Monday, January 25, 2010

ကျောင်းသား ထောင် တော်လှန်ရေးသမား (၃၆)

တတိယကျဆုံးတဲ့ ရဲဘော်စိန်ချင်း ကျဆုံးတဲ့အချိန်မှာ ကျနော်တို့က ထောင်ဘူးဝနားမှာ ကင်းစောင့်နေတာ၊ ကင်းကျနေတာ။ နေ့ခင်းကြီးပဲ။ အဲဒီအချိန်တုန်းက တိုက်ပွဲဝင်အဆောင် ၂ ထဲမှာ ရဲဘော်ထွန်းမြင့်နဲ့ ရဲဘော်စိန်ချင်းတို့ဟာ မျောနေကြပြီ။ အခြေအနေမကောင်းဘူး။ သိပ်မခံတော့ဘူးလို့ အားလုံးက တွက်ထားကြပြီ၊ ကျနော်လည်း သိနေတာ။

အဲဒီလိုနဲ့ ကျနော် ကင်းစောင့်နေတုန်းမှာပဲ ‘အင်တာနေရှင်နယ်’ သီချင်းသံ သံပြိုင်ဆိုလိုက်တဲ့အသံကို ကြားရတာ။ ကျနော်လည်း ရဲဘော်တယောက်တော့ ကျပြန်ပြီဆိုပြီးတော့ ကင်းစောင့်နေရာကနေ မတ်တပ်ရပ် တိုက်ပွဲဆောင်ရှိရာဘက် မျက်နှာမူ သတိဆွဲ ရပ်နေလိုက်တယ်။ သီချင်းသံပြီးဆုံးသွားတော့ ကျနော့်ခေါင်းထဲမှာ ခုနက ရဲဘော်ထွန်းမြင့်နဲ့ ရဲဘော်စိန်ချင်းတို့အထဲက ဘယ်သူအရင်ကျပါလိမ့်လို့ ကျနော်တို့ ထင်နေ၊ တွေးနေတာ။

ပြီးတဲ့အခါမှာ ကျနော် စုံစမ်းကြည့်လိုက်တဲ့အခါကြတော့ ...

“ဟာ … မဟုတ်ဘူး ကျသွားတာ ရဲဘော်ချစ်ဆွေ” လို့ ပြောပြန်ရော။ ဟာ … ကျနော် ကိုယ့်နားကိုယ် မယုံနိုင်လောက်အောင်ကို အံ့သြသွားတယ်။

ရဲဘော်ချစ်ဆွေဆိုတာ ပြည်ခရိုင်က ဗကသကျောင်းသား။ ကျဆုံးချိန်က သူ့အသက်က ၂၄/၂၅ လောက်ရှိမယ်။ ကျနော်ထက် ကြီးလှ ၃/၄ နှစ်ပဲဖြစ်မယ် မကွာဘူး။ ကျန်းမာရေး အင်မတန်ကောင်းတာ၊ အကြမ်းပတမ်းလည်း အင်မတန်မှကို ခံနိုင်တာ။ လူက ထွားလည်း ထွားတယ်၊ မဲမဲကြီး။ လူချစ်လူခင် အင်မတန်များ၊ လုပ်ရည်ကိုင်ရည်လည်း ရှိတယ်။

သူတိုက်ပွဲဝင် ဒုတိယအသုတ်က။ သူကျဆုံးတဲ့အချိန်မှာ ကျနော်တို့ တိုက်ပွဲတိုက်တာ ၄၈ ရက် ရှိသွားပြီ။ သူ တဦးချင်းတိုက်တာတော့ ၄၁ ရက်ပေါ့။ ရဲဘော်အုန်းမော်ကျပြီးနောက် တရက်ခြားပဲ။ ဒီ တိုက်ပွဲမှာကျတဲ့ ပထမဆုံး ကျောင်းသားပေါ့။ သူ့ရဲ့ဆောင်ပုဒ်အနေနဲ့ သူ့မှတ်တမ်းတွေထဲက ကျနော်တို့ ရွေးထုတ်လိုက်တယ်။ ရွေးထုတ်ပြီး သူ့ရဲ့အခေါင်းရှေ့မှာပဲ ရေးပြီးထားလိုက်တယ်။ အဲဒါကတော့ …

‘ခိုင်မာတဲ့သံန္နိဋ္ဌာန်သာရှိရင် မိုးအောက်မြေပြင်မှာ မလုပ်နိုင်တာမရှိဘူး’

သူကျပြီး နောက်တနေ့မှာပဲ စောစောကတည်းက အခြေအနေဆိုးနေပြီဖြစ်တဲ့ ရဲဘော်ထွန်းမြင့် ကျဆုံးသွားတယ်။ ရဲဘော်ထွန်းမြင့်က ရန်ကုန်က အစိုးရဝန်ထမ်း၊ ကလေး ၂ ယောက် ဖခင်။ အင်မတန်မှ စကားနည်းပြီး အင်မတန် သိမ်မွေ့တဲ့လူ။ သူ့ခန္ဓာကိုယ်က သေးသေးလေး။ ဒါပေမယ့် သူ့မျက်နှာပေါ်မှာက အမြဲတမ်း အင်မတန် ချစ်ခင်စရာကောင်းတဲ့ အပြုံးလေး အမြဲရှိတယ်။ ကျနော်တို့ထက် အသက်ကြီးပါတယ်။ အသက်ကြီးသလို ပိုလည်း ရင့်ကျက်၊ ပိုလည်း တည်ငြိမ်တယ်လို့ ကျနော့်ခေါင်းထဲမှာ စွဲနေတယ်။

သူ့အခြေအနေ မကောင်းတော့ဘူး။ ခြေတွေ လက်တွေ အေးလာပြီဆိုတော့ ဘေးကရဲဘော်တွေက ဝိုင်းပြီး ခြေဆုပ်လက်နယ် ပြုကတယ်။ သူ့လက်ကလေးတွေ ဖျစ်ညှစ်ပေး၊ သူ့ခြေသလုံးလေးတွေ ဖျစ်ညှစ်ပေး။ အဲလို ဝိုင်းလုပ်ကြတယ်ပေါ့။

အဲဒီမှာ ကျနော်တို့ခေါင်းဆောင် ဆရာ ရာဂျမ်လည်း ပါတယ်။ အဲဒါ သူက ဆရာရာဂျမ်ကို သိပ်အားနာတာကို လူကြီးဖြစ်နေတော့၊ အားနာတော့ လေသံသဲ့သဲ့လေးနဲ့ သူက ...

“ဆရာရယ် … ကျနော့် ခြေတွေလက်တွေ အေးနေပေမယ့် ကျနော့်ရဲ့နှလုံးသားဟာ မော်စီတုန်းအတွေးအခေါ်နဲ့ နွေးထွေးနေပါတယ်”

လို့ ပြောပါတယ်။ ဆရာ့ကို ဒီလို ပြုစုတဲ့အလုပ်မျိုးမလုပ်ဖို့ သူက တောင်းပန်တာပါ။ သူ ကျတဲ့အချိန်မှာ မိုးတွေလေတွေ အင်မတန် သဲသဲမဲမဲ ရွာနေ၊ ထန်နေတယ်။ ကျနော်တို့က အဲဒီ မိုးတွေလေတွေကြားထဲမှာပဲ ‘အင်တာနေရှင်နယ်’သီချင်းကိုဆိုပြီး ထောင်ဘူးဝကို သွားကြတယ်။ ကြွေးကြော်သံတွေ တိုင်ကြတယ်။

ကျနော်တို့ အဲလိုသွားပြီးတော့ ကြွေးကြော်သံတိုင် ထောင်အာဏာပိုင်တွေကို လက်ညှိုး ငေါက်ငေါက်ထိုးခဲ့တာ ၄ ကြိမ်ရှိသွားပြီ။ အဲလို ၄ ကြိမ်မြောက် ကြွေးကြော်သံတွေတိုင်ပြီး ပြန်အလှည့်နောက်ကို ပြန်အလှည့်ဆိုရင်ပဲ တိုက်ပွဲဆောင်ရှေ့က ‘အင်တာနေရှင်နယ်’သီချင်းသံ ထပ်ထွက်လာတယ်။

အသံဟာ မကျယ်တော့ဘူး။ ဘာလို့ဆိုတော့ လူတော်တော်များများဟာ ဒီ ဘူးဝကိုရောက်နေကြတာ။ ပြုစုတဲ့ ရဲဘော်လောက်ပဲ ရှိတော့တယ်။ နောက်ပြီးကျတော့ အခြေအနေမကောင်းတာက စောင့်ကြည့်နေတဲ့ ဆေးတာဝန်ခံ ရဲဘော် အေးမြင့်တို့တတွေပဲ ရှိတော့တယ်။

အဲ … သူတို့ဆိုလိုက်တဲ့ အသံ။ ရဲဘော်စိန်ချင်းလည်း ကျသွားပြီဆိုတဲ့ အဓိပ္ပာယ်။ သူတို့နှစ်ယောက်ဟာ တိုက်ပွဲဆောင်ထဲမှာလည်း အိပ်ယာချင်းကပ်ရက် အိပ်ကြတဲ့လူ။ သူတို့အခြေအနေ ဆိုးနေပြီဆိုတော့ နှစ်ယောက်ယှဉ်ရက် မိန်းမောနေတာ။

နောက် သူတို့ ၂ ယောက် ကျဆုံးသွားတာ ရှေ့ဆင့်နောက်ဆင့်၊ နာရီဝက်လောက်ပဲ ခြားတယ်။ သူတို့ ကျဆုံးတဲ့အချိန်မှာ သူတို့တိုက်ပွဲဝင်တဲ့ရက်ဟာ ၄၃ ရက် ရှိသွားပြီ။ တရက်တည်း ၂ ဦးဆက်တိုက် ကျဆုံးတာပဲ။

ဒီမှာ ပြောစရာရှိတာက သူတို့ မကျဆုံးခင် တရက်လောက်မှာပဲ ဒုတိယအသုတ်ထဲ တိုက်ပွဲဝင်သူတွေက တယောက်က လက်မြောက်အရှုံးပေးသွားတာ ပေါ်ခဲ့တယ်။ သူက မနက်တိုင်း ထောင်အာဏာပိုင်တွေ လာပြီးတော့ ဆေးစစ်တဲ့အခါမှာ သူက သူတိုက်ပွဲဆက် မတိုက်တော့ဘူး။ သူအရှုံးပေးပါပြီလို့ သူ ကြေညာလိုက်တယ်။

ကျနော်တို့လည်း ဘာမှမလုပ်ပါဘူး။ ထောင်အာဏာပိုင်တွေက သူ့ကို လက်ခံလိုက်တယ်။ လက်ခံလိုက်ပြီး အပြင်ကိုခေါ်ထုတ်သွားတယ်။ ဒီထဲမှာ ဆက်ထားရင် မဖြစ်ဘူးဆိုတာ သူတို့လည်း သိတယ်။ သူ့ကိုကပ်နဲ့ ထမ်းပြီးထုတ်သွားတာ။ စောင်အုပ်ပြီး ခေါ်သွားတယ်။ သူကလည်း ရှက်တော့ သူ့မျက်နှာကို သူ့ဟာသူ စောင်နဲ့ ဆွဲအုပ်ထားတယ်။

ဒီလို တိုက်ပွဲအပြင်းအထန် သည်းသန်နေတဲ့အချိန်မှာ သူက လက်နက်ချသွားတယ်ဆိုတော့ ထောင်အာဏာပိုင်တွေဘက်က အတော်ကို အားတက်သွားတာ။ ကျန်တဲ့လူတွေကလည်း ကျန်းမာရေး သိပ်ကျဆင်းနေတဲ့အချိန်မှာ ဒီလိုဖြစ်တော့ အမှန်ပဲ အားလုံး ဒေါပွကြတယ်။ ဒါကို တိုက်ပွဲဝင် ရဲဘော်တွေကိုလည်း ကျနော်တို့ အသိပေးတယ်။

သူတို့လည်း သူတို့ဘေးတင် ဖြစ်နေတော့ သိတာပဲ။ တခြားအဆောင် တိုက်ပွဲဝင်ရဲဘော်တွေကိုလည်း အသိပေးတယ်။ အခုတယောက်က အခုနောက်ဆုံးကျသွားတဲ့ ရဲဘော်စိန်ချင်းက ...

‘ကျနော်ကတော့ အလုပ်သမား လူတန်းစားရဲ့ဂုဏ်သိက္ခာကို
ဘယ်တော့မှ ညှိုးနွမ်းအောင် မလုပ်ဘူး’

လို့ တင်းတင်းမာမာနဲ့ ပြတ်ပြတ်သားသား သူ ပြောခဲ့တယ်။ တကယ်ပဲသူက သူ့ ဆောင်ပုဒ်ကို သူ တကယ် ထိန်းသိမ်းသွားတာ။ နောက် သူ့ အခေါင်းရဲ့ရှေ့မှာ သူ့ဆောင်ပုဒ်ရေးတဲ့အခါကျတော့ ဒီစကားကိုပဲ ကျနော်တို့ ရေးထားခဲ့တယ်။ အလုပ်သမား လူတန်းစားရဲ့ဂုဏ်သိက္ခာကို ဘယ်တော့မှ ညှိုးနွမ်းအောင် မလုပ်ဘူးဆိုတဲ့ သူ့ စကား။

ရဲဘော်စိန်ချင်းက ပခုက္ကူဘက်က အိမ်ထောင်သည်။ အသက်ဟာ ၄၀ လောက်ရှိနေပြီ ၄၀ တဝိုက်ပဲ။ သားသမီးတွေနဲ့။ သူ့ဘဝတလျှောက်လုံး အင်မတန် ကြမ်းတမ်းတဲ့ခရီးရှည်ကြီး ဖြတ်သန်းခဲ့ရတာ။ ကျဘမ်း အလုပ်သမား၊ အလုပ်ကြမ်း အလုပ်သမား အကုန်လုပ်ဖူးရှာတယ်။ သူ့မျက်နှာ သူ့ခြေလက် အားလုံးဟာ အလုပ်ကြမ်းဒဏ်တွေကို အတိုင်းသား မြင်နေရတဲ့ လူမျိုး။ အဲ … ထူးခြားတာတခုကတော့ တယောထိုး အင်မတန် ညက်တယ်။

ဆက်လက်ဖော်ပြပါမယ်။

No comments: