Saturday, January 30, 2010

ဟီးရိုးမှ ဇီးရိုးသို့

ကျုပ်တို့ ဗမာတောသားတွေအတွက်တော့ အပေါင်းဖော်တွေနဲ့ မိုးဦးကျမှာ ဖားရိုက် ထွက်ရတာ ဘဝအရသာတခုပဲ၊ အဆိုတော် ကိုထွန်းရွှေက “တအားရိုက်မလေ ဖားမိုက်တွေ အရီးတုတ်ရဲ့တဲနဘေးမှာ ချက်ပြုတ်စားကာ ဆိုကြကကြ ပျော်သလိုနေနိုင်ကြပေ” လို့ စပ်ဆိုခဲ့တာ အတော်အောင်မြင်ခဲ့တာပဲ၊ အခုထိလည်း မရိုးနိုင်သေးဘူး။

ဖားရိုက်တယ်ဆိုလို့ သိပ်တော့လွယ်တယ် မထင်နဲ့၊ သူ့မှာလည်း ပညာနဲ့သတိ ရှိဖို့လိုတယ်။ ပေါ့ပေါ့သွားလုပ်ရင် ကောက်ကွေးသွားမယ်။ ဖားတွေရဲ့သဘာဝနဲ့ အထာကို သိဖို့ လိုတယ်။ ပြီးတော့ ဖားတွေကိုကြိုက်တတ်တဲ့ မြွေတွေရဲ့ အန္တရာယ်ကိုလည်း သတိရှိဖို့ လိုတယ်။ ဒါကြောင့်လည်း မိုးဦးကျဆိုရင် မြွေကိုက်ခံရတဲ့ ဖားရိုက်သမားတွေ နည်းမှ မနည်းပဲ။

ဖားတွေရဲ့သဘာဝက တော်လှန်ရေးတံဆိပ်ကပ်ထားတဲ့ ဆူလွယ်နပ်လွယ် လုပ်စားတွေနဲ့တူတယ်ဆိုရင် မှားမယ် မထင်ဘူး။ သိတဲ့အတိုင်း ဖားဆိုတာက ရေနေကုန်းနေ သတ္တဝါ မှန်ပေမယ့် ရေမရှိရင် မနေနိုင်ဘူး၊ မရှင်သန်နိုင်ဘူး၊ ရေသိပ်ကြိုက်တယ်ပေါ့။ ဒီတော့ သဘာဝတရားက သူ့ကို မျက်နှာသာပေး ဗီဇသတ္တိတခု ပေးထားတယ်။ ရေရှိတဲ့နေရာကို သိတယ်၊ ရေခန်းတော့မှာကို သိတယ်၊ ဘယ်နေရာမှာ ဘယ်ချိန်မှာ မိုးရွာမယ်ဆိုတာကို ကြိုသိတယ်၊ ဒါကြောင့် ဗမာတောသား လယ်သမားတွေက ဖားအော်သံကို နားထောင်ပြီး မိုးလေကို တွက်ချက်ကြရတာပဲ။

ဖားဆိုတာကလည်း အမျိုးမျိုးရှိတယ်၊ ‘အွန် အွန်’ နဲ့ တချက်တချက် ပြတ်တောင်းပြတ်တောင်း အော်တတ်တဲ့ နှစ်ချို့ စားဖားကြီးတွေ ရှိတယ်၊ ‘အုံအိုင် အုံအိုင်’ နဲ့ ဆက်တိုက်အော်လိုက် ခဏနားလိုက် ပြန်အော်လိုက်နဲ့ ဖားအိုင်းတွေ ရှိတယ်၊ ‘ကက်ကက် ကက်ကက်’ နဲ့ အော်တတ်ပြီး ရေအဝသောက် မြေထဲယက်ပြီး ဇိမ်ရစ်နေတတ်တဲ့ သဲဖားဆိုတာ ရှိတယ်၊ တနေရာထဲမှာ အငြိမ်မနေ ဟိုခုန် ဒီလူးနဲ့ ဖားပေါင်စင်းအသေးစား ကျော်စံကေးဆိုတာ ရှိတယ်၊ အဲဒါအပြင် ဖားရိုက်သမားတွေကို ဒုက္ခအပေးဆုံးကတော့ ဖားလတက်ပဲ။ အရွယ်ကလေးက လက်မလောက်နဲ့ တကွင်းလုံး ဆူညံနေအောင် အော်နိုင်စွမ်းတယ်။ စားလည်း မစားလောက် တုတ်လည်း မရိုက်လောက်၊ ဒါပေမယ့် ဆူညံနေတဲ့ သူတို့ အသံကြောင့် ဖားရိုက်သမားတွေ တခြား စားလောက်သောက်လောက် ဖားကြီးတွေရဲ့အသံကို ဖမ်းရအတော်ခက်စေတယ်။

ဖားဆိုပေမယ့် လျော့တော့မတွက်နဲ့၊ သူလည်း အသားစားသတ္တဝါ၊ သူထက်ငယ်တဲ့ သူနိုင်တဲ့ အကောင်မှန်သမျှ အကုန် စားတယ်။ တချို့ နှစ်ချို့စားဖားကြီးတွေဆိုရင် ငါးပုစွန်တွေသာမက တော်တော့အရွယ် ပုတ်သင်တို့၊ ငှက်တို့ကိုတောင် ဖမ်းစားနိုင်တယ်။ ပြီးတော့ သိပ်အကင်းပါးတယ်၊ တနေရာ အခြေအနေမဟန် တနေရာ အပြောင်းမြန်တယ်။ အခြေဟန် မည့်နေရာတွေ့လို့ကတော့ သူများတွင်း (ပုစွန်လိုဟာမျိုး) လည်း အဓမ္မ လုယက်နေထိုင်တတ်တယ်။

ပြောပါပကော ဖားတွေရဲ့သဘာဝက ကျုပ်တို့ တော်လှန်ရေးတံဆိပ်ကပ် လုပ်စားတွေနဲ့ တူပါတယ်လို့။ ဒါကြောင့်လည်း ဗမာနိုင်ငံရေး ဝေါဟာရတွေထဲမှာ ဖားနဲ့ပတ်သက်တဲ့ စကားလုံးတွေ အတော်များများ ရှိနေတာပဲ။ “ တုံးအောက်ကဖား” “အထက်ဖား အောက်ဖိ” “ဖော်လံဖား” “ စားဖားနိုင်ငံရေး” “နိုင်ငံရေးစားဖား” “ကပ်ဖားရပ်ဖား” “ ဖားစည်းငါးစည်း” ဆိုပြီး များမှများ။ ကျုပ်တို့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတောင် “စားဖား ညီညွတ်ရေး အလိုမရှိဘူး” လို့ ကြောက်လန့်တကြား မိန့်ခွန်းထဲ ထည့်ပြောခဲ့ရသေးတာပဲ။

ဖားအကြောင်း ပြောရင်းနဲ့ ကာတွန်းချစ်ဆွေရဲ့ စကားတခုက ပေါ်လာပြန်တယ်။ သူပြောတာက “ စားဖားတွေ စားဖားတွေ၊ စားဖားတွေကို ဖားစားသူတွေ သိပ်ကြိုက်တယ်” တဲ့။ သူ့စကားအတိုင်းဆိုရင် နိုင်ငံရေးဆိုတာ အဖိနှိပ်ခံလူထုကို ဗန်းပြပြီး စားဖားတွေနဲ့ ဖားစားသူတွေ ပေါင်းပြီးလုပ်စားနေတဲ့ ရိုက်စားလုပ်ငန်းကြီးလို့ ပြောရမလိုပါပဲ။ အားလုံးတော့မဟုတ်ပါဘူး အဓိက ခေါင်းဆောင်ပိုင်းနဲ့ ပညာကို သိသာသိပြီး တတ်လည်း မတတ်၊ ဉာဏ်လေးကောင်းပါရဲ့နဲ့ ပညာရှိဖြစ်ဖို့လည်း အလားလာမရှိတဲ့ လူတတ်ဆိုသူတွေ၊ ကျွမ်းကျင်သူ ဆိုသူတွေပေါ့။ ထောင်သောင်းချီတဲ့ အောက်ခြေရဲဘော်ထုနဲ့ တကယ့် လူထုခေါင်းဆောင်တွေကတော့ ဘာအကျိုးကိုမှ မမျှော်ကိုးဘဲ ဘဝတွေ အသက်တွေ ပေးဆပ်ပြီး အကျဉ်းထောင်တွေထဲ၊ တောတောင်တွေထဲမှာ တိုက်ပွဲဝင်နေကြဆဲပါ။ ဒီရဲဘော်တွေ အကျအဆုံးများပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာလေ ခေါင်းဆောင်စားဖားတွေ ဂွင်ကြလေပဲ။ အတော့်ကို ရင်နာစရာလည်း ကောင်း၊ ရွံစရာလည်း ကောင်းပါတယ်။

၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ ပေါက္ခရဝဿမိုးကြီး ရွာတော့မလိုလို မိုးခြိမ်းသံပေးကာရှိသေး ဖားမျိုးစုံတို့ အကုန်ညီ ပလုံစီအောင် အော်နေလိုက်ကြတာ တလောကလုံးကို ဆူညံပွက်လို့ပဲ။ ကိုယ်လာရာလမ်းကို မေ့ချင်ယောင်ဆောင်နေတဲ့ တချို့သော မကျက်တကျက် ( Half Baked) သတင်းသမားတွေ ဖွတာလည်း ပါသပေါ့။ သူတို့ကသာ အမေရိကန်ဘောပွဲက ဖင်လေး တွန့်လိမ်တွန့်လိမ်နဲ့ (Cheer Leader) တွေလို ရွေးကောက်ပွဲကြီးကို ခုန်ပေါက်ချီးပ ရွှေကြိုလုပ်နေကြပေမယ့် ပြိတ္တာကြီးသန်းရွှေက ခုထိ ရွေးကောက်ပွဲ ဥပဒေတို့ အချိန်တို့ကို မကြေငြာသေးဘူး။ ပုဆိုးထဲ မိုးကြိုသေးပေါက်တဲ့သူလို လူထုကြားမှာ စောက်ရှက်ကွဲကြမှာ မြင်ယောင်မိပါသေးတယ်။

တကယ်တော့ ဘယ်ချိန်ဘယ်ကာလမှာ ဘယ်လိုလုပ်မယ်မှန်းမသိတဲ့ ရွေးကောက်ပွဲကို မိုးဦးကျဖားများလို တုတ်မမြင် မြွေမမြင် ကွတ်ကွတ်ကက်ကက်၊ အုံအုံအိုင်အိုင်နဲ့ ချီးပ ရွှေကြိုလုပ်နေကြသူအားလုံးဟာ တချိန်ကတော့ သူရဲကောင်း ဟီးရိုးတွေပေါ့။ လွတ်လပ်ရေးတိုက်ပွဲခေတ်ကနေ ဒီနေ့ခေတ် ၈၈ ဒီမိုကရေစီ တိုက်ပွဲကာလအထိ ဖိနှိပ်ခံပြည်သူတွေ လွတ်မြောက်ရေးအတွက် လုပ်ခဲ့ကြတဲ့ တိုက်ခဲ့ကြတဲ့ တချိန်က ဟီးရိုးတွေပေါ့။ ကာလတွေကြာလာတော့ လူထုကိုဗန်းပြပြီး ကိုယ်ကျိုးရှာချင်တဲ့ ဉာဉ်တွေ၊ ပေါချောင်ကောင်းနဲ့ သူရဲကောင်းဖြစ်ချင်တဲ့ ဗီဇတွေ၊ အချောင်သမားဇာတိတွေ၊ ဖုံးမရ ဖိမရ ပေါ်လာကြပြီ။ ကိုယ်ကျိုးအတွက် စစ်အုပ်စုကို ဖားရင်းယားရင်းနဲ့ ဇီးရိုး ( ဖိုးသုည ) တွေ ဘဝကို ရောက်သွားကြရှာပြီ။ ဇီရိုးမှ အနုတ်လက္ခဏာ မည်းမည်းကြီး ထိပ်ပိတ်ထားတဲ့ ဇီးရိုး၊ ကျန်တဲ့ ဇီးရိုးတွေနဲ့မတူဘူး။ ရူပဗေဒ သင်ဖူးသူတိုင်း သိတယ်၊ ရိုးရိုးဇီးရိုးက တစ်နောက်မှာ ထားလိုက်ရင် တစ်ဆယ်လုံးရဲ့အဓိပ္ပာယ် တဆယ်ဖြစ်ပေမယ့် အနုတ်လက္ခဏာနဲ့ ဇီးရိုးကတော့ သူ့ရှေ့မှာ ကိန်းဂဏန်းတွေ ကြိုက်သလောက်ဖြည့် တစ် တောင်ဖြစ်မလာဘူး။ အဟောသိကံ အနန္တပဲ။

လူထုကို နှိပ်စက်ရုံမက ဘုရားရွှေခွာ ဌာပနတိုက် ဖောက်နေတဲ့ ပုဂံခေတ်က စကားနဲ့ပြောရရင် ငရဲမှာ သစ်ငုတ်ဖြစ်မယ့် စစ်အုပ်စုကို အတ္တအကျိုးအတွက် ဖားရင်းနဲ့ ဒီဘဝရောက်သွားကြတာပေါ့။ အဲဒီအထဲမှာ စစ်အုပ်စုရဲ့ သံခြေချင်းဝတ် ပရောဟိတ်လိုလို သုခမိန်လိုလို မောင်စူးစမ်း တို့၊ သခင်တင်မြတို့ ထိပ်ဆုံးကပေါ့။ လွတ်လပ်ရေးတိုက်ပွဲဝင် ဟီးရိုးဘဝကနေ ပျက်ရွေ့သွားတဲ့ ဇီးရိုးအကြီးစားကြီးတွေပေါ့။ ကြောက်တတ်ရင် အခါခါသေတယ်ဆိုတဲ့စကားလို ဘဝမှာ အကြိမ်ကြိမ် သေနေရတဲ့သူတွေ။ ဖဆပလ၊ မဆလ ခေတ်တွေကနေ ဒီနေ့ခေတ် နဝတ/ နအဖ စတဲ့ ဖောက်ပြန်တဲ့ အုပ်စိုးသူအဆက်ဆက်ကို မှောက်ချီ လှန်ချီ အသုံးတော်ခံနေကြရတဲ့ သူတွေပေါ့။

အနှီဇီးရိုးကြီးတွေက အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲကြီးပြီးရင် ဖြစ်ထွန်းလာမယ့် နိုင်ငံရေး အခင်းအကျင်းသစ်မှာ သူတို့စကားအတိုင်းပြောရရင် Space (နေရာ) ရှိသတဲ့။ အရပ်သားပါတီ (လူထု) တွေအတွက် နှီးပြားတထောက်စာတောင် နေရာမရှိတဲ့ ဖွဲ့စည်းပုံတကျ စစ်အာဏာရှင်စနစ်ကို စစ်အုပ်စုအတွက် ဗြောင်လိမ်ပေးနေကြတယ်၊ ဖားတာပေါ့။ သူစကားသူနင်း တနေရာကျပြန်တော့ ဒီရွေးကောက်ပွဲဟာ တခြားပါလီမန် ဒီမိုကရေစီ ရွေးကောက်ပွဲတွေနဲ့မတူဘူး၊ နိုင်တဲ့ပါတီ အစိုးရဖွဲ့ဖို့ မဟုတ်ဘူး ဆိုပြန်တယ်။ အဲဒီအခင်းအကျင်းသစ်မှာ Institution သုံးခုပေါ်လာမယ်၊ အဲဒါတွေက တပ်မတော်၊ လွှတ်တော်နဲ့ နိုင်ငံရေးပါတီများဆိုပဲ။ တိုင်းပြည်ကို တကယ်စီမံအုပ်ချုပ်မဲ့ အစိုးရဖွဲ့စည်းရေးကျတော့ ဆက်မပြောတော့ဘူး။ ဘယ်ပြောတော့မလဲ အဲဒီထဲမှာ လူထု (ပါတီ) တွေရဲ့ အခန်းကဏ္ဍမှ မပါတော့ဘဲ။ သူတို့ အကြောင်းတော့ အထူးဝိတ္တာ ချဲ့စရာမလိုပါဘူး၊ ဒီဇီးရိုးကြီးတွေဟာ ပီသုံးလုံး (PPP= Professional Political Prostitute) တွေဆိုတာ အများက သိပြီးသားပါ။

နောက် ပီသုံးလုံးပိုင်ရှင် နှစ်ချို့စားဖားကြီးကတော့ ပြည်ပက ဟန်ညောင်ရွှေပါ။ စစ်အာဏာရှင်အလိုကျ အောင်ဆန်းစုကြည် နှမလေးကို စိတ်ဒုက္ခမျိုးစုံပေးနေတဲ့၊ ဂုဏ်သရေကြီးမြတ်တဲ့ အမိအဖတွေရဲ့ မျိုးဆက်မပီ သွေးဆိုး ပြည်ပုပ် သားယုတ် အောင်ဆန်းဦးနဲ့ ပိန်မသာ လိမ်မသာ၊ ဗမာပြည် ပထမဆုံး သမ္မတကြီး စဝ်ရွှေသိုက်ရဲ့သားဆိုတဲ့ ဂုဏ်ပုဒ်ကို ပဲလှော်နဲ့ လဲစားနေတဲ့သူပေါ့။ အပြင်ပန်း အတော်လယ်ဝယ် ရည်မွန်တယ်၊ စနစ်ကျတယ်၊ လုပ်စားတာလည်း ကြာခဲ့ပြီကိုး။ သူရဲ့ကမ္ဘာပတ်လည် ရိုက်စားလုပ်ငန်းကြီးကို စားဖားနဲ့ ဖားစားသူတွေရဲ့ သီးသန့်အင်ပါယာ (Exclusive Class) ဖြစ်အောင် ထူထောင်ထားတယ်။ ဘယ်တော်လှန်ရေးသမားမှ ကပ်လို့မရဘူး၊ လက်ရှိမှာတော့ များစွာသော သူရဲ့အင်ပါယာတွေထဲမှာ အဓိက အင်ပါယာက အီးဘီအို (EBO= Euro-Burma Office) ဆိုတာပေါ့။ အဲဒီထဲမှာ ဗမာဆိုလို့ သူတယောက်ပဲ ဟုတ်ဟုတ်ငြားငြား ရှိတယ်။ ကျန်တာ နိုင်ငံတကာ စားဖားတွေ ဖားစားသူတွေနဲ့ ဖွဲ့ထားတယ်။ ကျုပ်တို့ အိန္ဒိယဘက် ဒေလီမှာတောင် အဲဒီ အီးဘီအိုရုံးတခု လာဖွင့်ထားသေးတယ်၊ ဗမာတယောက်မှ မပါဘူး။ ဒေလီမှာ ဘယ်နိုင်ငံရေးအဖွဲ့အစည်းမှ ရုံးခန်းတောင် တူတူတန်တန်မဖွင့်နိုင်တဲ့ အခြေအနေမှာ အီးဘီအို ရုံးခွဲကတော့ ဒေလီမြို့ရဲ့ ဈေးအကြီးဆုံးဆိုတဲ့ (South Extension) မှာ အကျအန ဖွင့်ထားတယ်။ ကုလားအရာရှိတွေတောင် မမှန်းနိုင်တဲ့ လခစား ဝန်ထမ်းတွေနဲ့ပေါ့။ ဒေလီက နိုင်ငံရေးစားဖားတချို့ကလွဲရင် ဘယ်နိုင်ငံရေး အဖွဲ့အစည်းနဲ့မှ အဆက်အဆံ မလုပ်ဘူး။

ဟိုတလောကတောင် ဟန်ညောင်ရွှေနဲ့ အသင်းအပင်း စားဖားတသိုက် ဒေလီကို ခိုးကြောင်ခိုးဝှက် ရောက်လာပြီး ဒေလီက လက်သင့်ရာတသိုက်နဲ့ သူတို့ရဲ့ ရိုက်စား ရွေးကောက်ပွဲ ရွှေကြိုအလုပ်တွေ လုပ်သွားကြသေးတယ်။ သူတို့က လာမယ့်ရွေး ကောက်ပွဲဟာ ပကတိအခြေအနေ (Reality) မှန်ဖြစ်တယ်၊ ဗမာပြည်သူတွေအတွက် အခွင့်အလမ်းတခု (Opportunity) ဖြစ်လို့ ထောက်ခံကြောင်း ကုလားဧည့်သည်တွေကို မျက်စိထဲ သဲပက်သွားခဲ့ကြတယ်။ ဟိုတုန်းက သူတို့ပဲ ဗမာပြည်ရဲ့ ပြဿနာဟာ ဖွဲ့စည်းပုံပြဿနာလို့ ပြောခဲ့ကြပြီး အခုတော့ စစ်အုပ်စုရဲ့ ၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံက ပြဿနာ မဟုတ်တော့ဘူး တဲ့။ ပြဿနာက မဲဆန္ဒရှင်ပြည်သူတွေရဲ့ နိုင်ငံရေးအသိပညာ(Voter Education) ကသာ အဓိက ပြဿနာတဲ့။ Voter Education ကို အဓိက လုပ်ရမယ်တဲ့၊ ဒါကြောင့် ရွေးကောက်ပွဲဝင်ပြီး မဲဆန္ဒရှင်တွေကို နိုင်ငံရေး အသိပညာပေးရမယ်၊ သူတို့အနေနဲ့ ရွေးကောက်ပွဲဝင်မယ့် အင်အားစုတွေကိုလည်း ငွေကြေးကအစ ကူညီထောက်ပံ့သွားမယ်လို့ ပြောသွားကြတယ်ဆိုပဲ။ အဲဒါတွေလုပ်နိုင်ဖို့ လူထုလူတန်းစား အဖွဲ့အစည်း (Civil Society) လုပ်ငန်းတွေကို လုပ်ဆောင် သွားမယ်ဆိုပါလား။

နွားပြာကြီးအကြောင်းသိထားတော့ ဒါဟာ လာမည့် ပေါက္ခရဝဿမိုးကြီးကို တွက်ပြီး စားခွက်သစ် ထွင်လိုက်ပြန်ပြီဆိုတာ လူတွေက သိကြပါတယ်။ ဖားစားသူတွေကတော့ စားရနိုးနဲ့ မပြောတာ၊ စားလက်စလေးတွေ ကျေးဇူးနဲ့ မပြောကြတာ။ တချို့ကျတော့ အင်ဂျီအိုနဲ့သူတို့ကြားက “ကိုယ့်ဖောက်သည်နဲ့ ကိုယ်ဆက်ဆံရေး” ကို သိပြီး ပြောလည်းမထူးမှန်းသိလို့ မပြောကြတာပါ။

နောက် နှစ်မချို့တချို့ စားဖားလား ဖားစားလား မကွဲပြားတဲ့ ကျော်ဝင်းတို့လို ပညာရှင်ဘွဲ့ခံ ဇီးရိုးတွေပေါ့။ သူတို့ကတော့ ရွေးကောက်ပွဲကို ကျောခိုင်းမယ်ဆိုရင် NLD ဟာ သမိုင်းတရားခံဖြစ်တော့မယောင် တောင်တလုံး မြောက်တလုံး အင်္ဂလိပ် စကားတွေ ညှပ်ညှပ်ပြီး တောခြောက်သံ ပေးကြတယ်၊ သူတို့ထဲက တယောက်ဆိုရင် ကိုယ့်အမြင်ကို ပြောမိတဲ့ အပြစ်နဲ့ လူနှစ်ထောင်ကျော်ကို ဖမ်းဆီးသတ်ဖြတ် နှိပ်စက်နေတဲ့ စစ်အုပ်စုကိုတော့ မျက်မွှေးထော် လော်လို့မှ မကြည့်ဝံ့ပဲ၊ ကြံ့ဖွံ့လိုစွမ်းအားရှင်လို လက်ကိုင်တုတ်တွေကတောင် မထင်မထင်သလို ရိုက်နှက်သတ်ဖြတ် ခြိမ်းခြောက်ခံနေရတဲ့ NLD ပါတီကိုပဲ ခေါင်းမာသလိုလို၊ လက်တွေ့မကျသလိုလို ဝေဖန် အပုတ်ချ သတ္တိပြနေကြတယ်။ ဒါပေမယ့် NLD နဲ့ ဒေါ်စု နောက်မှာရှိတဲ့ လူထုအားကိုတော့ သိပုံရတယ်၊ ကြောက်ပုံရတယ်။ သူက စစ်အုပ်စုကိုယ်စား အလံရှုး လုပ်တာက NLD ဟာ တကယ့်အမျိုးသားရင်ကြားစေ့ရေး လုပ်ချင်ရိုးမှန်ရင် လာမယ့်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် (၅၀) ရာခိုင်နှုန်းထက် မကျော်ဘဲ ရွေးကောက်ပွဲ ဝင်သင့်သတဲ့၊ ဒါဆို အာဏာမမက်ဘူးဆိုတာ ပေါ်လွင်ပြီးတော့ နိဂုံးသိပ်လှသွားမယ် ဆိုပါလား။ ဝမ်းရေစပ်ခံ မွေးထုပ်ခဲ့တဲ့ သူ့မွေးသမိခင်ရဲ့ ကျေးဇူးဂုဏ်ကိုမှ မထောက် အော့နှလုံးနာလောက်အောင် ဖောက်ပြန်တဲ့ ဦးနှောက်ပါပဲ၊ ဘယ်တရားနဲ့ သံဝေဂယူရမှန်းတောင် မသိတော့ဘူး။

နောက်တမျိုးကတော့ တကွင်းလုံးဆူအောင် အော်နေတဲ့ ၈၈ ထွက် ဟီးရိုးပျက် ဖားလတက်တွေပေါ့။ သူတို့ကတော့ စစ်အုပ်စုမျက်နှာရဖို့ဆိုရင် ဘုရားခန်းလည်း သေးပန်းမယ်ဆိုတဲ့ ဇီးရိုး ဖားလတက်တွေ။ စေ့စေ့ငုငုပြောရရင် အထဲမှာ တတိယအုပ်စုလိုလို၊ ၈၈ လိုလို ပုံမှားရိုက်နေတဲ့ အင်အားစုတွေနဲ့ အပြင်မှာ ဟိုကျောင်း ဒီကျောင်းတွေက ခွေးဝင်စား ဘွဲ့လေးတွေကိုင်ထားပြီး လူတတ်လုပ်နေကြတဲ့ လူတွေပေါ့။ ညှိပြီး တိုင်ပင်ကိုက်နေသလား၊ တိုင်ပင်ကိုက်လို့ ညီနေသလားတော့ မသိဘူး။ အတွင်းအပြင်ကွဲပေမယ့် အလုပ်တာ့ ညီကြတယ်။ သူတို့က ရွေးကောက်ပွဲ ဆန့်ကျင်တယ်လို့ယူဆရတဲ့ ခေါင်းဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်နဲ့ လူထုဦးစိန်ဝင်းတို့လို ဖက်ဆစ်စစ်အုပ်စုနဲ့ သူတို့ရဲ့ ငရဲခန်းတွေကို မကြောက်မရွံ့ဘဲ မူပေါ်မှာ ကြံ့ကြံ့ခံနေတဲ့ အစဉ်အလာရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေကို ကျားကို ခွေးဟောင်သလို ဟောင်နေကြတယ်။

ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ ဟီးရိုးပျက် ဇီးရိုးဖားလတက်တွေနဲ့ အဖြစ်တူ ငါးရာငါးဆယ်ဇာတ်တော်ထဲက ဝက်တကောင်အကြောင်း ပြောရအုံးမယ်၊ ဇာတ်တော်ကိုတော့ အတိအကျ မမှတ်မိတော့ပါဘူး။

သဘောသွားကတော့ တခါက တောအုပ်တခုမှာ ဝက်တကောင် ရွှံ့လူးနေတယ်။ အပုပ်ကြိုက်တဲ့ သတ္တဝါဆိုတော့ ရွှံ့ပုပ်ပဲနေမှာပေါ့။ ဒီအချိန်မှာပဲ ခြင်္သေ့တကောင် သူရှိရာကို ဗြုန်းခနဲ ရောက်လာတယ်။ ဝက်လည်း အတော်လန့်သွားတယ်။ ဒါပေမယ့် ခြင်္သေ့က ဝက်ကိုဂရုမစိုက်ဘဲ ဒရောသောပါး ဝက်အပါးက ခွာသွားတယ်၊ ဒါကို ငရွှေဝက်က ခြင်္သေ့ကြီးက သူ့ကိုကြောက်လို့ ပြေးသွားတယ်လို့ ထင်သွားတယ်။ အသိခေါင်းပါး မိုက်မဲတဲ့ ဒီဝက်ဟာ အခြောက်တိုက် ဘဝင်မြင့်ပြီး၊ ခြင်္သေ့ကြီးကို ဘယ်လိုမှ နားဝင်ပီယံလည်း မဖြစ်၊ သြဇာလည်းကင်းတဲ့ သူ့အသံနဲ့ ဟိန်းဟောက်သတဲ့၊ စိန်ခေါ်လေသတဲ့။ အခု ဖားလတက်များလို နေမှာပေါ့။ ဒီတော့ ခြင်္သေ့ကြီးက အသင်ဝက်ရှိနေတာကို ငါသိလည်း မသိ၊ မြင်လည်း မမြင်၊ ဂရုလည်း မစိုက်။ အခုချိန်မှာ ငါဂရုစိုက်နေတာ တောအုပ်တဖက်က ဆင်ရိုင်းတအုပ်ပဲလို့ ပြောသတဲ့။ ဒါတောင် ဝက်အန္ဓက ခြင်္သေ့ကြီးကို တကောင်ချင်းတိုက်ဖို့ စိန်ခေါ်ပြန်သတဲ့။ ဒီတော့ခြင်္သေ့ကြီးက အိုကေပေါ့။ အခုတော့အချိန်မရှိလို့ ဘယ်နေ့ဘယ်နေရာမှာ တိုက်ကြမယ်လို့ပြောပြီး ထွက်သွားတယ်။

ဒီတင် ဘဝင်ရူးဝက်အန္ဓဟာ ခြင်္သေ့ကြီး သူ့ကိုကြောက်ပြီး ပြေးသွားကြောင်း၊ ဘယ်နေ့မှာ တကောင်ချင်းတိုက်ဖို့ ချိန်းထားကြောင်း ကြွားလုံးထုတ်တော့တာပေါ့။ မသိတဲ့ သတ္တ၀ါတွေကတော့ ဝက်အန္ဓကို အထင်ကြီးသွားကြတယ်၊ ခြင်္သေ့ကြီးကိုတောင် စိန်ခေါ်တယ်ပေါ့။ ဒါပေမယ့် ဘုရားလောင်းပညာရှိ ယုန်မင်းနဲ့ တွေ့တော့ ယုန်းမင်းက ခြင်္သေ့တွေရဲ့ အစွမ်းသတ္တိကို ပြောပြတယ်။ တချက်ချင်း ပြောပြောပြီး မင်းမှာကော ရှိသလားလို့ မေးတယ်။ မရှိဘူး မရှိဘူးနဲ့ နောက်ဆုံးတော့ ခြင်္သေ့အစွမ်းသတ္တိကိုသိပြီး အကြောက်ကြီး ကြောက်လာတယ်။ ယုန်မင်းကိုပဲ ကယ်ပါကူပါ ပူဆာတယ်။ ဒါနဲ့ ယုန်မင်းလည်း ဒီဝက်အန္ဓကို ငါကယ်မှ ဖြစ်မယ် ဆိုတဲ့ ဂရုဏာနဲ့ အကြံတခု ပေးလိုက်တယ်။ ဝက်အန္ဓလည်း ယုံမင်းပေးတဲ့ အကြံအတိုင်း ချိန်းတဲ့နေ့မှာ ခြင်္သေ့ကြီးနဲ့ သွားရင်ဆိုင်လေသတဲ့။ ဒါပေမယ့် ခြင်္သေ့ကြီးက အဲဒီ ဝက်အန္ဓကို အနားတောင် ကပ်မခံဘူး ဝက် သူ့အနား ချဉ်းကပ်လာရင်ပဲ ရှောင်ခွာသွားတော့သတဲ့။ အကြောင်းရင်းကတော့ ယုံမင်းပေးတဲ့အကြံက ကေသရာဇာခြင်္သေ့မင်းတို့ဟာ မစင်ဘင်ပုပ်ကို အလွန်စက်ဆုတ်ရွံရှာတယ်၊ ဒါကြောင့် ဝက်ကို မစင်ဘင်ပုပ်တွေ ကိုယ်လုံးပြည့်လူသွားဖို့ အကြံပေးတယ်။ ဒီလိုနဲ့ ဝက်အန္ဓလည်း သူတို့အကြိုက် မစင်ဘင်ပုပ် လူးသွားတာနဲ့ အသက်ချမ်းသာရာ ရသွားသတဲ့။ အခုလည်း ဖားလတက်ဇီးရိုးတွေ မစင်ဘင်ပုပ်ကျင်းတွေ ရှာထားဖို့ အကြံပေးလိုက်ပါတယ်။

ဇီးရိုးတွေ အထူးသဖြင့် အတွင်းအပြင်က လူတတ်လိုလို ပညာရှင်လိုလိုတွေသိဖို့က ဗမာလူထုဟာ ဇီးရိုးဖား အပေါင်းလောက် နိုင်ငံရေး မညံ့ပါဘူး၊ အကင်းပါးပါတယ်။ ဟိုကျောင်း ဒီကျောင်းတွေမှာ ဖုံတက် စာအုပ်ကြီးတွေဖတ်ပြီး ဖီလစ်ပိုင်က ဘယ်လို၊ တောင်အာဖရိကတုံးက ဘယ့်နှယ်၊ အင်ဒိုနီးရှားမှာ ဘယ်သို့နဲ့ ကိုယ်နားလည်သလောက် သဘောတရား အတိုအစလေးတွေနဲ့ မကိုက်တိုင်း လူထုက နိုင်ငံရေး စိတ်မဝင်စားဘူး၊ ကြောက်သလေးဘာလေး ပုတ်ခတ်မနေပါနဲ့။ သမိုင်းတဖြတ်တည်းကို ကြည့်ပြီး မနှိုင်းယှဉ်ပါနဲ့။ ဗမာလူထုဟာ အိမ်နီးချင်းတိုင်းပြည်တွေထဲက ကြိုက်တဲ့ပြည်သူတွေနဲ့ နိုင်ငံရေးရေချိန် နှိုင်းယှဉ်နိုင်ပါတယ်။ ဘယ်ခေတ်မှာကြည့်ကြည့် သူခေတ်နဲ့သူ တာဝန်သိခဲ့ကြတယ်၊ တာဝန်ကျေခဲ့ကြတယ်။ နယ်ချဲ့ဆန့်ကျင်ရေး ခေတ်၊ အမျိုးသားလွတ်မြောက်ရေး ခေတ်၊ လွတ်လပ်ရေး ခေတ်၊ ပြည်တွင်းငြိမ်းချမ်းရေးတို့ နိုင်ငံတကာ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ ကြည့်မလား၊ ဒေသတွင်းမှာ ထိပ်ဆုံးက ရှိနေပါတယ်။

ပြဿနာရဲ့ အရင်းမူလဘူတက ဦးဆောင်အခန်းကဏ္ဍ ခြစားပျက်စီးမှုပဲ၊ ကိုလိုနီခေတ်ကစလို့ ဒီနေ့ခေတ်အထိ ဦးဆောင်မှု အခန်းကဏ္ဍကို စားဖားတွေနဲ့ ဖားစားသူတွေကပဲ ပုံစံအမျိုးမျိုးနဲ့ ကြီးစိုးချယ်လှယ်နေခဲ့ကြတယ်။ ပယောဂပူးကပ်တာလဲ ပါတာပေါ့။ ကျန်တာမကြည့်နဲ့၊ အနီးကပ်ဆုံး ကျုပ်တို့ ပြည်ပလှုပ်ရှားမှုကိုပဲကြည့်။ ခေတ်သစ် မစ်ရှင်နရီ (Missionary) လို့ ဆိုရမယ့် အင်ဂျီအို မြှောက်စားသူက သြဇာပေါက် ခေါင်းဆောင်ဖြစ်၊ တိုင်းပြည်ရဲ့ ပကတိအခြေအနေနဲ့ ကိုက်ကိုက် မကိုက်ကိုက် အထက်ဆရာကြီးတွေရဲ့ ဖော်နည်းကားမျိုးစုံနဲ့ တခုမဟန် တခုကြံ ရမ်းကုအပ်ပုန်းတွေလို ဗမာပြည်ပြဿနာကို အဖြေရှာကုစားရင်း အနှစ်၂၀ ကျော် ကုန်ခဲ့တယ်။ လက်တဆုပ်စာတော့ သူဌေးဖြစ်သွားကြပြီး လူထုကတော့ ပိုတောင် ဖွတ်သထက် ညစ်သွားခဲ့ရတယ်။

ဗမာလူထုဟာ အင်္ဂလိပ်လို အပျော့ဆွဲ ပါးပါးလှီးတဲ့ ကိုလိုနီအောက်မှာလည်း နေဖူးတယ်၊ အတုံးအတစ်လိုက် ခုတ်ထစ်တဲ့ ဂျပန်ဖက်ဆစ်အောက်မှာလည်း နေဖူးတယ်၊ နောက် ကယ်တင်ရှင်တဖြစ်လဲ အသွင်မတူ ရန်သူ ဆိုတဲ့ ဖဆပလ ဆိုရှယ်လစ်တွေအောက်မှာလည်း နေဖူးတယ်။ အခုနောက်ဆုံး အကြမ်းဆုံး အရမ်းဆုံး အယုတ်ကန်းဆုံး စစ်အုပ်စုအောက်မှာ နေနေရတယ်။ အတွေ့အကြုံတွေ များလှပေါ့။

ဘယ်ခေတ်မှာကြည့်ကြည့် လူထုဟာ သူ့ကဏ္ဍရောက်လာရင် တာဝန်ကျေခဲ့ကြတယ်၊ ဖောက်ပြန်တဲ့ အုပ်စိုးသူ အဆက်ဆက်ကို ရဲရဲရင့်ရင့် အကင်းပါးပါးနဲ့ ဆုံးမခဲ့ကြတယ်။ ဗမာလူထုရဲ့နိုင်ငံရေး အကင်းပါးမှုကို ၁၉၆၀ ပြည့် နဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွေကြည့်ရင် သိနိုင်တယ်။ စစ်ဝါဒကိုတိုက်ဖို့ ၁၉၆၀ မှာ ဦးနုကို မဲပေးခဲ့ကြပေမယ့် ၁၉၉၀ ကြတော့ စစ်အုပ်စုကို တကယ်တိုက်နိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခဲ့ကြတယ်။ ၆၀ ခု သူရဲကောင်း ဦးနုကို မဲမပေးကြတော့ဘူး၊ ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ ၁၃၅၀ ပြည့် (ရှစ်လေးလုံး) အရေးတော်ပုံတွေက ဗမာလူထုရဲ့ သမိုင်းတာဝန်သိမှုနဲ့ ကျေပွန်မှုကို သက်သေထူနေတယ်။ လူထုဟာ တိုင်းပြည်နဲ့လူမျိုးကိုချစ်ပြီး စေတနာမှန်တဲ့ ခေါင်းဆောင်တွေနောက်ကို လိုက်ဖို့ဝင်မလေးပါဘူး။ ၂၀၀၂/၂၀၀၃ တုန်းက ဒေါ်စုရဲ့ ပြည်တွင်းစည်းရုံးရေးခရီးစဉ်တွေမှာ အထင်အရှားပြခဲ့တယ်။ ဒါတွေကို မမြင်နိုင်ဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ရဲ့အမြင်ဟာ အတ္တ လောဘတွေ၊ မောဟတွေ ပိတ်ဖုံးနေတာ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် အဲဒီ ပုဂ္ဂိုလ်ရဲ့ အရိုးအရေတွေထဲမှာ ငပိဓာတ် ကုန်ခန်းပြီးတော့ ထောပတ်လေချဉ်တက်တာပဲ ဖြစ်ပါလိမ့်မယ်။

ဟီးရိုးပျက် ဇီးရိုးအပေါင်းကို ဗမာလူထုရဲ့ သမိုင်းနဲ့ချီပြီး ဆုံးမတတ်တဲ့ နိုင်ငံရေးကို ပြောရအုံးမယ်။ ဗမာလူထုဟာ ပြည်သူကို အကျိုးပြုခဲ့တဲ့ စေတနာထားခဲ့တဲ့ ခေါင်းဆောင် သို့မဟုတ် အုပ်ချုပ်သူတွေ၊ ပြည်သူပေါ်မှာ ရက်စက်ကြမ်းကြုတ် အမြတ်ထုတ်ခဲ့သူတွေကို ကောင်းရင် ကောင်းတဲ့အလျောက် ဆိုးရင် ဆိုးတဲ့အတိုင်း နောက်နှောင်းလူတွေအထိ သိအောင် တံဆိပ်ကပ်ပြီး ချီမွန်းခြေကျောက် ဆုံးမတတ်တယ်။

ပြည်သူအပေါ်မှာ အကျိုးပြုခဲ့တဲ့ အနော်ရထာကို နော်ရထာစောလို့ ခေါ်သလို ကျန်းစစ်သားကို မင်းကျန်စစ် လို့ ချစ်ကြည်လေးမြတ် ခေါ်တယ်၊ ဦးအောင်ဇေယျကို အလောင်းမင်းတရားရယ် လို့ တံဆိပ်ကပ် ချီးမြှောက်ကြတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ နရသူကိုတော့ ကုလားကျ သို့မဟုတ် စလေငခွေးလို့ တံဆိပ်ကပ် ခြေကျောက်တယ်။ ညံ့ဖျင်းတဲ့ သီပေါကိုတော့ မဒရပ်ပါမင်းလို့ ကဲ့ရဲ့သမုတ်ကြတယ်။ ဒီလိုပဲ နိုင်ငံလုံး မကျော်ပေမယ့် လူထုအကြားမှာ စွဲထင်နေတဲ့ ဟီးရိုးနဲ့ ဇီးရိုးပုံရိပ်တွေဟာ ဗမာပြည်အနှံ့ ဒေသတိုင်းမှာ ရှိနေတယ်။ ကြုံကြိုက်တဲ့ အခါတိုင်းမှာလည်း ဟီးရိုးတွေကို ချီးမြှောက်လို့ ဇီးရိုးတွေအကြောင်း ကဲ့ရဲ့ခြေကျောက်နေကြတယ်။ မျိုးဆက်တွေ တခုပြီးတခု လက်ဆင့်ကမ်းသွားကြအုံးမှာလည်း ဖြစ်တယ်။

ကျုပ်တို့ခေတ်နဲ့ အနီးဆုံး နမူနာကတော့ ပမညတ ခေါင်းဆောင် သခင်ချစ်မောင် ဖြစ်တယ်။ သူ့အဖြစ်ကတော့ လူတယောက်ထဲရဲ့လုပ်ရပ်ကိုပဲ လူထုက အကောင်း အဆိုးအလိုက် ချီးမွမ်းခြေကျောက်ကြတာပါ၊ ၁၉၅၈ ဝင်ဒါမီယာ အာဏာသိမ်းမှုကြီးကို ဦးနုက ပါလီမန်မှာတင်တော့ သခင်ချစ်မောင်က ဝိဒူရဇာတ်တော်နဲ့ ပမာဆောင်ပြီး အာဏာသိမ်းမှုကို ကန့်ကွက်ပါတယ်။ ပါလီမန်မှာ သူရှုံးပါတယ်၊ လူထုနှလုံးသားကိုတော့ အောင်နိုင်ပါတယ်။ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ သူ့ရဲ့ကောင်းမှုကို လူထုက ဝိဒူရသခင်ချစ်မောင်ရယ်လို့ ဘွဲ့တပ် ချီးမြောက်ကြပါတယ်။ ဒါပေမယ့် ၁၉၆၂ ခုနှစ် အာဏာသိမ်းတာကိုကြတော့ သခင်ချစ်မောင်က ဆိုရှယ်လစ်စနစ်ကိုသာ သွားမယ်ဆိုရင် ခွေးကတက်ကပဲ လိုက်ရလိုက်ရလို့ ထောက်ခံမိတဲ့အတွက် ဝိဒူရဘွဲ့ ပျောက်ပြီး ခွေးကတက် ချစ်မောင်လို့ ကဲ့ရဲ့တံဆိပ်ကပ်ပြီး လူထုက ခြေကျောက်ကဲ့ရဲ့ဆုံးမလိုက်ပါတယ်။

ဒါ သတိချပ်စရာ သိမှတ်ဖွယ်ရာ ဗမာပြည်သူတွေရဲ့ လူထုနိုင်ငံရေး အကြောင်း တစေ့တစောင်းပါပဲ။ အခုချိန်မှာ စားဖားလား ဖားစားသူလား မကွဲပြားတော့တဲ့ ဟီးရိုးပျက် ဇီးရိုးများသိဖို့က ဖားတွေရဲ့လားရာဟာ နှစ်လမ်းပဲ ရှိပါတယ်။

တလမ်းက တုတ်စာ။

တလမ်းက မြွေစာ။

ဒါပဲ။

ရဲဘော်ကျော်သန်း
၂၉.၁.၂၀၁၀။

Kyaw_than2004@yahoo.com
Kyaw_t@hotmail.com

Friday, January 29, 2010

မှိုနှင့်မျှစ်ကိုနှုတ်ချင်ရင် ကျင်တုတ် ခံဝံ့ မခံဝံ့ (ဇွန်မှိုင်း) - နိဂုံးပိုင်း

(၃)

နောက်တခုက အပစ်ရပ်အင်အားစုတွေကို ဘယ်လိုကိုင်မလဲဆိုတဲ့ ပြဿနာ။

ဒီမှာ ကျနော် မေးကြည့်ပါရစေ။

ပြည်ထောင်စုသားတွေ စုပေါင်းပြီး အေးအတူပူအမျှနေထိုင်ကြဖို့ ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေးဆိုတဲ့ ဆန္ဒ စစ်အုပ်စုမှာ ဘယ်နှရာခိုင်နှုန်းရှိမလဲ။

ကျနော့် အမြင် …

ဘယ်နှရာနှုန်းမှ မရှိဘူးလို့ မြင်တယ်။

ဘာကြောင့် ဒီလိုပြောနိုင်သလဲ။

နအဖ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒ ၂ဝဝ၈ မှာ ဒီအချက်တွေကို ဘယ်နေရာမှာမှ ဖော်ပြထားတာ မတွေ့ရလို့ပဲ။

ဘာကြောင့် မတွေ့ရတာလဲ။

အမျိုးသားညီလာခံတုန်းက ဒီအချက်တွေ စနစ်တကျ ထည့်သွင်းသင့်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေက အကြိမ်ကြိမ်တင်ပြခဲ့ကြတာကို မှတ်တမ်းတင်ရုံတင်ပြီး ဘေးချိတ် မျက်ကွယ်ပြုခဲ့တာတွေကြောင့် သူ့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စိတ်ချယုံကြည်ချင်စရာ ဘာဆိုဘာမှ ပါမလာတော့ဘူး။

‘ချစ်ကြည်ရေး သွေးစည်းရေးဆိုတာ တန်းတူရေးကို အပြည့်အဝ အာမခံနိုင်မှ တည်ဆောက်လို့ရတယ်’ ဆိုတာ တရား အရလည်း လက်ခံယုံကြည်ရမှာဖြစ်သလို လက်တွေ့ဘဝမှာလည်း လက်တွေ့ကျကျ အနှစ်သာရရှိရှိ အကောင်အထည်ဖော်ကြရမှာ ဖြစ်ပါတယ်။

ဒါကို အသိအမှတ်မပြုသေးသရွေ့ …

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အသိအမှတ်မပြုသေးသရွေ့တိုင်းရင်းသား ညီအကိုမောင်နှမတွေရဲ့ အရေးကို ဘယ်လိုဖြေရှင်းမလဲ။ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ဘယ်လို တည်ဆောက်နိုင်မှာလဲ။

ဖြူစင်ဖြောင့်စင်းတဲ့ စေတနာအပြည့်နှင့် အကောင်အထည် ဖော်ကြရင်တောင် …

နှစ်ပေါင်းများစွာ ပြိုကွဲခဲ့ရတဲ့ အမျိုးသားသွေးစည်းညီညွတ်ရေးကို (အမျိုးသားပြန်လည်သင့်မြတ်ရေးကို) နှစ်ပေါင်းများစွာ ပြန်လည်တည်ဆောက်ကြရမှာဖြစ်ပါတယ်။

နအဖ စစ်အုပ်စုလို သဘောထားမမှန်မကန် တဖက်သတ်ချဉ်းကပ်မှုမျိုးနှင့်တော့ တပ်တည်ရှိရေး၊ ပါတီတည်ရှိရေးတွေကို စိန်ခေါ်မိရက်သားချည်း ဖြစ်နေမှာ သေချာပါတယ်။

နအဖ စစ်အုပ်စုအနေနှင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို ‘နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး’ ဆိုတာကြီး ဇွတ် ဘယ်လိုပဲ လုပ်ချင်လုပ်ချင် အလွယ်တကူဖြစ်သွားဖို့ဆိုတာ စိတ်ကူးမယဉ်ကောင်းသော အရာဖြစ်လိမ့်မယ်။

နအဖ စစ်အုပ်စုဟာ စိန်ခေါ်ပြီး ဖြစ်ချင်ရာဖြစ် ဓာတ်ကြမ်းကိုင်ရင်လည်း အားချင်းညီတဲ့ တန်ပြန် စိန်ခေါ်မှုတွေနဲ့သာ မလွဲမသွေ ရင်ဆိုင်ရလိမ့်မယ်ဆိုတာ ဦးနှောက်ရှိသူတိုင်း ခန့်မှန်းနိုင်ကြပါတယ်။

(၄)

ဒါဆို နအဖ စစ်အုပ်စု ဘာလုပ်မလဲ။

“တဖက်က ဒီလောက် ရပ်ခံချက်ကောင်းနေရင် ငါ့ဘက်ကလည်း ညှိယူရမှာပေါ့” လို့ စိတ်ထားပြောင်းနိုင်မလား။
ဝေးသေးတယ်။

နအဖ စစ်အုပ်စု အဲဒီလောက် အမြော်အမြင်ရှိရင် တိုင်းပြည်ဒီလောက် ငါးပါးအမှောက် မခံပါဘူး။ ကျနော့်အမြင် နအဖ စစ်အုပ်စုဘက်က လုံးလုံးညှိမှာ မဟုတ်ဘူး။

‘မညှိလို့ကတော့ သေရုံမှတပါး ရွေးစရာမရှိ’ ဆိုတဲ့ အနေအထားမျိုး မကြုံသေးသရွေ့ နအဖ စစ်အုပ်စုဆီက စိတ်ကောင်း စေတနာကောင်းကို မမျှော်လင့်နှင့်တော့။

ဒါဆို သူဘာတွေ လုပ်လာနိုင်သလဲ။

ကြိမ်းသေပေါက်လုပ်မယ့်အလုပ်တွေက …

NLD ကို ထိုးခွဲမယ်။
NLD ကို ရောဂါမျိုးစုံဝင်အောင်သွင်းပြီး ထိုးခွဲမယ်။
NLD ထဲမှာ ဟိုအတွေးအခေါ် ဒီအတွေးအခေါ်၊ ဟိုဂိုဏ်း ဒီဂိုဏ်း၊ ဟိုအုပ်စု ဒီအုပ်စု စတဲ့ ရောဂါမျိုးစုံသွင်းပြီး ထိုးခွဲမယ်။
NLD ကို ပြိုအောင် ဖြိုမယ်။

အနည်းဆုံး အတွေးအခေါ်တွေ ရှုပ်ထွေးဝေဝါးပြီး အလုပ်တွေ ရှေ့မတိုးအောင်၊ ဖြစ်နိုင်ရင် Paralyse ဖြစ်ပြီး မလှုပ်နိုင် မရှားနိုင်ဖြစ်အောင် အရိုးပျော့ အဖျားခွေ ဖြစ်သွားအောင် လုပ်ပစ်လိမ့်မယ်။

ဒီလိုအနေအထားမှာ NLD မှာ စိန်ခေါ်ချက်တွေ မုချကြီးလိမ့်မယ်။

စစ်မြေပြင်မှာ တပ်ဦးမှာ အဆုံးအဖြတ်အခန်းမှာရှိတဲ့ ဘယ်ခေါင်းဆောင်မှုမှာမဆို မိုးထဲရေထဲ စိန်ခေါ်ချက်တွေ ကြီးစမြဲပဲ။ ဒါတွေကို ဘယ်သူမှ ရှောင်လွှဲလို့မရဘူး။ နည်းမှန်လမ်းမှန်နှင့် ဖြေရှင်းနိုင်ရေးအတွက် သတ္တိမွေးကြ၊ ပြင်ဆင်ကြရမှာပဲ ဖြစ်ပါတယ်။

အဲဒါတွေကို စနစ်တကျ ဖြေရှင်းနိုင်တာ၊ စနစ်တကျ ကျော်လွှားနိုင်တာ၊ စိန်ခေါ်ချက်တွေကို အင်အားအဖြစ် ပြောင်းလဲပစ်နိုင်တာတွေဟာ ပါတီတရပ်၊ အဖွဲ့အစည်းတခု၊ ခေါင်းဆောင်မှုတရပ်ရဲ့ သံခဲတင်မယ့် အရည်အချင်းတွေ ဖြစ်ပါတယ်။

မှိုနှင့်မျှစ်ကိုမှ နှုတ်ချင်ရင် ကျင်တုတ်တော့ ခံဝံ့ကြရမှာပါ။

ဒီနည်းနှင်နှင်ပဲ NLD ကို လုပ်သလိုမျိုး အပစ်ရပ်အင်အားစုတွေကိုလည်း မုချလုပ်လိမ့်မယ်။

ဒီနေ့မလုပ်သေးရင် မနက်ဖြန် လုပ်လိမ့်မယ်။ ဒီအဖွဲ့ကို မလုပ်သေးရင် ဟိုအဖွဲ့ကိုလုပ်လိမ့်မယ်။

နှစ်ကောင်ကျွေးပြီး ကင်းဝင်သွားတဲ့အကွက်တွေကို နအဖ စစ်အုပ်စု ကစားခဲ့တာ အံခွနေလောက်ပြီ။

ဒီလိုဖြစ်ရပ်မျိုးတွေ၊ ဒီလိုညစ်ပတ်မှုမျိုးတွေကို ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ ဘဝနှင့်ရင်းပြီး သိခဲ့ကြပြီးပါပြီ။

(၅)

ဒါဆို ကျနော်တို့ တာဝန်က ဘာလဲ။

နအဖ စစ်အုပ်စု ခေါင်းခဲနေတဲ့ အကွက်ကိုလည်း သိပြီ။

နအဖ စစ်အုပ်စု လုပ်ဆောင်လာမယ့် ဉာဏ်နီဉာဏ်နက်တွေကိုလည်း သိပြီ။

ကျနော်တို့ ဘာလုပ်ကြမလဲ။

ကျနော်တို့ ဒါတွေကို မုချ လုပ်ကြရပါလိမ့်မယ်။

ကိုယ့်အားကောင်းချက်တွေကို မြဲမြဲဆုပ်ကိုင်။

ကိုယ့်အားနည်းချက်တွေကို ရဲရဲ ပြုပြင်။

စစ်အုပ်စုရဲ့ တဆင့်တိုးလာမယ့် ထိုးစစ်မှန်သမျှအတွက် လူထုအားနှင့် ခုခံကာကွယ်။

ကိုယ့်တပ်၊ ကိုယ့်အင်အားကို အစွမ်းရှိသမျှ တိုးမြှင့်တည်ဆောက်။

စစ်အုပ်စုရဲ့ မာယာ၊ ကြော့ကွင်းနှင့် အခြောက်အခြားတွေကို သတိနှင့် ရှောင်ရှား ကျော်ဖြတ်။

အင်အားစုတွေကြားညီညွတ်ရေးကို မျက်လုံးအိမ်သဖွယ် ထိမ်းသိမ်းစောင့်ရှောက်။

လုပ်နိုင်ကိုင်နိုင်စွမ်းတွေကို အဆ တရာတထောင်မက အစွမ်းကုန် အရှိန်မြှင့်တင်။

ဒေါ်အောင်ဆန်းစုကြည် ထောက်ပြထားသလို အကောင်းဆုံးကို မျှော်လင့်ရင်း အဆိုးဆုံးအတွက် ပြင်ဆင်ထားကြရင် …

NLD သည်လည်းကောင်း၊ အပစ်ရပ် တော်လှန်ရေး အင်အားစုများသည်လည်းကောင်း လူထုအားကို အရယူနိုင်ရင် …

ဘယ်လောက်ပင် ကြမ်းတမ်း ကြမ်းတမ်း မတုန်လှုပ်ကြေး နောက်မတွန့်ကြေး လူထုနှင့်အတူ ချီတက်တိုက်ပွဲဆင်နိုင်ရင် …

ကျနော်တို့ အင်အားစုတွေ မလုပ်နိုင်တဲ့အရာ၊ ကျနော်တို့ ပြည်သူတွေ မစွမ်းဆောင်နိုင်တဲ့အရာ ဒီကမ္ဘာမှာ ဘာများ ရှိနိုင်သေးလို့လဲ။ ။

ဇွန်မှိုင်း (၂ဝ-၁-၂ဝ၁ဝ)

Thursday, January 28, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၂၆)

အစာငတ်ခံတိုက်ပွဲဝင်ရန် စာရင်းပေးသူမြောက်များစွာထဲမှ အချို့ကို လျှို့ဝှက် ရွေးချယ်လိုက်သည်။ ပထမ အသုတ်တွင် ၂၃ ယောက်၊ ဒုတိယ အသုတ်တွင် ၃၇ ယောက်၊ တတိယအသုတ်တွင် ၃၆ ယောက် ရွေးချယ်လိုက်သည်။

ပထမအသုတ် တိုက်ပွဲဝင်သူများမှာ စာရေးဆရာ ဗန်းမော်တင်အောင်၊ စာရေးဆရာ မြသန်းတင့်၊ ဦးလှဖေ (ကထိက)၊ ကိုအောင်ငြိမ်း (မြင်းခြံ)၊ ကိုလှကြည် (ဗိုလ်ကလေး)၊ ကိုထင်ရှိန် (ရန်ကုန်သတင်းစာ)၊ ကိုဘဖူးညွန့် (ပဲခူး)၊ ကိုသိန်းဖြူ (ရခိုင်)၊ ဗိုလ်ကျော်သူ (ပြည်သူ့ရဲဘော်)၊ ကိုစော (လူငယ့်တပ်ဦး)၊ ကိုတင်ရီ (ဝါးခယ်မ ပါလီမန်အမတ်)၊ ကိုချို (ပြည်)၊ ကိုချစ်ဆွေ (ကျွန်းဖက်သိမ်းရေး တိုက်ပွဲတွင် ကျဆုံး)၊ ကိုကံမြင့်၊ ကိုအောင်ထီ (တပ်မတော်-ကြည်း) အခြားသူများ မမှတ်မိတော့ပါ။

အစာငတ်ခံတိုက်ပွဲစသည်နှင့် နောက်နေ့တွင် မည်သည့်အကျဉ်းသားမှ စခန်းပြင်သို့ မထွက်ရပါ။ ဤသည်မှာ စည်းကမ်းတခု ဖြစ်သည်။ ကျနော်တို့၏ တိုက်ပွဲမှာ အချိန်လုပြီး လုပ်နေချိန်၊ မမျှော်လင့်ဘဲ ဘဝတူနိုင်ငံရေး အကျဉ်းသား ကိုတင်ငြိမ်း ကျဆုံးသွားခဲ့ရသည့်အတွက် လုပ်ငန်းဆောင်ရွက်မှု အားလုံး ရပ်ဆိုင်းလိုက်ရပါသည်။

တိုက်ပွဲ၏တောင်းဆိုချက် ၁ ဖြစ်သော ကိုတင်ငြိမ်းအလောင်း အိမ်ပြန်ပို့ပေးရေးကို အာဏာပိုင်များက လုံးဝမလိုက်လျောခဲ့ပါ။ ကိုတင်ငြိမ်းအလောင်းလုပွဲဖြစ်ပြီး အာဏာပိုင်များက ကိုတင်ငြိမ်းအလောင်းကို ရရှိသွားခဲ့ပြီးနောက် သူတို့ မီးတင်ရှို့ခဲ့ သည်။ ကိုတင်ငြိမ်းသေဆုံးပြီး အစာငတ်ခံတိုက်ပွဲဖြစ်ခဲ့သည်။

တိုက်ပွဲတောင်းဆိုချက်များသည် မဆလ၏ ပြည်ထဲရေးဌာနအထိ ရောက်ရှိသွားခဲ့သည်။ ထိုစဉ်က ကိုကိုးကျွန်းမှ နိုင်ငံရေးအကျဉ်းသားများ၏ တောင်းဆိုချက်ကို အဆုံးအဖြတ်ပေးခဲ့ရ သူမှာ ဗိုလ်စိန်မြဖြစ်သည်။ ထို့ထက်မက ကြီးမားသည့် ကျွန်းဖျက်သိမ်းရေး ၅၂ ရက်ကြာ အစာငတ်ခံတိုက်ပွဲတွင်လည်း မဆလ၏ ပြည်ထဲရေးဌာနမှ ကိုင်တွယ်ဆုံးဖြတ်ပေးခဲ့ရသူမှာ ဦးစိန်မြပင် ဖြစ်ပါသည်။

သည့်အတွက်ကြောင့် ဦးစိန်မြကို တွေ့တွေ့ချင်း …

“ခင်ဗျားဟာ ကျနော်တို့ ရန်သူဖြစ်တယ်၊ ခင်ဗျား ပြည်ထဲရေးဝန်ကြီးဘဝမှာ ကျနော်တို့ကျွန်းက ရဲဘော်တွေ ၁၂ ယောက် ကျခဲ့တယ်” စသည်ဖြင့် ကျနော် ပြောခဲ့ခြင်းဖြစ်ပါသည်။

မျှော်လင့်စီစဉ်ထားသလို ဖြစ်မလာတော့ လိုက်လျှောညီထွေတဲ့နည်းကိုလုပ်

အစာငတ်ခံတိုက်ပွဲမှာ ရက်ပေါင်း ၄၀ ကြာခဲ့ပါသည်။ မေလ ၁ ရက်နေ့တွင် ပြီးဆုံးခဲ့သည်။ တိုက်ပွဲပြီးပြီဖြစ်၍ ထိုနေ့ မေလ ၁ ရက်နေ့တွင် ဖထီး မန်းအောင်ကြည်နှင့် ကျနော်တို့ ၂ ယောက်မျာ ဂျယ်ရီကျွန်းကလေးဘက်သို့ အလုအယက် ထွက်ခဲ့ပါသည်။

လှေစပ်သည့် ဆပ်သွားဖူးချုံထဲသို့ဝင်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အတော့်ကို စိတ်ထိခိုက်သွားရပါ သည်။ ကျနော်တို့လှေကလေးသည် အမိုးအကာ အဖုံးအဖိ အရိပ်မရှိ။ မတ်လ၊ ဧပြီလ တလလုံး ရက် ၄၀ တိတိ ချစ်ချစ်တောက် ပူပြင်းသော နေပူဒဏ်အောက်တွင် ပစ်ထားသလို ရှိခဲ့ခြင်းကြောင့် ပျဉ်အချို့မှာ ကွဲထွက်ခြင်း၊ ပျဉ်များကြဲပြန့်ကုန်ခြင်း ဖြစ်ပါသည်။

ကျနော်တို့ နောက်ဆုံးထွက်လာသည့်နေ့က လှေဝမ်းထဲတွင် ထည့်ထားခဲ့သော ဆပ်သွားဖူးညွန့် သုံးလေးညွန့်မှာလည်း ခြောက်သရောင်းကုန်ပါသည်။ မရတော့ပါ။ အချိန်လု၍ မရတော့ပါ။ တိုက်ပွဲအစီအစဉ်ကို ပြောင်းလိုက်ရတော့မည်။

ဘာတတ်နိုင်မှာလဲ၊ မျှော်လင့်စီစဉ်ထားသလို အခြေအနေ မပေးအပ်လာတော့ ရရှိတဲ့ အခြေအနေ၊ အချိန်အခါနဲ့ လိုက်လျောညီထွေအောင်ပဲ စီစဉ်လုပ်ကိုင် ရတော့မည် ဖြစ်ပါသည်။

အစာငတ်ခံတိုက်ပွဲပြီးဆုံးချိန်တွင် တိုက်ပွဲဝင်ခဲ့သူ ရဲဘော်များကိုပြုစုရေးမှာ အလွန်အရေးကြီးပါသည်။ တိုက်ပွဲဝင်ခဲ့သူ ရဲဘော်များမှာလည်း တိုက်ပွဲတွင်း ကာလလို မဟုတ်တော့ဘဲ စိတ်လွတ်လပ်သွားပြီဖြစ်သည့်အတွက် နဂိုမူလ ကျန်းမာရေးအတိုင်းပြန်ရောက်ရေးမှာ အလွန်အရေးကြီးပါသည်။ တိုက်ပွဲဝင်ရဲဘော်များကို ကိုကြီးမြင့် (ရွှေတောင်) (ကျနော်တို့က ဒေါက်တာကြီးဟု ခေါ်သည်) မန္တလေးတက္ကသိုလ် နောက်ဆုံးနှစ် ဆေးကျောင်းသားဖြစ်သည်။

ရဲဘော်များကို ပြုစုပုံမှာ ပထမ ဆန်ပြုတ်အရည်ကြည်၊ အသားရှိရင်လည်း အသားစွပ်ပြုတ်။ အရည်ကြည် ပြီးတော့မှ ဆန်ပြုတ် နည်းနည်းပျစ်တာ ကျွေး။ နောက်တဆင့် ထမင်းပျော့ပျော့နဲ့ ကျွေးရပါသည်။ တညနေ မိုးချုပ်တွင် ရက် ၄၀ တိုက်ပွဲဝင်ခဲ့သည့်ရဲဘော်များထဲမှ လူကောင်အကြီးဆုံး ကိုအုန်းမော်၊ ဘဖူးညွန့်၊ ကိုချစ်ဆွေတို့ ၃ ယောက် ကျနော့်ကို ဖိုကြီးဘေးသို့ ခေါ်လာပြီး …

“ခင်ဗျားမှာ ဘာစားစရာရှိလဲ၊ ကျနော်တို့ မခံနိုင်ဘူးဗျာ၊ ဒေါက်တာကြီးက ထမင်းပျော့ တပန်းကန်းပဲကျွေးတော့ ကျနော်တို့ ရင်တွေတုန်နေတာပဲ”

“ဟာ … ရှိတာပေါ့၊ နို့ဆီရှိတယ်၊ ခင်ဗျားတို့ သောက်မလား”

သောက်မယ်ဆို၍ ကျနော် နို့ဆီဗူး တိတ်တိတ်ယူလာပြီး ဖောက်ပေးလိုက်သည်။ ကျနော့်ရဲဘော်ကြီး ၃ ယောက် တယောက်တလှည့် မော့သောက်လိုက်ရာ နို့ဆီတဗူး ပြောင်သွားပါသည်။ ပြီးတော့မှ သူတို့ ၃ ယောက်စလုံးက …

“အေးဗျာ၊ အခုမှပဲ နေသာထိုင်သာ ရှိသွားတော့တယ်”

ကျနော် ဖိုကြီးမှ ရေကျက်အေးကိုယူပြီး တိုက်ပါသည်။ ၃ ယောက်သား တကျိုက်ကျိုက် သောက်ကြပါသည်။ ဤရဲဘော် ၃ ယောက်မှာ ခန္ဓာကိုယ် တောင့်တင်းကြီးမားသည့်အတွက် ထမင်းပျော့ တပန်းကန်သည် သူတို့အတွက် လိုအပ်သည့် ကယ်လိုရီ ပြည့်စုံလုံလောက်မှု ရှိပုံမရပါ။

နို့ဆီကို တိုက်ပွဲကာလအတွင်း ကျနော် ၈ ဗူးလား မသိပါ၊ တိတ်တဆိတ် ယူထားလိုက်သည်။ မတတ်နိုင်ပါ၊ ရိက္ခာအတွက် ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်။

Tuesday, January 26, 2010

ငါ သေတော့ ... ဘယ်သူ ငိုမှာလဲ (ကာတွန်း စောငို)


မှိုနှင့်မျှစ်ကိုနှုတ်ချင်ရင် ကျင်တုတ် ခံဝံ့ မခံဝံ့ (ဇွန်မှိုင်း)

(၁)

၂ဝ၁ဝ ထဲရောက်ပြီ။

နအဖ စစ်အုပ်စုဟာ ၂ဝဝ၈ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ကတည်းက ကြေညာချက် အမှတ် ၂/၂ဝဝ၈ ကို ထုတ်ပြန်ပြီး ၂ဝ၁ဝ ခုနှစ်မှာ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမယ်ဖြစ်ကြောင်း အတိအလင်း စတင်ပြောဆိုခဲ့ပါတယ်။

ဒီ စကားအရဆိုရင် …

ဒီအချိန်လောက်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဥပဒေတို့၊ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် ဥပဒေတို့ ထွက်ပြီး ဖြစ်သင့်နေပြီဆိုတာ လူတိုင်း ဘယ်သူမဆို တွက်ဆမိကြမှာပါ။

ခု ဒီ ဥပဒေတွေ ထွက်ပြီလား …

လုံးလုံး မထွက်သေးပါဘူး။

ဘာကြောင့်လဲ။

စစ်အစိုးရရဲ့ ခြေလှမ်းတွေ နှေးကွေးတုန့်ဆိုင်းနေအောင် ဘယ်အချက်တွေက နှောင်တည်းထားပါသလဲ။

အကွက်စေ့အောင် အပေါ်စီးကရအောင် အမြဲအကွက်ချပြီး ပြင်ဆင် လုပ်ကိုင်လေ့ရှိတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ ဒီတခါ တာထွက် ဘာကြောင့် ဒီလောက်နှေးနေတာပါလဲ။

ဘာကြောင့် ဒီလောက် ကြန့်ကြာနေတာလဲဆိုတာ အကြောင်းရင်း ရှာကြည့်မိတော့ ဒီလို စဉ်းစားမိတယ်။

ဖြစ်နိုင်တဲ့အကြောင်းတချက်က …

အတိုက်အခံ အင်အားစုတွေကို လှုပ်ရှားချိန်၊ ပြင်ဆင်ချိန် နည်းနိုင်သမျှ နည်းအောင်၊ အလစ်အငိုက်မှာ လျှပ်တပြက်တိုက်ခိုက်နိုင်အောင် ‘အချိန်မပေးတဲ့ နည်းဗျူဟာ’ ကျင့်သုံးနေတာ ဖြစ်နိုင်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန္ဒခံယူပွဲလုပ်ခဲ့စဉ်က အကွက်မျိုးပါ။

ဆန္ဒခံယူပွဲလုပ်မယ်ဆိုတဲ့ ကြေညာချက်ကို ၂ဝဝ၈ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့မှာမှ ကပ်ပြီး ထုတ်ပြန်၊ ၂ဝဝ၈ ခုနှစ် မေလ ၂ ရက်နေ့မှာ ထိုးစစ်ဆင်သလို ဆန္ဒခံယူပွဲ ပြုလုပ်ဆိုတဲ့ အကွက်မျိုး။

ပြင်ဆင်ချိန်၊ စည်းရုံးချိန်၊ လူထုကို ချပြချိန်၊ လူထုရဲ့ သိမြင်နားလည်မှု ရေချိန်ကို မြှင့်တင်ပေးချိန်၊ စစ်အုပ်စုနဲ့ စစ်အုပ်စုရဲ့ လက်ကိုင်တုတ် အဖွဲ့အစည်းတွေရဲ့ ဗိုလ်ကျစော်ကား မလျှော်သြဇာသုံးတာမျိုးကို ကာကွယ်နိုင်အောင်၊ တားဆီးနိုင်အောင်၊ ဖော်ထုတ်ဖွင့်ချနိုင်အောင်၊ ဖြစ်နိုင်တဲ့နေရာတိုင်းမှာ တိုက်ပွဲအဆင့်အထိ မြှင့်တင်နိုင်အောင် ကိုယ့်တပ်ကိုယ် ပြင်ဆင်ချိန် စသဖြင့် ဘာဆိုဘာမှ မပြင်ဆင်နိုင်အောင် ‘ရန်သူကို အချိန်မပေးရေး ဗျူဟာ’ ခင်းနိုင်ဖို့ ပရိယာယ်ကြွယ်နေတာ ဖြစ်နိုင်ပါတယ်။

ဒါက အကြောင်းတခုပါ။ နောက် အကြောင်းတခုကတော့ …

စစ်အုပ်စု ကိုယ်တိုင် အဆင်သင့် မဖြစ်သေးတာ၊

အပေါ်စီး(Upper Hand)က ရအောင်၊ နောက်ကျောလုံအောင်၊ အတိုက်အခံဟူသမျှ မလှန်နိုင်အောင်၊ အရာရာ မီးသေနေအောင် လုပ်ဖို့ကိစ္စတွေမှာ မပြီးပြတ်သေးတာ၊ ထင်တိုင်းကြဲလို့ မရနိုင်အောင် ဖြစ်နေသေးတာ၊ ဇာတ်တိုက်လို့ အကွက်ချလို့ကို စိတ်တိုင်းမကျနိုင်သေးတာဆိုတဲ့ ‘အဆင်သင့် မဖြစ်သေးခြင်းများစွာ’ ကြောင့် ဖြစ်နိုင်ပါတယ်။

(၂)

နအဖ စစ်အုပ်စုလို တဘို့တည်းသမားတယောက်အဖို့၊ အတ္တကလည်း ကြီး၊ အာဏာကလည်း ရူး၊ လောဘကလည်း အတောမသတ်နိုင်တဲ့ လူ့အန္ဓလို ပုဂ္ဂိုလ်မျိုးအဖို့တော့ ခေါင်းခဲစရာပြဿနာတွေက စက္ကန့်နှင့်အမျှ နေရာတိုင်းမှာရှိနေမှာ ပေါ်နေမှာ မုချဖြစ်ပါတယ်။

အဲဒီလို ပြဿနာတွေတသီတတန်းကြောင့် ရှေ့မတိုးနိုင်၊ ရှေ့မတက်ရဲ ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။

စစ်အုပ်စုရင်ဆိုင်နေရတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ထဲက အရေးကြီးဆုံးပြဿနာ ၂ ခုကို ကျနော် ထောက်ပြချင်ပါတယ်။

ကျနော်တို့ဘက်ကလည်း ဒီအပေါ်မှာ ကာစရာရှိတာ ကာနိုင်အောင်၊ သတိထားစရာရှိတာထားနိုင်အောင် သတိပေးချင်၊ အကြံပြုချင်လို့လည်း ဖြစ်ပါတယ်။

နအဖ စစ်အုပ်စုရဲ့ခေါင်းကို တဆစ်ဆစ်ကိုက်နေအောင်၊ တဒိန်းဒိန်းခဲနေအောင် ဖြစ်နေတဲ့ ပြဿနာ ၂ ရပ်ကတော့ …

(၁) NLD ကို ဘယ်လိုကိုင်မလဲ ဆိုတဲ့ ပြဿနာနှင့်

(၂) အပစ်ရပ်အင်အားစုတွေကို ဘယ်လိုကိုင်မလဲဆိုတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။


(၁) NLD ကို ဘယ်လိုကိုင်မလဲ


NLD က ၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ် ပိုင်ရှင်ဖြစ်နေတယ်။

NLD မှာ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးရှိနေတယ်။

NLD မှာ ရွှေဂုံတိုင် ကြေညာစာတမ်းနှင့် ရွှေဂုံတိုင် ဆုံးဖြတ်ချက်တွေ ရှိနေတယ်။

NLD ဟာ ဒီနေ့ထိ ရွှေဂုံတိုင်ကြေညာချက်အပေါ် ခိုင်ခိုင်မာမာ ရပ်ခံနေတယ်။

နအဖ စစ်အုပ်စုဟာ ၉ဝ ရလဒ်ကို ကြောက်တယ်၊ ဒီနေ့အထိ ဘယ်လို ဖြေရှင်းရမှန်း မသိဘူး၊ သူ့ဖြေရှင်းနည်းဖြစ်တဲ့ ‘လုံးဝ အသိအမှတ်မပြုရေး’ နည်းကတော့ လူတောတိုးတဲ့ ပွဲလယ်တင့်တဲ့ ဖြေရှင်းနည်း မဟုတ်ဘူး။ ဒီအကြံယုတ်ကို စွဲကိုင်ထားလေလေ လူပုံအလယ်မှာ လူညစ်ပတ်ကြီး ဖြစ်လေလေဆိုတာ သူကိုယ်တိုင် ဝန်မခံသေးပေမယ့် လက်တွေ့က ငြင်းမရတော့ဘူး။

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားတခွန်းဟာ သူ အခွန်းတရာ တထောင် ပြောနေတာထက် အဆတရာ တထောင် ခရီးရောက်တယ်ဆိုတာ သူသိတယ်။ မသိချင်ပေမယ်လို့ မသိလို့ မရအောင် သိနေရပြီ။

လူထုနဲ့ ဒေါ်စု မတွေ့ရအောင်၊ မတွေ့နိုင်အောင် အဆက်အသွယ် ဖြတ်တောက်မှုကို နည်းမျိုးစုံနှင့် လုပ်နေရတာလည်း နာမည်ပျက်လှပြီ။ ရုပ်လည်း ဆိုးလှပြီ။

စစ်အုပ်စုဟာ ရွှေဂုံတိုင်ကြေညာစာတမ်းနဲ့ ရွှေဂုံတိုင်ကြေညာချက်ကို ကြောက်တယ်။

လိုက်လျောဖို့နေနေသာသာ ဖြစ်နိုင်ရင် ကြားတောင် မကြားချင်ဘူး။ သူ့အတွက် နားအခါးဆုံး ကြေညာချက်ပဲ။

- နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ အမြန်လွှတ်
- ၉ဝ ရလဒ်ကို တနည်းနည်းနှင့် အသိအမှတ်ပြု
- ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်
- တွေ့ဆုံဆွေးနွေးပြီး အဖြေရှာ

ဒီ ၄ ချက်လောက် လက်တွေ့ကျတာ ဘယ်မှာရှိတော့လိုလဲ။

ယနေ့ ကြုံတွေ့နေရတဲ့ ပြဿနာအရပ်ရပ် ဒီ ၄ ချက်နှင့်သာရှင်း အရာရာပြေလည် ကျော်လွှားသွားလိမ့်မယ်။

လူတိုင်း ဒီလိုပဲ နားလည်တယ်။

လူတိုင်း ဒီလိုပဲ ယုံကြည်တယ်။

မယုံတာဆိုလို့ နအဖ စစ်အုပ်စု တစုပဲ ရှိတယ်။

နားမလည်ချင်ယောင်ဆောင်ပြီး သွက်သွက်ခါအောင် ငြင်းနေတာဆိုလို့ နအဖ စစ်အုပ်စု တစုပဲ ရှိတယ်။

အဲတော့ ဒါကို NLD က အခိုင်အမာ ကိုင်စွဲထားသမျှ စစ်အုပ်စုဟာ ခြေမန်းကွင်း အစွပ်ခံထားရတဲ့လူလို ထင်ရာစိုင်းဖို့ တော်တော့်ကို ခက်သွားတယ်။

ဘာကိုမှ မပြင်ဘူး
ဘာကိုမှ လုပ်မပေးဘူး
ဘာကိုမှ လွှတ်မပေးဘူး

ဘာကိုမှ မဆွေးနွေးဘူးလို့ ဘယ်လိုပဲ သွေးရူးသွေးတမ်းတွေ ပြောဆိုနေနေ အသက်ရှုရခက်အောင် ဘေးကြပ်နံကြပ် ဖြစ်နေတာတော့ အတိအကျပဲ၊ ‘အဝေးကပင် မြင်နိုင်ပါသည်’ လို့ လူတိုင်း သိနေကြပါတယ်။ (ကျနော် ပိုပြောတာ လုံးလုံးမဟုတ်ပါဘူး။)

ဆက်လက်ဖော်ပြပါမယ်။

Monday, January 25, 2010

ကျောင်းသား ထောင် တော်လှန်ရေးသမား (၃၆)

တတိယကျဆုံးတဲ့ ရဲဘော်စိန်ချင်း ကျဆုံးတဲ့အချိန်မှာ ကျနော်တို့က ထောင်ဘူးဝနားမှာ ကင်းစောင့်နေတာ၊ ကင်းကျနေတာ။ နေ့ခင်းကြီးပဲ။ အဲဒီအချိန်တုန်းက တိုက်ပွဲဝင်အဆောင် ၂ ထဲမှာ ရဲဘော်ထွန်းမြင့်နဲ့ ရဲဘော်စိန်ချင်းတို့ဟာ မျောနေကြပြီ။ အခြေအနေမကောင်းဘူး။ သိပ်မခံတော့ဘူးလို့ အားလုံးက တွက်ထားကြပြီ၊ ကျနော်လည်း သိနေတာ။

အဲဒီလိုနဲ့ ကျနော် ကင်းစောင့်နေတုန်းမှာပဲ ‘အင်တာနေရှင်နယ်’ သီချင်းသံ သံပြိုင်ဆိုလိုက်တဲ့အသံကို ကြားရတာ။ ကျနော်လည်း ရဲဘော်တယောက်တော့ ကျပြန်ပြီဆိုပြီးတော့ ကင်းစောင့်နေရာကနေ မတ်တပ်ရပ် တိုက်ပွဲဆောင်ရှိရာဘက် မျက်နှာမူ သတိဆွဲ ရပ်နေလိုက်တယ်။ သီချင်းသံပြီးဆုံးသွားတော့ ကျနော့်ခေါင်းထဲမှာ ခုနက ရဲဘော်ထွန်းမြင့်နဲ့ ရဲဘော်စိန်ချင်းတို့အထဲက ဘယ်သူအရင်ကျပါလိမ့်လို့ ကျနော်တို့ ထင်နေ၊ တွေးနေတာ။

ပြီးတဲ့အခါမှာ ကျနော် စုံစမ်းကြည့်လိုက်တဲ့အခါကြတော့ ...

“ဟာ … မဟုတ်ဘူး ကျသွားတာ ရဲဘော်ချစ်ဆွေ” လို့ ပြောပြန်ရော။ ဟာ … ကျနော် ကိုယ့်နားကိုယ် မယုံနိုင်လောက်အောင်ကို အံ့သြသွားတယ်။

ရဲဘော်ချစ်ဆွေဆိုတာ ပြည်ခရိုင်က ဗကသကျောင်းသား။ ကျဆုံးချိန်က သူ့အသက်က ၂၄/၂၅ လောက်ရှိမယ်။ ကျနော်ထက် ကြီးလှ ၃/၄ နှစ်ပဲဖြစ်မယ် မကွာဘူး။ ကျန်းမာရေး အင်မတန်ကောင်းတာ၊ အကြမ်းပတမ်းလည်း အင်မတန်မှကို ခံနိုင်တာ။ လူက ထွားလည်း ထွားတယ်၊ မဲမဲကြီး။ လူချစ်လူခင် အင်မတန်များ၊ လုပ်ရည်ကိုင်ရည်လည်း ရှိတယ်။

သူတိုက်ပွဲဝင် ဒုတိယအသုတ်က။ သူကျဆုံးတဲ့အချိန်မှာ ကျနော်တို့ တိုက်ပွဲတိုက်တာ ၄၈ ရက် ရှိသွားပြီ။ သူ တဦးချင်းတိုက်တာတော့ ၄၁ ရက်ပေါ့။ ရဲဘော်အုန်းမော်ကျပြီးနောက် တရက်ခြားပဲ။ ဒီ တိုက်ပွဲမှာကျတဲ့ ပထမဆုံး ကျောင်းသားပေါ့။ သူ့ရဲ့ဆောင်ပုဒ်အနေနဲ့ သူ့မှတ်တမ်းတွေထဲက ကျနော်တို့ ရွေးထုတ်လိုက်တယ်။ ရွေးထုတ်ပြီး သူ့ရဲ့အခေါင်းရှေ့မှာပဲ ရေးပြီးထားလိုက်တယ်။ အဲဒါကတော့ …

‘ခိုင်မာတဲ့သံန္နိဋ္ဌာန်သာရှိရင် မိုးအောက်မြေပြင်မှာ မလုပ်နိုင်တာမရှိဘူး’

သူကျပြီး နောက်တနေ့မှာပဲ စောစောကတည်းက အခြေအနေဆိုးနေပြီဖြစ်တဲ့ ရဲဘော်ထွန်းမြင့် ကျဆုံးသွားတယ်။ ရဲဘော်ထွန်းမြင့်က ရန်ကုန်က အစိုးရဝန်ထမ်း၊ ကလေး ၂ ယောက် ဖခင်။ အင်မတန်မှ စကားနည်းပြီး အင်မတန် သိမ်မွေ့တဲ့လူ။ သူ့ခန္ဓာကိုယ်က သေးသေးလေး။ ဒါပေမယ့် သူ့မျက်နှာပေါ်မှာက အမြဲတမ်း အင်မတန် ချစ်ခင်စရာကောင်းတဲ့ အပြုံးလေး အမြဲရှိတယ်။ ကျနော်တို့ထက် အသက်ကြီးပါတယ်။ အသက်ကြီးသလို ပိုလည်း ရင့်ကျက်၊ ပိုလည်း တည်ငြိမ်တယ်လို့ ကျနော့်ခေါင်းထဲမှာ စွဲနေတယ်။

သူ့အခြေအနေ မကောင်းတော့ဘူး။ ခြေတွေ လက်တွေ အေးလာပြီဆိုတော့ ဘေးကရဲဘော်တွေက ဝိုင်းပြီး ခြေဆုပ်လက်နယ် ပြုကတယ်။ သူ့လက်ကလေးတွေ ဖျစ်ညှစ်ပေး၊ သူ့ခြေသလုံးလေးတွေ ဖျစ်ညှစ်ပေး။ အဲလို ဝိုင်းလုပ်ကြတယ်ပေါ့။

အဲဒီမှာ ကျနော်တို့ခေါင်းဆောင် ဆရာ ရာဂျမ်လည်း ပါတယ်။ အဲဒါ သူက ဆရာရာဂျမ်ကို သိပ်အားနာတာကို လူကြီးဖြစ်နေတော့၊ အားနာတော့ လေသံသဲ့သဲ့လေးနဲ့ သူက ...

“ဆရာရယ် … ကျနော့် ခြေတွေလက်တွေ အေးနေပေမယ့် ကျနော့်ရဲ့နှလုံးသားဟာ မော်စီတုန်းအတွေးအခေါ်နဲ့ နွေးထွေးနေပါတယ်”

လို့ ပြောပါတယ်။ ဆရာ့ကို ဒီလို ပြုစုတဲ့အလုပ်မျိုးမလုပ်ဖို့ သူက တောင်းပန်တာပါ။ သူ ကျတဲ့အချိန်မှာ မိုးတွေလေတွေ အင်မတန် သဲသဲမဲမဲ ရွာနေ၊ ထန်နေတယ်။ ကျနော်တို့က အဲဒီ မိုးတွေလေတွေကြားထဲမှာပဲ ‘အင်တာနေရှင်နယ်’သီချင်းကိုဆိုပြီး ထောင်ဘူးဝကို သွားကြတယ်။ ကြွေးကြော်သံတွေ တိုင်ကြတယ်။

ကျနော်တို့ အဲလိုသွားပြီးတော့ ကြွေးကြော်သံတိုင် ထောင်အာဏာပိုင်တွေကို လက်ညှိုး ငေါက်ငေါက်ထိုးခဲ့တာ ၄ ကြိမ်ရှိသွားပြီ။ အဲလို ၄ ကြိမ်မြောက် ကြွေးကြော်သံတွေတိုင်ပြီး ပြန်အလှည့်နောက်ကို ပြန်အလှည့်ဆိုရင်ပဲ တိုက်ပွဲဆောင်ရှေ့က ‘အင်တာနေရှင်နယ်’သီချင်းသံ ထပ်ထွက်လာတယ်။

အသံဟာ မကျယ်တော့ဘူး။ ဘာလို့ဆိုတော့ လူတော်တော်များများဟာ ဒီ ဘူးဝကိုရောက်နေကြတာ။ ပြုစုတဲ့ ရဲဘော်လောက်ပဲ ရှိတော့တယ်။ နောက်ပြီးကျတော့ အခြေအနေမကောင်းတာက စောင့်ကြည့်နေတဲ့ ဆေးတာဝန်ခံ ရဲဘော် အေးမြင့်တို့တတွေပဲ ရှိတော့တယ်။

အဲ … သူတို့ဆိုလိုက်တဲ့ အသံ။ ရဲဘော်စိန်ချင်းလည်း ကျသွားပြီဆိုတဲ့ အဓိပ္ပာယ်။ သူတို့နှစ်ယောက်ဟာ တိုက်ပွဲဆောင်ထဲမှာလည်း အိပ်ယာချင်းကပ်ရက် အိပ်ကြတဲ့လူ။ သူတို့အခြေအနေ ဆိုးနေပြီဆိုတော့ နှစ်ယောက်ယှဉ်ရက် မိန်းမောနေတာ။

နောက် သူတို့ ၂ ယောက် ကျဆုံးသွားတာ ရှေ့ဆင့်နောက်ဆင့်၊ နာရီဝက်လောက်ပဲ ခြားတယ်။ သူတို့ ကျဆုံးတဲ့အချိန်မှာ သူတို့တိုက်ပွဲဝင်တဲ့ရက်ဟာ ၄၃ ရက် ရှိသွားပြီ။ တရက်တည်း ၂ ဦးဆက်တိုက် ကျဆုံးတာပဲ။

ဒီမှာ ပြောစရာရှိတာက သူတို့ မကျဆုံးခင် တရက်လောက်မှာပဲ ဒုတိယအသုတ်ထဲ တိုက်ပွဲဝင်သူတွေက တယောက်က လက်မြောက်အရှုံးပေးသွားတာ ပေါ်ခဲ့တယ်။ သူက မနက်တိုင်း ထောင်အာဏာပိုင်တွေ လာပြီးတော့ ဆေးစစ်တဲ့အခါမှာ သူက သူတိုက်ပွဲဆက် မတိုက်တော့ဘူး။ သူအရှုံးပေးပါပြီလို့ သူ ကြေညာလိုက်တယ်။

ကျနော်တို့လည်း ဘာမှမလုပ်ပါဘူး။ ထောင်အာဏာပိုင်တွေက သူ့ကို လက်ခံလိုက်တယ်။ လက်ခံလိုက်ပြီး အပြင်ကိုခေါ်ထုတ်သွားတယ်။ ဒီထဲမှာ ဆက်ထားရင် မဖြစ်ဘူးဆိုတာ သူတို့လည်း သိတယ်။ သူ့ကိုကပ်နဲ့ ထမ်းပြီးထုတ်သွားတာ။ စောင်အုပ်ပြီး ခေါ်သွားတယ်။ သူကလည်း ရှက်တော့ သူ့မျက်နှာကို သူ့ဟာသူ စောင်နဲ့ ဆွဲအုပ်ထားတယ်။

ဒီလို တိုက်ပွဲအပြင်းအထန် သည်းသန်နေတဲ့အချိန်မှာ သူက လက်နက်ချသွားတယ်ဆိုတော့ ထောင်အာဏာပိုင်တွေဘက်က အတော်ကို အားတက်သွားတာ။ ကျန်တဲ့လူတွေကလည်း ကျန်းမာရေး သိပ်ကျဆင်းနေတဲ့အချိန်မှာ ဒီလိုဖြစ်တော့ အမှန်ပဲ အားလုံး ဒေါပွကြတယ်။ ဒါကို တိုက်ပွဲဝင် ရဲဘော်တွေကိုလည်း ကျနော်တို့ အသိပေးတယ်။

သူတို့လည်း သူတို့ဘေးတင် ဖြစ်နေတော့ သိတာပဲ။ တခြားအဆောင် တိုက်ပွဲဝင်ရဲဘော်တွေကိုလည်း အသိပေးတယ်။ အခုတယောက်က အခုနောက်ဆုံးကျသွားတဲ့ ရဲဘော်စိန်ချင်းက ...

‘ကျနော်ကတော့ အလုပ်သမား လူတန်းစားရဲ့ဂုဏ်သိက္ခာကို
ဘယ်တော့မှ ညှိုးနွမ်းအောင် မလုပ်ဘူး’

လို့ တင်းတင်းမာမာနဲ့ ပြတ်ပြတ်သားသား သူ ပြောခဲ့တယ်။ တကယ်ပဲသူက သူ့ ဆောင်ပုဒ်ကို သူ တကယ် ထိန်းသိမ်းသွားတာ။ နောက် သူ့ အခေါင်းရဲ့ရှေ့မှာ သူ့ဆောင်ပုဒ်ရေးတဲ့အခါကျတော့ ဒီစကားကိုပဲ ကျနော်တို့ ရေးထားခဲ့တယ်။ အလုပ်သမား လူတန်းစားရဲ့ဂုဏ်သိက္ခာကို ဘယ်တော့မှ ညှိုးနွမ်းအောင် မလုပ်ဘူးဆိုတဲ့ သူ့ စကား။

ရဲဘော်စိန်ချင်းက ပခုက္ကူဘက်က အိမ်ထောင်သည်။ အသက်ဟာ ၄၀ လောက်ရှိနေပြီ ၄၀ တဝိုက်ပဲ။ သားသမီးတွေနဲ့။ သူ့ဘဝတလျှောက်လုံး အင်မတန် ကြမ်းတမ်းတဲ့ခရီးရှည်ကြီး ဖြတ်သန်းခဲ့ရတာ။ ကျဘမ်း အလုပ်သမား၊ အလုပ်ကြမ်း အလုပ်သမား အကုန်လုပ်ဖူးရှာတယ်။ သူ့မျက်နှာ သူ့ခြေလက် အားလုံးဟာ အလုပ်ကြမ်းဒဏ်တွေကို အတိုင်းသား မြင်နေရတဲ့ လူမျိုး။ အဲ … ထူးခြားတာတခုကတော့ တယောထိုး အင်မတန် ညက်တယ်။

ဆက်လက်ဖော်ပြပါမယ်။

Sunday, January 24, 2010

မင်းဒင် (နိဂုံးပိုင်း)

ကျောက်ဘီလူးရွာဘက်ဆီသို့ … ဝင်းယော်ချောင်းဖျားအတိုင်းဆန်တတ် … ပြီးလျှင် … တောင်စွန်းရွာအနီးမှ ကပ်၍ဖြတ်ပြီး ဇမိမြစ်ဘက်အခြမ်းမှပြန်ပတ်ကာ ဆင်းလာသည့်လမ်း …။ ဤလမ်းက … မင်းဒင်အတွက် အန္တရာယ်တော့ နည်းနိုင်၏။

သို့သော် … တောင်စွန်းဗျူဟာအနီးမှ ပြန်ဖြတ်၍ထွက်ရသည့်အတွက် … ဗျူဟာအား မျက်နှာပူစရာကောင်း၏။ ဝင်းယော်ချောင်းအတိုင်း စုန်၍ဆင်းနေပါပြီဟု အစီရင်ခံထားပြီးမှ … နောက်ကြောင်း ပြန်ဆုတ်၍ ဗျူဟာအနီးမှ ကပ်ပြီးထွက်ရသည့်အတွက် … မင်းဒင်အတွက် နာမည်မလှ…။

ဒုတိယလမ်းက … ခလယ်စောမှ နှစ်အိမ်သို့ ကူး ... ပြီးလျှင် … ဝင်းယော်ချောင်း အရှေ့ဘက်ကမ်းနှင့် ကျောက်တောင်အကြား ဖြန့်၍ချီပြီး တောင်ကလေးရွာမှ တောင်ကြားလမ်းအား ဖြတ်ကာ၊ မအူရွာသို့…။

ပြီးလျှင်… မအူမှတဆင့် … ဘိုကတော်၊ တံတားပြတ်ရွာများမှ တောင်ပေါက် ၂၄ ရွာအား ကွက်ပြည့်နင်းရန် ဖြစ်သည်။

ဤလမ်းက … နှစ်အိမ်လွန်သည်နှင့် အန္တရာယ်များက အသင့် … ပျောက်ကျားအပစ်ခံရရန်က ၁၀၀ ရာခိုင်နှုန်း ရှိ၏။ ပြီးလျှင် … တောင်ကလေး မအူအကြား တောင်ကြားအားဖြတ်လျှင်မူ … ချေမှုန်းရေးနှင့်ပင် ရင်ဆိုင်ရနိုင်၏။

တတိယလမ်းက … ခလယ်စောမှ နှစ်အိမ်ရွာအားမဝင်ဘဲ….ခြေရာဖျောက်ပြီး ဝင်းယော်ချောင်း အနောက်ဘက်ကမ်းမှ လှည်းလမ်းကူး၊ မြေနီကုန်းရွာများဆီသို့ ချီရန်ဖြစ်သည်။ ထိုမှ … မြိုင်ကုန်းရွာ …။ မြိုင်ကုန်းမှ ဝင်းယော် ချောင်းအားပြန်ကူးပြီး လက်ဝါးဆိပ်ရွာဆီသို့ …။ လက်ဝါးဆိပ်မှစ၍ တောင်ပေါက် ၂၄ ရွာအား ကွက်ပြည့်နင်းရန် …။

ဤလမ်းက … ခလယ်စောမှထွက်ပြီး နှစ်အိမ်ရွာ၏ တဖက်၊ ဝင်းယော်ချောင်း၏ အနောက်ဘက်ကမ်းနေရာက … သတ်ကွင်း … သင်္ချိုင်းမြေ ဟုဆိုရမည့် နေရာဖြစ်သည်။ ၂ ဖာလုံခရီးခန့်နေရာက ချောင်းနှင့် ကျောက်တောင် အကြား ကျဉ်းလွန်းလှ၏။

လက်ယာဘက်တွင် ဝင်းယော်ချောင်း … လက်ဝဲဘက်တွင်က ကျောက်တောင်နံရံ…၊ ကျောက်တောင်က ပျဉ်ပြားတချပ်အား ထောင်ထားသကဲ့သို့ မတ်မတ်…။ ရှေ့ထွက်မိုင်းဆင်ပြီး ပြောက်ကျား ပစ်လျှင်ပင် အလောင်းက ကောက်၍နိုင်မည်မဟုတ်….။

သို့သော် … ၂ ဖာလုံခန့် သေကွင်းအား ဖြတ်ကျော်ပြီးလျှင်မူ … အရှေ့တွင် ဦးတည်ချက်သို့ချီရာ၌ အခက်အခဲက နည်းပြီဟုဆို၍ ရမည်။ လက်နက်ကြီးထောက်ပြီး … တကွက်ခြင်း နင်း၍ရပြီ။

(လေး)

ရွေးလမ်း ၃ သွယ်အနက် မင်းဒင် မည်သည့်လမ်းအား ရွေးမည်နည်း…။ KNLA တပ်ရင်း ၁၆ မှ ခွဲမှူးများ ဖြစ်ကြသည့် ဗိုလ်ဒေါင်းညိုနှင့် ဗိုလ်တင်လှိုင်တို့က မင်းဒင်အကြောင်း သိကြ၏။ မင်းဒင်နှင့် ဤနယ်မြေအတွင်း ကြုံဖူးကြသည်မှာ အကြိမ်ကြိမ်…။

ဤအတွက် မင်းဒင်၏စိတ်အား မှန်းမိကြ၏။ မင်းဒင်က ဝင်းယော်ချောင်းအားဆန်ပြီး နောက်ကြောင်းပြန်လှည့်၍ ဗျူဟာနားခို၍ ဖြတ်သွားရမည့် ကျောက်ဘီလူးလမ်းအား ရွေးမည်မဟုတ်…။

အလိမ်ပေါ်ထားပြီးသည့်နောက် … နောက်ထပ် ဗျူဟာအနားခိုပြီးမှ ဦးတည်ချက်သို့ ချီရသည်ဟူသည့်အဖြစ်မျိုး မင်းဒင်၏စိတ်တွင် အဖြစ်ခံလိမ့်မည် မဟုတ် …။ ပြီးလျှင် … မင်းဒင်က … မိုက်ရူးရဲဆန်စွာနှင့် စွန့်စားတတ်၏။ သုံးဆယ့်ခြောက်ကောင်သမားကဲ့သို့ …။

ဤအတွက် … မင်းဒင်သည် နှစ်အိမ်၊ တောင်ကလေးမှ တောင်ကြားအားဖြတ်၍ မအူ … ထိုမှ ဘိုကတော်၊ တံတားဖြတ်သို့ ချီရာလမ်းနှင့် ဝင်းယော်ချောင်း အနောက်ဘက်ကမ်းမှ ၂ ဖာလုံခန့်ရှိသည့် သတ်ကွင်းအား ဖြတ်ကူးပြီး လှည်းလမ်းကူး၊ မြေနီကုန်း၊ ထိုမှ ဝင်းယော်ချောင်း၊ အရှေ့ဘက်ကမ်းသို့ပြန်ကူးပြီး တောင်ပေါက် ၂၄ ရွာသို့ ချီရာလမ်း ၂ ခုအနက်မှ တခုခုကိုသာ ရွေးလိမ့်မည်။

ဤအတွက် … မင်းဒင်အား တောင်ကလေးနှင့် မအူအကြားရှိ … တောင်ကြားလွင်ပြင်တွင် တဖွဲ့ စောင့်မည်။ နောက်တဖွဲ့က … ဝင်းယော်ချောင်း အနောက်ဘက်ကမ်း လှည်းလမ်းကူရွာနှင့် နှစ်အိမ်ရွာအကြားရှိ ချောင်းနှင့် ကျောက်ဆောင်အကြားတွင် စောင့်မည်။

မင်းဒင်က ခလယ်စောရွာမှ ညဥ့်ဦးယံမှ စ၍ ထွက်၏။ ကျောက်ဘီးလူးဘက်သို့ အထွက်ပြ၏။ ပြီးလျှင် … ကျောက်ဘီးလူးရွာသို့မသွားဘဲ … ဝင်းယော်ချောင်းအား ကူး၏။ ဝင်းယော်ချောင်း အနောက်ဘက်ကမ်းအတိုင်း အောက်ဘက်သို့ပြန်၍ စုန်ကာချီသည်။ အမှောင်ထုအတွင်း တလက်မချင်း … တရွေ့ရွေ့ချီခြင်း …။ သတ်ကွင်းအား မထင်မှတ်သည့်အချိန်တွင် ကျော်ဖြတ်ရန် မင်းဒင် စိတ်ကူးထား၏။

သို့သော် …။ မင်းဒင် မလွတ် …။ ပစ်ကျင်းတူး၍ စောင့်နေကြသည့်အဖွဲ့နှင့် တိုး၏။ နီးနီးကပ်ကပ် တိုးမိကြခြင်း…။ နှစ်ဖက်ထိတွေ့မှုက နီးကပ်လွန်းသဖြင့် လုံးလုံးထွေးထွေး …။ စောင့်သူက အပိုင် …။ စီးစီးပိုးပိုးနှင့် ပစ်ခတ်၏။ မင်းဒင်တို့က သတ်ကွင်းအတွင်း အလူးလူး အလိမ့်လိမ့် …။ ဒဏ်ရာရသူတို့က ညည်း၏။ ကူပါ … ကယ်ပါနှင့် …။ ကောင်းသူတို့မှာလည်း … မကယ်အား၊ မကူအား …။ သတ်ကွင်းမှလွတ်ရန် ဆုတ်နေကြရ၏။ ပေါက်ကွဲသံများက … တောင်နံရံနှင့် ပဲ့တင်ထပ်နေသဖြင့် … မြည်ဟည်းမှုက ကြောက်မက်ဖွယ်ရာ …။

တိုက်ပွဲပြီး၍ … ကျနော်တို့က … တောင်ကလေးရွာသို့ ဆုတ်၏။ တောင်ကလေးတွင် တောင်ကြားလွင်ပြင်၌ မင်းဒင်အား စောင့်နေကြသည့်အဖွဲ့နှင့် ပြန်ပေါင်းပြီး … ကျနော်တို့အားလုံး မအူသို့ ဆုတ်ကြ၏။ မအူရွာသို့ အဝင်က … နေဝန်းနီသည် ပတ္တမြားသွေးရည်အား အံ့ထုတ်၍နေဆဲ …။

(ငါး)

သူ၏ တကိုယ်လုံးက အနက်ရောင် …။ နှုတ်သီး၊ နှာခေါင်း၊ ပါးစပ်တို့သည်လည်း မဲမဲနက်နက်ပင် …။ အနက်ရောင် အသွေးအမွေးနှင့် သူ့အား ကျနော်တို့က … ‘အောင်နက်’ ဟူ၍ အမည်သညာ မပြု …။

‘မင်းဒင်’ ဟူ၍ပင် စစ်ကြောင်းတကြောင်းလုံးက သူ့အား ခေါ်ကြ၏။

Saturday, January 23, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၂၅)

ဝါးလုံးဖောင်နဲ့ တက်မ

ကျနော်တို့ ဝါးလုံးတွေကို နဖားဖောက်ပြီးတော့ ဖထီးမန်းက နဖားဖောက်ထားသည့် ဝါးလုံးထိပ်ကို ၄ လုံးတတွဲ ဝါးခြမ်းပြားနှင့် နဖားလျှိုလိုက်သည်။ နဖားပေါက်တွင် ကျနော်ဖြုတ်ယူလာသည့် သွပ်နန်းကြိုးနှင့် တချက် ချည်သည်။ အလယ်တွင် တချက်၊ အဖျားတွင် တချက် ချည်သည်။ ၄ လုံးတတွဲ ဝါးဖောင်ကလေးကတော့ ၃ စည်းကို တခါ အစည်းကြီးတစီးအဖြစ် ချည်လိုက်ပြန်သည်။ ထိုကဲ့သို့ အစည်းကြီး ၂ စည်းကို နောက်ထပ် သည်ထက်ပိုကြီးသော အစည်းကြီးတခု ပြန်စည်းလိုက်ပြန်ပါသည်။

ဖထီးမန်းစိတ်ကူးသည် အလွန်ကောင်းပါသည်။ ဝါးဖောင်လုပ်သည်ကို ဝါးများကို စုစည်းပြီး ချည်ခြင်းမျိုးမဟုတ်ဘဲ ပထမ ၄ လုံး တစည်း၊ ဝါးလုံး ၄ လုံးတွဲ ၃ ခုကို နောက်ထပ်တစည်းဆိုတော့ ၁၂ လုံးတွဲ ဝါးလုံးဖောင်တခု၊ နောက်ထပ် ၁၂ လုံးတွဲ ဖောင်တခုကို ပြန်စည်းလိုက်တော့ ၂၄ လုံးတွဲ ဖောင်အစည်းကြီး တခုရလာပါသည်။

သူ့စိတ်ကူးက လှိုင်းရိုက်ပြီး ဝါးဖောင် ကွဲသွားဦးတော့ ဝါးလုံးတွေဟာ တလုံးစီ ကွဲမသွားနိုင်အောင် ဖြစ်သည်။ ဖောင်ကလေးများအဖြစ် ရှိနေဦးမည်။ အလွန်ပင်ကောင်းပါသည်။ သဘာဝလည်းကျသည်။ ကျနော်တို့ ၂ ယောက် ဝါးတွေခုတ်လာတုန်းက တဖက်ကို ဝါးအစိတ်လောက် တွဲမယ်ပေါ့။ ဝါးတွေကို တကယ်ရေကြည့်တော့ ၅၂ လုံးဖြစ်ပြီး ၂ လုံးပိုနေပါသည်။ တဖက်ကို ၂၆ လုံးစီ ဖောင်တွဲလိုက်ပါသည်။

ကျနော်တို့လှေမှာ သုံးပုံတွင် နှစ်ပုံလောက်ပြီးစီးသွားပါသည်။ လှေက အလျား ၁၀ တောင်၊ ပေနဲ့ဆို ၁၅ ပေ။ လှေဝမ်းက ခြောက်ငါးမူး ၅ ပြားစပ်၊ လှေနံထောင်ကလည်း ၅ ပြားစပ်၊ အပေါ်ပိုင်း လှေအကျယ်ကတော့ ကျနော့်လက်၂ ဖက်ကို ဘေးသို့ဆန့်တန်းပြီး ကိုင်ကြည့်တာ တကိုင်ရှိပါသည်။ ဆက်လုပ်ဖို့ကျန်တာက လှေအဖုံးရယ်၊ ရွက်တိုင်ပေါက်ရယ်၊ တက်မရယ် အခြား တောက်တိုမယ်ရ နည်းနည်းပါးပါးပဲ ကျန်တော့သည်။

တက်မကို သပ်သပ်လုပ်ပြီး လှေဖင်ပိတ်မှာ သံကွင်း ၃ ကွင်း တပ်မည်။ တက်မဘက် တက်မကိုင်ထဲတွင် သံကွင်း ၃ ကွင်း တပ်မည်။ လှေဖင်ပိတ်က သံကွင်း ၃ ကွင်း၊ တက်မကိုင်ဘက်က သံကွင်း ၃ ကွင်း ဦးအောင် တပ်လိုက်ပြီးနောက် သံကွင်း ၆ ကွင်းညီနေသည့် အပေါက်ထဲသို့ သံချောင်းတချောင်း ထိုးသွင်းလိုက်။

အဲဒီသံချောင်းထိပ်ကို ကွေးထားလိုက် သံချောင်း ပြုတ်မကျတော့ပါ။ တက်မကိုင်တွင် လက်တံတခု တပ်လိုက်လျှင် အရှင်ဖြစ်ပြီးနောက် ဟိုဘက် ဒီဘက် လှည့်လို့ရပါသည်။ အဲဒီလိုလုပ်ဖို့ ပစ္စည်းကရိယာ အစုံ ရှာဖွေထားပါသည်။ ပြည့်စုံနေပါသည်။ အကျဉ်းစခန်းဝင်းတွေမှာရှိတဲ့ တံခါးပိတ်တဲ့ သံကန့်လန့်ကွင်းတွေကို ကျနော် ဖြုတ်ယူထားပါသည်။

ကျနော်တို့ လှေလုပ်တာ မတ်လထဲ ရောက်ပါပြီ။ ပင်လယ်ပြင်ရာသီဥတု သာယာသည်။ အချိန်သိပ်မကျန်တော့ပါ။ အချိန်လုလုပ်ပြီး ဒီလထဲမှာ ထွက်နိုင်အောင် တွန်းလုပ်နေပါသည်။

တပေါင်းနွေကလည်း သိတဲ့အတိုင်းပဲ၊ အလွန်ပူပါသည်။ လှေ ဝမ်းထဲကို ဆပ်သွားဖူးညွန့် ၂ ညွန့် ၃ ညွန့်ဖြတ်ပြီး ထည့်ထားရပါသည်။ လှေဝမ်းထဲကို ခပ်ကျဲကျဲလေး ဖြန့်ထားလိုက်သည်။ လှေဝမ်း နေပူသက်သာအောင် ဖြစ်သည်။ ဝါးဖောင်တွေကို ဖောင်ဖွဲ့ပြီးတော့ ဆပ်သွားဖူးချုံ အရိပ်ကောင်းသည့်အောက်တွင် ထိုးထည့်ထားလိုက်သည်။

နေလည်း စောင်းပြီး အလုပ်လက်စသတ်ပြီး တနေ့က ဂျယ်ရီကျွန်းကလေး၏ မြောက်ဘက်ထိပ်မှ ကျနော် ခုတ်ယူခဲ့သည့် အုန်းခိုင်မှ တလုံးကို ဖထီးမန်းအား ဖောက်ပေးလိုက်သည်။ ကျနော်လည်း တလုံးဖောက် သောက်သည်။ ခဏအမောဖြေပြီး ချုံအပြင်ထွက်လာကြသည်။

ဂျယ်ရီကျွန်းကလေး၏ ကမ်းစပ်ရောက်တော့ ကျနော်တို့ ၂ ယောက် ကျွန်းကလေးပေါ်တွင် အတက်ခြေရာ ပြထားခဲ့သည်။ ရေလက်ကြားကလေးသည် ရေအတော်တက်နေပါသည်။ ဒီရေအတက်မှာ ခါးလောက် ရောက်နေပြီး ရေစီးအတော်သန်ပါသည်။

ဖထီးမန်းနှင့် ကျနော် တယောက်လက် တယောက် တွဲပြီး တယောက်ကို တယောက်ထိန်းကာ ကျွန်းမကြီး၏ သောင်ခုံပေါ်သို့ တက်လာသည်။ ထုံးစံအတိုင်းပင် စခန်းထဲသို့ အရှေ့ဘက်ကမ်းခြေက တယောက်ဝင်၊ အနောက်ဘက်ကမ်းခြေက တယောက်ဝင် အချိန်နည်းနည်းစီခြားပြီး ဝင်ခဲ့သည်။

မမျှော်လင့်သော သတင်းဆိုးနဲ့ အဖြစ်ဆိုး

ကျနော်တို့ စခန်းထဲပြန်ရောက်သောအခါ မမျှော်လင့်သော အဖြစ်ဆိုးနှင့် သတင်းဆိုးက ဆီးကြိုလိုက်ပါသည်။ ကိုတင်ငြိမ်း အသားဝါရောဂါနဲ့ အပြင်းဖျားပြီး ဆုံးသွားတယ်။ ထိုနေ့သည် ၁၉၇၀ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ ဖြစ်သည်။

ကျနော်တို့ ကိုယ့်ကိစ္စ၊ ကိုယ့်ရည်မှန်းချက်၊ ကိုယ့်အလုပ်နှင့် လုံခြုံရေးမှတပါး အခြားကိစ္စကို သတိမထားမိပါ။ ဘဝတူ အကျဉ်းသားတယောက် ကျဆုံးသွားရပြန်ပါပြီ။ ဇူလိုင်လတုန်းကလည်း ကိုထွန်းရှိန်(မသုံးလုံး ခရိုင် ခေါင်းဆောင်ဟောင်း) ပင်လယ်လှိုင်း ရိုက်ပြီး ကျဆုံးသွားသည်။

စခန်းတွင်းရှိ အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များစုဝေးပြီး ညှိနှိုင်းကြသည်။ အစာငတ်ခံ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ကြသည်။

တောင်းဆိုချက် ၆ ချက်ကို တောင်းဆိုလိုက်ကြသည်။ အစာငတ်ခံ တိုက်ပွဲဝင်ကြသည်။ တောင်းဆိုချက် ၆ ရပ်မှာ …

(၁) ကိုတင်ငြိမ်းအလောင်းကို အိမ်ပြန်ပို့ရေး၊
(၂) ကျွန်းစခန်းတွင် ဆေးဝါး လုံလုံလောက်လောက်ပေးရေး၊
(၃) ကျွန်းတွင် ကု၍မရနိုင်လောက်အောင် ရောဂါပြင်းထန်သော လူနာများအား ပြည်မသို့ပို့၍ ဆေးကုသရန်၊
(၄) လတ်ဆတ်သော အသားပေးရန်၊
(၅) အိမ်များသို့ စာရေးဆက်သွယ်ခွင့်ပေးရန်၊
(၆) သတင်းစာ၊ ဂျာနယ်များ ပေးရန်တို့ ဖြစ်သည်။

အစာငတ်ခံတိုက်ပွဲဝင်သောနေ့မှာ ၁၉၇၀ ခုနှစ်၊ မတ်လ ၂၂ ရက်၊ တနင်္ဂနွေနေ့ဖြစ်သည်။

အစာငတ်ခံတိုက်ပွဲမှာ အသုတ်လိုက် အသုတ်လိုက်ဝင်ဖို့ ရွေးချယ်ထားသည်။ အစာငတ်ခံတိုက်ပွဲဝင်သူသည် ကျန်းမာရေးအရ ရေရှည်ခံနိုင်သူ ဖြစ်ရမည်။ စိတ်ဓာတ်အရ တကယ်တမ်း အသေခံစိတ်ဓာတ် မွေးနိုင်သူ ဖြစ်ရမည်။ ပုံသဏ္ဍာန်အရ အကြမ်းမဖက်သော၊ သိမ်မွေ့သောနည်းဖြင့် တိုက်ပွဲဝင်ခြင်းဖြစ်သော်လည်း စိတ်ဓာတ်အရ အနိုင်မခံ အရှုံးမပေးသော သံမဏိစိတ်ဓာတ်မျိုး ရှိရမည်။

ဆက်လက်ဖော်ပြပါမည်။

Thursday, January 21, 2010

ဆရာကြီး ဦးတင်မိုး ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အမှတ်တရ


ဆရာကြီးကို ကျနော့်အနေနဲ့ နောက်ဆုံး တွေ့လိုက်ရတဲ့ ပုံရိပ်အချို့ပါ


မတတ်တခေါက် ပညာလေးနဲ့ ဆရာကြီးကို ဒီစာအုပ်လေး ၂ အုပ်နဲ့ ပူဇော်ခွင့် ရခဲ့ဖူးပါတယ်။

သာမန်လူသားတဦးရဲ့ ဆန္ဒ (တင်မိုး)

အာဂတံ ပါဂတံ
ဗာလာနံတွေနဲ့
ဝါစာကမာဆန်ဆန် မြိုင်တောလယ်မှာ
လှိုင်ဘောလယ်နေသူ မဟုတ်။

သူ့နေရာနဲ့ သူ့နေရာ
ဗဟုသုတ ပဒေသာဖြိုင်ဖြိုင်သီးနေတဲ့
ဂနိုင်ကြီး မြိုင်ကြီးမှာ
ခိုမှီးနေထိုင်သူ ဖြစ်ပါတယ်။

ကျမ်းဂန်အသီးသီးက
လမ်းမှန်နည်းတွေကို
ရှာမှီး ဝေဖန်ရင်း
အနေကန် မရေမရာကို ခွာ
ဧကန် အဖြေကို ရှာနေသူသာ ဖြစ်တယ်။

ဘဝရဲ့ အတိမ်အနက်ကို
တခဏနဲ့ ချိန်စက်
အိပ်မက်လို ဝိုးတိုးဝါးတားနဲ့
ကိုးယို့ကားယားကို အဟုတ်မှတ်
ရုပ်ဓာတ် နာမ်ဓာတ် မကွဲမပြားနဲ့
အသည်းတယားယား ဖဲကစားသလို
အလွဲအမှားတွေ လွန်ကျူးနေတဲ့
စာတမူးတန်နဲ့
ချာတူးလန်လည်း မဟုတ်ပါချေ။

အခွင့်အရေး မြက်တဆုပ်နဲ့
မဟုတ်သည်ကို အဟုတ်ပြော
ဗုဒ္ဓေါ တရတဲ့ လူအညံ့စား
ခန့်ညားရိုသေဖွယ် မရှိ
အဂတိလိုက်စားတဲ့ ငမိုက်သားသတ္တဝါ
ပကာသနကို ငတ်ကြီးကျတဲ့
နှပ်ချေးတမျှ ရွံစရာ
လူ့ဗလချာ မဟုတ်ပါ။

ဘဝမှာ အနေရိုးပေမယ့်
သဝေထိုးခြင်းလည်း မရှိ။
အသိပညာ အတတ်ကိုရှာပြီး
မြတ်ရာကို ကိုးကွယ်
အမျိုးအနွယ်ကို ချစ်မြတ်နိုး
ရိုးသားမှုကို စံနမူနာယူ
မြန်မာဇမ္ဗူမှာ လူကောင်းတယောက်
ကျောက်ကောင်းတစေ့ ဖြစ်ခွင့်ရရင်
ဘဝမှာ ကျေနပ်
အနေမြတ်တယ်လို့ ယုံမှတ်သူဖြစ်ပါတယ်။

ကိုယ် ကြီးကျယ်ဖို့ထက်
နိုင်ငံ ကြီးကျယ်ဖို့ အရေးကြီး
ရီးတီးယားတားနဲ့
ဆီးသီးနွားစားနေ့ မပါးလိုဘူး
တရားမျှတ၊ လွတ်လပ်မှ ချမ်းသာ
သူ ငါ အားလုံး၊ ညီညာညာ ရုန်းကြမှ
လူလုံးလှလတ္တံ့ ဟု
စိတ်နေသန့်သန့်နဲ့
မထိတ်မလန့် နေချင်သူပါ။

ရေမှုတ်ထဲ မိကျောင်းပေါ်သလို
တကိုယ်တော် ကျော်ကြားမှု မလို
ကိုယ်က အစ၊ သူက အားလုံး
ရွှင်ပြုံးချမ်းမြေ့၊ ပျော်တဲ့နေ့ကို
မြင်တွေ့လိုစိတ်နဲ့
အတိတ်က အမှားတွေကို ကျော်
ဒို့တရားကို မျှော်ရင်း
ဘုရားပေါ်သို့ ပျော်ပျော်တက်
ဒိုးပတ်ဝိုင်းနဲ့ ပျော်တော်ဆက်ချင်ပါကြောင်း။ ။

တင်မိုး
၂၁၊ ၁၊ ၂ဝဝ၇
တနင်္ဂနွေ ညဦးအိပ်ရာဝင်

(ဤကဗျာသည် မကွယ်လွန်မီညက ဆရာ နောက်ဆုံးရေးဖွဲ့ခဲ့သော ကဗျာဖြစ်ပါတယ်)

မနှောင်းသေးပါဘူးလေ … (ကာတွန်းစောငို)


မင်းဒင် (ရွှေအိမ်စည်)

(တစ်)

သူ၏ တကိုယ်လုံးက အနက်ရောင် …။ နှုတ်သီး၊ နှာခေါင်း၊ ပါးစပ်တို့သည်လည်း မဲမဲနက်နက်ပင် …။ အနက်ရောင်အသွေး … အမွှေးက ပြာပုံလူးထားခြင်း ကင်းသည့်အတွက်… စိုလွင်၍ နက်မှောင်နေသည်။ အမြီးက အင်္ဂလိပ်အက္ခရာ မေးခွန်းအမှတ်အသားကဲ့သို့ ကွေး၍ကောက်နေသည်။ ကွေးကောက်သော အမြီးများတွင်က … အဖြူရောင် အစက်ပြောက်လေးများဖြင့် အနားသတ်ထား၏။ မျက်ဝန်းအစုံကမူ … နီရွှန်း၍ ပတ္တမြားသွေးရည်အလား ရွှန်းလဲ့၍ နေသည်။

မပိန်လွန်း၊ မဝလွန်းသော ခန္ဓာ …။ ပျိုမြစ်သော အရွယ်တို့ကြောင့် … သူသည် အမြဲတစေ … နိုးကြား၊ ရှင်သန်၍ ဖျတ်လတ်နေသည့်ဟန်က အထင်းသားပင် …။

ကျနော်တို့ သူ့အား သတိထားမိသည်မှာ … မအူရွာသို့အဝင်တွင် ဖြစ်၏။ မအူရွာက ကျနော်တို့၏ အမာခံရွာ ဖြစ်သည်။ ပိုးကရင်လူမျိုးများနေထိုင်သည့် ရွာဖြစ်သည်။ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းတွင်ရှိပြီး … ရွာလူထုက တော်လှန်ရေးအတွင်း ဖြတ်သန်းရင်း … ပြည်တွင်းစစ်၌ကြီးခဲ့ရသည့် လူထု …။

မအူရွာသို့ဝင်သည်နှင့် သူသည် ကျနော်တို့ စစ်ကြောင်း၏ ပွိုင့်အရှေ့သို့ ကျော်၍ပြေးတတ်သွား၏။ ပြီးလျှင် … ကြက် ၃ ကောင်အား ခဏငယ်အတွင်း … ကိုက်၍ ဖမ်းထားပြီးဖြစ်၏။ သူ၏ ကြက်ဖမ်းပုံက … မသေမရှင် လိုက်၍ ဖမ်းသည့်ဟန်…။ ကြက်များက မပြေးနိုင် … မအော်နိုင် … ပုံ၍ လဲနေ၏။ အသင့်ကောက်ရုံပင် …။ သူက … ရွာအဝင် သူ၏တာဝန်အား ကျေပြွန်စွာ ထမ်းရွက်ပြီးသည့်သူတဦးကဲ့သို့ပင် … စစ်ကြောင်းအတွင်းသို့ ပြန်ဝင်၍ လိုက်လာ၏။

(နှစ်)

သူ့အား သတိထားရပြီ။ သူနှင့်ပတ်သတ်၍ မေးမြန်းစုံစမ်းကြရ၏။

ဘယ်သူ့ ခွေးလဲ …။ ဘယ် တပ်စိတ်ကလဲ …။ ဘယ်က ပါလာတာလဲ …။ ကျနော်တို့စစ်ကြောင်းက … အဖွဲ့ပေါင်းစုံစုဖွဲ့ထားသည့် စစ်ကြောင်း …။ စစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ ပြန်ကြားရေး … စစ်ကြောင်းဖြစ်သည်။ KNU ဒူးပလားယာခရိုင်မှ အုပ်ချုပ်ရေးအဖွဲ့ ပါသည်။ KNU တပ်မဟာ ၆ မှ တိုက်ခိုက်ရေး တပ်ခွဲ ၂ ခွဲ ပါသည်။ ပြီးလျှင် … လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - လွတ်မြောက်နယ်မြေ (NLD-LA )၊ ကျောင်းသားတပ်မတော် (ABSDF) တို့ ပါ၏။ စုစုပေါင်း အင်အားက ၁၅၀ ခန့် ရှိသည်။ မေးမြန်းသော်လည်း လူပေါင်း ၁၅၀ အတွင်း သူ၏သခင် … သူ၏ ပိုင်ရှင်ဟူ၍ မရှိ …။ သခင်က မပေါ်ချေ …။ ခက်ပြီ …။

(သုံး)

မင်းဒင်က ခ.လ.ရ ၃၅၂ ၏ တပ်ရင်းမှူး … ဒု-ဗိုလ်မှူးကြီး မင်းဒင်ဖြစ်သည်။ မင်းဒင် ခလယ်စောရွာအတွင်း ‘ခို’ နေသည်မှာ ၂ ရက်ရှိပြီ။ လှုပ်ရှားမှုမရှိဘဲ ရွာအတွင်း၌ ‘ဝပ်’နေ၏။ မင်းဒင်နှင့်အတူ စစ်ကြောင်း ၁ ပါ၏။ တပ်ခွဲ ၄ ခွဲနှင့် အင်အား ၂၀၀ ခန့်ရှိမည်။ ခလယ်စောနှင့် နှစ်အိမ်ရွာက ရွာရိုးချင်းဆက်နေသည့် ရွာများဖြစ်သည်။ ဝင်းယော်ချောင်း၏ အရှေ့ဘက်ကမ်းတွင် ရှိသည့်ရွာများ…။ အိမ်ခြေက တရာ့ငါးဆယ်၊ နှစ်ရာရှိသည့် ရွာကြီးများ ဖြစ်သည်။

မင်းဒင်၏စစ်ကြောင်း ခလယ်စောမှအထွက်ကို စောင့်၍တိုက်ရန် … ကျနော်တို့ ပြင်ဆင်ကြ၏။ ကြားဖြတ်သတင်းများအရ … တောင်စွန်းရှိဗျူဟာက မင်းဒင်အား တောင်ပေါက် ၂၄ ရွာအတွင်းသို့ ဝင်၍ ကွက်ပြည့်နင်းရန် ညွှန်ကြားနေ၏။

မင်းဒင်က … ဒီ..ဒေး၊ န..နာရီလွန်သည့်တိုင် … တောင်ပေါက် ၂၄ ရွာ အတွင်းသို့ မဝင် … ခလယ်စောတွင်ပင် ကျောက်ချပြီး ငြိမ်နေ၏။ ဆက်သွယ်ရေးစက်နှင့်မူ … ဝင်းယော်ချောင်းအတိုင်း စုန်၍ ဆင်းနေသည်။ စစ်ကြောင်းမှ ဗျူဟာအား လိမ်၍အစီရင်ခံနေခြင်း …။

ဤတွင် ကျနော်တို့က … မင်းဒင် ဝင်းယော်ချောင်းအတိုင်း စုန်ဆင်းနေပါသည် ဟူသည့်ရွာများအတွင်း လူထုအစည်းဝေးပြုလုပ်ရန်၊ ပျော်သာယာ၊ မြိုင်ကုန်း၊ တောင်ကလေး၊ ကြုံခိုရွာများရှိ လူထုအား အကြောင်းကြားလိုက်၏။ ကျနော်တို့ လူထုအစည်းဝေးပြုလုပ်ရန် ဆင့်ဆိုသည့်သတင်းက … တောင်စွန်းဗျူဟာသို့ ရောက်၏။ ဤတွင် မင်းဒင်လိမ်၍ အစီရင်ခံနေသည်ကို ဗျူဟာကသိသွားပြီး မင်းဒင်အား ကြိမ်းတော့၏။

မင်းဒင် အလိမ်ပေါ်သွားပြီဖြစ်၍ ခလယ်စောတွင်ဝပ်နေ၍ မရတော့ …။ ထွက်ရပေမည်။ ကျနော်တို့၏ လူထုစည်းဝေးပွဲ ဆင့်ခေါ်ခြင်းကလည်း … အမှန်စင်စစ် ခေါ်ယူရန်မရည်ရွယ် … တောင်စွန်းရှိ ဗျူဟာထံသို့ သတင်းရောက်ရန် အတွက် ဖြန့်ခြင်းမျှသာဖြစ်၏။ ထိုမှ … မင်းဒင် ခလယ်စောမှ ထွက်လာမည် ဖြစ်သည်။ မင်းဒင်၏ ဦးတည်ချက်က … တောင်ပေါက် ၂၄ ရွာအတွင်း ကွက်ပြည့်နင်းရန် ဖြစ်သည်။ ခလယ်စောမှ တောင်ပေါက် ၂၄ ရွာနယ်မြေ အတွင်းသို့လာရာ လမ်းကြောင်းက … ၃ ကြောင်းရှိ၏။


ဆက်လက်ဖော်ပြပါမည်။

Wednesday, January 20, 2010

ကျောင်းသား ထောင် တော်လှန်ရေးသမား (၃၅)

ဒီလိုနဲ့ သူတို့ တဆောင်ပြီးတဆောင် ဝင်တာ။ ကျနော်တို့ရဲဘော်တွေနေတဲ့ အဆောင်ကိုရောက်တော့ အဲဒီရောက်တဲ့အခါကျတော့ ကျနော်တို့ရဲဘော်တွေက ...

“ကျနော်တို့ ခေါင်းဆောင်တွေ ရှိတယ်။ ဒီ တိုက်ပွဲကို ခေါင်းဆောင်နေကြတာ သူတို့ပဲ၊ ခင်ဗျားတို့ သူတို့နဲ့ ပြော၊ ကျုပ်တို့ကို လာမပြောနဲ့”

လို့ ပြောလွှတ်လိုက်တယ်။

ဒီလိုနဲ့ တဖြည်းတဖြည်း သူတို့ ဝင်ရင်း ဝင်းရင်းနဲ့ ခုန ကျနော်တို့ ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်အုန်းမောင်၊ ဆရာ ရာဂျမ်တို့နဲ့ တွေ့ကြရတော့တယ်။ အမှန်ကတော့ သူတို့လည်း ဒါနဲ့တွေ့ဖို့ လာတာပါ။ ဒါပေမယ့် ဟန်ကိုယ့်ဖို့ လုပ်ကြရတာ။ ကျနော်တို့ခေါင်းဆောင်တွေက ထိုင်စောင့်နေတာ သူတို့လာမယ်ဆိုတာသိလို့။ အဲဒါ ရောက်လာတာပဲ။

ရောက်တော့မှ သူတို့က သူတို့ပြောစရာရှိတဲ့ဟာကို ပြောတယ်။ ခုနကပြောတဲ့အတိုင်း ကျွန်းစခန်းကို ဖျက်သိမ်းပေးမယ်။ ဒါပေမယ့် ယာယီအားဖြင့်တော့ ကိုယ်ထူကိုယ်ထ ဆက်လုပ်ပေးပါလို့ ပြောတယ်။ သူတို့ပြောတဲ့ အဓိပ္ပာယ်က ဒီတိုက်ပွဲကို အသိအမှတ် မပြုဘူးဆိုတဲ့ဟာပဲ။

ဒါပေမယ့် လိုက်တော့ လိုက်လျောတယ်။ နိုင်ငံရေး နာမည်မပျက်အောင် ဂုဏ်သိက္ခာ ထိန်းချင်တဲ့သဘောပဲ။ အဲဒီတော့ ကျနော်တို့ဘက်က ဒါကို လက်မခံဘူး။ ကျနော်တို့ရဲ့ အဓိက တိုက်ပွဲတောင်းဆိုချက် ဖြစ်တဲ့ ‘ကိုယ်ထူကိုယ်ထ အရင်ဖျက်သိမ်း’ ဒါပဲ ကျနော်တို့ ပြောလိုက်တယ်။

အဲဒီတော့ ဗိုလ်မှူးဟန်သွဲ့ဆိုတဲ့လူကလည်း သူကလည်း အထက်ညွှန်ကြားချက်ကို လိုက်လုပ်နေရတဲ့လူ။ သူမှာ ဘာမှ အပေးအယူလုပ်ဖို့၊ ညှိနှိုင်းဖို့ ဘာအာဏာမှရှိတာ မဟုတ်ဘူး။ သူလည်း ဘာမှမတတ်နိုင်ဘူး။ ဒါနဲ့ပဲ နှစ်ဖက် ဘာသဘောတူညီချက်မှမရဘဲ သူတို့ တပ်ခေါက်ပြန်သွားတယ်။

အဲဒါ ကျနော်တို့ပြောနိုင်တာတခုက ရဲဘော်တယောက် ကျဆုံးပြီးပြီဆိုရင် အာဏာပိုင်တွေဘက်မှာလည်း ဂယက်ရိုက်မှု ရှိတာပဲ။ သူတို့အထဲမှာလည်းပဲ အမျိုးမျိုး စဉ်းစားတွေးခေါ်လာတာပဲလို့ ပြောလို့ရတယ်။ ဒါပေမယ့် တဖက်ကကြည့်ရင်တော့ အဲဒီအချိန်မှာ ကျနော်တို့ တိုက်ပွဲဝင် ရဲဘော်တွေရဲ့ ကျန်းမာရေးဟာလည်း ပိုပိုပြီး ချိလာနေပြီ။

ဒုတိယ ကျဆုံးသွားတဲ့ ရဲဘော်ကတော့ ရဲဘော်အုန်းမော် လို့ ခေါ်တယ်။ သူ ကျဆုံးတဲ့အချိန်မှာ သူ့အသက် ၂၄/၂၅ လောက်ပဲ ရှိဦးမယ်။ သူက အစိုးရရဲ့ မရိန်းတပ်လို့ခေါ်တဲ့ ကမ်းတက်တပ်ရဲ့ ရဲဘော်ဖြစ်တယ်။ နဂိုကတည်းက ဆက်သွယ်ရေးလုပ်ငန်း လုပ်တယ်။

သူနဲ့ အမှုတွဲတတွဲတည်း အဖမ်းခံရတဲ့ ရဲဘော်အောင်ထီဆိုတာ ရှိသေးတယ်။ ရဲဘော်အောင်ထီကတော့ သူနဲ့ မတူဘူး။ သူက ထွားထွားကြီး၊ ရဲဘော် အောင်ထီက ခပ်ပုပု။ ဒါပေမယ့် ၂ ယောက်စလုံး တောင့်တယ်။ အဲဒီ ရဲဘော် အောင်ထီလည်း ကိုကိုးကျွန်းကို ပါလာတယ်။

ကိုကိုးကျွန်းပြန်လွတ်တဲ့အခါမှာ ရဲဘော်အောင်ထီက ထောင်ကလွတ်တယ်ဆိုတာနဲ့ ရခိုင်ပြည်နယ်ဘက် သွားပြီးတော့ လက်နက်ကိုင် တော်လှန်ရေးထဲ ဝင်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးလုပ်ရင်း ကျဆုံးသွားတယ်။

အဲဒါ သူတို့ ၂ ယောက်ကို သူတို့တပ်ထဲမှာ ဗကပယူဂျီအဖြစ် ဖမ်းမိတယ်ဆိုတော့ အိုး … သူတို့စစ်တပ်ဟာ အင်မတန်မှ အံ့သြတုန်လှုပ်ပြီး အကြီးအကျယ် ဒေါပွတယ်။ ဒါကြောင့် သူတို့ ၂ ယောက်ကို နှိပ်စက်လိုက်၊ ရိုက်လိုက်တယ်ဆိုတာ ပြောစရာကိုမရှိဘူး။ သူ့ခန္ဓာကိုယ်ကြီးကလည်း ကြီးတဲ့အခါကျတော့ ထောင်တလျှောက်လုံးမှာ အာဏာပိုင်တွေက သူ့ကိုပဲ အမျိုးမျိုးနှိပ်စက် ရိုက်နှက်နေကြတာ။

လက်တည့်စမ်းနေတယ်လို့တောင် ပြောလို့ရသေးတယ်။ အဲဒါ သူ့ကလည်း အစိုးရအပေါ်မှာ (ရန်သူ့အပေါ်မှာ) အင်မတန် နာကြည်းတယ်။ အင်မတန် ပြတ်သားတယ်။ ကိုကိုးကျွန်းမှာပေါ့၊ သူ တခါ အဖမ်းခံရတာ ဖြစ်ပြီးပြီပဲ။ ဒါကြောင့်မို့ သူ့ခေါင်းထဲမှာ တိုက်ပွဲစဝင်ကတည်းက တိုက်ပွဲမှာ ကျစရာရှိရင်၊ အသေခံ စရာရှိရင် ငါ အရင်သေမယ်၊ ငါ အရင်အကျခံမယ်လို့ ဆုံးဖြတ်ကြတာ။

ဒါ ကျနော်က ပါးစပ်နဲ့ အလွတ်ပြောတာ မဟုတ်ဘူး။ သူ ကျဆုံးသွားတဲ့အခါ (တိုက်ပွဲဝင်ရဲဘော် အတော်များများဟာ လူတိုင်းတော့ မဟုတ်ဘူး။ အတော်များများဟာ နေ့စဉ်မှတ်တမ်းလေးတွေ ရေးကြတယ်။ သူလည်း ရေးထားတယ်။) အဲဒီ သူရေးထားတဲ့ မှတ်တမ်းထဲကနေပြီး ကျနော်တို့တွေ့တာ။

အဲဒီတော့ သူဟာ အခုလို သူ့အရင် ရဲဘော်သိန်းကြည် ကျဆုံးသွားတယ်ဆိုတော့ အတော့်ကို ခံစားရတယ်။ ဘယ်သူ့ကိုမှ အသိမပေးဘူး၊ ဘယ်သူ့ကိုမှမပြောဘဲ သူ့တယောက်တည်း တိတ်တိတ်ကလေး အဲဒါ ရေဖြတ်လိုက်တယ်။ ရေပါ မသောက်ဘဲနေလိုက်တာ။

ရေအသက် တမနက်လို့တောင် ကျနော်တို့ ပြောကြသေးတာပဲ။ သူ့ရဲ့ ဒီ ၅ ပေ ၁ဝ လက္မလောက် အရပ်ကြီး၊ နောက် အလေးမထားတဲ့ အားကစားသမားဆို ရင်အုပ်က အင်မတန် ကားနေတယ်။ ဝလည်း ဝသေးတယ်။ လက်မောင်းကြီးတွေမှ နည်းတဲ့လက်မောင်းကြီးတွေ မဟုတ်ဘူး။ ဧရာမ ခန္ဓာကိုယ်ကြီး။ အဲဒီ ခန္ဓာကိုယ်ကြီးက တခါတည်း ပုံကျသွားတာ။

ကျနော်တို့ရဲ့အတွေ့အကြုံအရဆိုလို့ရှိရင် ဒီလို ခန္ဓာကိုယ်ကြီးမျိုးကို၊ ဒီလို ကျန်းမာရေးမျိုးဟာ အစာငတ်ခံ တိုက်ပွဲမှာ အများကြီး ခံနိုင်တယ်။ ကျနော် မုချ ပြောနိုင်တယ်။ သူသာ ရေကို မဖြတ်ဘူးဆိုလို့ရှိရင် ၅၃ ရက် တိုက်ပွဲမှာ ကျမှာမဟုတ်ဘူး။

အဲဒီတော့ သူ့ ကိုယ်အလေးချိန်ရော၊ သူ့ခန္ဓာကိုယ် အခြေအနေရော ဒလဟော ကျဆင်းလာတာ။ အဲဒီတော့ သူ ဒီလို ယိုယွင်းလာတာကို သူ့ကိုပြုစုနေတဲ့ ရဲဘော်တွေက သတိထားမိတယ်။ ရိပ်မိသွားတယ်။ ဒါနဲ့ ကျနော်တို့ ခေါင်းဆောင်တွေဆီကို သတင်းပို့တယ်။ အဲဒီတော့ ခေါင်းဆောင်တွေကလည်း သူ့ကို ...

“ဟာ … ခင်ဗျား ရေတော့ ပုံမှန်သောက်ရမှာပေါ့”

လို့ သဘောထားပေးတယ်။ အဲဒီတော့ အထက်ခေါင်းဆောင်တွေရဲ့ အမိန့်ဆိုတော့ သူလည်း ဘာမှမတတ်နိုင်ဘူး။ လိုက်နာပြီး “ရေပြန်သောက်ပါ့မယ်” လို့ ပြောပြီး ပြန်သောက်တယ်။

ဒါပေမယ့် နောက်ကျသွားပြီ။ သူ ရေသောက်ပေမယ့် မရတော့ဘူး။ သူ့ကျန်းမာရေးဟာ ဒီလိုနဲ့ တိုက်ပွဲဝင် ၄၆ ရက်မှာပဲ ကျဆုံးသွားတယ်။ သူ့ဆန္ဒတော့ ပြည့်သွားတာပေါ့ဗျာ။

ဒါပေမယ့် ကျနော်တို့အဖို့တော့ ဝမ်းနည်းပက်လက်နဲ့ပဲ သူ့ကို ခုနက ရဲဘော်သိန်းကြည် အလောင်းဘေး အလောင်းစင်ပေါ်မှာပဲ တင်လိုက်ရတယ်။

အဲဒီတော့ အဲဒီ အာဇာနည်ဗိမာန်ထဲက သူ့ခေါင်းရှေ့မှာ ထောင်ထားတဲ့ ပို့စတာမှာတော့ သူ့နေ့စဉ် မှတ်တမ်းထဲက စာကြောင်းတကြောင်းကို ကျနော်တို့က ကူးပြီးရေးထားလိုက်တယ်။ အဲဒီ စာကြောင်းက …

‘လယ်သမားဟာ ထယ်ထိုးတဲ့အခါ အငုတ်အမြစ်ပါမကျန်အောင် ထိုးရသလို ရန်သူကို တိုက်ရာမှာလည်း အငုတ်အမြစ်မကျန်အောင် တိုက်ရမယ်’

ဒါ သူ့ရဲ့ ဆောင်ပုဒ်ပဲ။ ရဲဘော်အုန်းမော်ဟာ လယ်သမားသားသမီးကိုးဗျ။

ဆက်လက်ဖော်ပြပါမယ်။

Tuesday, January 19, 2010

လွှတ်တော်ထဲကပဲ အပြောင်းအလဲလုပ်ချင်သူပါကွယ် (ကာတွန်း စောငို)


နှလုံးသားမှာ ကမ္ဘာကမ္ပည်းထိုးတဲ့သူ (ဝင်းတင်) - နိဂုံးပိုင်း

ဘိုးဘွားရိပ်သာလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ ဦးလေးရဲ့ ကောင်းသောလုပ်ဟန်ဟာ အဖွဲ့ဝင်အားလုံးရဲ့ အချင်းချင်း ယုံကြည်ရင်းနှီးမှု၊ လိုက်လျောကြည်ဖြူမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေက ပေါင်းစပ်တွဲဆက်ပေးတဲ့ သော့ချက်ပဲ ဖြစ်ပါတယ်။

ဦးလေးဟာ လူတွေကိုချစ်တယ်။ ဒါကြောင့် လူတွေရဲ့ ကောင်းကျိုးကို သယ်ပိုးရွက်ဆောင်တယ်။ သူချစ်တဲ့လူတွေ အချင်းချင်းလည်း ချစ်ခင်ကြည်ဖြူမှု ရှိကြစေချင်တယ်။ အပြုအဖြစ် အကောင်းအမှန် လုပ်ငန်းတွေအတွက် သင့်မြတ်လက်တွဲ ပူးပေါင်းဆောင်ရွက်ကြစေချင်တယ်။ ဒါဟာ ဘယ်လုပ်ငန်းမှာပဲဖြစ်ဖြစ် ဦးလေး အမြဲကျင့်သုံးတဲ့ လုပ်နည်းလုပ်ဟန် ဖြစ်ပါတယ်။

“ဦးအေးမောင်၊ ကိုဝင်းတင်ရေ … ကျနော်တို့ မအောင်ကြည်ကို ဝိုင်းကူကြရမယ်ဗျ။ သူလုပ်နိုင်တယ်ဗျ၊ လုပ်လည်း လုပ်တတ်တယ်။ စေတနာလည်း ရှိတယ်။ မဟုတ်ဘူးလားဗျာ”

ဦးလေးဟာ တခြားအဖွဲ့ဝင်တွေအပေါ်မှာလည်း ဒီလိုပဲ အကောင်းမြင်တယ်။ အကောင်းပြောတယ်။ ဒီလိုနဲ့ အဖွဲ့အတွင်းမှာ ညီညွတ်မှု ပူးပေါင်ဆောင်ရွက်မှုကို ရှင်သန်စေတယ်။ ဦးလေးက သူ့ကိုယ်သူ ‘မယားပါ မန္တလေးသား’ လို့ ပျော်စေပြက်စေ ပြောတတ်ပါတယ်။

ကျနော်က ဘာမန္တလေးသားရယ်လို့မှကို ပြောလို့မရတဲ့ အသည်အလာမဟုတ်တဲ့ ပျံကျကပ်ပါးဆိုတော့ ဦးလေးက ကျနော့်ကို မန္တလေးအကြော၊ မန္တလေးအထာ ခပ်နှိုက်နှိုက်ကလေး သိနေအောင် အမြဲသွန်သင် ရှင်းလင်းပြတတ်ပါတယ်။ ရပ်ခံဓလေ့အကြောင်း၊ ရပ်ခံရှင်လူအကြောင်း စသည် အစုံပေါ့လေ။

“ဦးလေးဝင်းတို့ ၊ ဦးအေးမောင်တို့ ဆိုတာ သိပ်တတ်တဲ့လူတွေ ကိုဝင်းတင်ရဲ့။ ဦးသစ်တို့၊ ဦးစံငြိမ်းတို့ ဆိုတာလည်း ဒီလိုလုပ်ငန်းတွေမှာ သိပ်စိတ်သန်တာ။ ဦးသာဌေးက စကားတော့ သိပ်မပြောဘူး။ ဒါပေမယ့် လှူရ တန်းရမယ်ဆိုရင် လာခဲ့ပဲ။ သိပ်ငြင်းနေတဲ့လူစားမျိုး မဟုတ်ဘူး၊ သိပ်ရက်ရောတဲ့ လူတွေဗျ။ သြဇာလည်း သိပ်ရှိကြတာ၊ သူတို့ ပါနေတာကိုက တအားဗျ”

ဦးလေးဟာ အကောင်းကိုပဲ အမြဲပြောနိုင်မှာပေါ့။ ဦးလေးက အကောင်းကိုပဲ အမြဲမြင်၊ အကောင်းကိုပဲ အမြဲမှန်း၊ အကောင်းကိုပဲ အမြဲလုပ်နေတာကိုး။ ဒါဟာ လူတွေကိုချစ်တဲ့ စိတ်ဓာတ်နဲ့ လူတွေရဲ့ကောင်းကျိုးကို သယ်ပိုးတဲ့ အလုပ်က ပေါက်ဖွားလာတဲ့ ဦးလေးရဲ့လုပ်ဟန်ပါပဲ။ ဦးလေးရဲ့ ကောင်းတဲ့ကိုယ်ကျင့်စရိုက်ပါပဲ။ အဲဒီ ကောင်းတဲ့ လုပ်ဟန်၊ ကောင်းတဲ့ ကိုယ်ကျင့်စရိုက်တွေဟာ ကောင်းတဲ့အလုပ်တွေကို ကောင်းကောင်း ဖြစ်ထွန်းစေပါတယ်။ မန္တလေး ဘိုးဘွားရိပ်သာကြီးဟာ သက်သေပါပဲ။

(၅)

ဦးလေးက စကားပြောကောင်းတယ်၊ စာရေးကောင်းတယ်၊ အကြံဉာဏ်ပေး ကောင်းတယ်၊ သင်္ခန်းစာပေးကောင်းတယ် ဆိုတာတွေကို ဦးလေး ဟောတာပြောတာ ကြားနာဖူးသူတိုင်း၊ ဦးလေးရေးတာသားတာ ဖတ်ရှုဖူးသူတိုင်း၊ ဦးလေးဆီ ချဉ်းကပ်တွေ့ဆုံဖူးသူတိုင်း အားလုံးသိကြပြီးဖြစ်ပါတယ်။

ဦးလေးနဲ့  စကားပြောတိုင်း၊ ဦးလေးစကားကို နားထောင်တိုင်း မှတ်သားစရာတခုခုတော့ ရလိုက်တာချည်းပါပဲ။ ဦးလေးရဲ့ ဘဝအမြင်တခုခုကို သိလိုက်ရတာချည်းပါပဲ။ အဲဒီလိုကြားလိုက် မှတ်လိုက်ရတဲ့ ဦးလေးရဲ့ ဘဝအမြင်တွေဟာ ကြားမှတ်လိုက်ရသူအဖို့  ဘဝအားမာန်တွေလို ဖြစ်လာတတ်ပါတယ်။

၁၉၆၉ တုန်းက မန္တလေးမှာ ဟံသာဝတီ သတင်းစာတိုက် လာဖွင့်ပါတယ်။ တိုက်ဖွင့်ပွဲမှာ ဦးလေးလှ စာပေလုပ်သားအဖွဲ့ ဖြစ်မြောက်ရေး ကော်မတီဝင်အဖြစ်နဲ့ စကားပြောပါတယ်။ ထုံးစံအတိုင်း ဦးလေးက မှတ်သားစရာတွေနဲ့ ရွှန်းရွှန်းဝေအောင် ပြောသွားပါတယ်။ ပုံပြင်တခုကိုလည်း ထည့်ပြောသွားပါတယ်။ ဦးလေး ပြောသွားတဲ့ပုံပြင်က ဒီလိုပါ …။

တနေ့မှာ ခြင်္သေ့မတကောင် သားပေါက်သတဲ့။ မြေခွေးမတကောင်က မီးနေလာမေးသတဲ့။

ခြင်္သေ့မ သားပေါက်တာက တကောင်တည်း တဲ့။ ဒီတော့ မြေခွေးမက ...

“ဟင် ... တကောင်တည်းလား” လို့ ခနိုးခနဲ့နဲ့ မေးသတဲ့။

မြေခွေးမျိုးကတော့ သားပေါက်ရင် တပြုံတမကြီး ပေါက်တာကိုး။ ခြင်္သေ့မက ဘယ်ခံနေလိမ့်မတုန်း၊ ခပ်ထယ်ထယ်ပဲ ပြန်ပြောလိုက်တယ် တဲ့။

“အေး … ဟုတ်တယ်။ တကောင်တည်းပဲ။ ဒါပေမယ့် ခြင်္သေ့ဟဲ့ … ခြင်္သေ့ …” လို့ တဲ့။

ဦးလေးက မန္တလေးမှာ တစောင်ထီးတည်း တကိုယ်တော် ငေါင်စင်းစင်းလာဖွင့်တဲ့ ဟံသာဝတီသတင်းစာကို အားပေးစကား၊ အသားပေးစကား၊ ဗန်းတင်စကား၊ စန်းတင်စကား ပြောတာပါ။ ကျနော်တို့ ကို သတင်းစာ လောကသားချင်း နှုတ်၏စောင်မခြင်းနဲ့ စောင်မတာလို့လည်း ပြောနိုင်တာပေါ့။

တနည်းစဉ်းစားလိုက်တော့လည်း ဒီစကားဟာ ဦးလေးရဲ့ ဘဝအမြင်တခုလည်း ဖြစ်ပေတယ်လို့ ဆိုလိုရလိမ့်မယ် လို့ ထင်မိပါတယ်။

ဦးလေးဟာ လူတွေကို ချစ်တယ်။ လူတွေရဲ့ကောင်းကျိုးကို လိုလားရှေ့ရှုတယ်။ လူတွေရဲ့ကောင်းကျိုးကို ဆောင်တယ်။ ဒါဖြင့် လူတွေအားလုံးက ဦးလေးကို ပြန်ချစ်ကြရောလား။ ဦးလေးရဲ့ကောင်းကျိုးကို လိုလားရှေ့ရှုကြရောလား၊ ဦးလေးရဲ့ကောင်းကျိုးကို ဆောင်ကြရောလား။ ဒီလိုမေးလာရင် ဘယ်လိုဖြေရမလဲ။

အင်း … အင်းနဲ့ အင်းလိုက်ဖြေရင်လည်း အပြည့်မမှန်နိုင်ဘူး။ ဟင့်အင်းချည်းလိုက်ပြီး ခေါင်းခါနေရင်လည်း အပြည့် မမှန်နိုင်ဘူး။ ဦးလေးက စံတခုခုကို လက်ကိုင်ထားသူ၊ တရားတခုခုကို လက်စွဲပြုသူဆိုတော့ အဲဒီစံ၊ အဲဒီတရားဟာ ဦးလေးအဖို့ အမှန်စံ၊ အမှန်တရားပဲ ဖြစ်ပေလိမ့်မပေါ့။

ဦးလေးဟာ လူတွေကိုချစ်တယ်ဆိုတဲ့ နေရာမှာ၊ လူတွေရဲ့ ကောင်းကျိုးကို လိုလားရှေ့ရှုတယ်ဆိုတဲ့နေရာမှာ၊ လူတွေရဲ့ အကျိုးကိုဆောင်တယ်ဆိုတဲ့နေရာမှာ အဲဒီ အမှန်စံ၊ အဲဒီ အမှန်တရားတွေကို ရည်မှန်းချက်ထားပြီး လုပ်ကိုင်ဆောင်ရွက်သွားမှာပဲဆိုတာ ယုံမှားစရာမရှိပါဘူး။

ဒီတော့ အဲဒီစံတွေ အဲဒီတရားတွေကို ဆန့်ကျင်ပစ်ပယ်သူတွေဟာ (ဥပမာ ဖက်ဆစ်ဝါဒီတွေ၊ နယ်ချဲ့ဝါဒီတွေ၊ စစ်ဝါဒီတွေ) ဦးလေးကို ဘယ်ချစ်မလဲ။ ဦးလေးအကျိုးကို ဘယ်လိုလား ရှေ့ရှုပါ့မလဲ။ ဦးလေးအကျိုးကို ဘယ်သယ်ပိုးပါ့မလဲ။ ဒါ သဘာဝတရားပဲ။

ကျနော် စဉ်းစားကြည့်မိတယ်။ ဦးလေးဘဝမှာလဲ အဲဒီစံတွေ၊ တရားတွေကို ဆန့်ကျင်ပစ်ပယ်သူတွေ များပြား အားကောင်းတဲ့ အနေအထားမျိုးကြုံတဲ့အခါ ကြုံပေလိမ့်မှာပဲလို့။ အဲဒီလိုကြုံတဲ့အခါ ဦးလေးက သူ့ပုံပြင်ထဲကလို “တကောင်တည်းပဲဟေ့။ ဒါပေမယ့် ခြင်္သေ့ကွ၊ ခြင်္သေ့” လို့ ကြုံးဝါးနေမိမှာပဲလို့။

ကျနော်ကတော့ ဦးလေးပုံပြင်ကို ကြားလိုက်ရပြီးကတည်းက ပုံပြင်ထဲက ခြင်္သေ့လို ကြုံးဝါးသင့်တဲ့အခါ ကြုံးဝါးတာ အမှန်ပဲ။ ဒါကြောင့် ဦးလေးရဲ့စကားတွေဟာ ဦးလေးရဲ့ဘဝအမြင်တခု ဖြစ်နိုင်တယ်။ ဦးလေးရဲ့ ဘဝအမြင်တခုဟာ ကျနော်တို့လို ကြားရမှတ်ရသူတွေအဖို့ ဘဝအားမာန်တခုလို ဖြစ်လာတတ်တယ်လို့ ကောက်ချက်ချမိတာ ဖြစ်ပါတယ်။

(၆)

“ကမ္ဘာ့အခြေအနေတွေကလည်း မကောင်းဘူး ကိုဝင်းတင်ရေ။ စစ်တွေ ဘာတွေဖြစ်ရင် လူတွေအားလုံးဒုက္ခ ရောက်ကုန်မှာ။ ကျနော်တို့၊ ကိုဝင်းတင်တို့မှာ လူတွေအတွက် လုပ်ပေးစရာတာဝန်တွေ အများကြီး ကျန်သေးတယ်ဆိုတာ မမေ့နဲ့ဗျို့”

ရန်ကုန်ဘူတာကြီး စင်္ကြံပေါ်မှာ ဦးလေး နောက်ဆုံးပြောသွားတဲ့ စကားတွေပါ။ ဒီ စကားတွေကိုပြောတဲ့အချိန်မှာ ဦးလေးဟာ အသက် ၇ဝ ကျော်နေပြီ။ ကျန်းမာရေး မကောင်းလှတော့ဘူး။ ကွယ်လွန်ဖို့ ၅ ရက်ပဲ လိုတော့တယ်။ ဒါနဲ့တောင်မှ ဦးလေးဟာ လူတွေ၊ လူသားတွေရဲ့ကောင်းကျိုးအတွက် ထမ်းဆောင်စရာတာဝန်တွေ အများကြီး ကျန်ပါသေးကလားဆိုတာ မြဲမြဲကြီးခံယူထားဆဲပဲ ရှိနေပါသေးတယ်။

လူသားတွေချစ်တဲ့သူ၊ လူသားတွေရဲ့ ကောင်းကျိုးချမ်းသာကို လိုလားရှေ့ရှုတဲ့သူဖြစ်လို့သာ ဒီလို မေတ္တာ ဂရုဏာစကား၊ ဒီလို တာဝန်ဝတ္တရားစကား၊ ဒီလိုနှောင်းလူတွေထံ တာဝန်ဆင့်ကမ်း စကားမျိုးကို နောက်ဆုံးအချိန်အထိ မမေ့မလျော့ ပြောကြားသွားနိုင်ပေတာပဲလို့ ကျနော် တွေးမိပါတယ်။

ဦးလေးဟာ လူသားစိတ် တကယ်ပြင်းပြတဲ့သူပါကလား။ လူ့လောကကို တကယ်ချစ်တဲ့သူပါလား။ ဧရာမ နှလုံးသား ပိုင်ရှင်ပါကလား။ ဦးလေးအကြောင်းကို စဉ်းစားမိတိုင်း ဒီလိုပဲ ကျနော့်စိတ်ထဲမှာ ရေရွတ်မိတတ်ပါတယ်။

ကမ္ဘာကျော် အင်္ဂလိပ်ကဗျာဆရာကြီး ရောဘတ်ဘရောင်နင်က သူ့ ကဗျာတပုဒ်မှာ ဒီလိုရေးဖူးပါတယ်။

‘သူ့နှလုံးသားကို ခွဲကြည့်ပါတဲ့။ သူ့နှလုံးသားထဲမှာ သူချစ်တဲ့နိုင်ငံရဲ့အမည်ကို ကမ္ပည်းထိုးထားတာ တွေ့ပါလိမ့်မယ်’ တဲ့။

ဦးလေးရဲ့နှလုံးသားထဲမှာရော ဘယ်လို ကမ္ပည်းစာတန်းမျိုး ထိုးထားပါလိမ့်မလဲလို့ တခါတခါ တွေးမိတယ်။ ဒါဟာ ကဗျာဆန်ဆန်ပြောနေတာ မဟုတ်ပါဘူး။ စာဖတ်ရင်း၊ ကဗျာဖတ်ရင်း ဆက်စပ်ပြီး ပေါ်ထွက်လာတဲ့ အတွေးမျိုးဆိုတော့ ဒီလိုပဲရှိမှာပေါ့။ ဦးလေးရဲ့နှလုံးသားထဲမှာ ကမ္ပည်းစာတန်းသာတခုရှိမယ်ဆိုရင် ဘယ်လို ကမ္ပည်း စာတန်းဖြစ်မယ်ဆိုတာ ကျနော် အတတ်ပြောနိုင်မယ်လို့ ထင်ပါတယ်။

ဦးလေးရဲ့နှလုံးသားထဲမှာ မုချဆက်ဆက်ရှိနေမယ့် ကမ္ပည်းစာတန်းဟာ ဘယ်လို ကမ္ပည်းစာတန်းမျိုးဖြစ်မယ် ဆိုတာ ကျနော် မဝေခွဲနိုင်ဖြစ်စရာအကြောင်း လုံးဝ မရှိပါဘူး။ ဦးလေးရဲ့နှလုံးသားထဲမှာရှိတဲ့ ကမ္ပည်း စာတန်းဟာ ရောဘတ်ဘရောင်နင်ရဲ့ နှလုံးသားထဲမှာရှိတဲ့ ကမ္ပည်း စာတန်းထက်ပိုပြီး ကျယ်ဝန်းနက်ရှိုင်းတဲ့ သဘောဆောင်မှာ သေချာပါတယ်လို့ ကျနော် ပြောနိုင်ပါတယ်။

ဆိုလိုတာက နိုင်ငံတနိုင်ငံ၊ လူမျိုးတမျိုးလောက်ကိုသာ ကိုယ်စားပြုတဲ့ ကျဉ်းကျဉ်းတိမ်တိမ် သဘောဆောင်မှာ မဟုတ်တာ သေချာပါတယ်လို့ ပြောချင်တာပါ။

ဦးလေးဟာ လူသားစိတ် အင်မတန်ပြင်းပြတဲ့သူ မဟုတ်လား။ လူ့လောကကို သိပ်ချစ်တဲ့သူ မဟုတ်လား။ လူသားထု အများကြီးကိုရော၊ လူတဦးချင်းစီကိုပါ မေတ္တာထားသူ မဟုတ်လား။ ဒီတော့ ဦးလေးရဲ့ နှလုံးသားထဲက ကမ္ပည်းစာတန်းဟာ လူ့လောကကြီးတခုလုံး၊ လူသားတရပ်လုံးကို ကျယ်ကျယ်ဝန်းဝန်းကြီး၊ နှံ့နှံ့စပ်စပ်ကြီး ရစ်သိုင်းခြုံလွှမ်း မေတ္တာမိုး ပက်ဖျန်းမယ့် ကမ္ပည်းစာတန်းသာ ဖြစ်ရပေလိမ့်မပေါ့။ အလွန်သေချာတာပေါ့။

ဒီလိုဆိုရင် အဲဒီ ကမ္ပည်းစာတန်းဟာ ဘယ်လိုရေးထိုးထားတဲ့ ကမ္ပည်းစာတန်းဖြစ်လေလိမ့်မလဲလို့ အရှည်အဝေး တွေးမနေပါနဲ့။ တွေးနေစရာလိုလှမယ် မထင်ပါဘူး။

‘လူသားရပ်ရွာ ဤကမ္ဘာ’ ဆိုတဲ့ ကမ္ပည်းစာတန်းပဲ ဖြစ်မှာပါ။ ။

ဝင်းတင်

‘နှလုံးသားမှာ ကမ္ဘာကမ္ပည်းထိုးတဲ့သူ’၊ လူထုချစ်သမျှ လူထုဦးလှ၊ မန္တလေးကြီးပွားရေး စာအုပ်တိုက်၊ ၁၉၈၄


မိုးမခ မီဒီယာစာနယ်ဇင်းအဖွဲ့က စီစဉ်ထုတ်ဝေသည့် ဟံသာဝတီဦးဝင်းတင်နှင့် စာနယ်ဇင်းဆောင်းပါးများမှ ကူးယူဖော်ပြသည်။

ကောက်ကြောင်းပန်းချီ - မင်းကျော်ခိုင်
လက်ရေးစာလုံး - ဒေါင်းနီ

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၂၄)

လှည့်စားတယ်ဆိုတာ ရည်မှန်းချက်ကို ထောက်ကူဖို့

ကျွန်းကိုရောက်ခါစ အဆောင်အမှတ် ၈ မှာ နေခဲ့တာပါ။ ရှေ့ရေးရှေ့တာ တွက်ကြည့်လိုက်တဲ့အခါကတော့ ဖထီးမန်းရှိတဲ့ အဆောင် ၁၁ ကို ပြောင်းလိုက်ပါတယ်။ ကျနော်တို့က အကြံသမားတွေဆိုတော့ ဖန်ထားမှ တော်ကာကျမယ် မဟုတ်လား။ အများတကာရဲ့အမြင်မှာ ရိုးသွားအောင် ဖန်ထားတဲ့ပုံ ဟန်ဆောင်တာက ဒီလိုပါ။

၁၁ ဆောင်အဝင်ဝရဲ့ အရှေ့ခြမ်း၊ အိပ်စင်ထိပ်ဆုံးမှာ ဖထီးမန်းရဲ့အိပ်ယာ၊ သူနဲ့ကပ်လျက်က ကျနော်။ ကျနော်တို့ ၂ ယောက်ရဲ့ အိပ်ယာ ခြင်ထောင်တွေကို ဘယ်တော့မှာ မရုတ်၊ မသိမ်း၊ မခေါက်ဘူး။ အောက်က ခင်းအိပ်တဲ့ ဂုံနီအိတ်ရယ်၊ ထောင်ကထုတ်ပေးတဲ့ စောင်ရယ်ကို ပိုသီဖတ်သီ ထားတယ်။

ခေါင်းရင်းက ပြူတင်းပေါက်ကိုလည်း အပြီးမပိတ်ဘူး။ ဟတတလေး ထားတယ်။ ပြီးတော့ အဆောင်ထဲကို ပြန်ဝင်မအိပ်ဘူး။ ၂ ရက်၊ ၃ ရက် အပြင်မှာ ဖြစ်သလိုအိပ်တယ်။ အဲသလိုရက်တွေမှာဆိုရင် လိပ်သောင်ကို သွားပြီး၊ လိပ်တွေကို ပက်လက်လှန်ထားတယ်။ ဒီလိုဆိုတော့ ညဘက်တွေ ကျနော်တို့ ပျောက်ပျောက်နေတာ အများအမြင်မှာ လိပ်သောင်သွားတယ်ပေါ့၊ ညဘက် အလုပ်မရှိတဲ့ရက်တွေကျရင်လည်း တမင်တကာ ပြန်မအိပ်ဘူး။ အများအမြင်မှာ ရိုးနေအောင်ပေါ့။

ဘာဖြစ်လို့လည်းဆိုတော့ တနေ့ကျရင် ကျနော်တို့က ဒီကျွန်းက ပျောက်သွားမယ့်လူတွေ မဟုတ်လား။
တလောတုန်းက တောနက်ကြီးထဲမှာ သွားခုတ်ထားတဲ့ ဝါးလုံးတွေကို ဗိုလ်တင့်တယ်တို့ တောင်ယာအနားမှာ ဝှက်ထားခဲ့တယ်။ အတော်လေးကြာသွားပြီ။ ဖထီးမန်းက ညကျရင် ကျနော့်ကို သွားထမ်းခိုင်းတယ်။ ပြီးတော့ အိမ်ဟောင်းတွေနားက ပျဉ်တွေဝှက်နေကြနေရာမှာ ဝှက်ထားဖို့ မှာလိုက်တယ်။

အဲဒီညက ဖထီးမန်း မလိုက်ဖြစ်ဘူး။ ဘာဖြစ်လို့မလိုက်ဖြစ်လဲဆိုတာ ကျနော် မမှတ်မိတော့ ညမိုးချုပ်တော့ ကျနော်တယောက်တည်း ထွက်လာတယ်။ ဝှက်ထားတဲ့ ဝါး ၂ စီးထဲက ဦးဆုံး အရင် တစီးထမ်းထုတ်လာတယ်။ ညမှောင်မှောင်မှာ လရောင်က မရှိ။ ကြယ်ရောင်ကိုသာ အားပြုပြီး လာခဲ့ရတယ်။ တောစပ်ကနေ တရွေ့ရွေ့နဲ့ ထမ်းလာတယ်။

ပင်လယ်နားရောက်ခါနီး ကိုက် ၃၀ နည်းပါးလောက်ကျတော့ ပင်လယ်ကမ်းစပ်ကနေ မီးရဲခနဲ နီသွားတယ်။ ဗြုန်းစားကြီးဆိုတော့ ခေါင်းကိုကြီးပြီး လန့်သွားတာပဲ။ သရဲထင်ပြီး လန့်တာမဟုတ်။ မမျှော်လင့်ဘဲ မီးတွေ့လိုက်ရလို့ ဖြစ်တယ်။ ပင်လယ်ကမ်းစပ်မှာ ဝါဒါတွေ လက်ထွန်ပစ်နေကြတာကိုး။ တော်သေးတာပေါ့။ ဝါဒါတယောက်က ဆေးလိပ်မီးဖွာလိုက်ရာမှာ မီးရဲခနဲဖြစ်သွားတာ။

လုံးဝ ထင်မှတ်မထားတာဆိုတော့ လန့်သွားတာ။ ချက်ချင်းပဲ အိမ်ဟောင်းရှိတဲ့ဆီ ခပ်သွက်သွက်လေး သုတ်ခြေတင်ပြီး ထမ်းလာခဲ့တယ်။ အုန်းပင်တော့ မှောင်ရိပ်ထဲရောက်မှ စိတ်ကအေးသွားရတော့တယ်။ ဝှက်နေကြနေရာမှာ စမ်းတဝါးဝါးနှင့် မှောင်ထဲမှာ ဝှက်ထားလိုက်တယ်။ ပြီးတော့မှ ခဏ အမောဖြေ နားလိုက်တယ်။

ကင်းစောင့်ငှက်

တော်သေးတယ်၊ ဝါဒါ ဆေးလိပ်မီးဖွာလိုက်လို့။ ကျနော် နဂိုစိတ်ကူးထားတာက အနောက်ဘက် ဘောလုံးကွင်း အစပ်ကနေ ကမ်းနားအနိမ့်ပိုင်းအထိ ထမ်းသွားဖို့ရည်ရွယ်တာ။ ထောင်ဝါဒါသာ ဆေးလိပ်မီးမဖွာရင် သူတို့နဲ့ ပက်ပင်းတိုးမှာ။ နောက် တခေါက်သွားထမ်းတော့ အရှေ့ဘက် ဘောလုံးကွင်းအစပ်ကပဲ ထမ်းလာတယ်။

ဒီညအဖို့လည်း တောရိပ်က ချုံထဲမှာ ဖြစ်သလို ခေါင်းထိုးပြီး အိပ်လိုက်တယ်။ မနက်မိုးမလင်းခင်မှာ ဂျယ်ရီကျွန်းကလေးကို ဝါး ၂ စီး ထမ်းပို့လိုက်တယ်။ ချုံနားမှာ ချထားပြီး ဝါးစည်းကို ချည်ထားတဲ့ကြိုးကို ဖြေ၊ ဝါးတလုံးချင်းကို စိတ်ရှည်ရှည်နဲ့ ဆပ်သွားဖူးချုံထဲကို သွင်း။ ဒါနဲ့ပဲ မိုးလင်းသွားပါတယ်။ မိုးစင်စင်လင်းတော့ ဖထီးမန်း ရောက်လာတယ်။ ဆွဲပုံးလေးနဲ့ ဆန်ပြုတ်တချိုင့် ပါလာတယ်။ ညက ကမ်းနားမှာ မီးနဲ့တိုးတဲ့ကိစ္စ ဖထီးမန်းကို ပြောပြတယ်။

“တော်သေးတာပေါ့ဗျာ၊ နောက်ဆို ညဘက်မှာ သတိထားရမယ်၊ ဝါဒါတွေ အခုတလော ညညမှာ လက်ထွန်ပစ်တယ်”

ဖထီးမန်းယူလာသည့် ဆန်ပြုတ်ကို အတော်ကလေး ဆာနေသဖြင့် သောက်လိုက်ပါသည်။ ဆပ်သွားဖူးချုံထဲသို့ ကျနော် သွင်းထားသော ဝါးလုံးများကို ဖထီးမန်းက နဖား ဖောက်ပါသည်။ ထုရိုက်စရာမရှိဘဲ တိုးတိုးတိတ်တိတ် လုပ်ရမည့်အခါမျိုးတွင် ကျနော် အုန်းပင်ပေါ်တက် ကင်းစောင့်စရာ မလိုပါ။

ဤလိုအခါမျိုးတွင် ဖထီးမန်းကို ကျနော် ဝိုင်းကူပါသည်။ အခုလည်း ဒီမနက် ဝါးနဖားဖောက်တာကို ၂ ယောက်သား တယောက်တလှည့် လုပ်နေကြပါသည်။ တနာရီကျော်ကျော်လောက် လုပ်ကိုင်နေချိန် အနောက်ဘက်ကမ်းခြေမှ တစ်တီတူးငှက်အော်သံနဲ့ ခပ်ဆင်ဆင် ငှက်အော်သံကြားရ၍ ချုံအပြင်သို့ သတိထား ၍ စောင့်ကြည့်ပါသည်။

အလံနီမှ ကိုသန်းထိုက် အနောက်ဘက် ကမ်းခြေအတိုင်း တောင်ဘက်သို့ လျှောက်လာပါသည်။ ကိုသန်းထိုက်သည် ယခုကဲ့သို့ ငါးရှာ ဖားရှာ ထွက်တတ်ပါသည်။ တခါတလေလည်း ခွေးတကောင်နဲ့ ဖွတ်လိုက်၊ ချုံတိုးတတ်သည်။ ဤအခါမျိုးတွင် သတိထားရသည်။ ကိုသန်းထိုက် ယခု ဖားရှာ ငါးရှာ ထွက်လာခြင်းဖြစ်သည်။ ပူစရာမလိုပါ။ ချုံထဲ ကျနော် ပြန်ဝင်လိုက်သည်။

“ကိုသန်းထိုက်ပဲ ဖထီးမန်း၊ သားငါးရှာတာ ပူစရာမလိုပါဘူး”

ကျနော်တို့ လှေခိုးစပ်နေသော ဤဂျယ်ရီကျွန်းကလေးတွင် ပင်လယ် စင်ရော်ငှက်တမျိုး ရှိသည်။ ပုံစံကတော့ စင်ရော်ငှက်ပုံ၊ ဒါပေမယ့် စင်ရော်ငှက်လို မဖြူပါ။ အရောင်က နက်သည်။ အော်သည့်အသံမှာ တစ်တီတူးငှက်အသံနှင့် ဆင်သည်။ အကောင်တခုခုကိုတွေ့လျှင် စူးစူးဝါးဝါး အဆက်မပြတ် အော်တတ်သည်။

ဤလိုအခါမျိုးတွင် တခုခုကိုတွေ့၍ အော်သည်မှာ သေချာသည်။ စင်ရော်ငှက် အဆက်မပြတ် အော်ပြီဆိုလျှင် ကျနော်တို့ ထုရိုက်နေပါက ချက်ချင်း ရပ်လိုက်ပါသည်။ သူ့ကို ကျနော်တို့ ၂ ယောက်က ကင်းစောင့်ငှက်လို့ နာမည်ပေးထားသည်။ သူ့အသံကြားလျှင် ကျနော်တို့ အချိန်မီသတိပေးတာနှင့် တူသည်။ ဤငှက်ကလေးမှာ တကောင်တည်း ကျက်စားတတ်သည်။ ကျနော်တို့ကို လွန်စွာ ကျေးဇူးပြုခဲ့ပါသည်။

ဆက်လက်ဖော်ပြပါမည်။

Monday, January 18, 2010

နှလုံးသားမှာ ကမ္ဘာကမ္ပည်းထိုးတဲ့သူ (ဝင်းတင်) - ၁

(၃)

ဦးလေးအသုဘ ရက်လည်ပြီးတဲ့နောက်တနေ့မှာ ကျနော် ပြန်ဖို့စီစဉ်ပါတယ်။ မပြန်ခင် ဒေါ်ဒေါ့်ကို နှုတ်ဆက် ဂါရဝပြုရင်း ကျနော် စကားတခွန်း ပြောခဲ့ပါတယ်။

“ဦးလေးဟာ လူတွေအများကြီးရဲ့ ကောင်းကျိုးကိုလည်း ပြုခဲ့တယ်။ လူတဦးချင်း တယောက်ချင်းစီရဲ့ ကောင်းကျိုးကိုလည်း ပြုခဲ့တယ်။ ဒါဟာ ဦးလေးရဲ့ အလွန်ထူးခြားတဲ့ ဂုဏ်ဒြပ်ပါပဲ။ ဒါ့ကြောင့်လည်း ဦးလေးဟာ လူ့ဘဝမှာ နေရကျိုးအနပ်ဆုံး လူတယောက်အဖြစ် နေသွားခဲ့ရတာပဲ”

လို့ ကျနော် ပြောခဲ့ပါတယ်။

အမှန်ပါပဲ။ ဦးလေးဟာ လူ့ဘဝမှာ နေရကျိုးအနပ်ဆုံး လူတယောက်အဖြစ်နဲ့ နေသွားနိုင်ခဲ့ပါတယ်။ အများကောင်းကျိုးဆောင်တယ်ဆိုတာ အလွန်မွန်မြတ်တဲ့အလုပ်ပါ။ ကမ္ဘာမှာ အများကောင်းကျိုးဆောင်ဖို့ ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်၊ စိတ်ဓာတ်ရှိတောင် လက်တွေ့လုပ်ဖို့ ခက်ပါတယ်။

လက်တွေ့လုပ်နိုင်ပြန်လည်း ကျယ်ကျယ်ဝန်းဝန်း နှံ့နှံ့စပ်စပ်လုပ်နိုင်ဖို့ မလွယ်ပါဘူး။ အများအကျိုးကို ကျယ်ကျယ်ဝန်းဝန်း ဆောင်ရွက်တယ်ဆိုတာ လူသားတရပ်လုံးနဲ့ သက်ဆိုင်တဲ့ ကောင်းကျိုးလုပ်ငန်းတွေကို ဆောင်ရွက်တာမျိုးကို ဆိုလိုတာပါ။ အများကောင်းကျိုးကို နှံ့နှံ့စပ်စပ်ဆောင်ရွက်တယ်ဆိုတာက ဉာတိသင်္ဂဟစသည် တဦးချင်း တယောက်ချင်းရဲ့ ကောင်းကျိုးကိုလည်း မချွတ်မယွင်း မလစ်မဟင်း ဆောင်ရွက်တာမျိုးကို ဆိုလိုတာပါ။

အများကောင်းကျိုးဆောင်တတ်ရင် ပြီးရောပေါ့။ ကျယ်ကျယ်ဝန်းဝန်း နှံ့နှံ့စပ်စပ်တွေ ခွဲခြမ်းနေဖို့မလိုပါဘူးလို့ ဆိုချင်ကောင်း ဆိုချင်ကြပါလိမ့်မယ်။ အမှန်တော့ ခွဲခြမ်းဖို့ လိုပါတယ်။ အကြောင်းက ဒီလိုရှိပါတယ်။

ကမ္ဘာ့အတိုင်းအတာနဲ့ ကြည့်ကြည့်၊ တိုင်းပြည်မြို့ရွာ အချိုးအဆနဲ့ ကြည့်ကြည့်၊ ပုဂ္ဂိုလ်တဦးတယောက်ချင်း အနေအထားနဲ့ ကြည့်ကြည့် အများအကျိုး သယ်ပိုးဆောင်ရွက်တယ် ဆိုတဲ့နေရာမှာ သဘောတဖြောင့်တည်း မဟုတ်တာကို တွေ့ရတတ်ပါတယ်။ တချို့ဟာ ကမ္ဘာနဲ့ တိုင်းနိုင်ငံနဲ့ချီပြီး လူအများကြီးရဲ့ကောင်းကျိုးကို သယ်ပိုးတတ်တာ မှန်ပါရဲ့။

ဒါပေမယ့် လူတဦးချင်းတယောက်ချင်းရဲ့ကောင်းကျိုးကိုဆောင်ရွက်ဖို့ကျတော့ အမှုထားရကောင်းမှန်း မသိနိုင်လောက်အောင် ပေါ့လျော့ပျက်ကွက်တာကို တွေ့ရတတ်ပါတယ်။ တချို့ကျတော့ နီးစပ်ရာ နီးစပ်ရာ လူတဦးချင်း တယောက်ချင်းရဲ့ ကောင်းကျိုးကို သယ်ပိုးဖို့ စေတနာထက်သန်သလောက် မြို့နဲ့ ရွာနဲ့ တိုင်းနဲ့ ကမ္ဘာနဲ့ချီပြီးတော့ လူအများကြီးရဲ့ ကောင်းကျိုးကို ဆောင်ရွက်ဖို့ကိုတော့ နှောင့်နှေးတွန့်ဆုတ်တတ်ကြပါတယ်။

ဒါဟာ သစ်တောကိုသာမြင်ပြီး သစ်ပင်ကိုမမြင် ဆိုတဲ့စကား၊ သစ်ပင်ကိုသာမြင်ပြီး သစ်တောကို မမြင်ဆိုတဲ့ စကားတွေ အတိုင်းပဲပေါ့။ အလှမ်းကျယ်လို့ အလယ်လပ်တယ်ဆိုတဲ့ သဘော၊ အနုတ်မက်လို့ အခွက်ပျက်တယ် ဆိုတဲ့ သဘောအတိုင်းပဲပေါ့။

ဦးလေးကတော့ ဒီလိုမဟုတ်ဘူး။ လူတဦးတယောက်ချင်း ကောင်းကျိုးကို သယ်ပိုးရမလား၊ လာခဲ့။ လူအများစုကြီး ကောင်းကျိုးကို သယ်ပိုးကြမလား၊ စိန်လိုက်ပဲ။ အများကောင်းကျိုးကို လုပ်ငန်းကြီးသေး၊ ဒေသ ကျဉ်းကျယ်၊ တာဝန် ပေါ့သေး၊ အရေးထားမနေဘူး။ အမြဲထက်သန်နေတော့တာပဲ၊ အမြဲတက်ကြွနေတော့တာပဲ၊ အမြဲနိုးကြားနေတော့တာပဲ။

ဒါဟာ ဦးလေးရဲ့ နှလုံးသားထဲက လျှံထွက်နေတဲ့ ပရဟိတ စိတ်ကောင်းစိတ်မြတ် အဟုန်ကြီးပါပဲ။ ဦးလေးဟာ ဒီ စိတ်ဓာတ်နဲ့ နိုင်ငံရေးလုပ်တယ်။ ဒီ စိတ်ဓာတ်နဲ့ နိုင်ငံတကာ သွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသား ချစ်ကြည်ရေး စတဲ့ လုပ်ငန်းတွေကို လုပ်တယ်။ ဒီစိတ်ဓာတ်နဲ့ လူငယ်များ ကြီးပွားရေး၊ ဘိုးဘွားများစောင့်ရှောက်ရေး စတဲ့ လုပ်ငန်းတွေကို လုပ်တယ်။

ဒီစိတ်ဓာတ်နဲ့ စာပေယဉ်ကျေးမှု လုပ်ငန်းတွေကို လုပ်တယ်။ လူတဦးတယောက်ချင်း ကောင်းကျိုး အတွက်ဆိုရင်လည်း ဒီစိတ်ဓာတ်နဲ့ပဲ လုပ်တာပါပဲ။ လူသားတရပ်လုံး၊ လူမျိုးတမျိုးလုံးရဲ့ကောင်းကျိုးအတွက် ဆိုရင်လည်း ဒီစိတ်ဓာတ်နဲ့ပဲ လုပ်တာပါပဲ။

ဒီလို အများအကျိုးကို ကျယ်ကျယ်ပြန့်ပြန့်ကြီး၊ နှံ့နှံ့စပ်စပ်ကြီး ဆောင်ရွက်နိုင်စွမ်းရှိလို့လည်း ဦးလေးကို စိတ်ကောင်းစိတ်မြတ်တို့ ကိန်းအောင်းရာ ပုဂ္ဂိုလ်ကြီးအဖြစ် ရင်းနှီးသူတိုင်း၊ သိကျွမ်း သူတိုင်း၊ ကြားဖူးသူတိုင်းက ယုံကြည်စွဲမှတ်ကြတာ ဖြစ်ပါတယ်။

ကျနော့်အမြင်မှာတော့ ဒီလို လူ့လောကကောင်းကျိုးလူတွေရဲ့ ကောင်းကျိုးကို မပြတ်မလပ်၊ မပျက်မကွက်၊ မတွန့်မဆုတ် သယ်ပိုးဆောင်ကြဉ်းနိုင်တဲ့ပုဂ္ဂိုလ်ဟာ လူ့လောကမှာ နေရကျိုးအနပ်ဆုံး လူသားတယောက်ပဲလို့ တထစ်ချ သတ်မှတ်ပါတယ်။

ဦးလေးဟာ သူကိုယ်တိုင်က ပရဟိတစိတ်ဓာတ် အဟုန်ကြီးနဲ့ သူတပါးကောင်းကျိုး၊ လူအများကောင်းကျိုးကို တရစပ် တွန်းလုပ်နေရုံနဲ့ ရောင့်ရဲနိုင်သေးတာ မဟုတ်ပါဘူး။ သူတကာကိုလည်း သူ့လိုပဲ အများကောင်းကျိုး သယ်ပိုးရွက်ဆောင်အောင် အမြဲစေ့ဆော် တွဲခေါ်နေတတ်သူဖြစ်ပါတယ်။

“ပရစိတ်ဓာတ်၊ ကျင့်ကောင်းမြတ်၊ လွှမ်းပတ်ကမ္ဘာခြုံစေသောဝ်” ဆိုတဲ့စေတနာမျိုးနဲ့ သာသနာပြုနေသူ တဦးရယ်လို့ ဦးလေးကို သတ်မှတ်မယ်ဆိုရင် လွန်တန်မယ် မထင်ရလောက်အောင် ဦးလေးဟာ အများအကျိုးကို သယ်ပိုးလွန်းသူဖြစ်ပါတယ်။

ဒီတော့ ဦးလေးနဲ့ ရင်းနှီးဆက်ဆံသူတိုင်းဟာ တနည်းမဟုတ် တနည်း၊ ကိုယ့်နည်း ကိုယ့်ဟန်၊ ကိုယ့်အတိုင်း ကိုယ့်အတာနဲ့ အများကောင်းကျိုးသယ်ပိုးသူတွေ ဖြစ်လာတာချည်းပါပဲ။ ဦးလေးဟာ လူငယ်လူရွယ် အားသစ်မာန်သစ်တွေအဖို့ စံထားစရာပုဂ္ဂိုလ်ကြီးတဦးအဖြစ် မားမားကြီး ရပ်တည်နိုင်ခဲ့ပါတယ်။

ဒီလို ရပ်တည်နိုင်ခဲ့တာဟာ ဦးလေးကိုယ်နှိုက်က အများကောင်းကျိုးကို ထာဝစဉ်ရှေ့ရှုနေလို့၊ လူငယ် အားသစ်တွေ အပါအဝင် လူများစုကြီးရဲ့ ကောင်းရာကောင်းကျိုးတွေကို အမြဲသယ်ပိုးရွက်ဆောင်နေလို့၊ အဲဒီလို အများကောင်းကျိုးကို သယ်ပိုးနေရတာကိုက ဦးလေးအဖို့ အားသစ်မာန်သစ်တွေ အဖန်တလဲလဲ ပွားစည်းဆူဝေနေလို့ပဲ ဖြစ်ပါတယ်။

ဦးလေးနဲ့ရင်းနှီးရတာဟာ အများကောင်းကျိုးသယ်ပိုးရွက်ဆောင်လိုတဲ့ စိတ်ဓာတ် အားမာန်တွေကိုသာ ခွဲဝေရရှိစေတာ မဟုတ်ပါဘူး။ စာပေ ဗဟုသုတနဲ့ ပတ်သက်လို့ အသိသစ်တွေကို ရပါတယ်။ နိုင်ငံရေး၊ လူမှုရေးတွေနဲ့ပတ်သက်လို့ အတွေးသစ်တွေကို ရပါတယ်။ ပေါင်းသင်းဆက်ဆံရေး၊ စည်းရုံးလှုပ်ရှားရေးတွေနဲ့ပတ်သက်လို့ အားမာန်သစ်တွေကို ရပါတယ်။

ဦးလေးဟာ ဘာကလေးလုပ်လုပ် တဖက်လူရဲ့ ဆန္ဒသဘောထားကို တောင်းခံဖော်ထုတ်ဖို့ ဘယ်တော့မှ မေ့မထားဘူး။ မိမိရဲ့ဆန္ဒကို တပါးသူ နားလည်သဘောပေါက်ပြီး ထောက်ခံလိုက်လျောလာအောင် ညှိနှိုင်း ဆက်စပ်ဖို့ ဘယ်တော့မှ မေ့မထားဘူး၊ ဦးလေးဟာ လူတွေနဲ့ပေါင်းသင်းဆက်ဆံရာ မှာ ဆွေးနွေးညှိနှိုင်းရာမှာ၊ ပြောဆိုနားထောင်ရာမှာ မျက်နှာ အမြဲပြုံးချိုတယ်၊ စကားအမြဲ ရွှန်းဝေတယ်၊ ကိုယ်ဟန်အမြဲ ဖျတ်လတ်တယ်၊ အာရုံအမြဲ စူးစိုက်တယ်၊ စိတ်ထား အမြဲစာနာတယ်၊ သဒ္ဓါ အမြဲ ပိုတယ်။ ဒါတွေဟာ ဦးလေးရဲ့ ကိုယ်ကျင့်တွေပါပဲ။

ဦးလေးဟာ အဲဒီလိုကောင်းမြတ်တဲ့ စိတ်ဓာတ်တွေ၊ စေတနာစိတ်ထားတွေ၊ ကိုယ်ကျင့်တရားတွေနဲ့အတိပြီးတဲ့ ပုဂ္ဂိုလ်တဦးဖြစ်တယ်ဆိုတာ ဘယ်သူမှ ဒွိဟသံသယ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီကောင်းမြတ်တဲ့ စရိုက်လက္ခဏာတွေဟာ ဦးလေးဆိုတဲ့ ရုပ်ခန္ဓာကြီးကို ဖွဲ့စည်းတဲ့နေရာမှာ ဓာတ်ကြီး လေးပါးနဲ့သာမကဘဲ မေတ္တာ၊ ဂရုဏာ၊ စေတနာ၊ သဒ္ဓါ ဆိုတဲ့ စိတ်ကောင်းစိတ်မြတ်ကြီးတွေနဲ့ပါ ဖြည့်ဆည်းပေါင်းဖွဲ့ထားတာလို ဖြစ်လေတော့ ဦးလေးကို ကြည့်ရမြင်ရတာ၊ ဦးလေးနဲ့ ဆက်ဆံပြောဆိုရတာ၊ ဦးလေးနဲ့ အတူလက်တွဲ လုပ်ကိုင်ရတာဟာ ကောင်းမြတ်တဲ့ စေတနာ၊ မေတ္တာ၊ သဒ္ဓါတရားတွေနဲ့ ကောင်းမြတ်တဲ့ လုပ်နည်းလုပ်ဟန် ကိုယ်ကျင့် စရိုက်လက္ခဏာတွေကို ကူးဆက်မျှဝေခံယူရသလို ရှိပါတော့တယ်။

ဒီလိုနဲ့ ဦးလေးဟာ သူနဲ့ ပေါင်းသင်းရင်းနှီး လက်တွဲဆက်ဆံလာသူတွေကို ဘဝအဓိပ္ပာယ်ကြွယ်ဝစေတယ်၊ ဘဝအားမာန် ပြည့်ဖြိုးစေတယ်၊ ဘဝတာဝန် ကျေပွန်စေတယ်လို့ ဆိုရမယ်ထင်ပါတယ်။

ဒါဟာ ဦးလေးနဲ့ပတ်သက်ပြီး ကျနော် သဘောတရားတွေထုတ်နေတာ မဟုတ်ပါဘူး။ ကိုယ်တွေ့ မျက်မြင်တွေ အပေါ်မှာ ကျနော် ဆန်းစစ်ပြီး သုံးသပ်ပြတာ ဖြစ်ပါတယ်။ ကိုယ်တွေ့ မျက်မြင်တွေဆိုတာက အများကြီးပါ။ တခုတလေကို ထုတ်ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ကိုယ်တွေ့မျက်မြင်တွေကို သာဓက ဆောင်ချင်ပါတယ်။

ဦးလေးနဲ့ ကျနော်ဟာ ၁၉၆ဝ ပတ်ဝန်းကျင်လောက်ဆီကတည်းက သတင်းစာလောကလုပ်ငန်းတွေမှာ အတူလက်တွဲ ဆောင်ရွက်ခဲ့ကြဖူးပါတယ်။ ဒါပေမယ့် ဦးလေးက မန္တလေးမှာ ကျနော်က ရန်ကုန်မှာ။ လုပ်ငန်းအတူတွဲလုပ်ခဲ့ကြတယ် ဆိုပေမယ့် တလတခါဆိုသလို စည်းဝေးဆွေးနွေးကြတဲ့အခါကျမှသာ လူချင်းတွေ့ကြရတာဆိုတော့ နီးနီးကပ်ကပ် ရှိလှတယ်လို့ မဆိုနိုင်ပေဘူးပေါ့။

၁၉၇ဝ လွန်နှစ်များအတွင်းမှာတော့ ကျနော်ကလည်း မန္တလေးရောက်နေ၊ မန္တလေး ဘိုးဘွားရိပ်သာ ဖြစ်မြောက်ရေး လုပ်ငန်းတွေကလည်း လုပ်စရာပေါ်နေဆိုတော့ ဦးလေးနဲ့ ကျနော်ဟာ လေးငါးနှစ်လောက် ဆိုသလို အခါမလပ် အတူတွေ့ဆုံ ပြောဆိုဆွေးနွေး တိုင်ပင်လုပ်ကိုင် ဆောင်ရွက်ခဲ့ကြရပါတယ်။ ဒီအချိန်က ဦးလေးရဲ့ စိတ်ကောင်း၊ သဘောကောင်း၊ ကိုယ်ကျင့်တရားကောင်းတွေကို ကျနော် တပုံကြီးရခဲ့ပါတယ်။

ဦးလေးရဲ့ ပရဟိတစိတ်ဓာတ် အဟုန်ကြီးမားပုံကိုတော့ ပြောမနေတော့ပါဘူး။ ဦးလေးဟာ စိတ်ဓာတ်ကောင်း၊ သဘောထားကောင်း၊ ကိုယ်ကျင့်ဟန်ကောင်းတွေသာ ရှိရုံမဟုတ်ပါဘူး။ အဲဒီ အကောင်းတရားတွေနဲ့ အပ်စပ်ညီထွေတဲ့ လုပ်နည်းလုပ်ဟန်ကောင်းတွေလည်း အများကြီးရှိတယ်ဆိုတာ ထင်းထင်းကြီး ပေါ်လွင်နေပါတယ်။ ဦးလေးရဲ့လုပ်ဟန် ကောင်းတွေဟာ ဘယ်လိုဟာတွေလဲ။

ဦးလေးဟာ သူတာဝန်ယူထားတဲ့ လုပ်ငန်းအတွက် အမြဲတွေးတော စိတ်ကူးပြီး အကြံဉာဏ်ကောင်းတွေကို အမြဲဖော်ထုတ် တင်ပြတယ်။ အမြဲ ရွှင်ပြုံးတက်ကြွတယ်။ တချက်ကလေး ညည်းတဲ့ဟန် မပြဘူး။ အမြဲ အချိန်တိကျတယ်။ ဘယ်တော့မှ ဗိုလ်မကျဘူး။ ငါတကော မကောဘူး။ လူတတ်မလုပ်ဘူး။ ငါ့စကားနွားရ မပြောဘူး။ အထက်စီး မယူဘူး။ အပိုင်အနိုင် မယူဘူး။ ပေဖြစ်ပြီရယ်လို့လည်း မခံဘူး။ တူဖြစ်ပြီရယ်လို့လည်း မနှံဘူး။

လက်ညှိုးငေါက်ငေါက် မထိုးဘူး။ လက်စား မချေဘူး။ နှုတ်မစွာဘူး။ ရန်မထောင်ဘူး။ အထက်ပင့်အောက်ဖိ မလုပ်ဘူး။ ရှေ့တမျိုး နောက်တမျိုး မကျင့်ဘူး။ ဗောင်းတော်ငြိမ့် စိတ်တော်သိ မလုပ်ဘူး။ မင်းလိုလိုက် မင်းကြိုက်မဆောင်ဘူး။ ဆင်ဖြူမှီ ကြံမစုပ်ဘူး။ မျောက်ပြ ဆန်မတောင်းဘူး။ ကိုယ်နဲ့ တွဲလုပ်သူတိုင်းရဲ့ ထင်မြင်ချက်၊ အကြံဉာဏ်နဲ့ ဆန္ဒတွေကို တောင်းတယ်။ ကိုယ့်ထင်မြင်ချက်၊ အကြံဉာဏ်နဲ့ဆန္ဒကို အများလိုက်လျောအောင် ညှိတယ်။

ရှေ့မှောက်မှာရော နောက်ကွယ်မှာပါ ဘယ်သူ့အကြောင်းကိုမှ မကောင်းမပြောဘူး။ သိက္ခာမချဘူး။ နာမ်မနှိမ်ဘူး။ အပုပ်မချဘူး။ အမြဲသဖြင့် အတူတွဲလုပ်သူတွေရဲ့ ကောင်းကြောင်းကိုသာ ပြောတယ်။ ဂုဏ်တင်တယ်။ သိက္ခာဆယ်တယ်။ ဗန်းတင်တယ်။ စန်းတင်တယ်။ ဒါတွေဟာ ဦးလေးရဲ့ အထက်တန်းကျတဲ့ အကျင့်ကောင်း၊ လုပ်ဟန်ကောင်းတွေပဲ ဖြစ်ပါတယ်။ ဦးလေးရဲ့လုပ်ဟန် တိကျမှန်ကန်မှုရဲ့ အကျိုးသက်ရောက်မှုဟာ အင်မတန် ကြီးမားပါတယ်။

(၄)

မန္တလေး ဘိုးဘွားရိပ်သာ တည်ဆောက်ရေးလုပ်ငန်းတွေ တန်းလန်းဖြစ်နေတာ အဲဒီအချိန်က ၁၀ နှစ်လောက် ရှိနေပါပြီ။ ဒါနဲ့ မန္တလေးတိုင်းပြည်သူ့ကောင်စီက ဘိုးဘွားရိပ်သာဖြစ်မြောက်ရေးအဖွဲ့တဖွဲ့ကို ဖွဲ့ပေးလိုက်ပါတယ်။ ဥက္ကဋ္ဌက တိုင်းပြည်သူ့ကောင်စီဝင် ဒေါ်အောင်ကြည်ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေအဖြစ် ဦးအေးမောင်၊ ဦးဝင်း၊ ဦးသာဌေး၊ ဦးစံငြိမ်း၊ ဦးသစ်၊ လူထုဦးလှ စတဲ့ မြို့မိမြို့ဖတွေ ပါဝင်ကြပါတယ်။

ဒီပုဂ္ဂိုလ်ကြီးတွေဟာ ကိုယ်ပိုင်လုပ်ငန်းကြီးတွေကို အောင်အောင် မြင်မြင် ဦးစီးလုပ်ကိုင်နေကြတဲ့သူတွေ ဖြစ်ပါတယ်။ လုပ်သမျှလုပ်ငန်းကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်လောက်အောင် ဓနဥစ္စာ အင်အား၊ မိတ်သင်္ဂဟအင်အား၊ ခန့်ခွဲကွပ်ကဲမှုအင်အား ကြီးမားသူတွေလည်း ဖြစ်ပါတယ်။ ဒီလိုပုဂ္ဂိုလ်ကြီးတွေနဲ့ လက်တွဲလုပ်ကြစို့ဆိုတော့ အဲဒီအချိန်က ဥက္ကဋ္ဌ ဒေါ်အောင်ကြည်ဟာ အသက်အရွယ်အားဖြင့်ရော၊ အတွေ့အကြုံအားဖြင့် ပါဝါနုနေပါတယ်။

ဒါပေမယ့် ဘိုးဘွားရိပ်သာလုပ်ငန်းတွေဟာ နေ့ချင်း ညချင်းပဲ အောင်အောင်မြင်မြင်ကြီး အကောင်အထည် ပေါ်လာပါတယ်။ အောင်မြင်မှုရခဲ့တဲ့အကြောင်းတွေ အများကြီးရှိပါတယ်။ အလှူအတန်းမှာ မွေ့လျော်တဲ့ ဒေသခံပြည်သူတွေရဲ့ ရက်ရက်ရောရော ကုသိုလ်ပါဝင်မှု၊ ဥက္ကဋ္ဌ ဒေါ်ကြည်အောင်ရဲ့ အသက်အရွယ် အတွေ့အကြုံ နုနယ်ပေမယ့် ရှေ့ဆောင်ရှေ့ရွက်ပြုတဲ့နေရာမှာ ထက်မြက်ချက်ချာမှု၊ အဖွဲ့ဝင်လူကြီးတွေရဲ့ ကိုယ်ဖိရင်ဖိကြီးကြပ်မှု စတဲ့ အချက်တွေဟာ အောင်မြင်မှုရဲ့ အရင်းခံအကြောင်းတွေပါပဲ။

အဲဒီ အရင်းခံအကြောင်းတွေလိုပဲ အဓိကကျတဲ့ အရင်းခံ အကြောင်းတခု ရှိပါသေးတယ်။ အဲဒါကဘာလဲဆိုရင် အဖွဲ့အတွင်းမှာ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်မှု တည်ရှိခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမယ်။

ကောက်ကြောင်းပန်းချီ - မင်းကျော်ခိုင်

လက်ရေးစာလုံး - ဒေါင်းနီ