Tuesday, June 22, 2010

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အနာဂတ် (၈)

“ဒီ နအဖ ဖွဲ့စည်းပုံဥပဒေအရ တရားရုံးထုံးစနစ်ကို ကျင့်သုံးတဲ့အခါမှာ စစ်ဘက် ဆိုင်ရာတရားရုံးဆိုပြီးတော့ ပေါ်လာတယ်။ အဲဒီတရားရုံးက အရပ်ဘက်ဆိုင်ရာ တရားရုံး တပြည်လုံးမှာ အမြင့်ဆုံးဖြစ်တဲ့ တရားလွှတ်တော်ချုပ်နဲ့ ယှဉ်ပြိုင် ဖြစ်သွားတယ်။

အဲဒီ ယှဉ်ပြိုင်တရားရုံးမှာ ကာကွယ်ရေးဦးစီးချုပ်မှာ အယူခံစီရင်ပိုင်ခွင့်အာဏာ ရှိတယ်ဆိုတဲ့အချက်က အဆိုးဆုံးဖြစ်သွားတယ်လို့ ပြောလို့ရတယ်။ အဲတော့ စစ်တပ်က သီးခြားလွတ်လပ်တဲ့အဖွဲ့ကြီးဖြစ်တဲ့အပြင်ကို တရားစီရင်ပိုင်ခွင့်မှာတောင်မှ လူထုအုပ်ချုပ်ရေးမှာ အမြင့်ဆုံးဖြစ်တဲ့ တရားလွှတ်တော်ချုပ်နဲ့ မဆိုင်တော့ဘူး ဖြစ်သွားတယ်”


ရှေ့နေဦးခင်မောင်ဇော်ကတော့ ဒီအခြေခံဥပဒေမှာ တပ်မတော်သား ၂၅% အရေအတွက် အရယူထားတာထက် အာဏာကို တပ်မတော်က ၉၀% လောက် ချုပ်ကိုင်ထားတဲ့အချက်က ပိုအရေးပါတယ်လို့ ဆိုပါတယ်။

“အများပြောပြောနေကြတဲ့ တပ်မတော်သား ၂၅% ဆိုတဲ့ကိစ္စ။ အခြေခံဥပဒေ မူကြမ်းကို ပြန်ကြည့်လိုက်တဲ့ အခါကျတော့ ၂၅% ဆိုတာက လူဦးရေပဲဗျ။ အဲဒီ ၂၅% လူဦးရေဖြစ်ပေမယ့်လို့ အာဏာရဲ့ ၉၀% က တပ်မတော်ဆီရောက်နေတယ် လို့ အဲဒီလို ခံစားမိတယ်ဗျ”

ဘယ်အချက်တွေကို ထောက်ထားပြီး သူ ဒီလိုပြောတာပါလဲ။

“နိုင်ငံတော်မှာ လုံခြုံရေးကောင်စီဆိုပြီးတော့ ထားတယ်ဗျ၊ အဲဒီလုံခြုံရေး ကောင်စီက သူ့ရဲ့အာဏာက တော်တော်ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကြီးကြီးမားမား ရှိတယ်။ လုံခြုံရေးကောင်စီက နိုင်ငံတော်သမ္မတ ကိုသည်ပင်လျှင် ပြန်ပြီးတော့ချုပ်ကိုင်တဲ့ ကိစ္စမျိုးတွေရှိတယ်။ ပုဒ်မ ၂၀၄ မှာဆိုလို့ရှိရင် နိုင်ငံတော်သမ္မတသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်။ တနည်းဆိုရင် Amnisty ပေးလို့ရတယ်ပေါ့ဗျာ။

ဒါပေမယ့် (ခ) မှာ ဆက်ပြီးတော့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်လို့ ဒီလိုမျိုး ပြောတယ်။ ပုဒ်မ ၂၀၆ မှာလည်း နိုင်ငံတော်သမ္မတဟာ အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းလျက် နိုင်ငံခြား တိုင်းပြည်တခုခုနှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်နိုင်သည်လို့ သူက လာတယ်ဗျ။ အဲတော့ သူ့ရဲ့အခန်းကဏ္ဍက တော်တော်ကို ကြီးမားနေတာကိုး။ အဲတော့ လူဦးရေက ၂၅% ဆိုပေမယ့် လုပ်ပိုင်ခွင့်အာဏာ ၉၀% က တပ်မတော်ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ရောက်နေတယ်လို့ ယူဆတာပေါ့ဗျာ”


ဦးခင်မောင်ဇော်ပြောသလိုပဲ ဒီအခြေခံဥပဒေက အခွင့်အာဏာပေးအပ်ထားတဲ့ အထဲမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါတာကို တွေ့ရပါတယ်။

ဘယ်လောက်တောင်အရေးပါသလဲဆိုရင် သမ္မတ က အရေးပေါ်အခြေအနေ ကြေညာမယ်ဆိုရင်လည်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီးမှသာ ဆောင်ရွက်နိုင်ပါတယ်။ အလွန်အရေးကြီးတဲ့ ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်ထားရာမှာလည်း သမ္မတမှာ အမှန်တကယ် အာဏာ မရှိဘူးလို့ ဆိုရမှာပါ။ ကာကွယ်ရေးဦးစီးချုပ်အသစ်ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အဆိုပြုမှာဖြစ်သလို အဲဒီအဖွဲ့ရဲ့ထောက်ခံမှုလည်းလိုအပ်တယ် ဆိုတော့ နိုင်ငံတော်သမ္မတ က လက်မှတ်ထိုးရရုံသာ အခွင့်အာဏာ ရှိပါတယ်။ အဲဒီအချက်တွေကို ပုဒ်မ ၄၁၀၊ ပုဒ်မ ၄၁၇ နဲ့ ပုဒ်မ ၃၄၂ တွေမှာ ပြဋ္ဌာန်းထားတာပါ။

ဒါထက်ပိုပြီး အရေးပါတာကတော့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီဟာ အရေးပေါ်အခြေအနေကြေညာပြီး တပ်မတော်ကို အာဏာသိမ်းခွင့်ပေးနိုင်ပြီး တပ်မတော် အာဏာသိမ်းထားစဉ်ကာလမှာလည်း ပုဒ်မ ၄၂၇ အရ အာဏာသုံးရပ် ကျင့်သုံးခွင့်ရှိပါတယ်။ အဲဒီလိုအခွင့်အာဏာထူးတွေ ရယူထားတဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဆိုတာ ဘယ်လို အဖွဲ့အစည်းမျိုးပါလဲ။ ရှေ့နေဦးအောင်ထူးရဲ့ သုံးသပ်ချက်က …

“အဓိကအားဖြင့် အံ့သြစရာကောင်းတာကတော့ ကမ္ဘာမှာ ဘယ်ဖွဲ့စည်းပုံမှာမှ မတွေ့ရတဲ့ ပြဋ္ဌာန်းချက်မျိုးနဲ့ တိုင်းပြည်မှာ အာဏာကြီး ၃ ရပ်ရှိတဲ့အနက်က အုပ်ချုပ်ရေးအာဏာ အခန်းကဏ္ဍမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကို ခမ်းခမ်းနားနား ဖော်ပြထားတာဖြစ်တယ်။

အဲဒီထဲမှာ အဖွဲ့ဝင် ၁၁ ယောက်ရှိတဲ့အနက်က ၆ ယောက်က လက်ရှိတပ်မတော်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ စစ်ဗိုလ်ချုပ်တွေဖြစ်တယ်။
အဲတော့ ကျန်တဲ့ ၅ ယောက်ကလည်းပဲ တပ်ကထွက်သွားတဲ့ပုဂ္ဂိုလ်တွေ ဖြစ်သွားနိုင်တယ်။ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာ ဘယ်အချိန်မှာဆိုဆို အစည်းအဝေး လုပ်လုပ် ကာကွယ်ရေးဦးစီးချုပ် ခေါင်းဆောင်တဲ့ စစ်ခေါင်းဆောင် ၆ ယောက်က သာလျှင် အများစုဖြစ်ပြီးတော့ အမြဲတမ်း အနိုင်ရပြီးတော့ တတိုင်းပြည်လုံးကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကတဆင့် ကြီးကြပ်ကွပ်ကဲသွားမယ့် သဘောရှိတာကို တွေ့ရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေရှိတဲ့ ကာလအတော်အတွင်းမှာဖြစ်စေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အလုပ်မလုပ်နိုင်တော့တဲ့ ကာလအတော်အတွင်းမှာဖြစ်စေ ဘယ်အခြေအနေ အောက်မှာမဆို အာဏာကြီး ၃ ရပ်ကို အဓိကချုပ်ကိုင်ပြီးတော့ လွှမ်းမိုးအုပ်ချုပ်သွားမယ့် အာဏာသိမ်း စစ်ကောင်စီသဖွယ် တောက်လျှောက် ရပ်တည်သွားလိမ့်မယ်လို့ ကျနော်တို့ တင်ပြလိုပါတယ်”


ဦးအောင်ထူးက အခြေခံဥပဒေမှာဖော်ပြထားတဲ့ ကာကွယ်ရေးနဲ့လုံခြုံရေး ကောင်စီရဲ့ အလားအလာကို ဝေဖန်ဆန်းစစ်သွားတာ ဖြစ်ပါတယ်။

သောတရှင်များရှင်၊ ပြီးခဲ့တဲ့အပတ်တုန်းက ကျမတို့လေ့လာသုံးသပ်ခဲ့ကြတဲ့ အပိုင်း ၂ နဲ့ အခု အပိုင်း ၃ ရှေ့ပိုင်းက လေ့လာချက်တွေကိုကြည့်ရင် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီတို့ဟာ ဒီအခြေခံဥပဒေရဲ့ လွဲအပ်ချက်အရ အုပ်ချုပ်ရေးအာဏာအရှိဆုံး လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။

အခြေခံဥပဒေက ဒီလိုအာဏာပေးအပ်ထားတဲ့အတွက် အကယ်၍ ဒီအခြေခံ ဥပဒေသာ အတည်ပြုနိုင်ခဲ့ရင် တိုင်းပြည်ရဲ့အနာဂတ်ဟာ ဘယ်လိုဖြစ်လာနိုင်ပါ သလဲ။ တကယ်လို့ စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ သမ္မတ ဟာလည်း စစ်တပ်ကပုဂ္ဂိုလ်ဖြစ်နေရင် တိုင်းပြည်ရဲ့အနာဂတ်ဟာ ဘယ်လိုဖြစ်လာနိုင်ပါသလဲ။ ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းရဲ့ သုံးသပ်ချက်ကတော့ …

“ဒီဟာကတော့ တပ်မတော်က ကြိုးကိုင်နေတဲ့အဖွဲ့ကြီးဖြစ်နေလို့ တပ်မတော်က အခြေခံဥပဒေအရ အာဏာသိမ်းထားတဲ့သဘောလို့ပဲ သက်ရောက်တယ်လို့ ဒီလိုပဲ ယူဆပါတယ်။ အမှန်ကတော့ တပ်မတော်က ထာဝရ အခြေခံဥပဒေအရ အုပ်ချုပ်နေတဲ့ နိုင်ငံဖြစ်သွားအောင် လုပ်နေတယ်လို့ ဒီလိုပဲ မြင်တယ်။ အခြေခံ ဥပဒေမရှိဘဲနဲ့ ဒီအတိုင်း စစ်အုပ်ချုပ်ရေးဆိုပြီး ပြောင်ပြောင် အုပ်ချုပ်တာကမှ ဒါစစ်အုပ်ချုပ်ရေးပဲဆိုပြီးတော့ ခံသာသေးတယ်။ ဟိုကျတဲ့အခါကျတော့ ဒါ အခြေခံ ဥပဒေကြီးနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတယ်ဆိုတဲ့ သဘောမျိုး ပြောလို့ရအောင်လုပ်တဲ့ဟာလို့ ဒီလိုပဲ မြင်တယ်”

အချုပ်အားဖြင့်ဆိုရရင်တော့ ဒီအခြေခံဥပဒေဟာ ပုဒ်မ ၆ (စ) မှာဖော်ပြထားသလို နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို တပ်မတော်က အပြည့်အဝရယူထားတဲ့ အခြေခံဥပဒေလို့သာ ဆိုရမှာဖြစ်ပါတယ်ရှင်။

နောက်တပတ် အပိုင်း ၄ မှာတော့ နိုင်ငံတော်ရဲ့အနာဂတ်အရေးမှာ အလွန် အရေးပါတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်နဲ့ တာဝန် ဝတ္တရားတွေကို လေ့လာသုံးသပ်သွားမှာမို့ စောင့်မျှော်နားဆင်ကြပါရှင်။

ဆက်လက်ဖော်ပြပါမယ်။


No comments: