Monday, June 28, 2010

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အနာဂတ် (၁၀)

နောက်တခါ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံကို ကြည့်မယ်ဆိုရင်တော့ ပုဒ်မ ၄၉ မှာ တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခုနဲ့ ပြည်ထောင်စုနယ်မြေများဆိုပြီး ပိုင်းခြားသတ်မှတ်ထားပါတယ်။ ပုဒ်မ ၅၆ ထဲမှာလည်း နာဂကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ၊ ဓနု၊ ပအို့ဝ်၊ ပလောင်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေအပြင် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွေကို အသစ်ပြဋ္ဌာန်းထားတဲ့အတွက် ဒါဟာ တခြားဖွဲ့စည်းပုံနဲ့မတူတဲ့ ထူးခြားချက်လို့ ပြောနိုင်မလား။

“တဖက်က ကြည့်ရင်တော့ နာမည်အရပေါ့လေ၊ ဖွဲ့စည်းပုံထဲမှာ ဒီလို စုဖွဲ့မှုအသစ်တွေ ဖော်ထုတ်ပေးတယ် ဆိုတာကတော့ အခြားဖွဲ့စည်းပုံနဲ့ မတူဘူးပေါ့၊ ထူးခြားချက်လို့တော့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒီ ထူးခြားချက်အောက်မှာ အသေးစိတ် ပြန်ကြည့်လို့ရှိရင် ဒီ အသစ်ထည့်ပေးထားတဲ့ဟာက နာမည်ပဲဖြစ်ပြီးတော့ အဲဒီဒေသမှာ တကယ့်လုပ်ပိုင်ခွင့်ကို ပြန်ကြည့်လို့ရှိရင် များများမတွေ့ရဘူးခင်ဗျ။

ဥပမာဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဆိုတာက ဝ ကို ပြောတာ။ ကျန်တဲ့ ဓနု၊ ပအို့ဝ်၊ ပလောင်၊ ကိုးကန့်နဲ့ နာဂကိုတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပြီးတော့ တိုင်းနဲ့ဒေသဆိုပြီးတော့ ထပ်ပြီးတော့ ခွဲလိုက်သေးတယ်။

သို့သော်လည်းပဲ တိုင်းမှာဖြစ်ဖြစ် ဒေသမှာဖြစ်ဖြစ် ဦးစီးအဖွဲ့တွေ ဖွဲ့ရတယ်။ ဦးစီးအဖွဲ့တွေ ဖွဲ့မယ်ဆိုရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စေလွှတ်တဲ့ တပ်မတော်သား ၄ ဦးက အဲဒီဦးစီးအဖွဲ့မှာ မဖြစ်မနေ ပါရမယ်။


နောက်တချက်က အဲဒီဦးစီးအဖွဲ့ဥက္ကဋ္ဌတွေကို အဲဒီ တိုင်းတို့၊ ဒေသတို့က ကိုယ်ဘာသာရွေးပြီး ကိုယ့်ဘာသာ ခန့်လို့ မရဘူး။ ဘယ်လောက်ပဲ ကြိုက်ကြိုက် ဒီလူကို ပြည်နယ်လွှတ်တော်ကနေတဆင့် သမ္မတကနေ ခန့်ရမယ်လို့ ပြောထားတယ်။

ဆိုတဲ့အခါကျတော့ သမ္မတနဲ့ ဆန့်ကျင်ကွဲလွဲတဲ့သူ၊ သမ္မတနဲ့မကြိုက်တဲ့သူဆိုရင် အဲဒီ တိုင်း၊ ဒေသတွေက လုံးဝ ခန့်ခွင့်မရှိတော့ဘူး။ ဒါကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဆိုတဲ့ဟာက သက်ဆိုင်ရာ ဗဟိုကချပေးတဲ့ ဥပဒေတွေအောက်မှာ စီမံခန့်ခွဲတဲ့လုပ်ငန်းပဲ ဖြစ်မယ်ဗျ”


ပအို့ဝ်တိုင်းရင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ဗိုလ်မှူးခွန်ဥက္ကာရဲ့အမြင်ဖြစ်ပါတယ်။ တခါ ၁၉၄၇ ခုနှစ်ကနေ မျက်မှောက်ခေတ်အထိ နိုင်ငံရေးလှုပ်ရှားမှုမှာ တောက်လျှောက်ပါဝင်ခဲ့တဲ့ ဦးရွှေအုံးကလည်း အခုလို နှိုင်းယှဉ်ပြပါတယ်။

“အဲတော့ ၇၄ ခုနှစ်ဟာကျတော့ အချုပ်အခြာအာဏာပိုင်တဲ့ ပြည်နယ် ၇ ခုနဲ့ အချုပ်အခြာအာဏာ လုံးဝမရှိတဲ့ တိုင်း ၇ ခုတို့ တတန်းတည်းထားသော်လည်းပဲ ဒါဟာ ပြည်ထောင်စု ဘယ်လိုမှမဟုတ်တော့ဘူး၊ ကျနော်တို့ခေါ်တော့ တိုင်းနဲ့ပြည်နယ်တွေပဲ ခေါ်တယ်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကျတော့ အဲဒီ ၇၄ ခုနှစ်က အခြေခံဥပဒေကိုပဲ လိုက်တာပဲ အမှန်ကတော့။

တိုင်းနဲ့ပြည်နယ်မဟုတ်ဘဲနဲ့ တိုင်းကို တိုင်းဒေသကြီးတို့ ဘာတို့ နာမည်လေးပြောင်းလိုက်တာ။ မျက်လှည့်ပြတာပေါ့။ ပြောင်းလိုက်ပြီးတော့လုပ်တာ အမှန်ကတော့ မူအားဖြင့်တော့ တိုင်းနဲ့ပြည်နယ်ပဲ အမှန်ကတော့။
တိုင်းနဲ့ပြည်နယ်လုပ်လာခြင်းအားဖြင့် ဘာဖြစ်လာလဲဆိုတော့ ၇၄ ခုနှစ်အတိုင်း ပြန်ဖြစ်လာတာပဲ။

ပိုပြီးတော့ ထူးလာတာက ဘာလဲဆိုတော့ ၇၄ ခုနှစ်တုန်းက တိုင်းနဲ့ပြည်နယ်ဖြစ်ပေမယ့် တပါတီ အာဏာရှင်စနစ်ပဲ။ စစ်အာဏာရှင် မဟုတ်ဘူး။ အခုကျတော့မှ ပါတီစုံလို့ ပြောတယ်။ ပါတီစုံထဲမှာမှ စစ်တပ်က ဟိုက ယူလိုက်၊ ဒီက ယူလိုက် ၂၅ % ယူနဲ့ အမျိုးမျိုးလှည့်ယူလိုက်တော့ နောက်ဆုံးကျတော့ စစ်တပ်က အုပ်ချုပ်မှုပဲ အမှန်ကတော့။


အဲတော့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေက ဘာဖြစ်လာမလဲဆိုလို့ရှိရင် ဒီမိုကရေစီနိုင်ငံတော်မဟုတ်ဘဲနဲ့ စစ်တပ်က အုပ်ချုပ်တဲ့ စစ်နိုင်ငံ ဖြစ်သွားပြီ။ အခြေအနေက တဖြည်းဖြည်းနဲ့ ဆိုးဆိုး ဆိုးဆိုးလာတာ အမှန်ကတော့။

ကျနော်တို့က ၄၇ ခုနှစ်တုန်းကနဲ့စာရင် ၇၄ ခုနှစ် နည်းနည်း ဆိုးတယ်၊ ၇၄ ခုနှစ်နဲ့စာရင် အခု ၂၀၀၈ ခုနှစ်က ပိုပြီးတော့ ဆိုးလာတယ်။ ကျနော်တို့က ပြန်လမ်းမရှိသလို ဖြစ်သွားတယ် အမှန်က”


ဝါရင့်နိုင်ငံရေးသမား ဦးရွှေအုံးက ခေတ်အဆက်ဆက် အခြေခံဥပဒေတွေကို ဝေဖန်သုံးသပ်ပြသွားတာ ဖြစ်ပါတယ်။

တိုင်းရင်းသားတွေရဲ့အခွင့်အရေးကို ဖော်ဆောင်တယ်လို့ပြောလို့ရမယ့် အချက်တွေထဲမှာတော့ လွှတ်တော် ၂ ရပ်အနက် ပြည်သူ့လွှတ်တော်ကို မြို့နယ်နဲ့လူဦးရေကို အခြေခံပြီးဖွဲ့စည်းခဲ့သလို အမျိုးသားလွှတ်တော်မှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခုစီက ကိုယ်စားလှယ်တဦးစီပါဝင်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တခုစီ အတွက် ကိုယ်စားလှယ် ၁၂ ဦးကျစီ တူညီစွာရွေးကောက်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦးကို တင်မြှောက်ခွင့် ပြုထားပါတယ်။

ဒီအပေါ်မှာတော့ တိုင်းရင်းသားလူမျိုးများကောင်စီ အတွင်းရေးမှူး ဒေါက်တာ ဆလိုင်းလျှံမှုန်းက အမျိုးသားလွှတ်တော်ရဲ့အခန်းကဏ္ဍကို ရှင်းပြထားပါတယ်။

“ပြည်နယ်နယ်နမိတ်ကို ပြင်ဆင်တဲ့နေရာမှာ အမျိုးသားလွှတ်တော်က ဘာအခွင့်အရေးမှမရှိဘဲနဲ့ ပြည်ထောင်စု လွှတ်တော်ကသာ ပြင်ဆင်ပိုင်ခွင့်ရှိတယ်။ ဆိုတော့ ပြည်ထောင်စုလွှတ်တော်ဆိုတာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ပေါင်းပြီးမှ ဖွဲ့စည်းထားတဲ့ လွှတ်တော်ဖြစ်တယ်။ အမျိုးသားလွှတ်တော်မှာရော ပြည်ထောင်စု လွှတ်တော်မှာရော အများစုက ပြောရရင် ဗမာတွေကများနေတဲ့အတွက် တိုင်းရင်းသားတွေအနေနဲ့ သူတို့ပြည်နယ် နယ်နမိတ်ကို ကာကွယ်ပိုင်ခွင့်မရှိပါဘူး။

ဥပမာအနေနဲ့ပြောလိုက်လို့ရှိရင် ချင်းပြည်နယ်ကို ၃ ပိုင်း ပိုင်းမယ်၊ တပိုင်းကို မကွေးတိုင်းထဲမှာ ထည့်မယ်၊ တပိုင်းကို စစ်ကိုင်းတိုင်းထဲမှာ ထည့်ပြီးတော့ ကျန်တဲ့အပိုင်းသေးသေးလေးကို ချင်းပြည်နယ်အဖြစ် ချန်ထားမယ် ဆိုပြီးတော့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတရပ် တင်သွင်းလို့ရှိရင် ချင်းပြည်နယ် စကားပြောပြီးတော့ အမျိုးသားလွှတ်တော်မှာထိုင်နေတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေက ချင်းပြည်နယ်ရဲ့ အခွင့်အရေးကို ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။

ဘာဖြစ်လို့လည်းဆိုတော့ သူတို့မဲက အင်မတန်မှ နည်းပါးသွားပြီ ဖြစ်တယ်။ ကျနော်ပြောချင်တာက အမျိုးသား လွှတ်တော်ကနေပြီးတော့ ပြည်နယ်အခွင့်အရေးကို ကာကွယ်နိုင်တဲ့ အခွင့်အရေးဆိုတာ လုံးဝ မရှိဘူးဆိုတာ သွားတွေ့ရပါတယ်”


ဆက်လက်ဖော်ပြပါမယ်။


No comments: