Tuesday, January 19, 2010

နှလုံးသားမှာ ကမ္ဘာကမ္ပည်းထိုးတဲ့သူ (ဝင်းတင်) - နိဂုံးပိုင်း

ဘိုးဘွားရိပ်သာလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ ဦးလေးရဲ့ ကောင်းသောလုပ်ဟန်ဟာ အဖွဲ့ဝင်အားလုံးရဲ့ အချင်းချင်း ယုံကြည်ရင်းနှီးမှု၊ လိုက်လျောကြည်ဖြူမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေက ပေါင်းစပ်တွဲဆက်ပေးတဲ့ သော့ချက်ပဲ ဖြစ်ပါတယ်။

ဦးလေးဟာ လူတွေကိုချစ်တယ်။ ဒါကြောင့် လူတွေရဲ့ ကောင်းကျိုးကို သယ်ပိုးရွက်ဆောင်တယ်။ သူချစ်တဲ့လူတွေ အချင်းချင်းလည်း ချစ်ခင်ကြည်ဖြူမှု ရှိကြစေချင်တယ်။ အပြုအဖြစ် အကောင်းအမှန် လုပ်ငန်းတွေအတွက် သင့်မြတ်လက်တွဲ ပူးပေါင်းဆောင်ရွက်ကြစေချင်တယ်။ ဒါဟာ ဘယ်လုပ်ငန်းမှာပဲဖြစ်ဖြစ် ဦးလေး အမြဲကျင့်သုံးတဲ့ လုပ်နည်းလုပ်ဟန် ဖြစ်ပါတယ်။

“ဦးအေးမောင်၊ ကိုဝင်းတင်ရေ … ကျနော်တို့ မအောင်ကြည်ကို ဝိုင်းကူကြရမယ်ဗျ။ သူလုပ်နိုင်တယ်ဗျ၊ လုပ်လည်း လုပ်တတ်တယ်။ စေတနာလည်း ရှိတယ်။ မဟုတ်ဘူးလားဗျာ”

ဦးလေးဟာ တခြားအဖွဲ့ဝင်တွေအပေါ်မှာလည်း ဒီလိုပဲ အကောင်းမြင်တယ်။ အကောင်းပြောတယ်။ ဒီလိုနဲ့ အဖွဲ့အတွင်းမှာ ညီညွတ်မှု ပူးပေါင်ဆောင်ရွက်မှုကို ရှင်သန်စေတယ်။ ဦးလေးက သူ့ကိုယ်သူ ‘မယားပါ မန္တလေးသား’ လို့ ပျော်စေပြက်စေ ပြောတတ်ပါတယ်။

ကျနော်က ဘာမန္တလေးသားရယ်လို့မှကို ပြောလို့မရတဲ့ အသည်အလာမဟုတ်တဲ့ ပျံကျကပ်ပါးဆိုတော့ ဦးလေးက ကျနော့်ကို မန္တလေးအကြော၊ မန္တလေးအထာ ခပ်နှိုက်နှိုက်ကလေး သိနေအောင် အမြဲသွန်သင် ရှင်းလင်းပြတတ်ပါတယ်။ ရပ်ခံဓလေ့အကြောင်း၊ ရပ်ခံရှင်လူအကြောင်း စသည် အစုံပေါ့လေ။

“ဦးလေးဝင်းတို့ ၊ ဦးအေးမောင်တို့ ဆိုတာ သိပ်တတ်တဲ့လူတွေ ကိုဝင်းတင်ရဲ့။ ဦးသစ်တို့၊ ဦးစံငြိမ်းတို့ ဆိုတာလည်း ဒီလိုလုပ်ငန်းတွေမှာ သိပ်စိတ်သန်တာ။ ဦးသာဌေးက စကားတော့ သိပ်မပြောဘူး။ ဒါပေမယ့် လှူရ တန်းရမယ်ဆိုရင် လာခဲ့ပဲ။ သိပ်ငြင်းနေတဲ့လူစားမျိုး မဟုတ်ဘူး၊ သိပ်ရက်ရောတဲ့ လူတွေဗျ။ သြဇာလည်း သိပ်ရှိကြတာ၊ သူတို့ ပါနေတာကိုက တအားဗျ”

ဦးလေးဟာ အကောင်းကိုပဲ အမြဲပြောနိုင်မှာပေါ့။ ဦးလေးက အကောင်းကိုပဲ အမြဲမြင်၊ အကောင်းကိုပဲ အမြဲမှန်း၊ အကောင်းကိုပဲ အမြဲလုပ်နေတာကိုး။ ဒါဟာ လူတွေကိုချစ်တဲ့ စိတ်ဓာတ်နဲ့ လူတွေရဲ့ကောင်းကျိုးကို သယ်ပိုးတဲ့ အလုပ်က ပေါက်ဖွားလာတဲ့ ဦးလေးရဲ့လုပ်ဟန်ပါပဲ။ ဦးလေးရဲ့ ကောင်းတဲ့ကိုယ်ကျင့်စရိုက်ပါပဲ။ အဲဒီ ကောင်းတဲ့ လုပ်ဟန်၊ ကောင်းတဲ့ ကိုယ်ကျင့်စရိုက်တွေဟာ ကောင်းတဲ့အလုပ်တွေကို ကောင်းကောင်း ဖြစ်ထွန်းစေပါတယ်။ မန္တလေး ဘိုးဘွားရိပ်သာကြီးဟာ သက်သေပါပဲ။

(၅)

ဦးလေးက စကားပြောကောင်းတယ်၊ စာရေးကောင်းတယ်၊ အကြံဉာဏ်ပေး ကောင်းတယ်၊ သင်္ခန်းစာပေးကောင်းတယ် ဆိုတာတွေကို ဦးလေး ဟောတာပြောတာ ကြားနာဖူးသူတိုင်း၊ ဦးလေးရေးတာသားတာ ဖတ်ရှုဖူးသူတိုင်း၊ ဦးလေးဆီ ချဉ်းကပ်တွေ့ဆုံဖူးသူတိုင်း အားလုံးသိကြပြီးဖြစ်ပါတယ်။

ဦးလေးနဲ့  စကားပြောတိုင်း၊ ဦးလေးစကားကို နားထောင်တိုင်း မှတ်သားစရာတခုခုတော့ ရလိုက်တာချည်းပါပဲ။ ဦးလေးရဲ့ ဘဝအမြင်တခုခုကို သိလိုက်ရတာချည်းပါပဲ။ အဲဒီလိုကြားလိုက် မှတ်လိုက်ရတဲ့ ဦးလေးရဲ့ ဘဝအမြင်တွေဟာ ကြားမှတ်လိုက်ရသူအဖို့  ဘဝအားမာန်တွေလို ဖြစ်လာတတ်ပါတယ်။

၁၉၆၉ တုန်းက မန္တလေးမှာ ဟံသာဝတီ သတင်းစာတိုက် လာဖွင့်ပါတယ်။ တိုက်ဖွင့်ပွဲမှာ ဦးလေးလှ စာပေလုပ်သားအဖွဲ့ ဖြစ်မြောက်ရေး ကော်မတီဝင်အဖြစ်နဲ့ စကားပြောပါတယ်။ ထုံးစံအတိုင်း ဦးလေးက မှတ်သားစရာတွေနဲ့ ရွှန်းရွှန်းဝေအောင် ပြောသွားပါတယ်။ ပုံပြင်တခုကိုလည်း ထည့်ပြောသွားပါတယ်။ ဦးလေး ပြောသွားတဲ့ပုံပြင်က ဒီလိုပါ …။

တနေ့မှာ ခြင်္သေ့မတကောင် သားပေါက်သတဲ့။ မြေခွေးမတကောင်က မီးနေလာမေးသတဲ့။

ခြင်္သေ့မ သားပေါက်တာက တကောင်တည်း တဲ့။ ဒီတော့ မြေခွေးမက ...

“ဟင် ... တကောင်တည်းလား” လို့ ခနိုးခနဲ့နဲ့ မေးသတဲ့။

မြေခွေးမျိုးကတော့ သားပေါက်ရင် တပြုံတမကြီး ပေါက်တာကိုး။ ခြင်္သေ့မက ဘယ်ခံနေလိမ့်မတုန်း၊ ခပ်ထယ်ထယ်ပဲ ပြန်ပြောလိုက်တယ် တဲ့။

“အေး … ဟုတ်တယ်။ တကောင်တည်းပဲ။ ဒါပေမယ့် ခြင်္သေ့ဟဲ့ … ခြင်္သေ့ …” လို့ တဲ့။

ဦးလေးက မန္တလေးမှာ တစောင်ထီးတည်း တကိုယ်တော် ငေါင်စင်းစင်းလာဖွင့်တဲ့ ဟံသာဝတီသတင်းစာကို အားပေးစကား၊ အသားပေးစကား၊ ဗန်းတင်စကား၊ စန်းတင်စကား ပြောတာပါ။ ကျနော်တို့ ကို သတင်းစာ လောကသားချင်း နှုတ်၏စောင်မခြင်းနဲ့ စောင်မတာလို့လည်း ပြောနိုင်တာပေါ့။

တနည်းစဉ်းစားလိုက်တော့လည်း ဒီစကားဟာ ဦးလေးရဲ့ ဘဝအမြင်တခုလည်း ဖြစ်ပေတယ်လို့ ဆိုလိုရလိမ့်မယ် လို့ ထင်မိပါတယ်။

ဦးလေးဟာ လူတွေကို ချစ်တယ်။ လူတွေရဲ့ကောင်းကျိုးကို လိုလားရှေ့ရှုတယ်။ လူတွေရဲ့ကောင်းကျိုးကို ဆောင်တယ်။ ဒါဖြင့် လူတွေအားလုံးက ဦးလေးကို ပြန်ချစ်ကြရောလား။ ဦးလေးရဲ့ကောင်းကျိုးကို လိုလားရှေ့ရှုကြရောလား၊ ဦးလေးရဲ့ကောင်းကျိုးကို ဆောင်ကြရောလား။ ဒီလိုမေးလာရင် ဘယ်လိုဖြေရမလဲ။

အင်း … အင်းနဲ့ အင်းလိုက်ဖြေရင်လည်း အပြည့်မမှန်နိုင်ဘူး။ ဟင့်အင်းချည်းလိုက်ပြီး ခေါင်းခါနေရင်လည်း အပြည့် မမှန်နိုင်ဘူး။ ဦးလေးက စံတခုခုကို လက်ကိုင်ထားသူ၊ တရားတခုခုကို လက်စွဲပြုသူဆိုတော့ အဲဒီစံ၊ အဲဒီတရားဟာ ဦးလေးအဖို့ အမှန်စံ၊ အမှန်တရားပဲ ဖြစ်ပေလိမ့်မပေါ့။

ဦးလေးဟာ လူတွေကိုချစ်တယ်ဆိုတဲ့ နေရာမှာ၊ လူတွေရဲ့ ကောင်းကျိုးကို လိုလားရှေ့ရှုတယ်ဆိုတဲ့နေရာမှာ၊ လူတွေရဲ့ အကျိုးကိုဆောင်တယ်ဆိုတဲ့နေရာမှာ အဲဒီ အမှန်စံ၊ အဲဒီ အမှန်တရားတွေကို ရည်မှန်းချက်ထားပြီး လုပ်ကိုင်ဆောင်ရွက်သွားမှာပဲဆိုတာ ယုံမှားစရာမရှိပါဘူး။

ဒီတော့ အဲဒီစံတွေ အဲဒီတရားတွေကို ဆန့်ကျင်ပစ်ပယ်သူတွေဟာ (ဥပမာ ဖက်ဆစ်ဝါဒီတွေ၊ နယ်ချဲ့ဝါဒီတွေ၊ စစ်ဝါဒီတွေ) ဦးလေးကို ဘယ်ချစ်မလဲ။ ဦးလေးအကျိုးကို ဘယ်လိုလား ရှေ့ရှုပါ့မလဲ။ ဦးလေးအကျိုးကို ဘယ်သယ်ပိုးပါ့မလဲ။ ဒါ သဘာဝတရားပဲ။

ကျနော် စဉ်းစားကြည့်မိတယ်။ ဦးလေးဘဝမှာလဲ အဲဒီစံတွေ၊ တရားတွေကို ဆန့်ကျင်ပစ်ပယ်သူတွေ များပြား အားကောင်းတဲ့ အနေအထားမျိုးကြုံတဲ့အခါ ကြုံပေလိမ့်မှာပဲလို့။ အဲဒီလိုကြုံတဲ့အခါ ဦးလေးက သူ့ပုံပြင်ထဲကလို “တကောင်တည်းပဲဟေ့။ ဒါပေမယ့် ခြင်္သေ့ကွ၊ ခြင်္သေ့” လို့ ကြုံးဝါးနေမိမှာပဲလို့။

ကျနော်ကတော့ ဦးလေးပုံပြင်ကို ကြားလိုက်ရပြီးကတည်းက ပုံပြင်ထဲက ခြင်္သေ့လို ကြုံးဝါးသင့်တဲ့အခါ ကြုံးဝါးတာ အမှန်ပဲ။ ဒါကြောင့် ဦးလေးရဲ့စကားတွေဟာ ဦးလေးရဲ့ဘဝအမြင်တခု ဖြစ်နိုင်တယ်။ ဦးလေးရဲ့ ဘဝအမြင်တခုဟာ ကျနော်တို့လို ကြားရမှတ်ရသူတွေအဖို့ ဘဝအားမာန်တခုလို ဖြစ်လာတတ်တယ်လို့ ကောက်ချက်ချမိတာ ဖြစ်ပါတယ်။

(၆)

“ကမ္ဘာ့အခြေအနေတွေကလည်း မကောင်းဘူး ကိုဝင်းတင်ရေ။ စစ်တွေ ဘာတွေဖြစ်ရင် လူတွေအားလုံးဒုက္ခ ရောက်ကုန်မှာ။ ကျနော်တို့၊ ကိုဝင်းတင်တို့မှာ လူတွေအတွက် လုပ်ပေးစရာတာဝန်တွေ အများကြီး ကျန်သေးတယ်ဆိုတာ မမေ့နဲ့ဗျို့”

ရန်ကုန်ဘူတာကြီး စင်္ကြံပေါ်မှာ ဦးလေး နောက်ဆုံးပြောသွားတဲ့ စကားတွေပါ။ ဒီ စကားတွေကိုပြောတဲ့အချိန်မှာ ဦးလေးဟာ အသက် ၇ဝ ကျော်နေပြီ။ ကျန်းမာရေး မကောင်းလှတော့ဘူး။ ကွယ်လွန်ဖို့ ၅ ရက်ပဲ လိုတော့တယ်။ ဒါနဲ့တောင်မှ ဦးလေးဟာ လူတွေ၊ လူသားတွေရဲ့ကောင်းကျိုးအတွက် ထမ်းဆောင်စရာတာဝန်တွေ အများကြီး ကျန်ပါသေးကလားဆိုတာ မြဲမြဲကြီးခံယူထားဆဲပဲ ရှိနေပါသေးတယ်။

လူသားတွေချစ်တဲ့သူ၊ လူသားတွေရဲ့ ကောင်းကျိုးချမ်းသာကို လိုလားရှေ့ရှုတဲ့သူဖြစ်လို့သာ ဒီလို မေတ္တာ ဂရုဏာစကား၊ ဒီလို တာဝန်ဝတ္တရားစကား၊ ဒီလိုနှောင်းလူတွေထံ တာဝန်ဆင့်ကမ်း စကားမျိုးကို နောက်ဆုံးအချိန်အထိ မမေ့မလျော့ ပြောကြားသွားနိုင်ပေတာပဲလို့ ကျနော် တွေးမိပါတယ်။

ဦးလေးဟာ လူသားစိတ် တကယ်ပြင်းပြတဲ့သူပါကလား။ လူ့လောကကို တကယ်ချစ်တဲ့သူပါလား။ ဧရာမ နှလုံးသား ပိုင်ရှင်ပါကလား။ ဦးလေးအကြောင်းကို စဉ်းစားမိတိုင်း ဒီလိုပဲ ကျနော့်စိတ်ထဲမှာ ရေရွတ်မိတတ်ပါတယ်။

ကမ္ဘာကျော် အင်္ဂလိပ်ကဗျာဆရာကြီး ရောဘတ်ဘရောင်နင်က သူ့ ကဗျာတပုဒ်မှာ ဒီလိုရေးဖူးပါတယ်။

‘သူ့နှလုံးသားကို ခွဲကြည့်ပါတဲ့။ သူ့နှလုံးသားထဲမှာ သူချစ်တဲ့နိုင်ငံရဲ့အမည်ကို ကမ္ပည်းထိုးထားတာ တွေ့ပါလိမ့်မယ်’ တဲ့။

ဦးလေးရဲ့နှလုံးသားထဲမှာရော ဘယ်လို ကမ္ပည်းစာတန်းမျိုး ထိုးထားပါလိမ့်မလဲလို့ တခါတခါ တွေးမိတယ်။ ဒါဟာ ကဗျာဆန်ဆန်ပြောနေတာ မဟုတ်ပါဘူး။ စာဖတ်ရင်း၊ ကဗျာဖတ်ရင်း ဆက်စပ်ပြီး ပေါ်ထွက်လာတဲ့ အတွေးမျိုးဆိုတော့ ဒီလိုပဲရှိမှာပေါ့။ ဦးလေးရဲ့နှလုံးသားထဲမှာ ကမ္ပည်းစာတန်းသာတခုရှိမယ်ဆိုရင် ဘယ်လို ကမ္ပည်း စာတန်းဖြစ်မယ်ဆိုတာ ကျနော် အတတ်ပြောနိုင်မယ်လို့ ထင်ပါတယ်။

ဦးလေးရဲ့နှလုံးသားထဲမှာ မုချဆက်ဆက်ရှိနေမယ့် ကမ္ပည်းစာတန်းဟာ ဘယ်လို ကမ္ပည်းစာတန်းမျိုးဖြစ်မယ် ဆိုတာ ကျနော် မဝေခွဲနိုင်ဖြစ်စရာအကြောင်း လုံးဝ မရှိပါဘူး။ ဦးလေးရဲ့နှလုံးသားထဲမှာရှိတဲ့ ကမ္ပည်း စာတန်းဟာ ရောဘတ်ဘရောင်နင်ရဲ့ နှလုံးသားထဲမှာရှိတဲ့ ကမ္ပည်း စာတန်းထက်ပိုပြီး ကျယ်ဝန်းနက်ရှိုင်းတဲ့ သဘောဆောင်မှာ သေချာပါတယ်လို့ ကျနော် ပြောနိုင်ပါတယ်။

ဆိုလိုတာက နိုင်ငံတနိုင်ငံ၊ လူမျိုးတမျိုးလောက်ကိုသာ ကိုယ်စားပြုတဲ့ ကျဉ်းကျဉ်းတိမ်တိမ် သဘောဆောင်မှာ မဟုတ်တာ သေချာပါတယ်လို့ ပြောချင်တာပါ။

ဦးလေးဟာ လူသားစိတ် အင်မတန်ပြင်းပြတဲ့သူ မဟုတ်လား။ လူ့လောကကို သိပ်ချစ်တဲ့သူ မဟုတ်လား။ လူသားထု အများကြီးကိုရော၊ လူတဦးချင်းစီကိုပါ မေတ္တာထားသူ မဟုတ်လား။ ဒီတော့ ဦးလေးရဲ့ နှလုံးသားထဲက ကမ္ပည်းစာတန်းဟာ လူ့လောကကြီးတခုလုံး၊ လူသားတရပ်လုံးကို ကျယ်ကျယ်ဝန်းဝန်းကြီး၊ နှံ့နှံ့စပ်စပ်ကြီး ရစ်သိုင်းခြုံလွှမ်း မေတ္တာမိုး ပက်ဖျန်းမယ့် ကမ္ပည်းစာတန်းသာ ဖြစ်ရပေလိမ့်မပေါ့။ အလွန်သေချာတာပေါ့။

ဒီလိုဆိုရင် အဲဒီ ကမ္ပည်းစာတန်းဟာ ဘယ်လိုရေးထိုးထားတဲ့ ကမ္ပည်းစာတန်းဖြစ်လေလိမ့်မလဲလို့ အရှည်အဝေး တွေးမနေပါနဲ့။ တွေးနေစရာလိုလှမယ် မထင်ပါဘူး။

‘လူသားရပ်ရွာ ဤကမ္ဘာ’ ဆိုတဲ့ ကမ္ပည်းစာတန်းပဲ ဖြစ်မှာပါ။ ။

ဝင်းတင်

‘နှလုံးသားမှာ ကမ္ဘာကမ္ပည်းထိုးတဲ့သူ’၊ လူထုချစ်သမျှ လူထုဦးလှ၊ မန္တလေးကြီးပွားရေး စာအုပ်တိုက်၊ ၁၉၈၄


မိုးမခ မီဒီယာစာနယ်ဇင်းအဖွဲ့က စီစဉ်ထုတ်ဝေသည့် ဟံသာဝတီဦးဝင်းတင်နှင့် စာနယ်ဇင်းဆောင်းပါးများမှ ကူးယူဖော်ပြသည်။

ကောက်ကြောင်းပန်းချီ - မင်းကျော်ခိုင်
လက်ရေးစာလုံး - ဒေါင်းနီ

No comments: