Friday, June 18, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၄၂)

ကျွန်းမှ ထွက်ပြေးရခြင်း ရည်ရွယ်ချက်

နိုင်ငံရေးအကျဉ်းသားများအား ကိုကိုးကျွန်းသို့ပို့ခဲ့ရာတွင် တိုင်းပြည်သို့ မကြေညာဘဲ၊ နိုင်ငံတကာကိုလည်း မကြေညာဘဲ စစ်အစိုးရသည် ကျွန်းသို့ လျှို့ဝှက်စွာပို့ခဲ့ခြင်း၊ အင်းစိန်ထောင်နှင့်တကွ ထောင်အသီးသီးတွင် အကျဉ်းသားများအား ရက်စက်ပြင်းထန်စွာ ဖိနှိပ်ညှဉ်းဆဲခြင်းစသည်များကို ပြည်တွင်းပြည်ပသို့ ဖွင့်ချဖော်ထုတ်ရန် ဖြစ်သည်။

ယခု ကျွန်းမှထွက် ပြေးသော တိုက်ပွဲသည် ရန်သူ၏ဖိနှိပ်ညှဉ်းဆဲမှုကို ခေါင်းငုံ့မခံဘဲ ပြန်လည်တိုက်ခိုက်သည့် တိုက်ပွဲဖြစ်သည်။

ဤတိုက်ပွဲသည် တော်လှန်ရေးနှင့် တော်လှန်ရေးသမားတို့အား နိုင်ငံရေးအရ၊ စိတ်ဓာတ်ရေးအရ အလုပ်အကျွေးပြုခြင်း ဖြစ်သည်။

ဤတိုက်ပွဲတွင် ကျွန်ုပ်တို့သည် ကျဆုံးသွားနိုင်သည်။ သို့ရာတွင် တော်လှန်ရေးသမားတိုင်း၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို မြှင့်တင်အားပေးသည့် တိုက်ပွဲဖြစ်သည်။ ငါတို့သည် ပင်လယ်ပြင်ကို အောင်မြင်စွာ ဖြတ်သန်းခဲ့ပြီးနောက် လက်နက်ကိုင်တော်လှန်ရေးကို ဆက်လက်ဆင်နွှဲရန်ဖြစ်သည်။

ငါတို့သည် တော်လှန်သည့် သူရဲကောင်းဝါဒကိုကိုင်စွဲလျက် အောင်ပွဲရသည့်အထိ တိုက်ပွဲဝင်သွားမည်။ ဤတိုက်ပွဲတွင် တိုက်ပွဲဦးစီးမှူးအဖြစ် မန်းအောင်ကြည်ကို တာဝန်ပေးအပ်သည်။ တော်လှန်သည့် သူရဲကောင်းဝါဒ အဓွန့်ရှည်ပါစေ။

၁၉၇၀ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်
၁၃၃၂ ခုနှစ်၊ တော်သလင်းလပြည့်နေ့

ဤတိုက်ပွဲဝင် အဓိဋ္ဌာန်စာတမ်းတွင် ကျနော်တို့ ၃ ဦး အသီးအသီး လက်မှတ် ရေးထိုးခဲ့သည်။

ပင်လယ်ပြင်သည် နေ့လည် အချိန်တွင် လုံးဝ လေတိုက်ခတ်မှုမရှိဘဲ ပင်လယ်ပြင်ကြီးတခုလုံးမှာ သင်ဖြူးခင်းထားသည့်အလား ညီစွာပြန်ဖြူးလှပါ သည်။ လှေတိုက်ခိုက်မှုမရှိဘဲ ငြိမ်သက်လေ နေပူဒဏ်သည်ပို၍ ခံရလေဖြစ်သည်။

ညနေစောင်း နေဝင်ချိန်အခါတွင်မှ လေပြေအေး နည်းနည်း စတင်တိုက်ခတ်သည်။ လှေမှာ ဤအချိန်ရောက်မှ ရွက်တင်ပြီး ရွက်တိုက်နိုင်သည်။ လှေသည် တနာရီ ၅ မိုင်နှုန်းခန့်သာ သွားနေသည်ဟု ခန့်မှန်းရသည်။ မုန်သုန်၏အားမှာ ထင်ထားသည်ထက် လှိုင်းအား ပျော့နေပါသည်။

တခါတရံ ညနေစောင်း နေဝင်ဆည်းဆာတွင် ကျွဲထက်မကကြီးသော ငါးကြီးများသည် ဆူးတောင်များ ပေါ်လျှက် ငြိမ်နေသည်ကို တွေ့ရသည်။ ကျနော်တို့လှေအား အန္တရယ်ပြုမည်ကို စိုးရိမ်မိသည်။

ညမိုးချုပ်တွင် လေအရှိန် နည်းနည်း ပိုကောင်းလာပြီး လှေသွားနှုန်း နည်းနည်း ပိုမြန်လာသည်။ ညဦးပိုင်း လေတချက်သာရပြီး ၉ နာရီခန့်လောက်တွင် လေမှာ လုံးဝ ငြိမ်သက်သွားပြန်သည်။ ညဘက်တွင် ရွက်ပြန်ချ၊ လင်းအားကြီးအချိန်းတွင် ရွက်ပြန်တင်၊ နံနက်ပိုင်းတွင် ရွက်ပြန်ချ စသည်တို့ လုပ်ရသည်။

မနက်လင်းပိုင်းတွင် တချက်နှင့် ညနေစောင်းနှင့် ညဦးပိုင်းတွင်သာ လေနည်းနည်း တိုက်သည်။ ညဘက်တွင် ခုနှစ်စင်ကြယ်နှင့် ဓူဝံကြယ်ကိုမှတ်၍ မြောက်အရပ်ကို အမှတ်ပြုရပါသည်။ ညမိုးချုပ်လျှင် အနောက်ဘက်မှ အလွန်လင်းအား ကောင်းသော ကြယ်တလုံး ထွက်လာပါသည်။

ည ၉ နာရီလောက်တွင် ပြန်ဝင်သွားပြီး ပျောက်ကွယ်သွားသည်။ ဤ ထွန်းလင်း တောက်ပသည့် ကြယ်ကြီးကိုကြည့်ပြီး အနောက်အရပ်ကို မှတ်သားရသည်။

ငါးမန်းအုပ်ကြီး

၈ ရက်မြောက်သောနေ့ဟု ထင်ရပါသည်။ နေ့လည်ချိန် ထုံးစံအတိုင်း နေက ခြစ်ခြစ်တောက် ပူပြင်းနေသည်။ ရေအောက်သို့ အတောင် ၃၀ ခန့်မြင်ရမည်ဟု ခန့်မှန်းရသည်။ ဤတွင် ငါးမန်းကြီးတအုပ်နှင့် တိုးပါတော့သည်။

ငါးမန်းကြီးများမှာ တလံကျော်လောက်ရှိပြီး အကောင် ၁၀၀ နီးပါးရှိမည်ဟု ထင်ရပါသည်။ ကျနော်တို့လှေကြီးကို ပတ်ချာလည်လှည့်၍ ဝိုင်းပါသည်။ ကျနော်တို့တွင် မှိန်းနှင့် ငါးမျှားချိတ်ပါသည်။ မှိန်းနှင့် ထိုးသည်၊ ထိုး၍ မထိပါ။ ရေအလွန်ကြည်သောကြောင့် တကြောင်း၊ ငါးမန်းများမှာ အလွန် လျင်မြန်သောကြောင့် တကြောင်း၊ ထိုး၍ မထိပါ။

ငါးမျှားချိတ်တွင် လိပ်သားခြောက် တပ်ပြီး မျှားသည်။ ဒါလည်း မဟတ်ပါ။ ငါးမန်းများမှာ လှေကို ပတ်ချာလည်လှည့်ပြီး အချို့မှာ ရေလွှာပေါ်သို့ပင် ခုန်တက်ပါသည်။ ကျနော်ထင်တာ ငါးမန်းများ မြူးနေပုံရသည်။

ကျနော်တို့ကြောက်သော ငါးမန်းအမျိုးအစားမှာ ငါးမန်းစွယ်မျိုး ဖြစ်သည်။ ၎င်း၏ နှာမောင်းတဖက်စီတွင် ဆူးများရှိသော ငါးမန်းမျိုးဖြစ်သည်။ ၎င်း၏ငါးမန်းစွယ်နှင့် လှေကို ခုတ်လျှင် လှေပျက်စီးသွားနိုင်သည်။ ယခုတွေ့ရသော ငါးမန်းအုပ်စုမှာ စုပ်ငါးမန်းဟုခေါ်သော (တကယ်စုပ်ခြင်း မဟုတ်ပါ) ကိုက်သော ငါးမန်းမျိုး ဖြစ်သည်။

နေ့လည်နေခင်း နေပူဒဏ်ခံစားရသောအချိန်တွင် ကျနော်တို့၏ သခွားသီးမှာ အလွန်အသုံးဝင်ပြီး တန်ဖိုးရှိလှပါသည်။ သခွားသီး စားလိုက်လျှင် ရင်အေးပြီး ရေငတ်ပြေသည်။ နောက်တခုမှာ ကျနော်တို့တွင် ဗီတာမင်ဆေးပြား အတော်များများ ယူလာခဲ့သည်။

ဗီတာမင်ဆေးပြား ၃ ပြားလောက်ကို ရေချိုခွက်ထဲထည့်၊ သကြားကို လိုသလောက်ထည့်ပြီး ရေဖျော်လိုက်လျှင် ချိုချည်သော ဖျော်ရည်တခွက်ရရှိပြီး သောက်၍ အရသာ အလွန်ရှိပါသည်။ နေပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်မှုကိုလည်း ပြေပျောက်စေလေသည်။

ဆက်လက်ဖော်ပြပါမည်။


No comments: