Thursday, June 24, 2010

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အနာဂတ် (၉)

အပိုင်း (၄)

အပိုင်း (၄) မှာတော့ ပြည်ထောင်စုစနစ်နဲ့ တိုင်းရင်းသားအခွင့်အရေးတွေ အကြောင်းကို ဆွေးနွေးထားပါတယ်။ ဦးမောင်မောင်သန်း စီစဉ်ပြီးတော့ ဒေါ်သီတာနွယ်က တင်ဆက်ပေးမှာပါ ခင်ဗျာ။

သောတရှင်များရှင်၊ အခြေခံဥပဒေနဲ့ အနာဂတ်ရေး အစီအစဉ် စတုတ္ထပိုင်းအဖြစ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းမှာပါဝင်တဲ့ ပြည်ထောင်စုစနစ်နဲ့ ဒီအခြေခံဥပဒေဟာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဘယ်လောက် အာမခံမလဲဆိုတဲ့အကြောင်း တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဥပဒေပညာရှင်တွေနဲ့ နိုင်ငံရေးသမားတွေရဲ့အမြင်ကို တင်ပြမှာဖြစ်ပါတယ်။

အခြေခံဥပဒေမူကြမ်း ပုဒ်မ ၈ မှာ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်နှင့် ဖွဲ့စည်း တည်ဆောက်သည်လို့ ဖော်ပြထားပါတယ်။

ဒီတော့ ဘယ်လိုပြည်ထောင်စုအမျိုးအစားကို ဆိုလိုပါသလဲ။ ပြည်ထောင်စု စနစ်ဆိုရင် ဘယ်လိုအင်္ဂါရပ်တွေနဲ့ ညီညွတ်ရသလဲဆိုတာ ၁၉၄၇ လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလ ပင်လုံစာချုပ် လက်မှတ်ရေးထိုးဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းကို ထောက်ခံခဲ့တဲ့ ရှမ်းပြည်လူငယ်ခေါင်းဆောင်၊ ရှမ်းပြည်တိုင်းရင်းသား လူမျိုးစုများ ဒီမိုကရေစီအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးရွှေအုံးက ပြည်ထောင်စုပေါ်ပေါက်ရတဲ့ အခြေခံအကြောင်းရင်းကို အခုလို ရှင်းပြပါတယ်။

“သဘောတူရင် ဘာသဘောတူသလဲဆိုရင် ကျနော်တို့ ပေါင်းမယ်၊ ဒါပေမယ့် ပြည်ထောင်စုပုံစံ ပြောင်းမယ်။ Union ပဲ။ Unitary မဟုတ်ဘူး။ Union က ဘယ်လိုပုံစံမျိုးဖြစ်ရမလဲဆိုရင် နံပါတ် ၁ က နိုင်ငံရေး တန်းတူညီမျှမှုရှိရမယ်။ နံပါတ် ၂ က ပြည်တွင်း လွတ်လပ်ခွင့် ရှိရမယ်။ ၃ က ခွဲထွက်ပိုင်ခွင့် ရှိရမယ်။ ဗိုလ်ချုပ်အောင်ဆန်းက အဲ ပေးမယ်၊ ဒါတွေ ကျနော် အကုန်လုံး သဘောတူတယ်။ ဒါတောင်မှ သူတို့ ချီတုံချတုံဖြစ်နေတာ သိပ်ပြီးတော့ မလုပ်ဘူး။

အဲ့တော့ ကျနော်တို့ ရှမ်းပြည် လူငယ်ခေါင်းဆောင်တွေက ဒီလောက် အခွင့်အရေး၊ ဒီလောက် သဘောတူညီချက် ရဖို့ဆိုတာ မလွယ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်ရှိလို့သာ ဒီလိုဟာမျိုးရတာ။ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်ကလည်း နောက် ပေါ်ချင်မှပေါ်မှာ၊ အဲ့တော့ ဒီလိုအခါမှာတော့ ပေါင်းသင့်ပြီထင်တယ်ပြောတဲ့အခါ နောက်ဆုံးကျတော့ ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်အားကိုးလို့ ပင်လုံစာချုပ်ဖြစ်လာတာ”


ရှမ်းပြည်တိုင်းရင်းသားလူမျိုးစုများ ဒီမိုကရေစီအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးရွှေအုံး

ပြည်ထောင်စုစနစ်ကို သွားမယ်ဆိုရင် တန်းတူရည်တူ အခွင့်အရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရှိဖို့ လိုအပ်ပါတယ်။ ဒီအခွင့်အရေးတွေကို အခြေခံ ဥပဒေသစ်မှာ ထည့်သွင်းထားတယ်လို့ အမျိုးသားညီလာခံကို တောက်လျှောက် တက်ခဲ့တဲ့ မင်္ဂလာဒုံမြို့နယ် အမှတ် ၁ လွှတ်တော်အမတ် ဦးတင်ထွန်းမောင်က ပြောပါတယ်။

“တန်းတူရည်တူ အခွင့်အရေးက အရင်ကတည်းက ပါနေတာပဲလေ၊ ဒါနဲ့ ခုဟာမှာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတွေ ထပ်ပေးထားတယ်။ နောက်တချက်က လူဦးရေရဲ့ ၀.၁ % ဆို အလိုအလျောက် ကိုယ်စားလှယ်တွေရတဲ့ဟာတွေ ပေးထားတယ်ဗျာ၊ အဲဒါတွေက ဘာပဲပြောပြော အရင်တုန်းက မရခဲ့ဘူးသေးတဲ့ဟာတွေ ဖြစ်နေတယ်လေ။

ဒါကြောင့် တိုင်းရင်းသားအခွင့်အရေးတွေနဲ့ ပတ်သက်လို့ကတော့ အခြားတိုင်းရင်းသားတွေ ကိုမထိခိုက်လို့ရှိရင် သူတို့ရဲ့ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ ဘာသာစကား ဒါတွေအကုန်လုံး လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်ဆိုတဲ့ သဘောပါ။ ကျနော်တို့က အကောင်းဘက်က မြင်တဲ့အခါကျတော့ အရင်ကထက်ပိုရလာတယ်လို့ မြင်တယ်လေ”


ဒါပေမယ့် အခုရေးဆွဲထားတဲ့ ပြည်ထောင်စုပုံစံက ဥပဒေရှုဒေါင့်ကကြည့်ရင် လက်ခံနိုင်စရာမရှိဘူးလို့ (BLC) မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးက ထောက်ပြပါတယ်။

“ပြည်ထောင်စုစနစ်လို့ ပြောမယ်ဆိုရင် ပထမတချက်က ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စုဖွဲ့စည်းရာမှာ ပါဝင်တဲ့ ယူနစ်များကြားထဲမှာ အာဏာတွေကို မျှတစွာ ခွဲဝေထားဖို့လိုတယ်။ ဒီအချက်ကို ကျနော်တို့က မတွေ့ရဘဲ ဒါနဲ့ပြောင်းပြန်ပဲ တပြည်ထောင်စနစ်ပုံစံမျိုးလို့ အတိအကျပြောလို့ရတဲ့ တင်းကျပ်တဲ့ ဗဟိုချုပ်ကိုင်မှုကို ကျင့်သုံးတဲ့အုပ်ချုပ်မှုစနစ်ကို ချမှတ်ဆောင်ရွက်ထားတာ ဖြစ်တယ်။

နောက်တခုက ဖွဲ့စည်းရာမှာပါဝင်တဲ့ ယူနစ်တွေနဲ့ တခုနဲ့တခုကြားထဲမှာလည်း တန်းတူရေး အခြေခံကို ဘာတခုမှ အာမခံချက်ပေးထားနိုင်ခြင်း မရှိဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အပါအဝင် တိုင်းရင်းသားဒေသတွေကို ဖွဲ့စည်းမှုအရ ပုံသဏ္ဍာန်အရ ဖွဲ့စည်းပေးထားသော်ငြားလည်းပဲ အဲဒီ တိုင်းရင်းသားဒေသရဲ့ အနှစ်သာရအရ လုပ်ပိုင်ခွင့်အာဏာ ဘာမှမရှိဘူး”

ဦးအောင်ထူးက အနှစ်သာရပိုင်းကို ထောက်ပြသွားပေမယ့် နိုင်ငံတော်ရဲ့ ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေး အာဏာဆိုတဲ့ အာဏာ ၃ ရပ်ကို ပြည်ထောင်စုတိုင်းဒေသကြီးများ၊ ပြည်နယ်များနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများကို ခွဲဝေအပ်နှင်းတယ်လို့ ပုဒ်မ ၁၁ က ဆိုပါတယ်။ ဒီ ခွဲဝေအပ်နှင်းမှုအပေါ် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက အခုလို သုံးသပ်ပြပါတယ်။

“အာဏာ ၃ ရပ်ကို ခွဲဝေပေးတယ်ဆိုတာကို Principle တော့ ကျနော် ဖတ်ရပါတယ်။ ဒါပေမယ့် လက်တွေ့ နောက်ဆက်တွဲ ဇယားကို သေချာကြည့်လို့ရှိရင် ခွဲပေးတဲ့အာဏာတွေဟာ မြူနီစပယ်အခွန်၊ ဈေးခွန်၊ ပွဲခွန်ကောက်ဖို့လောက် အဲဒီလောက် အာဏာတွေမှာ ဖြစ်နေပြီးတော့ အဓိကကျတဲ့ တိုင်းရင်းသားတွေ ပိုင်ဆိုင်တဲ့ သစ်တော၊ ရေမြေတောတောင်၊ သဘာဝ သယံဇာတ စသည်ဖြင့် အဲဒီအရေးတွေ သဘာဝပတ်ဝန်းကျင်အရေးတွေနဲ့ ပတ်သက်ပြီးတော့ ဘာမှမပါတာကို ပြန်တွေ့ရတယ်ဗျ။ အဲဒီဥပဒေပြုဇယားကို သေသေချာချာဖတ်လို့ရှိရင် ဗဟိုက ချုပ်ကိုင်ထားတဲ့ ဇယားပဲဖြစ်နေပြီးတော့ ပြည်နယ်မှာသော်လည်းကောင်း၊ ပြည်နယ်ထက်တဆင့်နိမ့်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ၊ တိုင်းတွေမှာ သော်လည်းကောင်း ဥပဒေပြုအာဏာ ပေးထားတယ်လို့ပြောပေမယ့် သူတို့ရတဲ့အာဏာဟာ Municipal အဆင့်၊ Local အဆင့်မှာပဲ ဖြစ်နေတယ် ဆိုတာကို ကျနော်တို့ တွေ့ရတယ်ခင်ဗျ”

ဆက်လက်ဖော်ပြပါမယ်။


No comments: