမျှတော့ ကျနော်တို့ကတော့ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းကို အောင်အောင်မြင်မြင် သွားစေချင်တဲ့ဆန္ဒ ကျနော်တို့ပါတီမှာ ရှိပါတယ်”


တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ရွှေ ဖြစ်ပါတယ်ခင်ဗျာ။

တချိန်တည်းမှာပဲ နိုင်ငံရေးကို ပြည်သူတွေစိတ်ဝင်စားအောင်၊ ပါတီဝင် အင်အားရအောင် စည်းရုံးရာမှာ အခုလို တင်းကျပ်တဲ့ စည်းမျဉ်းတွေ၊ စည်းကမ်းတွေအောက်မှာဆိုတော့ အခက်အခဲတွေရှိမှာပဲလို့ ရွေးကောက်ပွဲဝင်မယ့် ပါတီတချို့က တာဝန်ရှိသူတွေက ဆိုနေကြပါတယ်။ ဒီတော့ ရွေးကောက်ပွဲဝင်ဖို့ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ရဲ့ နာယက ဦးခင်မောင်ဆွေကတော့ အခုလို ပြောပါတယ်။

“နိုင်ငံရေး ပြောင်းမယ်ဆိုတဲ့နေရာမှာ ပြည်သူလူထုနဲ့ နိုင်ငံရေးပါတီတွေကြားမှာ လူစုတဲ့ကိစ္စတောင်မှ တင်ပြ အကြောင်းကြားပြီးမှ ပေးမယ်ဆိုတဲ့ဟာကတော့ လုပ်ရကိုင်ရတဲ့နေရာမှာ အတော့်ကို အခက်အခဲတွေရှိတယ်ဗျ။ ကျနော်တို့အမြင်တော့ ဒါ တော်တော်ကြီးကို တင်းတင်းကျပ်ကျပ်ကြီး ဆောင်ရွက်တော့မယ်ဆိုတဲ့သဘောကို ပြနေတာ သဘောတူရပါတယ်။ နိုင်ငံရေးပါတီတွေ လုပ်ရကိုင်ရတာ အင်မတန်မှ ကျပ်တည်းကျဉ်းမြောင်းသွားမယ့် အနေအထားရှိတာကိုတော့ ခံစားနားလည်ရပါတယ်”

ဟုတ်ကဲ့ခင်ဗျ၊ နောက်တခုကတော့ ရေးသားဖော်ပြမှုအပိုင်းပေါ့လေ၊ နိုင်ငံတော်ကို အကြည်ညိုပျက်အောင် မပြောရဘူး၊ နောက် တပ်မတော်ပြိုကွဲမှုကို ဖြစ်အောင်မလုပ်ရဘူးဆိုတော့ တင်းကျပ်မှုတွေကိုရှောင်ပြီးတော့ ဦးခင်မောင်ဆွေတို့ စာစောင်တွေ ထုတ်ဝေမယ်၊ ပြည်သူကို စည်းရုံးမယ်ဆို ဘာများရေးသားထုတ်ဝေနိုင်မလဲဗျ။

“တကယ်ပဲ ရွေးကောက်ပွဲကို အမျိုးသားပြန်လည်သင့်မြတ်ရေးအမြင်နဲ့ သွားကြတော့မယ့်ဆိုလိုရှိရင် ပြည်သူနဲ့ နိုင်ငံရေးပါတီတွေကြားမှာ ဆက်ဆံရေးကို ဒီလောက်အထိ တင်းကျပ်ဖို့လိုသလား၊ ဒီလောက်အထိ ကန့်သတ်ဖို့ လိုသလားဆိုတာကို ကျနော်တို့က ကော်မရှင်ကိုထိတွေ့ဆက်ဆံပြီးတော့ နိုင်ငံရေးပါတီအားလုံးနဲ့ ကော်မရှင်နဲ့ဟာ ဆွေးနွေးညှိနှိုင်းမှုတော့လိုပြီလို့ ကျနော်မြင်တဲ့အချက်ဟာ အခု ခင်ဗျားမေးနေတဲ့ အချက်အားလုံးအပေါ်မှာ လွှမ်းခြုံပြီးတော့မှ ဖြေတဲ့အဖြေ ဖြစ်ပါတယ်”

NDF ပါတီ နာယက ဦးခင်မောင်ဆွေ

ဟုတ်ကဲ့ခင်ဗျ၊ အဲတော့ ဦးခင်မောင်ဆွေတို့ NDF အနေနဲ့ပေါ့လေ၊ အကယ်၍များ ဒီလိုမျိုး လှုပ်သာရှားသာ မရှိဘဲနဲ့ ဒီလောက်တင်းကျပ်နေတယ်ဆိုရင် ဘာမှလည်း တရားမျှတတဲ့ရွေးကောက်ပွဲ မဖြစ်တော့ဘူး၊ နောက် ကိုယ်မျှော်မှန်းသလိုပေါ့ ရသလောက်အပေါက်ကနေ ထွက်ကြည့်မယ်၊ လုပ်ကြည့်မယ်ဆိုတာလည်း မဖြစ်နိုင်တော့ဘူးဆိုရင်ကော ဆက်လုပ်ဦးမှာပဲလားဗျ။

“ဘယ်လောက်မျှော်လင့်ချက် ထားတယ် မထားဘူးဆိုတာကတော့ ပကတိ ရွေးကောက်ပွဲအလွန်ကာလမှာ ဖြစ်လာမယ့် လွှတ်တော်မှာရှိနေတဲ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ အနည်းအများအပေါ် လိုက်ပြီးတော့ကာ အခွင့်အရေးက ရရှိသွားနိုင်တယ်လို့ ကျနော်တို့ပြောနိုင်ပါတယ်။ နောက်ဆုံးကျတော့ ကျနော်ဖြေတဲ့အဖြေဟာ ကော်မရှင်ကို တင်ပြပြီးတော့ကာ ဒီလိုကိစ္စမျိုးကတော့ ဒီလောက်ကြီးတော့ဖြင့် မလုပ်အပ်ဘူး ဆိုတာကိုတော့ဖြင့်ရင် ပြောဆိုဖို့အချိန်တော့ ရောက်ကောင်း ရောက်လာလိမ့်မယ့်လို့ ကျနော် ယူဆပါတယ်”

အမျိုးသားဒီမိုကရေစီအင်အားစု (NDF) နာယက ဦးခင်မောင်ဆွေဖြစ်ပါတယ် ခင်ဗျာ။

၂၀၁၀ ပြည့်နှစ် ဇွန်လ ၂၃ ရက်၊ ဘီဘီစီ (မြန်မာပိုင်းအစီအစဉ်) မှ ကောက်နုတ်ဖော်ပြပါတယ်။


Tuesday, June 22, 2010

တပ်မတော်အစိုးရ မဟုတ်တော့ပါ ... (ကာတွန်း စောငို)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အနာဂတ် (၈)

“ဒီ နအဖ ဖွဲ့စည်းပုံဥပဒေအရ တရားရုံးထုံးစနစ်ကို ကျင့်သုံးတဲ့အခါမှာ စစ်ဘက် ဆိုင်ရာတရားရုံးဆိုပြီးတော့ ပေါ်လာတယ်။ အဲဒီတရားရုံးက အရပ်ဘက်ဆိုင်ရာ တရားရုံး တပြည်လုံးမှာ အမြင့်ဆုံးဖြစ်တဲ့ တရားလွှတ်တော်ချုပ်နဲ့ ယှဉ်ပြိုင် ဖြစ်သွားတယ်။

အဲဒီ ယှဉ်ပြိုင်တရားရုံးမှာ ကာကွယ်ရေးဦးစီးချုပ်မှာ အယူခံစီရင်ပိုင်ခွင့်အာဏာ ရှိတယ်ဆိုတဲ့အချက်က အဆိုးဆုံးဖြစ်သွားတယ်လို့ ပြောလို့ရတယ်။ အဲတော့ စစ်တပ်က သီးခြားလွတ်လပ်တဲ့အဖွဲ့ကြီးဖြစ်တဲ့အပြင်ကို တရားစီရင်ပိုင်ခွင့်မှာတောင်မှ လူထုအုပ်ချုပ်ရေးမှာ အမြင့်ဆုံးဖြစ်တဲ့ တရားလွှတ်တော်ချုပ်နဲ့ မဆိုင်တော့ဘူး ဖြစ်သွားတယ်”


ရှေ့နေဦးခင်မောင်ဇော်ကတော့ ဒီအခြေခံဥပဒေမှာ တပ်မတော်သား ၂၅% အရေအတွက် အရယူထားတာထက် အာဏာကို တပ်မတော်က ၉၀% လောက် ချုပ်ကိုင်ထားတဲ့အချက်က ပိုအရေးပါတယ်လို့ ဆိုပါတယ်။

“အများပြောပြောနေကြတဲ့ တပ်မတော်သား ၂၅% ဆိုတဲ့ကိစ္စ။ အခြေခံဥပဒေ မူကြမ်းကို ပြန်ကြည့်လိုက်တဲ့ အခါကျတော့ ၂၅% ဆိုတာက လူဦးရေပဲဗျ။ အဲဒီ ၂၅% လူဦးရေဖြစ်ပေမယ့်လို့ အာဏာရဲ့ ၉၀% က တပ်မတော်ဆီရောက်နေတယ် လို့ အဲဒီလို ခံစားမိတယ်ဗျ”

ဘယ်အချက်တွေကို ထောက်ထားပြီး သူ ဒီလိုပြောတာပါလဲ။

“နိုင်ငံတော်မှာ လုံခြုံရေးကောင်စီဆိုပြီးတော့ ထားတယ်ဗျ၊ အဲဒီလုံခြုံရေး ကောင်စီက သူ့ရဲ့အာဏာက တော်တော်ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကြီးကြီးမားမား ရှိတယ်။ လုံခြုံရေးကောင်စီက နိုင်ငံတော်သမ္မတ ကိုသည်ပင်လျှင် ပြန်ပြီးတော့ချုပ်ကိုင်တဲ့ ကိစ္စမျိုးတွေရှိတယ်။ ပုဒ်မ ၂၀၄ မှာဆိုလို့ရှိရင် နိုင်ငံတော်သမ္မတသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်။ တနည်းဆိုရင် Amnisty ပေးလို့ရတယ်ပေါ့ဗျာ။

ဒါပေမယ့် (ခ) မှာ ဆက်ပြီးတော့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်လို့ ဒီလိုမျိုး ပြောတယ်။ ပုဒ်မ ၂၀၆ မှာလည်း နိုင်ငံတော်သမ္မတဟာ အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းလျက် နိုင်ငံခြား တိုင်းပြည်တခုခုနှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်နိုင်သည်လို့ သူက လာတယ်ဗျ။ အဲတော့ သူ့ရဲ့အခန်းကဏ္ဍက တော်တော်ကို ကြီးမားနေတာကိုး။ အဲတော့ လူဦးရေက ၂၅% ဆိုပေမယ့် လုပ်ပိုင်ခွင့်အာဏာ ၉၀% က တပ်မတော်ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ရောက်နေတယ်လို့ ယူဆတာပေါ့ဗျာ”


ဦးခင်မောင်ဇော်ပြောသလိုပဲ ဒီအခြေခံဥပဒေက အခွင့်အာဏာပေးအပ်ထားတဲ့ အထဲမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါတာကို တွေ့ရပါတယ်။

ဘယ်လောက်တောင်အရေးပါသလဲဆိုရင် သမ္မတ က အရေးပေါ်အခြေအနေ ကြေညာမယ်ဆိုရင်လည်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီးမှသာ ဆောင်ရွက်နိုင်ပါတယ်။ အလွန်အရေးကြီးတဲ့ ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်ထားရာမှာလည်း သမ္မတမှာ အမှန်တကယ် အာဏာ မရှိဘူးလို့ ဆိုရမှာပါ။ ကာကွယ်ရေးဦးစီးချုပ်အသစ်ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အဆိုပြုမှာဖြစ်သလို အဲဒီအဖွဲ့ရဲ့ထောက်ခံမှုလည်းလိုအပ်တယ် ဆိုတော့ နိုင်ငံတော်သမ္မတ က လက်မှတ်ထိုးရရုံသာ အခွင့်အာဏာ ရှိပါတယ်။ အဲဒီအချက်တွေကို ပုဒ်မ ၄၁၀၊ ပုဒ်မ ၄၁၇ နဲ့ ပုဒ်မ ၃၄၂ တွေမှာ ပြဋ္ဌာန်းထားတာပါ။

ဒါထက်ပိုပြီး အရေးပါတာကတော့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီဟာ အရေးပေါ်အခြေအနေကြေညာပြီး တပ်မတော်ကို အာဏာသိမ်းခွင့်ပေးနိုင်ပြီး တပ်မတော် အာဏာသိမ်းထားစဉ်ကာလမှာလည်း ပုဒ်မ ၄၂၇ အရ အာဏာသုံးရပ် ကျင့်သုံးခွင့်ရှိပါတယ်။ အဲဒီလိုအခွင့်အာဏာထူးတွေ ရယူထားတဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဆိုတာ ဘယ်လို အဖွဲ့အစည်းမျိုးပါလဲ။ ရှေ့နေဦးအောင်ထူးရဲ့ သုံးသပ်ချက်က …

“အဓိကအားဖြင့် အံ့သြစရာကောင်းတာကတော့ ကမ္ဘာမှာ ဘယ်ဖွဲ့စည်းပုံမှာမှ မတွေ့ရတဲ့ ပြဋ္ဌာန်းချက်မျိုးနဲ့ တိုင်းပြည်မှာ အာဏာကြီး ၃ ရပ်ရှိတဲ့အနက်က အုပ်ချုပ်ရေးအာဏာ အခန်းကဏ္ဍမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကို ခမ်းခမ်းနားနား ဖော်ပြထားတာဖြစ်တယ်။

အဲဒီထဲမှာ အဖွဲ့ဝင် ၁၁ ယောက်ရှိတဲ့အနက်က ၆ ယောက်က လက်ရှိတပ်မတော်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ စစ်ဗိုလ်ချုပ်တွေဖြစ်တယ်။
အဲတော့ ကျန်တဲ့ ၅ ယောက်ကလည်းပဲ တပ်ကထွက်သွားတဲ့ပုဂ္ဂိုလ်တွေ ဖြစ်သွားနိုင်တယ်။ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာ ဘယ်အချိန်မှာဆိုဆို အစည်းအဝေး လုပ်လုပ် ကာကွယ်ရေးဦးစီးချုပ် ခေါင်းဆောင်တဲ့ စစ်ခေါင်းဆောင် ၆ ယောက်က သာလျှင် အများစုဖြစ်ပြီးတော့ အမြဲတမ်း အနိုင်ရပြီးတော့ တတိုင်းပြည်လုံးကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကတဆင့် ကြီးကြပ်ကွပ်ကဲသွားမယ့် သဘောရှိတာကို တွေ့ရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေရှိတဲ့ ကာလအတော်အတွင်းမှာဖြစ်စေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အလုပ်မလုပ်နိုင်တော့တဲ့ ကာလအတော်အတွင်းမှာဖြစ်စေ ဘယ်အခြေအနေ အောက်မှာမဆို အာဏာကြီး ၃ ရပ်ကို အဓိကချုပ်ကိုင်ပြီးတော့ လွှမ်းမိုးအုပ်ချုပ်သွားမယ့် အာဏာသိမ်း စစ်ကောင်စီသဖွယ် တောက်လျှောက် ရပ်တည်သွားလိမ့်မယ်လို့ ကျနော်တို့ တင်ပြလိုပါတယ်”


ဦးအောင်ထူးက အခြေခံဥပဒေမှာဖော်ပြထားတဲ့ ကာကွယ်ရေးနဲ့လုံခြုံရေး ကောင်စီရဲ့ အလားအလာကို ဝေဖန်ဆန်းစစ်သွားတာ ဖြစ်ပါတယ်။

သောတရှင်များရှင်၊ ပြီးခဲ့တဲ့အပတ်တုန်းက ကျမတို့လေ့လာသုံးသပ်ခဲ့ကြတဲ့ အပိုင်း ၂ နဲ့ အခု အပိုင်း ၃ ရှေ့ပိုင်းက လေ့လာချက်တွေကိုကြည့်ရင် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီတို့ဟာ ဒီအခြေခံဥပဒေရဲ့ လွဲအပ်ချက်အရ အုပ်ချုပ်ရေးအာဏာအရှိဆုံး လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။

အခြေခံဥပဒေက ဒီလိုအာဏာပေးအပ်ထားတဲ့အတွက် အကယ်၍ ဒီအခြေခံ ဥပဒေသာ အတည်ပြုနိုင်ခဲ့ရင် တိုင်းပြည်ရဲ့အနာဂတ်ဟာ ဘယ်လိုဖြစ်လာနိုင်ပါ သလဲ။ တကယ်လို့ စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ သမ္မတ ဟာလည်း စစ်တပ်ကပုဂ္ဂိုလ်ဖြစ်နေရင် တိုင်းပြည်ရဲ့အနာဂတ်ဟာ ဘယ်လိုဖြစ်လာနိုင်ပါသလဲ။ ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းရဲ့ သုံးသပ်ချက်ကတော့ …

“ဒီဟာကတော့ တပ်မတော်က ကြိုးကိုင်နေတဲ့အဖွဲ့ကြီးဖြစ်နေလို့ တပ်မတော်က အခြေခံဥပဒေအရ အာဏာသိမ်းထားတဲ့သဘောလို့ပဲ သက်ရောက်တယ်လို့ ဒီလိုပဲ ယူဆပါတယ်။ အမှန်ကတော့ တပ်မတော်က ထာဝရ အခြေခံဥပဒေအရ အုပ်ချုပ်နေတဲ့ နိုင်ငံဖြစ်သွားအောင် လုပ်နေတယ်လို့ ဒီလိုပဲ မြင်တယ်။ အခြေခံ ဥပဒေမရှိဘဲနဲ့ ဒီအတိုင်း စစ်အုပ်ချုပ်ရေးဆိုပြီး ပြောင်ပြောင် အုပ်ချုပ်တာကမှ ဒါစစ်အုပ်ချုပ်ရေးပဲဆိုပြီးတော့ ခံသာသေးတယ်။ ဟိုကျတဲ့အခါကျတော့ ဒါ အခြေခံ ဥပဒေကြီးနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတယ်ဆိုတဲ့ သဘောမျိုး ပြောလို့ရအောင်လုပ်တဲ့ဟာလို့ ဒီလိုပဲ မြင်တယ်”

အချုပ်အားဖြင့်ဆိုရရင်တော့ ဒီအခြေခံဥပဒေဟာ ပုဒ်မ ၆ (စ) မှာဖော်ပြထားသလို နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို တပ်မတော်က အပြည့်အဝရယူထားတဲ့ အခြေခံဥပဒေလို့သာ ဆိုရမှာဖြစ်ပါတယ်ရှင်။

နောက်တပတ် အပိုင်း ၄ မှာတော့ နိုင်ငံတော်ရဲ့အနာဂတ်အရေးမှာ အလွန် အရေးပါတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်နဲ့ တာဝန် ဝတ္တရားတွေကို လေ့လာသုံးသပ်သွားမှာမို့ စောင့်မျှော်နားဆင်ကြပါရှင်။

ဆက်လက်ဖော်ပြပါမယ်။


Sunday, June 20, 2010

၂၀၁၀ ကြတ်ပြေး အော်သံ (ကာတွန်း စောငို)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အနာဂတ် (၇)

နောက်တခါ သမ္မတနဲ့ ဒုတိယသမ္မတ ရွေးချယ်ခွင့်အပိုင်းကို ကြည့်ကြရအောင်ပါ။

ပထမ အဆင့်အနေနဲ့ ဒုတိယ သမ္မတ ၃ ယောက်ကို ရွေးချယ်ရမှာဖြစ်ပြီး ဒုတိယ အဆင့်အနေနဲ့ ဒုတိယ သမ္မတ ၃ ယောက်ထဲကနေမှ သမ္မတကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့မဲနဲ့ ထပ်ရွေးရမှာ ဖြစ်ပါတယ်။

ဒီအပိုင်းမှာတော့ တပ်မတော်သား ကိုယ်စားလှယ်တွေဟာ ပြည်ထောင်စု လွှတ်တော်ထဲမှာ အရေအတွက် ၄ ပုံ ၁ ပုံသာရှိပေမယ့် အခွင့်အရေးကိုတော့ ၄ ပုံ ၁ ပုံထက် ပိုယူထားပါတယ်။ ၃ ပုံ ၁ ပုံ ဒါမှမဟုတ် ၃၃.၃ % အထိ ရယူထားတယ်လို့ ဆိုရပါမယ်။

ဘာကြောင့်လည်းဆိုတော့ ပြည်သူ့ကိုယ်စားလှယ်တွေက ဒုတိယသမ္မတ ၃ ယောက်အနက် ဒုတိယ သမ္မတ ၂ ယောက်ကိုသာ ရွေးချယ်ခွင့်ရပြီး ကျန် ဒုတိယ သမ္မတ တယောက်ကိုတော့ တပ်မတော်သား ကိုယ်စားလှယ်တွေက ရွေးချယ်ခွင့်ရမှာ ဖြစ်လို့ပါပဲ။

အဲဒီ တပ်မတော် သားကိုယ်စားလှယ်တွေအားလုံးဟာ ကာကွယ်ရေးဦးစီးချုပ် တဦးတည်း ဆုံးဖြတ်ရွေးချယ်ထားတဲ့သူတွေဖြစ်တဲ့အတွက် ဒုတိယ သမ္မတ တဦးကို ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ခွင့်ရတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ ဒီတော့ ကာကွယ်ရေး ဦးစီးချုပ်ကို အခုလို အခွင့်အရေးတွေ ပေးထားတာဟာ တရားမျှတမှုအခြေခံကို ဖောက်ဖျက်ရာ မကျပေဘူးလား။ ဦးတင်ထွန်းမောင်ကို မေးကြည့်တော့ …

“တပ်မတော်ကို ကျနော်တို့က အမျိုးသားနိုင်ငံရေး အင်အားစုအနေနဲ့ မြင်တယ်။ လက်ရှိ ပကတိ အခြေအနေကလည်း လိုအပ်တယ်လို့ ယူဆလို့ ကျနော်တို့ လက်ခံထားတာပါ။ ဟို ၂၅ % တို့၊ ၃ ပုံ ၁ ပုံတို့၊ ၅၀ % တို့ ဒါတွေက ပြဿနာ မဟုတ်ပါဘူး။ တကယ်အလုပ်လုပ်လို့ ဖြစ်မလား၊ အလုပ်ဖြစ်မယ့် တိုင်းပြည်အတွက် ကောင်းမလား ဒါပဲ စဉ်းစားတာလေ”

ဦးတင်ထွန်းမောင် ပြောပြသွားတာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတကို ရွေးချယ်ရာမှာတော့ စောစောက ပြောခဲ့သလို ရွေးချယ်ထားကြတဲ့ ဒုတိယ သမ္မတ ၃ ယောက်ထဲကနေ ထပ်မံရွေးချယ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတရဲ့ အရည်အချင်းသတ်မှတ်ချက်ထဲမှာ စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ အချက်ပါပါတယ်။ စစ်ရေးအမြင်ရှိရမယ်ဆိုတာ ဘာကိုဆိုလိုပါသလဲ။ စစ်မှုထမ်းဖူးသူ ဒါမှမဟုတ် လက်ရှိ စစ်မှုထမ်းနေသူဖြစ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါလား။

စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို တပ်မတော်သားဟောင်းတဦးဖြစ်တဲ့ အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး အေးမြင့်က ဘယ်လိုနားလည်ပါသလဲ။

“စဉ်းစားကြည့်ဗျာ၊ စစ်ဦးစီးချုပ် ဒါမှမဟုတ် တပ်မတော်အရာရှိ ဒါမှမဟုတ်ရင်လည်း စစ်ရေးကိုပဲ တတ်ကျွမ်းနားလည်တဲ့သူသာလျှင် သမ္မတ ဖြစ်ရမယ်ဆိုတော့ ရှင်းနေတာပဲဗျာ။ အရပ်သားတယောက်က စစ်ရေးမှာ ဘယ်လိုလုပ်ပြီးတော့ အခြေအနေတွေကို သူက ပိုင်ပိုင်နိုင်နိုင် တွေးနိုင်ပါ့မလဲ။ စစ်ဗိုလ်ကလွဲရင် သမ္မတ ဘယ်သူမှမဖြစ်အောင်ရေးထားတဲ့ ဖွဲ့စည်းပုံ ဗျ”

ဒုတိယ ဗိုလ်မှူးကြီး အေးမြင့်ပါ။ ကာကွယ်ရေးဦးစီးချုပ်ရဲ့အလွန်အရေးကြီးတဲ့ နောက်ထပ် အခန်းကဏ္ဍ တရပ်ကိုလည်း ဒီအခြေခံဥပဒေထဲမှာ ထပ်တွေ့ရပါသေးတယ်။

ကာကွယ်ရေးဌာန၊ ပြည်ထဲရေးဌာန၊ နယ်စပ်ရေးရာဌာနတွေရဲ့ ဝန်ကြီးနဲ့ ဒု ဝန်ကြီးတွေကို တပ်မတော်သားတွေထဲကပဲ ခန့်ရမယ်။ ခန့်တဲ့အခါမှာလည်း ကာကွယ်ရေးဦးစီးချုပ် အမည်စာရင်းပေးတဲ့ သူကိုသာ ခန့်ထားရမယ်လို့ ပုဒ်မ ၂၃၂ (ခ) ၂ မှာ ဆိုထားပါတယ်။

ရာထူးတာဝန်ကနေရပ်စဲရေးနဲ့ ပတ်သက်တဲ့အပိုင်းမှာလည်း တခြားဝန်ကြီးတွေ ကိုတော့ သမ္မတလက် ဝကွက်အပ်ထားပါတယ်။ သမ္မတ က ဖြုတ်လိုဖြုတ်၊ ထုတ်လိုထုတ် နိုင်ပါတယ်။ ဒါပေမယ့် စောစောက စစ်သားဝန်ကြီးတွေကိုတော့ သမ္မတက ဘာမှလုပ်ခွင့်မရှိပါဘူး။

စစ်သားဝန်ကြီးတွေကို ဖြုတ်ဖို့လိုရင် ပုဒ်မ ၂၃၅ (ဂ) ၂ အရ ကာကွယ်ရေး ဦးစီးချုပ်ကို ညှိနှိုင်း အသိပေးရပါမယ်။ ဒီတော့ ဒီအချက်နဲ့တကွ ရှေ့ပိုင်းမှာ ကာကွယ်ရေးဦးစီးချုပ်ရယူထားတဲ့ အခွင့်အရေးတွေအပေါ် ပြည်ပ အခြေစိုက် မြန်မာနိုင်ငံရှေ့နေများကောင်စီ BLC ရဲ့အတွင်းရေးမှူး ဦးအောင်ထူးကရော ဘယ်လိုမြင်ပါသလဲ။ ကာကွယ်ရေးဦးစီးချုပ်ကိုပေးထားတဲ့ အခွင့်အရေးတွေဟာ အလွန်အကျွံ ဖြစ်နေပါသလား။

“ချုပ်ပြောလို့ရှိရင်တော့ ဥပဒေပြုရေးမှာရော၊ အုပ်ချုပ်ရေးမှာရော ကာကွယ်ရေး ဦးစီးချုပ်က ရာခိုင်နှုန်းအများစု တိုင်းပြည်မှာ ဝင်ရောက်စွက်ဖက်ချယ်လှယ်ခွင့် ရှိသွားတယ်လို့ ပြောလို့ရတယ်။ ဒီထက်ပိုပြီးတော့ တိုင်းပြည်အတွက် အနုတ်လက္ခဏာဆောင်တဲ့ အချက်တွေကတော့ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးဟာ တပ်မတော်ရဲ့ ကြီးကြပ်ကွပ်ကဲမှု အောက်မှာရှိရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်အရ ကာကွယ်ရေးဦးစီးချုပ်က တတိုင်းပြည်လုံးမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးရဲ့ ထိပ်ဆုံးဖြစ်သွားတယ်။

ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင် ပြည်သူ့ရဲတပ်ဖွဲ့တွေ၊ လုံခြုံမှုထိမ်းသိမ်းရေး တပ်ရင်းတွေ၊ ထောက်လှမ်းရေးတပ်ဖွဲ့တွေက အရပ်သား အစိုးရရဲ့ တိုက်ရိုက်ကြီးကြပ်ကွပ်ကဲမှုအောက်မှာ ရှိရပါတယ်။ ဒါ စစ်တပ်နဲ့ မဆိုင်ဘူး။ စစ်တပ်က တပ်မတော်ရှိမယ်၊ စစ်မြေပြင်ထောက်လှမ်းရေး ရှိမယ်၊ ဒါကိုပဲ ကြီးကြပ်ကွပ်ကဲသွားရတာ ဖြစ်တယ်။ အခုတော့ အဲဒါနဲ့ ပြောင်းပြန်ဖြစ်သွားပြီ။ တပြည်လုံးမှာရှိတဲ့ လူထုအစိုးရက တိုက်ရိုက် ကြီးကြပ်သွားရမယ့် လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးဟာလည်းပဲ ကာကွယ်ရေးဦးစီးချုပ်လက်ထဲကို ရောက်သွားတယ်။

ဒီလို အချက်အလက်တွေအရ ကြည့်တဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လူတယောက် နှစ်ယောက် လက်ထဲမှာသာ အာဏာရှင်စနစ်ကို ကျင့်သုံးသွားမယ့် အနေအထားမျိုးကို ရောက်သွားအောင် ကာကွယ်ရေးဦးစီးချုပ်ကို အင်မတန် ကြီးမားတဲ့အာဏာတွေ ပေးထားတယ်လို့ ပြောလို့ရတယ်”

ဦးအောင်ထူးဖြစ်ပါတယ်။

ဒီအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ တပ်မတော်ရဲ့ အရေးကိစ္စတွေမှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေက ဘာမှဆောင်ရွက်ခွင့် မရှိတာကိုလည်း တွေ့ရပါတယ်။ တပ်မတော်ဟာ တပ်နဲ့ပတ်သက်တဲ့ကိစ္စ အားလုံးကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ရှိတယ်လို့ ဆိုထားပါတယ်။

ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေကို ဖြစ်စေ၊ တပ်မတော်ဆိုင်ရာကိစ္စတွေကို ဖြစ်စေ ဆွေးနွေးဖို့လိုအပ်ရင် ပြည်သူတွေ ရွေးကောက်ထားတဲ့ ကိုယ်စားလှယ် ၇၅% က ဘာမှဆောင်ရွက်ခွင့်မရှိဘဲ ကာကွယ်ရေးဦးစီးချုပ် တဦးတည်းကရွေးတဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅% ကသာ ကော်မတီဖွဲ့ ဆောင်ရွက်ရမယ် လို့ ပုဒ်မ ၁၁၅ (ခ)နဲ့ ၁၄၇ (ခ)တို့က အတိအလင်း ဖော်ပြရေးသားထားပါတယ်။

အကယ်၍ အရပ်သားကိုယ်စားလှယ်ပါဖို့ လိုရင်တောင်မှ တပ်မတော်သားချည်း ပါတဲ့ ကော်မတီကသာ သူတို့ကြိုက်နှစ်သက်တဲ့ အရပ်သား ကိုယ်စားလှယ်ကို ရွေးချယ်ခန့်ထားရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တပ်နဲ့ဆိုင်တဲ့ တရားစီရင်မှုတွေနဲ့ပတ်သက်ပြီး စစ်ဆေးဖို့ကိုလည်း စစ်ဘက်ဆိုင်ရာ သီးခြားခုံရုံးတွေနဲ့ ဖွဲ့စည်းထားပြီး ပြည်ထောင်စု ဗဟိုတရားရုံးချုပ်က ဘာမှ စွက်ဖက်ခွင့် မရှိပါဘူး။

ကာကွယ်ရေးဦးစီးချုပ်ရဲ့အဆုံးအဖြတ်ဟာ အပြီးအပြတ်ဖြစ်ရမယ်လို့ ဆိုထားပါတယ်။ ဒီအခြေအနေတွေကြောင့် စစ်တပ်ဟာ တရားလွှတ်တော်ချုပ်ရဲ့ ထိန်းချုပ်မှုကနေလွတ်သွားတယ်လို့ ဦးအောင်ထူးက ဆိုပါတယ်။ စစ်တပ်ဟာ ဥပဒေရဲ့အထိန်းအကွပ်၊ ပြည်ထောင်စုလွှတ်တော်ရဲ့ အထိန်းအကွပ်တွေကနေ သီးခြား ကင်းလွတ်တဲ့အဖွဲ့ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဆက်လက်ဖော်ပြပါမယ်။


Friday, June 18, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၄၂)

ကျွန်းမှ ထွက်ပြေးရခြင်း ရည်ရွယ်ချက်

နိုင်ငံရေးအကျဉ်းသားများအား ကိုကိုးကျွန်းသို့ပို့ခဲ့ရာတွင် တိုင်းပြည်သို့ မကြေညာဘဲ၊ နိုင်ငံတကာကိုလည်း မကြေညာဘဲ စစ်အစိုးရသည် ကျွန်းသို့ လျှို့ဝှက်စွာပို့ခဲ့ခြင်း၊ အင်းစိန်ထောင်နှင့်တကွ ထောင်အသီးသီးတွင် အကျဉ်းသားများအား ရက်စက်ပြင်းထန်စွာ ဖိနှိပ်ညှဉ်းဆဲခြင်းစသည်များကို ပြည်တွင်းပြည်ပသို့ ဖွင့်ချဖော်ထုတ်ရန် ဖြစ်သည်။

ယခု ကျွန်းမှထွက် ပြေးသော တိုက်ပွဲသည် ရန်သူ၏ဖိနှိပ်ညှဉ်းဆဲမှုကို ခေါင်းငုံ့မခံဘဲ ပြန်လည်တိုက်ခိုက်သည့် တိုက်ပွဲဖြစ်သည်။

ဤတိုက်ပွဲသည် တော်လှန်ရေးနှင့် တော်လှန်ရေးသမားတို့အား နိုင်ငံရေးအရ၊ စိတ်ဓာတ်ရေးအရ အလုပ်အကျွေးပြုခြင်း ဖြစ်သည်။

ဤတိုက်ပွဲတွင် ကျွန်ုပ်တို့သည် ကျဆုံးသွားနိုင်သည်။ သို့ရာတွင် တော်လှန်ရေးသမားတိုင်း၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို မြှင့်တင်အားပေးသည့် တိုက်ပွဲဖြစ်သည်။ ငါတို့သည် ပင်လယ်ပြင်ကို အောင်မြင်စွာ ဖြတ်သန်းခဲ့ပြီးနောက် လက်နက်ကိုင်တော်လှန်ရေးကို ဆက်လက်ဆင်နွှဲရန်ဖြစ်သည်။

ငါတို့သည် တော်လှန်သည့် သူရဲကောင်းဝါဒကိုကိုင်စွဲလျက် အောင်ပွဲရသည့်အထိ တိုက်ပွဲဝင်သွားမည်။ ဤတိုက်ပွဲတွင် တိုက်ပွဲဦးစီးမှူးအဖြစ် မန်းအောင်ကြည်ကို တာဝန်ပေးအပ်သည်။ တော်လှန်သည့် သူရဲကောင်းဝါဒ အဓွန့်ရှည်ပါစေ။

၁၉၇၀ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်
၁၃၃၂ ခုနှစ်၊ တော်သလင်းလပြည့်နေ့

ဤတိုက်ပွဲဝင် အဓိဋ္ဌာန်စာတမ်းတွင် ကျနော်တို့ ၃ ဦး အသီးအသီး လက်မှတ် ရေးထိုးခဲ့သည်။

ပင်လယ်ပြင်သည် နေ့လည် အချိန်တွင် လုံးဝ လေတိုက်ခတ်မှုမရှိဘဲ ပင်လယ်ပြင်ကြီးတခုလုံးမှာ သင်ဖြူးခင်းထားသည့်အလား ညီစွာပြန်ဖြူးလှပါ သည်။ လှေတိုက်ခိုက်မှုမရှိဘဲ ငြိမ်သက်လေ နေပူဒဏ်သည်ပို၍ ခံရလေဖြစ်သည်။

ညနေစောင်း နေဝင်ချိန်အခါတွင်မှ လေပြေအေး နည်းနည်း စတင်တိုက်ခတ်သည်။ လှေမှာ ဤအချိန်ရောက်မှ ရွက်တင်ပြီး ရွက်တိုက်နိုင်သည်။ လှေသည် တနာရီ ၅ မိုင်နှုန်းခန့်သာ သွားနေသည်ဟု ခန့်မှန်းရသည်။ မုန်သုန်၏အားမှာ ထင်ထားသည်ထက် လှိုင်းအား ပျော့နေပါသည်။

တခါတရံ ညနေစောင်း နေဝင်ဆည်းဆာတွင် ကျွဲထက်မကကြီးသော ငါးကြီးများသည် ဆူးတောင်များ ပေါ်လျှက် ငြိမ်နေသည်ကို တွေ့ရသည်။ ကျနော်တို့လှေအား အန္တရယ်ပြုမည်ကို စိုးရိမ်မိသည်။

ညမိုးချုပ်တွင် လေအရှိန် နည်းနည်း ပိုကောင်းလာပြီး လှေသွားနှုန်း နည်းနည်း ပိုမြန်လာသည်။ ညဦးပိုင်း လေတချက်သာရပြီး ၉ နာရီခန့်လောက်တွင် လေမှာ လုံးဝ ငြိမ်သက်သွားပြန်သည်။ ညဘက်တွင် ရွက်ပြန်ချ၊ လင်းအားကြီးအချိန်းတွင် ရွက်ပြန်တင်၊ နံနက်ပိုင်းတွင် ရွက်ပြန်ချ စသည်တို့ လုပ်ရသည်။

မနက်လင်းပိုင်းတွင် တချက်နှင့် ညနေစောင်းနှင့် ညဦးပိုင်းတွင်သာ လေနည်းနည်း တိုက်သည်။ ညဘက်တွင် ခုနှစ်စင်ကြယ်နှင့် ဓူဝံကြယ်ကိုမှတ်၍ မြောက်အရပ်ကို အမှတ်ပြုရပါသည်။ ညမိုးချုပ်လျှင် အနောက်ဘက်မှ အလွန်လင်းအား ကောင်းသော ကြယ်တလုံး ထွက်လာပါသည်။

ည ၉ နာရီလောက်တွင် ပြန်ဝင်သွားပြီး ပျောက်ကွယ်သွားသည်။ ဤ ထွန်းလင်း တောက်ပသည့် ကြယ်ကြီးကိုကြည့်ပြီး အနောက်အရပ်ကို မှတ်သားရသည်။

ငါးမန်းအုပ်ကြီး

၈ ရက်မြောက်သောနေ့ဟု ထင်ရပါသည်။ နေ့လည်ချိန် ထုံးစံအတိုင်း နေက ခြစ်ခြစ်တောက် ပူပြင်းနေသည်။ ရေအောက်သို့ အတောင် ၃၀ ခန့်မြင်ရမည်ဟု ခန့်မှန်းရသည်။ ဤတွင် ငါးမန်းကြီးတအုပ်နှင့် တိုးပါတော့သည်။

ငါးမန်းကြီးများမှာ တလံကျော်လောက်ရှိပြီး အကောင် ၁၀၀ နီးပါးရှိမည်ဟု ထင်ရပါသည်။ ကျနော်တို့လှေကြီးကို ပတ်ချာလည်လှည့်၍ ဝိုင်းပါသည်။ ကျနော်တို့တွင် မှိန်းနှင့် ငါးမျှားချိတ်ပါသည်။ မှိန်းနှင့် ထိုးသည်၊ ထိုး၍ မထိပါ။ ရေအလွန်ကြည်သောကြောင့် တကြောင်း၊ ငါးမန်းများမှာ အလွန် လျင်မြန်သောကြောင့် တကြောင်း၊ ထိုး၍ မထိပါ။

ငါးမျှားချိတ်တွင် လိပ်သားခြောက် တပ်ပြီး မျှားသည်။ ဒါလည်း မဟတ်ပါ။ ငါးမန်းများမှာ လှေကို ပတ်ချာလည်လှည့်ပြီး အချို့မှာ ရေလွှာပေါ်သို့ပင် ခုန်တက်ပါသည်။ ကျနော်ထင်တာ ငါးမန်းများ မြူးနေပုံရသည်။

ကျနော်တို့ကြောက်သော ငါးမန်းအမျိုးအစားမှာ ငါးမန်းစွယ်မျိုး ဖြစ်သည်။ ၎င်း၏ နှာမောင်းတဖက်စီတွင် ဆူးများရှိသော ငါးမန်းမျိုးဖြစ်သည်။ ၎င်း၏ငါးမန်းစွယ်နှင့် လှေကို ခုတ်လျှင် လှေပျက်စီးသွားနိုင်သည်။ ယခုတွေ့ရသော ငါးမန်းအုပ်စုမှာ စုပ်ငါးမန်းဟုခေါ်သော (တကယ်စုပ်ခြင်း မဟုတ်ပါ) ကိုက်သော ငါးမန်းမျိုး ဖြစ်သည်။

နေ့လည်နေခင်း နေပူဒဏ်ခံစားရသောအချိန်တွင် ကျနော်တို့၏ သခွားသီးမှာ အလွန်အသုံးဝင်ပြီး တန်ဖိုးရှိလှပါသည်။ သခွားသီး စားလိုက်လျှင် ရင်အေးပြီး ရေငတ်ပြေသည်။ နောက်တခုမှာ ကျနော်တို့တွင် ဗီတာမင်ဆေးပြား အတော်များများ ယူလာခဲ့သည်။

ဗီတာမင်ဆေးပြား ၃ ပြားလောက်ကို ရေချိုခွက်ထဲထည့်၊ သကြားကို လိုသလောက်ထည့်ပြီး ရေဖျော်လိုက်လျှင် ချိုချည်သော ဖျော်ရည်တခွက်ရရှိပြီး သောက်၍ အရသာ အလွန်ရှိပါသည်။ နေပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်မှုကိုလည်း ပြေပျောက်စေလေသည်။

ဆက်လက်ဖော်ပြပါမည်။


Wednesday, June 16, 2010

ကိုမင်းကိုနိုင်တို့ လွတ်ခဲ့တာက သူ့ တောင်းဆိုမှုကြောင့်ပါ ဆိုတဲ့ ကိုအေးလွင်

“ဘယ်လို တုံ့ပြန်လဲဆိုတော့ လွှတ်ပေးတာပေါ့ဗျာ။
သူတို့ လွတ်လာတာပေါ့ဗျာ”


ကိုအေးလွင် ခေါင်းဆောင်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်က မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေကို ကန့်ကွက်တဲ့အနေနဲ့ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ တိုင်းစည်းရုံးရေး ကော်မတီရဲ့ တင်ပြချက်ကို ဗဟိုက အစည်းအဝေး ထိုင်နေပြီးတော့ ဗဟိုကလည်း ပါတီမူဝါဒနဲ့ ကိုက်ညီတဲ့အတွက်ကြောင့် အတည်ပြုဖို့များတယ်လို့ ပါတီဥက္ကဋ္ဌ ကိုအေးလွင်က ဆိုပါတယ်။

သူတို့အဖွဲ့က မြန်မာနိုင်ငံမှာ ဆင်းရဲကျပ်တည်းတာဟာ စီးပွားရေးပိတ်ဆို့မှုကြောင့်ပါ လို့ အပြစ်တင်ပေမယ့် အစိုးရကြောင့် ဆင်းရဲကျပ်တည်းရတာပါ လို့ အပြစ်တင်သူတွေကလည်း ရှိကြပါတယ်။ ဒီတော့ အစိုးရကို အပြစ်တင်သူတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုသဘောရပါသလဲလို့ ကိုအေးလွင်ကိုမေးကြည့်တော့ သူက အခုလို စဖြေပါတယ်။

“အဲဒါကလည်းပဲ ကျနော်တို့ သုံးသပ်တဲ့သူတွေနဲ့ ဆိုင်ပါလိမ့်မယ်။ နိုင်ငံရေး ဆိုတာကတော့ အမြင်အမျိုးမျိုး ရှိပါတယ်။ ကျနော်တို့ နားလည်ထားတာကတော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို ဒီနေ့ ဖြတ်သန်းနေတယ်။ အဲဒီအချိန်မှာ ဒီကိစ္စကို အထမြောက်အောင်လုပ်ဖို့က အရေးကြီးတယ်လို့ ကျနော်တို့ မြင်တယ်၊ အဲတော့ တခုရှိတာက အစိုးရရဲ့ အားနည်းချက်ဆိုတာက ဒါက အစိုးရဘက်က သက်ဆိုင်တဲ့ကိစ္စတွေပါ”

အစိုးရဘက်ကတာဝန်က အစိုးရနဲ့ပဲသက်ဆိုင်ပါတယ် ဆိုပေမယ့်လေ၊ မြန်မာအစိုးရအနေနဲ့ ဓာတ်ငွေ့ ရောင်းလို့ရတဲ့ သန်းပေါင်းများစွာသော ဒေါ်လာတွေကို ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအတွက် ဘာတခုမှ ဆောင်ရွက်တာမျိုး မတွေ့ရပါဘူး။ အဲဒါမျိုးတွေကိုရော ဦးအေးလွင်တို့အနေနဲ့ ဘာကြောင့် ဆန္ဒပြတာမျိုး၊ ဝေဖန်တာမျိုး မလုပ်သလဲခင်ဗျ။

“အဲဒါက ရှင်းရှင်းလေးပါ ခင်ဗျ၊ ပြည်ပက ကျနော်တို့ကို ဆင်းရဲအောင် ဝိုင်းလုပ်နေတယ်လေ။ တချိန်တည်းမှာပဲ ကျနော်တို့ကို ဘာပြောသေးလဲ ဆိုတော့ မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်နေပြီ၊ ထိပါးအောင်လုပ်နေပြီဆိုတဲ့ ကြေညာချက်တွေ ထွက်တယ်လေ။

အဲတော့ ကျနော်တို့နိုင်ငံရဲ့ လုံခြုံရေးကိစ္စအတွက် အစိုးရအနေနဲ့ စိုးရိမ်စရာတွေ ဖြစ်လာတာပေါ့ဗျာ၊ အဲတော့ တိုင်းပြည်ကရတဲ့ သယံဇာတ အရင်းအမြစ်တွေကနေ ထုတ်ဖော်လို့ရတဲ့ ထုတ်ကုန်တွေကနေ ထွက်လာတဲ့ ငွေကြေးတွေ၊ နိုင်ငံခြားငွေတွေက ကျနော်တို့ပြည်သူလူထုရဲ့ သက်သာချောင်ချိရေးကိစ္စတွေ၊ စီးပွားရေး၊ လူမှုရေး အစရှိတဲ့ကိစ္စတွေအတွက် မသုံးနိုင်တော့ဘဲနဲ့ ကာကွယ်ရေးမှာသုံးဖို့ ဖြစ်သွားတာပေါ့ဗျာ၊ ဒါလည်း ပြည်ပက စီးပွားရေးပိတ်ဆို့မှုနဲ့ ဆိုင်နေပါတယ်”


ဒါဆိုလိုရှိရင် မြန်မာနိုင်ငံအတွင်းက ဆင်းရဲမွဲတေတာတွေ၊ စီးပွားရေး အဆင်မပြေတာတွေက အစိုးရမှာရော တာဝန် မရှိဘူးလား။

“အဲဒါ အစိုးရမှာတင် မဟုတ်ဘူးဗျ။ ကျနော်တို့မှာလည်း တာဝန်ရှိလို့ ကျနော်တို့ လုပ်နေတာပါ အခုက”

စီးပွားရေးပိတ်ဆိုမှုကိုတော့ ဆန္ဒပြတာတော့ ဟုတ်ပြီပေါ့နော်၊ ဦးအေးလွင်ကိုယ်တိုင်လည်း ၈၈ ခုနှစ်မှာ ဆန္ဒပြတာတွေကို ဆောင်ရွက်ခဲ့တယ်။ ဒီမိုကရေရေးအတွက် ဆောင်ရွက်ခဲ့တယ်လို့ စောစောတုန်းက ဆိုပါတယ်ခင်ဗျ၊ အဲ့တော့ ဦးအေးလွင်တို့နဲ့အတူ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသား ခေါင်းဆောင်တွေ (ကိုမင်းကိုနိုင်တို့ အပါအဝင်ပေါ့နော်) သူတို့တတွေကို ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီးတော့ကော လွှတ်ပေးဖို့ ကိုအေးလွင်တို့အနေနဲ့ အစိုးရကို တောင်းဆိုတာမျိုးတွေ ရှိပါသလားခင်ဗျ။

“မင်းကိုနိုင်တို့အုပ်စုကို ကျနော် ပြောစရာရှိတာတွေ ပြောခဲ့တယ်ဗျ၊ ကျနော်တို့က အချင်းချင်း ဘာမှ ပြောလို့မရဘဲနဲ့ သူရဲ့သဘောကြောင့် သူဟာသူဖြစ်တဲ့ကိစ္စ၊ ကိုယ့်ရဲ့သဘောကြောင့် ကိုယ့်ဟာကိုယ်ဖြစ်တဲ့ကိစ္စ အဲဒါမျိုးတွေက ဖြစ်ခဲ့တယ်။ အရင်တုန်းက သူတို့ ပထမဆုံး ပြန်မလွတ်ခင်တုန်းကပေါ့၊ ကျနော် အစိုးရကို ပန်ကြားခဲ့တာတွေ ရှိပါတယ်။

မင်းကိုနိုင်တို့ ကျောင်းသားတွေ ၁၀ (က) နဲ့ ထပ်ခါ ထပ်ခါပေါ့နော်၊ ထိန်းသိမ်းခံနေရတယ်။ လွတ်တဲ့သူက Policy Maker ဟို NLD ပေါ့ဗျာ၊ Policy Maker က ဒေါ်စုပေါ့ဗျာ။ လုပ်လိုက်ရင် ကျောင်းသားတွေက တသုတ်ကြီး ထောင်ထဲ ရောက်သွားလိုက်ပေါ့ဗျာ။ အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဒေါ်စုကတော့ နေအိမ်မှာ နေရတယ်၊ ကျောင်းသားတွေက ထောင်ထဲမှာ ထပ်ခါထပ်ခါ ထောင်ကျလို့ ပြန်လွတ်လို့ လွတ်ရက်စေ့တာတောင် နောက်ပုဒ်မတွေနဲ့ ထပ်ထပ်ပြီး ထည့်နေတယ်။

အဲဒါကို ကျနော် အစိုးရကို ဗြောင်ပြောပါတယ်။ ‘ဒါ မဖြစ်သင့်ဘူး၊ ခင်ဗျားတို့ အသွင်ကူးပြောင်းရေးကို တာဝန်ယူနေတဲ့ အစိုးရ။ ခင်ဗျားတို့ တာဝန်ရှိတယ်။ တိုင်းပြည်ကို စောင့်ရှောက်တာဖြစ်ရမယ်၊ တိုင်းပြည်ကို ကာကွယ်တာ ဖြစ်ရမယ်။ တိုင်းပြည်အတွက် ဖြစ်သင့်ဖြစ်ထိုက်တာတွေ လုပ်တာဖြစ်ရမယ်။ ကျောင်းသားတွေကို ပစ်မှတ်ထားလွန်းအား ကြီးနေတယ်။ ဒါ သမိုင်းမှာ နောက်ဆုံးကျရင် မှတ်တမ်းမှတ်ရာတွေ ဖြစ်ကျန်ခဲ့ရင် မကောင်းဘူး’လို့ ကျနော် ပြောဖူးတယ်”


ဟုတ်ကဲ့။ အဲသလိုပြောတဲ့အပေါ်မှာ အစိုးရဘက်ကရော ဘယ်လိုတုံ့ပြန်သလဲ ခင်ဗျ။

“ဘယ်လို တုံ့ပြန်လဲဆိုတော့ လွှတ်ပေးတာပေါ့ဗျာ။ သူတို့ လွတ်လာတာပေါ့ဗျာ”

ကိုမင်းကိုနိုင်တို့ ပထမလွတ်လာတာက ကိုအေးလွင်တို့တောင်းဆိုလို့ လွတ်လာတယ်လို့ အဲသလို ဆိုလိုတာလားခင်ဗျ။

“ဟုတ်တယ်ခင်ဗျ၊ ဒါ အခု ပထမဆုံး ကျနော် Media ကို ပြောတာပါ။ နောက် ကျနော် ဘယ်တော့မှမပြောပါဘူး ဒါမျိုးတွေ။ ဒါ မေးလို့ပြောတာပါ။ ဦးသုဝေတို့၊ ဦးထွေးမြင့်တို့လွတ်လာတာလည်း ကျနော် တောင်းဆိုတာပဲဗျာ”

တခြားဆန္ဒပြတာတွေအပေါ်မှာ အစိုးရက ဖမ်းဆီးတာတွေ၊ ဖိနှိပ်တာတွေ တောက်လျှောက်လုပ်ပါတယ်။ ဒါပေမယ့် ဦးအေးလွင်တို့ အခုဆန္ဒပြတာတွေ အပေါ်မှာကျတော့ အစိုးရက အတိုင်းအတာတခုအထိ ခွင့်ပြုထားတာကရော ဘာကြောင့်လို့ ယူဆသလဲခင်ဗျ။

“အဲဒါက သူတို့က ကျနော်တို့ကို ထောက်ခံနေတာဖြစ်မှာပါ ခင်ဗျ”

ကိုအေးလွင်ကို မေးမြန်းခဲ့တာဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ် ဇွန်လ ၁၃ ရက်၊ ဘီဘီစီ (မြန်မာပိုင်းအစီအစဉ်) မှ ကောက်နုတ်ဖော်ပြပါတယ်။


Tuesday, June 15, 2010

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အနာဂတ် (၆)

အပိုင်း (၃)

ဒီတပတ်မှာတော့ မြန်မာစစ်အစိုးရရဲ့ အခြေခံဥပဒေမှာ ထည့်သွင်းရေးဆွဲထားတဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို လေ့လာ သုံးသပ်သွားမှာပါ။ ကိုသိန်းမြတ် စီစဉ်ထုတ်လုပ်ပြီး မသီတာနွယ်က တင်ဆက်ပေးထားပါတယ်။

စစ်တပ်ရဲ့အခန်းကဏ္ဍဟာ ဒီအခြေခံဥပဒေနဲ့ပတ်သက်ပြီး အငြင်းအပွားကြဆုံး အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ဒီအခြေခံဥပဒေဟာ စစ်တပ်ကို ဦးဆောင်မှုနေရာမှာထားမယ်ဆိုတာကို ပုဒ်မ ၆ (စ) မှာ အခုလို အတိအလင်း ဖော်ပြထားပါတယ်။

“နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်”

ဒီတော့ ဒီအခြေခံဥပဒေမှာ စစ်တပ်ကို ဘယ်လောက်အထိ ဦးဆောင်မှုနေရာ ပေးထားပါသလဲ။ ဘယ်လို ဦးဆောင်ခွင့် ပေးထားပါသလဲ။ ဒါတွေဟာ စောစောက နားထောင်ခဲ့ရတဲ့ နိုင်ငံတော်သီချင်းထဲမှာ ရေးသား သီဆိုထားသလို တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေဖီ၊ မဖောက်ပြန် တည့်မတ်မှန်ကန်မှုရှိပါရဲ့လား။ မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေးမှာ ဘယ်လို သြဇာသက်ရောက်စေမှာလဲ ဆိုတာတွေကို လေ့လာသုံးသပ်သွားမှာပါရှင်။

ဒီအခြေခံဥပဒေမှာ စစ်တပ်နဲ့ပတ်သက်ပြီး အငြင်းပွားကြရာမှာ အဓိက အငြင်းပွားကြတဲ့အချက်က တပ်မတော်သား ၄ ပုံ ၁ ပုံ ပါဝင်ရေးဆိုတဲ့ အချက်ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်ဆိုတဲ့ နိုင်ငံတော်အဆင့်ရှိ လွှတ်တော်တွေမှာသာမက တိုင်းနဲ့ပြည်နယ်အဆင့် လွှတ်တော်တွေမှာလည်း တပ်မတော်သား ၄ ပုံ ၁ ပုံစီ ပါဝင်ကြမှာ ဖြစ်ပါတယ်။

အရပ်သား လွှတ်တော်ကိုယ်စားလှယ် ၃ ပုံကို မဲပေးခွင့်ရှိသူ ပြည်သူ သန်း ၃၀ ဝန်းကျင်က ရွေးချယ်ပြီး တပ်မတော်သား ၁ ပုံကိုတော့ ပြည်သူကလည်း ရွေးချယ်ခွင့်မရ၊ တပ်မတော်ကလည်း ရွေးခွင့်မရဘဲ ကာကွယ်ရေးဦးစီးချုပ် တဦးတည်းရဲ့ဆန္ဒနဲ့သာ ရွေးချယ်ရမှာဖြစ်ပါတယ်။ လူ သန်း ၃၀ ဟာ ကိုယ်စားလှယ် ၃ ပုံကို မဲပေးရွေးချယ်ခွင့် ရှိပြီး ကျန်တဲ့ကိုယ်စားလှယ် ၁ ပုံကို ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ခွင့်ရှိတဲ့အတွက် ကာကွယ်ရေးဦးစီးချုပ်ဟာ လူ ၁၀ သန်းရဲ့မဲပေးပိုင်ခွင့် Voting Right ကို ရယူထားတယ်ဆိုရင် မှားမယ် မထင်ပါဘူး။

အခုလို လွှတ်တော်ထဲမှာ ပြည်သူတွေ ရွေးကောက်ထားတာမဟုတ်တဲ့ ကိုယ်စားလှယ် ၄ ပုံ ၁ ပုံ ပါနေတဲ့အတွက် ဘယ်လို သြဇာသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါသလဲ။ ပျဉ်းမနားမြို့က ရှေ့နေ ဦးခင်မောင်ဇော်က အခုလို ပြောပါတယ်။

“သူတို့ ဒီ ၂၅% က ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ရွေးတာဗျ၊ တိုက်ရိုက်ရွေး၊ တိုက်ရိုက်အမည်စာရင်း ပေးပြီးတော့မှ ခန့်တာဆိုတဲ့အခါကျတော့ ကာကွယ်ရေး ဦးစီးချုပ်ကပဲ အကုန်လုံးကို ကိုင်တွယ်ထားတယ်၊ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သြဇာလွှမ်းမိုးမှုက ကြီးနေမှာပေါ့ဗျာ”

ပျဉ်းမနားမြို့က ရှေ့နေဦးခင်မောင်ဇော် ပြောသွားတာပါ။ မင်္ဂလာဒုံ မဲဆန္ဒနယ် အမှတ် ၂ တသီးပုဂ္ဂလ ကိုယ်စားလှယ်တဦးဖြစ်ပြီး အငြိမ်းစားဗိုလ်ကြီး တဦးလည်းဖြစ်တဲ့ ဦးတင်ထွန်းမောင်ကတော့ အမျိုးသားညီလာခံ တက်ရောက်ပြီး အခြေခံဥပဒေ မူကြမ်းရေးဆွဲရာမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ သူကတော့ တပ်မတော်သား ၄ ပုံ ၁ ပုံ ပါဝင်တဲ့အပေါ် သူ့သဘောထားကို အခုလိုပြောပါတယ်။

ဦးတင်ထွန်းမောင် (ဓာတ်ပုံ - လျှပ်တပြက်)

“ကျနော်တို့နိုင်ငံက ရှင်းရှင်းပြောရရင် နိုင်ငံရေးရာကိစ္စတွေနဲ့ပတ်သက်လို့ တော်တော်လေး ကင်းကွာနေကြတယ်လေ၊ ဆိုတော့ အဲဒီလိုအသစ်ဖြစ်တဲ့ ဖွဲ့စည်းပုံနဲ့ အသစ်ဖြစ်တဲ့ အုပ်ချုပ်ရေးစနစ်၊ နိုင်ငံရေးစနစ် သွားမယ်ဆိုတော့က ဘာပဲပြောပြော ထိန်းကြောင်းမှုတခုက လိုအပ်တယ်လို့ ယူဆတယ်။

အမျိုးသားအင်အားစုဖြစ်တဲ့ တပ်မတော်နဲ့ နိုင်ငံရေးသမားတွေနဲ့ ပူးပေါင်းပြီးတော့ နိုင်ငံအကျိုးကို ဆောင်ရွက်ရင် တိုင်းပြည်အတွက် ပိုပြီးတော့ အကျိုးရှိမယ်လို့ ကျနော် ထင်လို့ပါ။ ၂၅% က ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်တာဆိုပေမယ်လို့ တကယ်တမ်းကျရင် ကာကွယ်ရေး ဦးစီးချုပ်က သူ့လူတွေ သူအကုန်လုံး သိချင်မှ သိနိုင်မယ်၊ သူတို့အချင်းချင်း သူတို့အတွင်းမှာ ညှိနှိုင်းတိုင်ပင်ပြီးတော့မှ ရွေးချယ်မယ်လို့ ယူဆပါတယ်။ အဲတော့ ကာကွယ်ရေးဦးစီးချုပ်ဆိုပြီးတော့ ကျနော်တို့က နာမည်တပ်ပေမယ့်လို့ တကယ်တမ်းကျတော့ တပ်မတော်ဆိုတဲ့ Institution ကြီးကနေပြီးတော့ စေလွှတ်တဲ့ပုဂ္ဂိုလ်တွေလို့ ကျနော်တော့ ယူဆပါတယ်”

မင်္ဂလာဒုံ မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားလှယ်တဦးဖြစ်ပြီး အငြိမ်းစားဗိုလ်ကြီး တဦးလည်းဖြစ်တဲ့ ဦးတင်ထွန်းမောင် ပြောပြသွားတာ ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမယ်။


၂၀၁၀ နောက်ဆုံးပေါ် ကြတ်ပြေး ဂူသင်္ချိုင်းသစ်ကြီး

မတွတ်ရဲ့ ဂေဟဗေဒ (ကံထွန်းသစ်)

၁။

ညီကို လေးယောက်သား ဂေဟစနစ် အကြောင်း ပြောနေကြစဉ်မှာ မတွတ်ကို ဖမ်းမိလာကြသည်။

၂။

“တို့ ငယ်ငယ်တုန်းကတော့ ခုလို ဆေးဖျန်းတာတွေ ဘာတွေ မရှိပါဘူးကွာ။ ဒီလို ပဲခင်းတွေ ပျ ကျတော့လည်း နေပူတာနဲ့ ပျ တွေ ပျောက်သွားတော့တာ”

အတွေ့ အကြုံအရလည်း အကြီးဆုံးဖြစ်သည့် အစ်ကိုကြီးက ထောက်ပြလိုက်တော့ ...

“ဟုတ်တယ်နော် အစ်ကိုကြီး၊ ရှေးတုန်းကတော့ ဘာစိုက်စိုက် မြေပေါ် မျိုးစေ့ကျတာနဲ့ ပေါက်ပြီးသား။ သီးနှံထွက်လည်း ကောင်းပြီးသား။ ခုတော့ ဖျန်းလိုက်ရတဲ့ ဆေး၊ ကျွေးလိုက်ရတဲ့ မြေသြဇာ”

အစ်ကိုလေး၏ ထိုထောက်ခံဆွေးနွေးမှုကို မကြိုဆိုသူက ညီငယ် ကိုကျော်။

“အဲဒီတုန်းက ခုလိုဆေးမှ မပေါ်သေးတာ။ ပေါ်နေလို့တော့ ရှေးလူကြီးတွေလည်း ဖျန်းကြမှာပါဗျ”

"ဟ ဖိုးကျော်ရ၊ ငါက ဆေးဖျန်းတာကို အပြစ်ပြောနေတာ မဟုတ်ဘူး။ အကျိုး ရှိမရှိ ချင့်ချိန်ဖို့။ ခု မင်းတို့ ဆေးဖျန်း နေတော့ကော ဟိုတုန်းကလို သီးနှံထွက်လို့လား”

“ဟုတ်ပါ့။ ကျွန်တော်ဆို ပင်ဖြစ်ဆေးဆို ပင်ဖြစ်ဆေး၊ သီးအောင်ဆို သီးအောင်ဆေး ဖျန်းတာပါပဲ။ မထူးလှပါဘူး။ အဲ ထူးတာဆိုလို့ ဆေးဖျန်းရလွန်းလို့ ဆေးနံ့တွေရှူရှိုက်ရပြီး ချောင်းတဟွပ်ဟွပ် ဆိုးကျန်တာပဲ အဖတ်တင်တယ်”

နောင်တော်များ၏ ဆွေးနွေးခန်းတွင် ဝင်ရောက် ဆင်နွှဲရန် ငံ့လင့်နေမိသည်။ ခက်တာက သူတို့ ပြောဆိုနေသည်များနှင့် မရင်းနှီး၊ ငယ်စဉ်ကလည်း ကျောင်းတက်နေရ။ ခုတော့လည်း မြို့မှာအခြေကျဆိုတော့ ပို၍ပင်မယဉ်ပါး။ သီးနှံအထွက် ဆုတ်တာနှင့်ပတ်သက်၍ ပြောနေကြကြောင်းကိုတော့ ရိပ်မိသည်။

ဉာဏ်မီသရွေ့ ဆက်စပ်ကြည့်မိသည်။ ဟိုတုန်းက စိုက်ပျိုးရေးနှင့် ခုခေတ် စိုက်ပျိုးရေး၊ ဟိုတုန်းက ရာသီဥတုနှင့် ခုခေတ် ရာသီဥတု၊ ဟိုတုန်းက လူဦးရေနှင့် ခုခေတ် လူဦးရေ။ ရှေးတုန်းက မြေဆီလွှာက မပွန်းသေး၊ တနှစ်မှ တသီးသာ စိုက်ကြရာ မြေဆီလွှာက အကြွယ်မပျက်။ နောက်ပြီး ချဲ့ထွင်စရာ မြေလွတ်တွေကလည်း ကျယ်ပြောလှချည့်။ လုပ်ကိုင်သူ လူဦးရေနည်းလို့ အိန္ဒိယက လယ်ကူလီတွေကိုတောင် ကိုလိုနီအစိုးရက သွင်းခဲ့ရသေးသတဲ့။ ဒါတင်မက ကျွဲတွေ၊ နွားတွေ အတွက် စားကျက်မြေ ဆိုတာလည်း သီးသန့် သတ်မှတ်ပေးသတဲ့။ ကောင်ရေအလိုက် အကျယ်အဝန်း ပေါ့။ ခုတော့ အဲဒီ မြေတွေလည်း ဘယ်သူ့စားကျက်တွေ ဖြစ်ကုန်ပြီလည်း မသိ။

ရာသီဥတု ဆိုတာလည်း သိပ်မှန်တာတဲ့။ မေလ ဆယ့်ငါးရက်နဲ့ နှစ်ဆယ့်တစ်ရက် အတွင်း မုတ်သုံဝင်မြဲ။ အစ အလယ် အဆုံးဆိုတဲ့ မိုးသုံးပါးညီ သတဲ့။ မုတ်သုံ အဝင်မှန်၊ အထွက်မှန် ဆိုတော့ စိုက်ပျိုးရ အဆင်ပြေပြီပေါ့။ ဒီလို မုတ်သုံမှန်အောင် ဖိတ်ခေါ်နိုင်စွမ်းတဲ့သူတွေကလည်း တောအနှံ့၊ တောင်အနှံ့ စိမ်းလို့ ညိုလို့ မဟုတ်လား။ ခုတော့လည်း သင်းတို့လည်း ဘယ်ဝယ် ဘယ်ဆီ မြန်းကြလေပြီ မသိ။ ဒီအထဲ ဥတုရာသီ ယွင်းချွတ်ဖို့ ဖန်လှောင်အိမ် ယဉ်ကျေးမှုတဲ့။ ဟို အပြာရောင် အိုဇုန်းလွှာ ပေါက်ပြဲမှုတဲ့ … ဟူး။

လူဦးရေကတော့ ဗြိတိသျှခေတ်က ဆယ့်ကိုးသန်း ဆိုလားပဲ။ ဒီတော့ သူ့လူနှင့် သူ့ရိက္ခာ ထုတ်မှုမျှနေမှာပေါ့။ ခုတော့ လူဦးရေက သန်းငါးဆယ်ကျော်။ ဒီအထဲ ...

“ကိုယ်မဖျန်း ကိုယ်ခံသွားရမှာပေါ့။ အခင်းနားနီးတွေက ဆေးဖျန်းတယ်။ ကိုယ်က မဖျန်းရင် ရှိသမျှပိုးက ကိုယ့်စိုက်ခင်းထဲ အကုန်ကျတော့မှာပေါ့။ အဲဒီတော့မှ အသီးမပြောနဲ့ အရိုးတောင် ရလိုက်မှာ မဟုတ်ဘူး”

ညီ ကိုကျော် ပြောပြန်တော့လည်း အဟုတ်သား။ ကိုယ်မပြုပေမယ့် သူပြုလျှင်လည်း ကိုယ့်ကို သက်ရောက်စေတဲ့ ဂေဟဗေဒ အနေအထား။

“ဆေးဖျန်းမှ မဟုတ်ပါဘူးမောင်ရာ။ ဟိုနေ့က ဗျိုင်းတအုပ် ဝဲနေတာ ဆေးဖျန်းထားတဲ့ ပဲတီခင်းတွေကိုရှောင်ပြီး ငါ့ပဲခင်းထဲ ကျသွားတာ တခါတည်း ပိုးစိမ်းကောင်တွေ ပြောင်သွားတာပဲ”

“ဟုတ်တယ်။ အဲဒါက ပိုကောင်းတယ် ကိုကြီး။ ကျွန်တော်ဖြင့် ဆေးဖျန်းမှ ပိုးတွေပိုပြီး ပွားလာသလားလို့တောင် ထင်မိတယ်။ ပိုးက ပြတ်မှ မပြတ်ဘဲ။ တမျိုးပြီး တမျိုးပဲ”

အစ်ကိုနှစ်ယောက်နှင့် ညီတို့ရဲ့ အခြေအတင်ပွဲမှာ ဘယ်ဘက်ကိုလိုက်ရမလဲလို့ ဝေခွဲမရ။ ဖိုးကျော်ပြောတာ ဟုတ်သည်ဟု ထင်မိသည်။ ခုလိုနည်းပညာတွေ ဖွံ့ဖြိုးတဲ့ခေတ်ကြီးမှာ သူ့ခေတ်နှင့်သူ လျှော်နိုင်မှ။

“တမန်းညက်အောင်၊ ရာသီမလင့်အောင်တော့ မလုပ်ကြပါဘူး။ အဲ ဆေးဖျန်းဖို့ကတော့ အကြွေးတင်ခံပြီးတော့ကို ဖျန်းကြတယ်။ ဖျန်းတော့လည်း နားမလည်၊ ပါးမလည်နဲ့ တချို့ဆို အပင်သန်တဲ့ဆေးကို ပွင့်ဝင်ချိန် ဖျန်း၊ အသီးဆေးကို ပျိုးပင်ပေါက်မှာဖျန်းနဲ့ နောက်ဆုံး ဆေးအတွက်နဲ့ လေးကုန်ကြရော"

အဲ … အစ်ကိုကြီး ပြောတာလည်း ဟုတ်နေပြန်ရော။ “ငအောကြီး ပြောတော့လည်း ချောလို့၊ ငလောကြီး ပြောတော့လည်း မောလို့” ဆိုတဲ့ အမေခိုင်းတဲ့ ပုံကိုတောင် အမှတ်ရမိသည်။ သူ့ဟာနှင့် သူဟုတ်လို့။ အင်း … ပိုးသတ်ဆေး ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ ပေါမှပေါပဲ။ ပါဠိ နာမည်တွေနဲ့ရော၊ တိရစ္ဆာန်နာမည်တွေနဲ့ရော အမျိုးမျိုးကို ကြော်ငြာနေကြတာ။ ဆေးသုံးစွဲပုံ သုံးစွဲနည်းနဲ့ အကျိုးအပြစ်တွေကိုပါ ထိထိရောက်ရောက် ကြေညာပေးကြရင် ကောင်းမှာ။ တကယ်ဆို ကြေညာသင့်တယ်။ မကြေညာလို့ ဆေးကြောင့် ဆိုးကျိုးဖြစ်ရင် သူတို့မှာ တာဝန်ရှိတယ်။ အင်း … ကြေညာတော့ကော ရွာသားတွေက ဖတ်ကြည့်ကြပါ့မလား။ မဖတ်ဘဲ ကြားဖူး နားဝနဲ့ သုံးနေကြလေတော့ ကိုကြီးပြောသလို ဆေး အတွက်လေး။

ငယ်ငယ်က သင်ခဲ့ရသည်။ ခုနက ကိုကြီးပြောခဲ့တဲ့ ဗျိုင်းတို့၊ ငှက်တော်တို့လို လူ့မိတ်ဆွေ ငှက်များအကြောင်း၊ သီးနှံပိုးများကို ကောက်ယူစားသုံးရင်း လူတွေကိုကူညီသည့်အကြောင်း၊ ခုတော့ ထိုမိတ်ဆွေများသည် လူတွေကို စိတ်နာ သွားကြကုန်ပြီထင့်။ ငှက်တွေ ရှားပါးကုန်ပြီး ငှက်တော်လို အချို့ငှက်ဆို မျိုးတုံးမှာပင် စိုးရ၊ မမြင်တွေ့ရတော့။ လူတွေ ဖျန်းသော ပိုးသတ်ဆေးကို အင်းဆက်နှင့် ကြွက်များက စား၊ ထိုအကောင်များကို ငှက်ကစား။ သို့ဖြင့် ငှက်တို့သည် မျိုးမပွားဘဲ မျိုးပြုန်း။ ထိုအခါ သီးနှံပိုးတို့ကို သုတ်သင်ပေးရန် လူတို့ကို မကူညီနိုင်။ မကူညီနိုင်သောအခါ စိုက်ခင်းများပျက်။ စိုက်ခင်းများ ပျက်တော့ သီးနှံမအောင်။ သီးနှံမအောင်တော့ ဟူး …။

သည်တော့ သီးနှံအောင်ဖို့ ဆေးပိုဖျန်း။ ဆေးပိုဖျန်းတော့ အပင်ပေါ်တွင်မက မြေပေါ်သို့တိုင်ကျ။ မြေပေါ်ကျတော့ မြေအောင်း အပြစ်မဲ့ပိုးလေးတွေ သေကျေ။ ပိုးလေးတွေ သေကျေတော့ မြေသြဇာဖြစ်စေသည့် မစင်ကို မစွန့်မပေးနိုင်။ မစွန့်နိုင်တော့ မြေဆီသြဇာ အသစ်မရ။ မရတော့ အပင်မအောင်။ အပင်မအောင်တော့ ဟား၊ တကယ့် ဆက်နွယ်မှု ဗေဒ။ ဒါကိုကြားနေပြီး အစ်ကိုတွေနဲ့ ညီကို တတ်သလောက် မှတ်သလောက် ရှင်းပြကြည့်မည်။ နားထောင်လျှင် အမြတ်ပေါ့။ ငယ်ငယ်က အော်ကျက်ခဲ့ရတဲ့ ကောင်းကင်တခို၊ ပြိုမလို တိမ်ညို ဘာကြောင့် မှိုင်းပါတယ် အစ ချီတဲ့ ရေသံသရာ ကဗျာလေးနဲ့ ရှင်းပြရလျှင်၊ ဟို “ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်” ကမှ ပိုရင်းနှီးတာ။ ဒီကဗျာလေးနဲ့ ယှဉ်ပြီး ရှင်း ...။

“ဟောဒီမှာ ဦးကြီး ဂျုံသူခိုးတွေ မိလာပြီ”

၃။

ဘုတ်ခနဲ ကျလာသည်က ပုဆိုးပိုင်းနှင့်ထုပ်ထားသည့် အထုပ်တခုနှင့် တောင်းငယ် တလုံး။ တောင်းထဲတွင် ဂျုံနှံဝင်းဝင်းများ၊ အနှံရင်း ကပ်ချိုးထားတာကြောင့် အမြင်မှာ နည်းသော်လည်း အထွက်က မနည်းနိုင်။ အစ်ကိုကြီးတို့ မောင်နှမနှင့်အတူနေသော တူ မောင်စန်းလွင်က သူ့ဦးကြီးထံသို့ သူခိုးများကို ခိုးရာပါပစ္စည်းနှင့် အပ်နှံလာ၍ ပြိုင်တူ ကြည့်လိုက်ကြတော့ ကလေးနှစ်ယောက်။ ဆယ်နှစ်၊ ဆယ့်တစ်နှစ်အရွယ်များ။ ရှင်မီးနွမ်းလေးနှင့်က တယောက်၊ ဘောင်းဘီရှည်လေးနှင့်က တယောက်။

သူတို့နှင့်အတူ ရွာထုံးစံ ရပ်ထုံးစံမပျက် ကြည့်ကြကုန်အံ့ ဆိုသည့် ဝိုင်းအုံလာသူတွေလည်း မနည်း။ အရွယ်စုံ။ ကျားနည်း မများတာသာ ခြားသည်။ ဂျုံတွေ မကြာခဏ အခိုးခံရ။ အခိုးခံရ၍ စောင့်ဖမ်းနေရာ ယခုမိလာကြောင်း၊ သူခိုးများသည် ခိုးရည်ဝနေကြောင်း၊ ဂျုံကို အပင်လိုက်ရိတ်ယူက အခင်းရှင်သိနိုင်၍ ယခုကဲ့သို့ အနှံကိုသာချိုး၍ ပင်ထောင် မပျက် ခိုးယူကြကြောင်း၊ စပါးစိုက်ချိန်ဆိုလည်း စပါးခိုး၊ ပြောင်းဖူးချိန်ဆိုလည်း ပြောင်းဖူးမို့ ခိုးယူခံရကြောင်း၊ သူခိုးတဝက်၊ ပိုးတဝက် လုပ်ကိုင်စားနေရကြောင်း တူတော်မောင်က မကျေမချမ်း ရှင်းပြနေသည်။ သူ မကျေမချမ်း ဖြစ်မည်ဆိုလည်း ဖြစ်သင့်ပေသည်။ သူက ဦးကြီးနှင့်အတူ အဓိက ထွန်ရယက်ရ စိုက်ပျိုးရသူ မဟုတ်လား။

ထိုပြောဆိုသံများကြောင့် ကျွန်တော်တို့ နှမ အပျိုကြီးမသည် အိမ်အပေါ်ထပ်မှ ဆင်းလာကာ ကလေးများကို စေ့စေ့စပ်စပ် ကြည့်လျက် ...

“အောင်မယ် ညည်းကိုး။ အရင်နေ့တွေကတည်းက ဂျုံခင်းတွေနားမှာ ရစ်သီရစ်သီနဲ့ တွေ့နေတယ် အောက်မေ့တာ လက်စသတ်တော့ အကြံနဲ့ကိုး”။ ကောင်ကလေးက ခေါင်းကို ပို၍ငုံ့သွားစေပေမင့် အညွှန်းခံ ရှင်မီးမလေး ကတော့ အရယ်အကျဲ မပျက်။

“အံမယ် စပ်ဖြဲဖြဲနဲ့ မှန်မှန်ပြောစမ်း။ အရင်နေ့တွေကလည်း ညည်းတို့ပဲ မဟုတ်လား”

“ဒီတခါတည်း ရှိပါသေးတယ် အစ်မရယ်”

“မညာပါနဲ့အေ။ ညည်းတို့ချောင်က လွန်လွန်းတယ်။ ပြောင်းဖူးလည်း ထွက်ချိုး၊ ပဲလည်း ထွက်ဆွတ်၊ သီးနှံဦး ခူးစားရုံ မကဘူး။ ခုရောင်းစားဖို့ပါ ခိုးကြနဲ့၊ ဟင်း …”

ဟုတ်တာပဲ။ လယ်သမား၊ ယာသမားဆိုတာ ပင်ပန်းကြီးစွာ စိုက်ကြပျိုးကြရ။ မစိုက်မီကျလည်း စိုက်စရိတ်ရှာရ၊ ပျိုးစရိတ် ဖွေရ။ စိုက်ပြီးတော့လည်း ရာသီပူရ၊ ဥတုပင်ရ။ ပွင့်ချိန် သီးချိန်ကျလည်း ပိုးပူရ၊ ခိုးပူရ။ ရိတ်သိမ်းပြီးတော့လည်း ဟူး။

ထိုသို့ ရင်းခဲ့၊ ကျိုးခဲ့ကြရသော ခမျာများ ယခုလို အမှုကြုံရတော့ ...

“ကြာပါတယ် ဒေါ်ဒေါ်ရာ လူကြီးအိမ်ကို ပို့လိုက်မယ်။ ဥက္ကဋ္ဌက သီးနှံခိုးရင် ဒဏ်ရိုက်မယ်လို့ မောင်းခတ် ထားတာပဲ”

နှမဖြစ်သူနှင့် တူတော်မောင်တို့ ပြောဆိုနေဟန်ကိုကြည့်ပြီး အစ်ကိုကြီးလည်း ဘာပြောရမှန်း မသိဖြစ်နေသလို၊ အစ်ကိုလေးနှင့် ညီဖိုးကျော်တို့လည်း ဘာဆုံးဖြတ်ရမည် မသိဖြစ်နေဟန်မို့။

“ဟုတ်တယ် ငါ့နှမနဲ့ မောင်စန်းလွင်ပြောတာ သဘာဝကျတယ်။ လူကြီးအိမ်သာ သွားပို့လိုက် မဆင့်”

ဝင်ရောက် ဆုံးဖြတ်ပေးလိုက်ရာ စတင်လှုပ်ရှားလာသူက ဘောင်းဘီဝတ် ကောင်လေး။

“လူကြီးအိမ်တော့ မပို့ပါနဲ့။ ကျွန်တော် တခါမှ မခိုးဖူးပါဘူး။ ခုဟာက သူလာခေါ်လို့ လိုက်မိတာပါ”

ငိုမဲ့မဲ့နှင့် တောင်းပန်လာသည်။ မယ်ရှင်မီးကတော့ ရယ်ကျဲဆဲ။

“ကဲကြာတယ်။ လူကြီး အိမ်သွားမယ်။ မောင်စန်းလွင် ငါ့တူ ဟို ဂျုံထုပ်တွေယူခဲ့။ သက်သေခံရအောင်”

ပြောပြောဆိုဆို နှမဖြစ်သူ မဆင့်က ထသွားဟန်ပြင်တော့ ကောင်လေးက မျက်ရည်ထုတ်၍ တောင်းပန်သည်။ ဟို ရှင်မီးမလည်း ခုမှ စိတ်ပူရကောင်းမှန်း သတိရထင့်။ မျက်နှာညှိုးစ ပြုသည်။ အစ်ကိုကြီးကတော့ ခမျာများကိုကြည့်ကာ စိတ်မကောင်း၍ ပြန်လွှတ်လိုက်ရန် ပြောသည်။ ကျွန်တော်တို့ မောင်နှမတတွေက သဘောမတူ။

“ဟာ အစ်ကိုကြီးကလည်း ဒီလို အရေးမယူဘဲ ပြန်လွှတ်လို့ကတော့ သူခိုးတွေ ရောင့်တက်အောင် လုပ်ရာကျတော့မပေါ့။ ကဲပါ … မဆင့်ရယ် ကြာပါတယ်။ ခေါ်သာသွားတော့”

အစ်ကိုကြီး ကန့်ကွက်နေသည့်ကြားက ကျွန်တော် ဆုံးဖြတ်ပေးလိုက်သည်။ အစ်ကိုကြီးသာ မဟုတ်၊ လာရောက် ကြည့်ရှုလာသူ ရွှေပွဲလာများကလည်း သဘောမတူကြ။ လူကြီး အိမ်မပို့ရန် လူကြီးက ဘယ်သို့ ဘယ်ညာနှင့် ဆိုကြကာ တယောက်တပေါက် တားမြစ်ကြသည်။ ခြေရင်းအိမ်က ဒေါ်ကေတူးကဆို “လူကြီးက သူ့ကိုယ်သူ ပေါင်ချိန်ရူး ရူးနေတာ။ မတော်တရော် ဒဏ်ရိုက်ပြီး ယူလိုက်ရင် ပြီးပါလေရော အစ်မဆင့်ရယ်” ဟု ဝင်ရောက် တောင်းပန်လာပြန်သည်။ ရွာသူရွာသားတွေနှယ် ခက်တာပဲ။ တောင်သူချင်း စာနာဖို့ထက် သီးနှံခိုးသူကို ညှာတာနေကြပြန်သည်။ ဘက်မှားပြီး ညီ ညွတ်နေကြတာပဲ။ တို့ဆီကလူတွေ အဲဒီလို ဘက်မှားပြီး ညီညွတ်တာက အကျင့်တခုလိုတောင် ဖြစ်နေကြပြီလား။ ဒီအထဲ ဟို နွားလှည်းသမား ကံရွှင် ဆိုသူကလည်း ဒီကလေးတွေဟာ သူသွားနေကျ အနောက်ဘက်ရွာကဖြစ်လို့ သူ သိကြောင်း၊ အကျင့်စာရိတ္တ ကောင်းမွန်သူများဖြစ်ကြောင်း ဝင်ရောက် အာမခံလာသည်။ သူ့စကားက ဒီလူတွေကပဲ မတရား ဖမ်းဆီးသယောင် ကျွတ်။

စဉ်းစားကြည့်မိသည်။ တကယ်လို့ သူတို့သီးနှံကို ခုလို ခိုးယူခံရလျှင်ကော။

"လူတွေက တော်တော် တရားကျဖို့ ကောင်းတယ်။ သူတို့ ပစ္စည်းလေး ပြောင်းဖူး၊ တဖူးတလေ ပျောက်ရင်တောင် ကျိန်လိုက်၊ ဆဲလိုက်ကြတာ။ သူများဟာ အခိုးခံရလို့ တရားနည်းလမ်းအတိုင်း တိုင်မယ်တောမယ်ဆိုတော့ ဘာဖြစ်သလေး၊ ညာဖြစ်သလေးနဲ့ ဝင်သနားနေလိုက်ကြတာ၊ နောက်တခါ မခိုးပါဘူးလို့ ခင်ဗျားတို့ အာမခံမလား”

တူတော်မောင့်စကား အကွက်ကျလှသည်။ အသံ သိပ်မထွက်ကြတော့။ ကြည့်သူဦးရေကတော့ တိုး၍ တိုး၍ လာနေသည်။ လူစုရှဲဖို့ …

"ကဲ … ကဲ၊ ဥပဒေကြောင်းအတိုင်းပဲ ကောင်းတယ်။ ကလေးတွေလည်း နောင်ကြဉ်သွားတာပေါ့။ လူကြီးသင့်သလို ဆုံးဖြတ်လိမ့်မပေါ့။ ကိုင်း၊ မဆင့်ရေ ခေါ်သာသွားတော့”

မညှာတာလို့တော့ မဟုတ်။ စာရိတ္တကို မပြုပြင်နိုင်တောင် ဒီလိုလုပ်လျှင် ဒီလိုအပြစ်ရှိကြောင်းကိုတော့ သိစေချင်သည်။ နို့မဟုတ်ဘဲ ပိုင်ရှင်မသိလျှင် လုပ်ကောင်းသည်ဟု မှတ်ထင်သွားခဲ့သော် ...။ နောက်ဆုံးတော့ ဆုံးဖြတ်ချက်ကို အစ်ကိုကြီး ကလွဲ၍ အားလုံးသဘောတူကြသည်မို့ မဆင့်တို့ တူဝရီး ဦးဆောင်ကာ အခမဲ့ သနားသူများခြံရံလျက် ချီတက် သွားကြတော့သည်။

ညီအစ်ကိုတစ်တွေ ဂေဟဗေဒ အကြောင်း ပြန်ဆက်ဖို့ပြင်လိုက်တော့ အစ်ကိုကြီးကို မတွေ့တော့။

၎။

“အမေရိကန်လို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆို ခုလိုဆေးတွေ ဘာတွေ ဖျန်းထားတဲ့ သီးနှံတွေ၊ မျိုးဗီဇပြုပြင်ထား တဲ့ အသီးအရွက်တွေကို မစားသုံးကြတော့ဘူး။ သဘာဝအတိုင်း စိုက်တဲ့၊ ပျိုးတဲ့ သီးနှံကမှ”

စကားပင် မဆုံးလိုက်။ ချီတက်သွားသူတချို့ ပြန်ရောက်လာကြသည်။ ဘာဖြစ်ပြန်ပါလိမ့်။

“မောင်မောင်ကြီးက မတိုင်ရဘူး တဲ့။ တလမ်းလုံး လိုက်ဆူနေလို့ ပြန်ခဲ့ရတယ် မောင်မောင်တို့ရေ”

နှမဖြစ်သူ မဆင့်၏ လှမ်းပြောလိုက်သံ။

“ဟုတ်တယ်။ ဦးကြီးက ဘာမှန်းမသိဘူး။ ပြီးတော့ သူပဲ သီးနှံတွေပျောက်ရင် ဆူတယ်။ ခု သူခိုးမိတော့လည်း မတိုင်ရဘူး၊ ပြန်လွှတ်ရမတဲ့။ နောက်ဆို ခိုးချင်တဲ့သူ ခိုးကြ။ ကျွန်တော်တော့ မဖမ်းဘူး”

တူမောင်၏ မကျေမချမ်း စကား။ ကျွန်တော်တို့အားလုံး အစ်ကိုကြီးကို ဝိုင်းဝန်းပြစ်တင်ကြသည်။ အစ်ကိုကြီးကတော့ ဘာမှ မတုံ့ပြန်။ ဒါသည်က အစ်ကိုကြီး၏ စိတ်ရင်း။ သနားတတ်သည်။ အားနာတတ်သည်။ ကလေးတွေ မျက်ရည်ကျတာ မြင်ကတည်းက ပြန်လွှတ် စေလိုနေသည်။ ညီတွေ အထူးသဖြင့် စာကလေး ဘာကလေး မတောက်တခေါက် ရေးသော ကျွန်တော့်ကို မဆန့်ကျင်လို၍သာ ငြိမ်နေခဲ့ပြီး သူနိုင်သည့် နှမငယ်နှင့် တူတို့ကို လမ်းမှသွားကာ တားမြစ်ခဲ့ခြင်းပင်။

“အစ်ကိုကြီးက နေရာတကာ သနားတတ်တာကိုး။ ဒါ သနားတာ မဟုတ်ပါဘူး။ သူတို့ကို စာရိတ္တပျက်အောင် အားပေးတာ”

“ခုလောက်ဆို သူတို့လည်း ကြောက်သွားပါပြီကွာ။ နောင်လုပ်မှာ မဟုတ်တော့ပါဘူး”

“မောင်မောင်ကြီးကလည်း သူတို့လား နောင်မလုပ်မှာ ဝေးပါသေး။ တို့ကို ဖမ်းတယ်ဟဆိုပြီး အငြိုးနဲ့ တောင်လုပ်ဦးမယ် ဟင်း”

မဆင့်၏ သောကထင်ကြေး ဖြစ်နိုင်သည်။ မလုပ်ဘူးဟု ဘယ်သူမှ မဆိုနိုင်။ လူဆိုတာ ကြီးငယ်မဟူ အငြိုးဖွဲ့တတ်တာကလား။ ထိုအငြိုးနှင့် ဖျက်လိုဖျက်ဆီးပြုခဲ့လျှင်၊ ဒါဆို အစ်ကိုကြီး ဆန္ဒအတိုင်း ပြန်လွှတ်လိုက်ရင်ကော။ အဲဒီအခါကျလည်း အင်း ...။

“ကဲ ဒါဆို ဘယ်လိုလုပ်မလဲ”

“ငါ သူတို့ မိဘတွေ ဘယ်သူဘယ်ဝါဆိုတာ အဲဒီ ရွာကို စုံစမ်းခိုင်းလိုက်တယ်ကွ”

ဟုတ်သားပဲ။ အစ်ကိုကြီးရဲ့ အစီအစဉ် အကောင်းသား။ သူတို့မိဘတွေခေါ်ပြီး နောင်မလုပ်အောင် ဆုံးမပေးဖို့ ပြောဆိုပြီး အပ်နှံလိုက်ရုံပေါ့။ ဒါ အကောင်းဆုံး ဖြေရှင်းနည်း။ ဒါကြောင့်အားလုံး သဘောတူညီပြီး ညီကိုကျော်က …

“အဲဒါ ကောင်းတယ်။ မိဘလည်း အသိပေးပြီးသားဖြစ်တာပေါ့။ ဒီကောင်လေးကတော့ လှည်းမီးချတဲ့ ဖိုကပဲ။ ဟိုကောင်မလေးကတော့ ရွာအရှေ့တောင်ချောင်ထဲက ဖြစ်မယ်။ အဲဒီမှာ စုံစမ်း အခေါ်ခိုင်းလိုက်ပေါ့”

ထို အဆိုကို အထိတ်တလန့် ကန့်ကွက်သူက …

“အမေတို့ကို အခေါ် မခိုင်းပါနဲ့။ ကိုတွတ် ကျုပ်ကို သတ်လိမ့်မယ်တော့”

၅။

ကောင်လေးက စိတ်သက်သာရဟန်ရှိသွားသော်လည်း ရှင်မီးကမူ ခုမှ ပိုတုန်လှုပ်လာသည်။ မျက်ရည်စမ်းစမ်းဖြင့် သူ့အိမ်ကို မခေါ်ဖို့ ပြောနေသည်။ မောင်လေးဖျားနေလို့ အမေ အဝေးကြီးသွားနေကြောင်း၊ ကိုတွက်က နွားထွန် သွားနေကြောင်း၊ သူ့ အိမ် ဘယ်မှာရှိကြောင်းမှအစ တတွတ်တွတ် ပြောပြနေသည်။ ပြောဆိုပုံ သရုပ်မပီလို့ထင့် မည်သူမျှ မယုံကြ။ ကရုဏာ မသက်ကြ။

တစတစ အားပေးသူ ပရိသတ်ကတော့ လူစုကွဲသွားပြီ။ အိမ်ထောင်ကွဲ အစ်ကိုလေးနဲ့ ညီတို့ကလည်း ညမှလာခဲ့ဦးမယ် ဆိုကာ ပြန်ကြပြီ။ အစ်ကိုကြီးတို့၊ မဆင့်တို့ကလည်း ဆိုင်ရာဝန်တို့ကိုထမ်းရန် သွားကြပြီ။ ကျွန်တော်နှင့် အထူးဧည့်သည်တော် နှစ်ယောက်တို့သာ ငုတ်တုတ်။ မြေပြင်ပေါ်တွင် ထိုင်နေကြသော သူတို့ကို တန်းလျားခုံပေါ် တက်ထိုင်ရန် ပြောရသည်။

နှစ်ယောက်ကိုယှဉ်ပြီး ကြည့်မိတော့ ကလေးမက ပို၍ နွမ်းပါးဟန်ပင်။ ကောင်လေးက သပ်သပ်ရပ်ရပ်။ ကလေးမို့လား မသိ၊ မျက်နှာဟန်ပန်က ပြောင်းလွယ် လဲလွယ်။ ခုနက မျက်ရည်မျက်နှာသည် ခုတော့ ပြုံးရယ်ကာ အဖော်ကောင်လေးကို စကားပြောနေပြန်သည်။ ဘာတွေပြောနေသည်တော့ မသိ။

အင်း ဆယ်ကျော်သက်လေးတွေပဲ။ ကျောင်းမှ နေကြရဲ့လားမသိ။ သူတို့မိဘတွေ ကကော ဒီအရွယ်တွေမှာ ပညာ မသင်စေဘဲ ပေါက်လွှတ်ပဲစား ထားကြလေရော့လား။ ဘာပဲဖြစ်ဖြစ် သူတို့လေးတွေကို ခုလိုဖြစ်တာ မကောင်းကြောင်း၊ သူတကာ အထင်မြင်သေးဖွယ်ဖြစ်ကြောင်းကိုတော့ ပြောပြရဦးမည်ဟု တွေးရင်း စကားတောက်ကြည့်တော့ ကောင်ကလေးက ကျောင်းဖွင့်လျှင် ခုနစ်တန်းတက်မည်ဖြစ်ကြောင်း၊ အဘွားသိလျှင် ရိုက်နိုင်ကြောင်း၊ ရိုးရိုး ကောက်သင်းကောက်ထွက်ရာ ကောင်မလေးသင်ပြ၍ ယခုလို ...

“ငါ သင်တာမဟုတ်ပါဘူး။ နင့်ဘာသာ ခိုးတာပါ”

“မနေ့က နင်ပဲလာခေါ်တာလေ။ ဒီနေ့လည်း နင်ပဲ ဒီအခင်းချိုးမယ်လို့ ပြောတာ”

ခုတော့ သဘောထားကွဲကြပြီ။ မနေ့ကလည်း ချိုးသေးဆိုပါလား။ မဆင့် ကြားရင်တော့ ဒေါပွဦးမည်။ အစ်ကိုကြီးကော ခုလို ပြန်လွှတ်မိတာ မှားပြီ ထင်မလား။ ဘယ်လိုလုပ်ရပါ့။ ဒီလို နည်းနည်းခိုးရင်းက တဖြည်းဖြည်း အင်း သီးနှံလောက်နေမှာပါ လေ။ တ၀မ်းတခါးနေမှာပါ။ အူမတောင့်တဲ့အချိန်ကျ ဒါတွေ စောင့်နိုင်သွားကြမှာပါ။ ခုဟာက တကယ့် ကလေးအရွယ်လေးတွေ။ ရှိလှ ရန်ကုန်မှာကျန်ခဲ့တဲ့ သားကြီးအရွယ်လေးတွေ။ သြော် ဒီအရွယ်တွေနဲ့။

“ကျွန်တော့်ကို ပြန်လွှတ်ပေးပါ ဦးလေးရယ်။ နောင် မလုပ်တော့ပါဘူး”

ပြန်လွှတ်ပေး၍ မဖြစ်သေး။ မတော် တစုံတခု လမ်းမှာဖြစ်ခဲ့သော်၊ မိဘထံပင် သေချာအပ်နှံရပေမည်။ လွှတ်ပုံမရတော့ ကောင်လေးက မျက်ရည်ကူသည်ထင့်။ ငိုသည်။ ဒါကို ရှင်မီးမယ်က ဝမ်းသာဟန် မထီကြည့်၊ သူ့ အပေါင်းအသင်းကို ကြည့်နေသည်။ နှစ်ဦးယှဉ်ကြည့်မိမှ အဆင်းအသွင် ကွာသလို အမူအရာကလည်း ကွဲသည်။

“မင်းတို့ ဘယ်မှာတွေ့ကြတာလဲ”

“သူက လာခေါ်တာ။ ကျွန်တော်တို့က ဒီရွာကို ဒီနှစ်မှရောက်တာ။ မြောင်ကိုပြန်ရင် ဂျုံဆံ ကျိုသောက်ရအောင် လိုက်သွားတာပါ”

“မင်းက ကျောင်းနေတယ်။ သူကကော”

“ဟဲ့ နင့် မေးနေတယ်။ ဖြေလိုက်လေ”

“ဟင့်အင်း”

သူက ဒါပဲ ဖြေသည်။ စဉ်းစားထားသော ဆုံးမစကားတို့သည် ပျောက်သွားကြသည်။ သင်းကလေးနားနဲ့ တန်အောင် ဘယ်လိုပြောရပါ့။ ခိုးတာမကောင်းကြောင်း၊ ခိုးလျှင် ငရဲကြီးတတ်ကြောင်း၊ အင်း ဒါလောက်နဲ့ဖြုံမည့်ပုံ မတွေ့ရ။ သူ့ဥစ္စာကို သိလျက်သားနဲ့ လောဘစိတ်ထား ခိုးယူလို ကဗျာလေးဆိုပြ၊ အဲ လောဘစိတ်ထား လောဘ ဟုတ်မယ် မထင်ပါဘူးလေ။

နောက်ဆုံးတော့ …

“မင်းတို့မှာ သူငယ်ချင်းတွေ မရှိဘူးလား”

ဘာကြောင့်မေးသလဲ ဆိုသည့်အကြည့်နှင့် ပြန်ကြည့်နေကြသည်။ ဟိုမယ်ရှင်မီးကဖြင့် အရေးမလုပ်။ လမ်းမဘက် လှမ်းငေးနေလိုက်သေး။

“အေး … အဲဒီ သူငယ်ချင်းတွေ မင်းတို့အကြောင်းကြားသွားရင် မင်းတို့ကို ကဲ့ရဲ့လိမ့်မယ်။ နောက်ပြီး ...”

ကောင်လေးမျက်တောင် ပုတ်ခတ်လှုပ်သည်။ ဟုတ်ပြီ၊ ဒီအချက်ကို ဖိပြောပေးရမည်။

"စာရိတ္တမကောင်းဘူးဆိုပြီး အပေါင်းအသင်း မလုပ်ချင်ကြဘူး။ ဒါတင်မက အဖမ်းအဆီးလည်း ခံရတတ်တယ်။ ဒါကြောင့် သူတပါးဟာဆို မပေးဘဲမယူရဘူး။ လိုချင် တောင်းရတယ်။ ဂျုံဆံကျိုသောက်ချင်ရင်လည်း တောင်း”

“အံမယ် အိမ်ပြန်မလာပါလား အောက်မေ့နေတာ သင်းက ဒီလိုဖြစ်နေတာကိုး၊ လာခဲ့”

အဒေါ်ကြီးတယောက် သုတ်သုတ် ဝင်လာသည်။ လှည်းမီးချဖိုက ဖြစ်မည်။ ရောက်လျှင်ရောက်ချင်း မြေးလက်ကိုဆွဲကာ တင်ပါးကို လက်ဝါးနှင့် တဖြန်းဖြန်းချ၍ မဆင့် မီးဖိုဆောင်မှထွက်လာကာ …

“မလုပ်ပါနဲ့ အဒေါ်။ နောင်မလုပ်အောင်သာ ဆုံးမပေးပါ”

“ဆုံးမပါတယ် တူမရယ်။ အခုဟာကလည်း ဟို အဆွယ်ကောင်းလို့ ဖြစ်ရတာပါ။ နောင်မဖြစ်စေရပါဘူး။ အမလေး လူကြီးအိမ်မပို့တာဘဲ ကျေးဇူးတင်လှပါပြီ တော်”

ပြောသင့် ဆိုသင့်သော စကားလေးတွေ ဝင်ပြောပေးကာ ကောင်လေးကို ထည့်ပေးလိုက်သည်။ မဆင့်က သူ့ ဂျုံတောင်းလေးကိုလည်း ဂျုံနှံတွေနှင့်တကွ ပြန်ပေးလိုက်သည်။ ထိုမြေးအဘွား ပြန်မည်ပြုတော့ ရှင်မီးမလေးကလည်း လိုက်အံ့ပြင်သည်။ ပြန်ထည့်လိုက်၍ မဖြစ်သေး။ သူက ဒီအမှုတွင် အခရာ။ သူ့ မိဘထံ သေချာအပ်နှံမှ။

“ညည်းက နေခဲ့ဦး”

နှစ်ယောက်လာရာ တယောက်ပြန်ရပြီး သူကျန်ရစ်တော့ ဝမ်းနည်းလာသည် ထင့်။ ရှင်မီးမ ဟီးခနဲ ငိုချလိုက်သည်။ မီးဖိုချောင်မှ မဆင့်ပင် ပြန်ထွက်လာပြန်ကာ ဘာဖြစ်တာလဲ စူးစမ်းရသည်။

“ဟဲ့ မငိုနဲ့လေ။ ခုနက အဒေါ်ကြီးနဲ့ အမေ့ကို မမှာလိုက်ဘူးလား”

“အီး ဟီ ကိုတွတ်သိရင် သတ်မှာ အီး ဟီး ဟိ”

ရော် ခက်ပြီ။ ကိုတွက် တဲ့။ ဒါ သူ့အဖေနေမှာ။ သင်း ခုမှ ကြောက်ရကောင်းမှန်း သိတယ်။ အဲဒီ ကိုတွတ်ဆိုတဲ့ လူကိုက ချာတာ။ ကလေးကို ဒီအရွယ်နဲ့ ခိုင်းစားရမလား။ ကလေးရဲ့ ကောက်သင်းကောက်တဲ့လုပ်စာက ဘယ်လိုများများ မှာမို့လဲ။ ကောက်သင်းကောက်လို့ မရပြန်ရင်လည်း ငြိုငြင်ကြဦးမှာ။ ဒါကို ကြောက်တဲ့ကလေးက ကောက်သင်းမရတော့ ရတာယူ။ ရတာယူရင်း အတင့်ရဲပြီး …

“ညည်းနာမည် ဘယ်လိုခေါ်တုံး”

“မတွတ်”

“ညည်း အဖေကကော”

“ကိုတွတ်”

“ဟေ အဖေကလည်း တွတ်၊ သမီးကလည်း တွတ် ဟုတ်ပေ့ကွာ”

မဆင့်က ရယ်သည်။ နောက်နေတာလားလို့ သင်းကလေးကို ပြန်ကြည့်ရသေးသည်။ သူက ခပ်တည်တည်ပင်။ မင်းတန်း ရွာတောင်ပိုင်းထဲကဖြစ်မည်ထင်ကြောင်း မဆင့်က ဝင်မေးတော့ …

“ဟုတ်တယ် တောင်ပိုင်း၊ ဦးစံရွှေတို့ အိမ်နားက”

“ညည်း အဖေက ဘာလုပ်လဲ”

“မသိဘူး။ ကိုတွတ်ကတော့ ဦးစံရွှေအိမ်မှာ လူငှား လုပ်တယ်”

“ကိုတွတ်က ညည်း အဖေ မဟုတ်လား”

“ဟုတ်တော့ ဟုတ်တယ်။ သူက အမေ့ ယောက်ျား”

“ဟေ”

အာမေဍိတ်ကို တော်တော်ကျယ်ကျယ် ပြုမိသည်။ နားမျက်စိ လည်ကုန်ပြီ။ ကိုတွတ်။ သူက အမေ့ ယောက်ျား။ အဖေက ဘာလုပ်မှန်း မသိ။ လယ်သူရင်း ငှားလုပ်တယ်။ ဘယ်နှာတုံး။ သူ့အဖေကို တိုင်မည်စိုး၍ ပါးစပ်ထဲရှိတာတွေ ပြောနေတာ ဖြစ်မည်။ စောစောကပဲ ကိုတွတ်က ရိုက်မှာစိုးကြောင်း ပြောခဲ့သေးသည်။ ကိုတွတ်က သူ့ဖအေ မဟုတ်လို့၊ ဘယ်သူ့ အဖေတုံး။ ဇဝေဇဝါ ဖြစ်ဟန်ကိုကြည့်ရင်း နှမဖြစ်သူ မဆင့် ရယ်(ရီ)နေသည်။ မကျေနပ်၍ ထပ်ပြီး …

“ညည်းအဖေက ဘယ်သူ”

“မသိဘူး”

“ဟင် ခုနကတော့ ကိုတွတ်ဆို”

“ကိုတွတ်က အမေ့ ယောက်ျားရယ်”

“အမ်း နင့်အမေ ယောက်ျားက နင့်အဖေ”

ကျွန်တော်၏ လောဂျစ် မကျအတွေးကို အချိန်မီ ကျွန်တော့်နှမက ဝင်ရောက် ဖြေရှင်းပေးသည်။ “သူ့အမေက ယောက်ျား နှစ်ယောက် ဖြစ်မယ်ထင်တယ် မောင်မောင်” ဟု တီးတိုးပြောသည်။

ပြီးမှ “ဦးစံရွှေတို့ အိမ်နားကဆိုတော့ မရင့် သမီးလား”

“ဟုတ်တယ်တော့”

ခုမှ လိပ်ပတ် မွတ်တော့သည်။ အမေ့ယောက်ျားတိုင်း အဖေမဟုတ်နိုင်။ သူက ကြောက်ရွံ့ရသည်ဆိုတော့ အင်း ခေါင်လိုက်တဲ့ ငါ။ နှမဖြစ်သူက စာရေးဆရာဆိုသည့် အစ်ကို့အဖြစ်ကို ကြည့်ရယ်ပြန်သည်။ ရယ်သင့်သပ ငါ့ နှမရယ်။

“ကိုတွတ်က အမေ့ ယောက်ျား။ ညည်းအဖေက ဒါဆို ဘယ်သွားတုံး”

“မသိဘူးတော့။ ကျုပ် ငယ်ငယ်ကတည်းက မရှိတာ”

ကိုတွတ်ကို ခေါ်ဖို့ပြောတော့ အကြောက်အကန် ငြင်းဆန်ခဲ့တာကို ရိပ်မိပြီ။ ဒါဆို အချိန်မီသေးလား။ သူ့အမေ ကိုသာ အခေါ်ခိုင်းရကောင်းသား။

“ညည်း အမေကို မမှာလိုက်ဘူးလား”

“အမေက မရှိဘူး။ ဟိုး အနောက်တာဆီမှာ ဂျုံရိတ်လိုက်နေတယ်”

“ပြန်ရောက်တော့ လာမှာပေါ့”

“လာချင်မှလာမှာတော့်။ မိုးချုပ်မှာမို့ မောင်လေးကို ကွမ်းရွက်ပြုတ်ရည် တိုက်ထားဖို့ မှာခဲ့တယ်”

“မောင်လေးက ဘာဖြစ်လို့လဲ”

“သူလား၊ ဖျားနေတာ။ ခုလောက်ဆို ကျုပ်ကိုမျှော်လှရော့မယ်”

“ကိုတွတ် တိုက်ထားမှာပေါ့ကွယ်”

“ကိုတွတ်လား ခုချိန်ဆို သူက မူးနေမှာ”

သဘောပေါက်ပြီ။ သင်းကလေးကို ဘယ်လိုပြန်လွှတ်ရပါ့။ တယောက်တည်း လွှတ်လိုက်ရအောင်ကလည်း နေဝင်လုပြီ။ သူ့အိမ်က လိုက်မခေါ်နိုင်လျှင် ခက်ကပြီ။ တတ်နိုင်ဘူးလေ။ တူတော်မောင် ရေမိုးချိုးပြီးလောက်မှ စက်ဘီးနဲ့ဖြစ်ဖြစ် လိုက်ပို့ခိုင်းရတော့မည်။ ထိုစဉ် မဆင့်က ဟင်းတွေ ပုံထည့်ထားသော ထမင်း တပန်းကန်ကို ယူလာကျွေးသည်။ သူ ဟန်မဆောင် မွတ်သိပ်စွာ လွေးတော့သည်။

မဆင့်က “ထမင်းလိုရင် ထပ်တောင်းနော်”

ထမင်းကို အားရပါးရ စားနေသော သူက ကျွန်တော့်ကို တစုံတခု သင်ပြနေသယောင်ပင်။

၆။

“ကျွန်မ သတင်းကြားလို့ ရောက်ရောက်ချင်း လာတာ။ သာထွန်းရွာ အနောက်ပိုင်းက အိမ်ကြီးတအိမ်မှာ ဖမ်းထားတယ်ဆိုတော့ ဒါဆို အမေကြီးကံတို့ အိမ်နေမှာပဲဆိုပြီး လိုက်လာတာ တော်ပါသေး။ ဟဲ့ လာခဲ့ မသာမလေး”

အသက်သုံးဆယ်ကျော်အရွယ် မိန်းမတယောက်။ ကျွန်တော်တို့ မိခင်ကြီးနာမည်ကို ပြောကာဝင်လာပြီး မတွတ်ကို ဆွဲသည်။ ရိုက်အံ့ရွယ်၍ မောင်နှမ နှစ်ယောက် ပျာပျာသလဲ။

“မလုပ်ပါ၊ မလုပ်ပါနဲ့”

“မရိုက်ပါနဲ့”

တားမြစ်ကြရသည်။ မအေလက်ထဲတွင် ယက်ကန် ယက်ကန်ပါနေသော မတွတ်ကိုလည်း ကွယ်ကြ၊ ကာကြရသည်။ အဝေးကပြန်လာသော မိခင်သည် သမီးကိုမတွေ့။ သားကိုလည်း ဆေးမတိုက်ရသေး။ ချက်ရေး ပြုတ်ရေးကလည်း မစီမံရသေး။ ဒီအထဲ ခုလို တရွာကိုလိုက်လာရဆိုတော့ ဒေါသထွက်ပေမပေါ့။ တရွာနှင့်တရွာ အလှမ်းမဝေးတာကိုပင် ကျေးဇူးတင်ရသေး။

မမှောင်ခင်ပြန်ကြဖို့ သတိပေးရင်း သူ့အထုပ်လေးကို ပြန်ပေးလိုက်ကြသည်။ အစစ နှမြောတတ်သူအဖြစ် နာမည်ထွက်သော ကျွန်တော့် နှမ အပျိုကြီးမက ဂျုံနှံလေးတွေ ပြန်မယူလိုက်သည့်ပြင် ပဲတပြည် ထပ်ဆောင်းကာ

“ရော့ ... ဒါ မတွတ်ကို ပေးတာ။ အိမ်ကျပြုတ်စားဖို့”

ပြန်သွားကြသော သားအမိကို ငေးကြည့်ရင်း နေ့ခင်းဘက်က ညီအစ်ကိုတတွေ ဝိုင်းဖွဲ့ပြောခဲ့ကြသော ဂေဟဗေဒ အကြောင်းကို ပြန်သတိရသည်။

ည အစ်ကိုတို့နှင့်ဆုံလျှင် ဂေဟစနစ်အကြောင်းကို ဥပမာအသစ်နှင့် ပြောပြရပေဦးမည်။

သရုပ်ဖော် - အောင်ထက်


Saturday, June 12, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၄၁)

အလွန်ပူသော တော်သလင်းနေ

အလွန်မိုးသည်းသော မိုးစဲသွားသောအခါ အလွန်ပူသောနေ သာပြန်တော့သည်။ လေကလည်း ၇ နာရီကျော်လောက်ကနေ လုံးလုံးငြိမ်လိုက်တာ တနေ့ခင်းလုံးပဲ။ ဒီမှာတင် တော်သလင်းနေက အစွမ်းပြတော့သည်။ ပင်လယ်ထဲမှာ အရိပ်အာဝါသ ဆာယာမရှိဆိုတော့ နေပူဒဏ်ကို တခါခံရပြန်ရော။

လွန်ခဲ့တဲ့ ၅ ရက်လုံးလုံးကလည်း နေ့ရောညပါ မိုးရဲ့အအေးဒဏ်၊ အခုတော့ တခါလာပြန်ပြီ။ နေပူဒဏ်။ ပင်လယ်ထဲမှာ အရပ်မျက်နှာမှတ်သားရတာ အတော်ခက်ပါသည်။ ရပ်ရှစ်ခွင် အမြင်တခုလုံးကလည်း ဆုံးစမထင်တဲ့ ပင်လယ်ပြင် နေထွက်ဆည်းဆာနဲ့ နေဝင်ဆည်းဆာအချိန်များမှာတော့ အရှေ့ အနောက် မှတ်လို့လွယ်ပါသည်။ နေမွန်းတည့်ချိန်မှာတော့ ဘယ်ကိုပဲ မျှော်ကြည့်ကြည့် မြင်ကွင်းတဆုံးဟာ အကုန်လုံး အတူတူပဲဆိုတော့ မှတ်၍မလွယ်ပါ။

အဲဒီအရပ်မျက်နှာမှတ်သားရတဲ့ ခက်ခဲမှုပြဿနာကို ဆရာဦးအောင်ငွေရဲ့ ပညာစွမ်းက ဖြေရှင်းပေးလိုက်ပါတယ်။ ကျနော် အစောပိုင်းက မှတ်တမ်းတင်ခဲ့တဲ့ ဦးအောင်ငွေရဲ့ သံလိုက်အိမ်မြှောင် ၂ ခုကို ယှဉ်ပြီးချလိုက်တာနဲ့ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဘယ်မှာ ဖြေရှင်းပြီးဖြစ်သွားပါတယ်။

သံလိုက်အိမ်မြှောင် ၂ ခုဟာလည်း ကိုယ်လုပ်တာမို့ ချီးကျူးတာ မဟုတ်ဘူး။ ၂ ခုစလုံးက တောင်မြောက်ပြတာ ညီနေတာပဲ။ အဲဒါလောက်ထိအောင်ပါ။ ဦးအောင်ငွေရဲ့ ပညာစွမ်းက ကမ်းမမြင်တဲ့ ပင်လယ်ပြင်မှာ ကျေးဇူးပြုခဲ့တာပါ။

တော်သလင်းလသည် မိုးအားနည်းသွားပြီး လှိုင်းလေ အနည်းငယ်စဲသော ကာလလေးကို ရွေးချယ်ခဲ့သည်။ ကျနော်တို့ရည်ရွယ်ချက်မှာ အနောက်တောင်လေကို ခို၍ ရွက်လွှင့်လိုက်လျှင် မုတ္တမပင်လယ်ကွေ့ထဲသို့ ရောက်သွားနိုင်သည်။

ကိုကိုးကျွန်း၏ အရှေ့ယွန်းယွန်းတွင် ထားဝယ်မြို့နှင့် မျဉ်းဖြောင့်တတန်းတည်းလို ရှိသည်။ ကိုကိုးကျွန်းနှင့် ထားဝယ်သည် ကီလိုမီတာ ၄၀၀ ကျော်လောက်ရှိသည်ဟု လေ့လာရသည်။ ထားဝယ်အထက်တွင် ရေးနှင့် မော်လမြိုင်၊ ထားဝယ်၏ အောက်ဘက်တွင် မြိတ်၊ မြိတ်၏အောက်ဘက်တွင် မလေးရှားကျွန်းဆွယ်ကြီး တလုံးက ခံနေသေးသည်။

ကျနော်တို့လေ့လာထားမှုအရ ပင်လယ်ရေစီးကြောင်းသည် ထားဝယ်သို့ တကြောင်း ဆွဲသည်။ ကျနော်တို့လှေသည် အကယ်၍ စင်္ကာပူသို့ဆွဲသော ပင်လယ်ရေစီးကြောင်းနှင့်ပါသွားပါက နိုင်ငံရေးခိုလှုံခွင့်တောင်းမည်။ ပြီးနောက် စောကြာဒိုးနှင့် ဆက်မည်။

ထိုစဉ်က ဦးနု တောတွင်းသို့ ရောက်လာပြီး ပါလီမန်ဒီမိုကရေစီပါတီကို ထူထောင်သည်။ ပါလီမန်ဒီမိုကရေစီပါတီတွင် စောကြာဒိုးလည်း ပါဝင်သည်။ စောကြာဒိုးနှင့် ဖထီးမန်းအောင်ကြည်သည် မြို့ပေါ်တွင်ရှိစဉ်က အလွန်ပဲ ရင်းနှီးကျွမ်းဝင်ကြသည်ဟု ဖထီးမန်းအောင်ကြည် ပြောပြသည်။ ထိုမှတဆင့် ကရင့်တော်လှန်ရေးနှင့် ပြန်ဆက်သွယ်မည်။

တိုက်ပွဲဝင် အဓိဋ္ဌာန်စာတမ်း

ကျနော်တို့၏ ပင်လယ်ပြင်ဖြတ်သန်းမှုအပိုင်းတွင် အပိုင်း ၃ ပိုင်း သတ်မှတ် ထားသည်။

ပထမအပိုင်းတွင် ပြင်ဆင်ရေးကာလအပိုင်း၊

ဒုတိယအပိုင်းတွင် ပင်လယ်ပြင်ဖြတ်သန်းရေးအပိုင်း၊

တတိယအပိုင်းတွင် ကမ်းခြေရောက်ပြီးနောက် ကရင့်တော်လှန်ရေးနှင့် အဆက်အသွယ်ရအောင် ပြန်ဆက်သည့်အပိုင်း ဟူ၍ ၃ ပိုင်းခွဲခြားထားသည်။

ပထမပိုင်း ပြင်ဆင်ရေးကာလတွင် လှေတစင်း တည်ဆောက်ရမည်။ တွေ့ကြုံနိုင်သည့် အခက်အခဲများမှာ အစောင်ဝါဒါများ စောင့်ကြပ်တွေ့ရှိနိုင်မှု၊ ဘဝတူအကျဉ်းသားများ၏ တွေ့ရှိနိုင်မှုကြောင့် ရည်မှန်းချက် ပျက်သွားနိုင်သည်။ ၎င်းအပြင် လှေတစင်းကို ပြီးမြောက်အောင်တည်ဆောက်ရာတွင် အခက်အခဲ အမျိုးမျိုး ရှိနိုင်သည်။ လမ်းခရီးတွင်စားသုံးရန်အတွက် ရိက္ခာကိုစုဆောင်း ရှာဖွေရန်လိုအပ်သည်။

ဒုတိယအပိုင်း ပင်လယ်ပြင်ဖြတ်သန်းရေးကာလတွင် ကြုံတွေနိုင်သည့် အခက်အခဲများမှာ မုန်တိုင်းဒဏ်ကြောင့် လှေတိမ်း မှောက်ပျက်စီးပြီး သေဆုံးသွားနိုင်သည်။ ပင်လယ်ရေသတ္တဝါကြီးများ၏ တိုက်ခိုက်မှုကြောင့် လှေပျက်စီးပြီး သေဆုံးသွားနိုင်သည်။ ရန်သူရေတပ်မှ ပြန်လည်ဖမ်းမိပြီး သတ်ပစ်နိုင်သည် (သို့) နှိပ်စက်ညှဉ်းပမ်းပြီး ထောင်သို့ပြန်ပို့နိုင်သည်။ နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောကြီးများမှတွေ့ရှိပြီး ဖမ်း၍ ရန်သူ့ထံ ပြန်ပို့နိုင်သည်။ နေပူဒဏ်ကို အပြင်းအထန်ခံရနိုင်သည်။

တတိယအပိုင်း ကမ်းခြေရောက်ပြီး တော်လှန်ရေးသို့အရောက်သွားရာတွင် ရန်သူ၏ စစ်တပ်၊ ပုလိပ်နှင့် အမည်ခံ ဖောက်ပြန်သည့် ပြည်သူ့စစ်များ တွေ့ရှိဖမ်းဆီးပြီး သတ်ပစ်နိုင်သည်။ တောတောင်ထဲတွင် တောတွင်း သတ္တဝါများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားနိုင်သည်။

ဆက်လက်ဖော်ပြပါမည်။