Sunday, June 20, 2010

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အနာဂတ် (၇)

နောက်တခါ သမ္မတနဲ့ ဒုတိယသမ္မတ ရွေးချယ်ခွင့်အပိုင်းကို ကြည့်ကြရအောင်ပါ။

ပထမ အဆင့်အနေနဲ့ ဒုတိယ သမ္မတ ၃ ယောက်ကို ရွေးချယ်ရမှာဖြစ်ပြီး ဒုတိယ အဆင့်အနေနဲ့ ဒုတိယ သမ္မတ ၃ ယောက်ထဲကနေမှ သမ္မတကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့မဲနဲ့ ထပ်ရွေးရမှာ ဖြစ်ပါတယ်။

ဒီအပိုင်းမှာတော့ တပ်မတော်သား ကိုယ်စားလှယ်တွေဟာ ပြည်ထောင်စု လွှတ်တော်ထဲမှာ အရေအတွက် ၄ ပုံ ၁ ပုံသာရှိပေမယ့် အခွင့်အရေးကိုတော့ ၄ ပုံ ၁ ပုံထက် ပိုယူထားပါတယ်။ ၃ ပုံ ၁ ပုံ ဒါမှမဟုတ် ၃၃.၃ % အထိ ရယူထားတယ်လို့ ဆိုရပါမယ်။

ဘာကြောင့်လည်းဆိုတော့ ပြည်သူ့ကိုယ်စားလှယ်တွေက ဒုတိယသမ္မတ ၃ ယောက်အနက် ဒုတိယ သမ္မတ ၂ ယောက်ကိုသာ ရွေးချယ်ခွင့်ရပြီး ကျန် ဒုတိယ သမ္မတ တယောက်ကိုတော့ တပ်မတော်သား ကိုယ်စားလှယ်တွေက ရွေးချယ်ခွင့်ရမှာ ဖြစ်လို့ပါပဲ။

အဲဒီ တပ်မတော် သားကိုယ်စားလှယ်တွေအားလုံးဟာ ကာကွယ်ရေးဦးစီးချုပ် တဦးတည်း ဆုံးဖြတ်ရွေးချယ်ထားတဲ့သူတွေဖြစ်တဲ့အတွက် ဒုတိယ သမ္မတ တဦးကို ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ခွင့်ရတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ ဒီတော့ ကာကွယ်ရေး ဦးစီးချုပ်ကို အခုလို အခွင့်အရေးတွေ ပေးထားတာဟာ တရားမျှတမှုအခြေခံကို ဖောက်ဖျက်ရာ မကျပေဘူးလား။ ဦးတင်ထွန်းမောင်ကို မေးကြည့်တော့ …

“တပ်မတော်ကို ကျနော်တို့က အမျိုးသားနိုင်ငံရေး အင်အားစုအနေနဲ့ မြင်တယ်။ လက်ရှိ ပကတိ အခြေအနေကလည်း လိုအပ်တယ်လို့ ယူဆလို့ ကျနော်တို့ လက်ခံထားတာပါ။ ဟို ၂၅ % တို့၊ ၃ ပုံ ၁ ပုံတို့၊ ၅၀ % တို့ ဒါတွေက ပြဿနာ မဟုတ်ပါဘူး။ တကယ်အလုပ်လုပ်လို့ ဖြစ်မလား၊ အလုပ်ဖြစ်မယ့် တိုင်းပြည်အတွက် ကောင်းမလား ဒါပဲ စဉ်းစားတာလေ”

ဦးတင်ထွန်းမောင် ပြောပြသွားတာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတကို ရွေးချယ်ရာမှာတော့ စောစောက ပြောခဲ့သလို ရွေးချယ်ထားကြတဲ့ ဒုတိယ သမ္မတ ၃ ယောက်ထဲကနေ ထပ်မံရွေးချယ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတရဲ့ အရည်အချင်းသတ်မှတ်ချက်ထဲမှာ စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ အချက်ပါပါတယ်။ စစ်ရေးအမြင်ရှိရမယ်ဆိုတာ ဘာကိုဆိုလိုပါသလဲ။ စစ်မှုထမ်းဖူးသူ ဒါမှမဟုတ် လက်ရှိ စစ်မှုထမ်းနေသူဖြစ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါလား။

စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို တပ်မတော်သားဟောင်းတဦးဖြစ်တဲ့ အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး အေးမြင့်က ဘယ်လိုနားလည်ပါသလဲ။

“စဉ်းစားကြည့်ဗျာ၊ စစ်ဦးစီးချုပ် ဒါမှမဟုတ် တပ်မတော်အရာရှိ ဒါမှမဟုတ်ရင်လည်း စစ်ရေးကိုပဲ တတ်ကျွမ်းနားလည်တဲ့သူသာလျှင် သမ္မတ ဖြစ်ရမယ်ဆိုတော့ ရှင်းနေတာပဲဗျာ။ အရပ်သားတယောက်က စစ်ရေးမှာ ဘယ်လိုလုပ်ပြီးတော့ အခြေအနေတွေကို သူက ပိုင်ပိုင်နိုင်နိုင် တွေးနိုင်ပါ့မလဲ။ စစ်ဗိုလ်ကလွဲရင် သမ္မတ ဘယ်သူမှမဖြစ်အောင်ရေးထားတဲ့ ဖွဲ့စည်းပုံ ဗျ”

ဒုတိယ ဗိုလ်မှူးကြီး အေးမြင့်ပါ။ ကာကွယ်ရေးဦးစီးချုပ်ရဲ့အလွန်အရေးကြီးတဲ့ နောက်ထပ် အခန်းကဏ္ဍ တရပ်ကိုလည်း ဒီအခြေခံဥပဒေထဲမှာ ထပ်တွေ့ရပါသေးတယ်။

ကာကွယ်ရေးဌာန၊ ပြည်ထဲရေးဌာန၊ နယ်စပ်ရေးရာဌာနတွေရဲ့ ဝန်ကြီးနဲ့ ဒု ဝန်ကြီးတွေကို တပ်မတော်သားတွေထဲကပဲ ခန့်ရမယ်။ ခန့်တဲ့အခါမှာလည်း ကာကွယ်ရေးဦးစီးချုပ် အမည်စာရင်းပေးတဲ့ သူကိုသာ ခန့်ထားရမယ်လို့ ပုဒ်မ ၂၃၂ (ခ) ၂ မှာ ဆိုထားပါတယ်။

ရာထူးတာဝန်ကနေရပ်စဲရေးနဲ့ ပတ်သက်တဲ့အပိုင်းမှာလည်း တခြားဝန်ကြီးတွေ ကိုတော့ သမ္မတလက် ဝကွက်အပ်ထားပါတယ်။ သမ္မတ က ဖြုတ်လိုဖြုတ်၊ ထုတ်လိုထုတ် နိုင်ပါတယ်။ ဒါပေမယ့် စောစောက စစ်သားဝန်ကြီးတွေကိုတော့ သမ္မတက ဘာမှလုပ်ခွင့်မရှိပါဘူး။

စစ်သားဝန်ကြီးတွေကို ဖြုတ်ဖို့လိုရင် ပုဒ်မ ၂၃၅ (ဂ) ၂ အရ ကာကွယ်ရေး ဦးစီးချုပ်ကို ညှိနှိုင်း အသိပေးရပါမယ်။ ဒီတော့ ဒီအချက်နဲ့တကွ ရှေ့ပိုင်းမှာ ကာကွယ်ရေးဦးစီးချုပ်ရယူထားတဲ့ အခွင့်အရေးတွေအပေါ် ပြည်ပ အခြေစိုက် မြန်မာနိုင်ငံရှေ့နေများကောင်စီ BLC ရဲ့အတွင်းရေးမှူး ဦးအောင်ထူးကရော ဘယ်လိုမြင်ပါသလဲ။ ကာကွယ်ရေးဦးစီးချုပ်ကိုပေးထားတဲ့ အခွင့်အရေးတွေဟာ အလွန်အကျွံ ဖြစ်နေပါသလား။

“ချုပ်ပြောလို့ရှိရင်တော့ ဥပဒေပြုရေးမှာရော၊ အုပ်ချုပ်ရေးမှာရော ကာကွယ်ရေး ဦးစီးချုပ်က ရာခိုင်နှုန်းအများစု တိုင်းပြည်မှာ ဝင်ရောက်စွက်ဖက်ချယ်လှယ်ခွင့် ရှိသွားတယ်လို့ ပြောလို့ရတယ်။ ဒီထက်ပိုပြီးတော့ တိုင်းပြည်အတွက် အနုတ်လက္ခဏာဆောင်တဲ့ အချက်တွေကတော့ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးဟာ တပ်မတော်ရဲ့ ကြီးကြပ်ကွပ်ကဲမှု အောက်မှာရှိရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်အရ ကာကွယ်ရေးဦးစီးချုပ်က တတိုင်းပြည်လုံးမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးရဲ့ ထိပ်ဆုံးဖြစ်သွားတယ်။

ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင် ပြည်သူ့ရဲတပ်ဖွဲ့တွေ၊ လုံခြုံမှုထိမ်းသိမ်းရေး တပ်ရင်းတွေ၊ ထောက်လှမ်းရေးတပ်ဖွဲ့တွေက အရပ်သား အစိုးရရဲ့ တိုက်ရိုက်ကြီးကြပ်ကွပ်ကဲမှုအောက်မှာ ရှိရပါတယ်။ ဒါ စစ်တပ်နဲ့ မဆိုင်ဘူး။ စစ်တပ်က တပ်မတော်ရှိမယ်၊ စစ်မြေပြင်ထောက်လှမ်းရေး ရှိမယ်၊ ဒါကိုပဲ ကြီးကြပ်ကွပ်ကဲသွားရတာ ဖြစ်တယ်။ အခုတော့ အဲဒါနဲ့ ပြောင်းပြန်ဖြစ်သွားပြီ။ တပြည်လုံးမှာရှိတဲ့ လူထုအစိုးရက တိုက်ရိုက် ကြီးကြပ်သွားရမယ့် လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးဟာလည်းပဲ ကာကွယ်ရေးဦးစီးချုပ်လက်ထဲကို ရောက်သွားတယ်။

ဒီလို အချက်အလက်တွေအရ ကြည့်တဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လူတယောက် နှစ်ယောက် လက်ထဲမှာသာ အာဏာရှင်စနစ်ကို ကျင့်သုံးသွားမယ့် အနေအထားမျိုးကို ရောက်သွားအောင် ကာကွယ်ရေးဦးစီးချုပ်ကို အင်မတန် ကြီးမားတဲ့အာဏာတွေ ပေးထားတယ်လို့ ပြောလို့ရတယ်”

ဦးအောင်ထူးဖြစ်ပါတယ်။

ဒီအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ တပ်မတော်ရဲ့ အရေးကိစ္စတွေမှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေက ဘာမှဆောင်ရွက်ခွင့် မရှိတာကိုလည်း တွေ့ရပါတယ်။ တပ်မတော်ဟာ တပ်နဲ့ပတ်သက်တဲ့ကိစ္စ အားလုံးကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ရှိတယ်လို့ ဆိုထားပါတယ်။

ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေကို ဖြစ်စေ၊ တပ်မတော်ဆိုင်ရာကိစ္စတွေကို ဖြစ်စေ ဆွေးနွေးဖို့လိုအပ်ရင် ပြည်သူတွေ ရွေးကောက်ထားတဲ့ ကိုယ်စားလှယ် ၇၅% က ဘာမှဆောင်ရွက်ခွင့်မရှိဘဲ ကာကွယ်ရေးဦးစီးချုပ် တဦးတည်းကရွေးတဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅% ကသာ ကော်မတီဖွဲ့ ဆောင်ရွက်ရမယ် လို့ ပုဒ်မ ၁၁၅ (ခ)နဲ့ ၁၄၇ (ခ)တို့က အတိအလင်း ဖော်ပြရေးသားထားပါတယ်။

အကယ်၍ အရပ်သားကိုယ်စားလှယ်ပါဖို့ လိုရင်တောင်မှ တပ်မတော်သားချည်း ပါတဲ့ ကော်မတီကသာ သူတို့ကြိုက်နှစ်သက်တဲ့ အရပ်သား ကိုယ်စားလှယ်ကို ရွေးချယ်ခန့်ထားရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တပ်နဲ့ဆိုင်တဲ့ တရားစီရင်မှုတွေနဲ့ပတ်သက်ပြီး စစ်ဆေးဖို့ကိုလည်း စစ်ဘက်ဆိုင်ရာ သီးခြားခုံရုံးတွေနဲ့ ဖွဲ့စည်းထားပြီး ပြည်ထောင်စု ဗဟိုတရားရုံးချုပ်က ဘာမှ စွက်ဖက်ခွင့် မရှိပါဘူး။

ကာကွယ်ရေးဦးစီးချုပ်ရဲ့အဆုံးအဖြတ်ဟာ အပြီးအပြတ်ဖြစ်ရမယ်လို့ ဆိုထားပါတယ်။ ဒီအခြေအနေတွေကြောင့် စစ်တပ်ဟာ တရားလွှတ်တော်ချုပ်ရဲ့ ထိန်းချုပ်မှုကနေလွတ်သွားတယ်လို့ ဦးအောင်ထူးက ဆိုပါတယ်။ စစ်တပ်ဟာ ဥပဒေရဲ့အထိန်းအကွပ်၊ ပြည်ထောင်စုလွှတ်တော်ရဲ့ အထိန်းအကွပ်တွေကနေ သီးခြား ကင်းလွတ်တဲ့အဖွဲ့ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဆက်လက်ဖော်ပြပါမယ်။


No comments: