“ကျနော်တို့ ခေါင်းဆောင်တွေ ရှိတယ်။ ဒီ တိုက်ပွဲကို ခေါင်းဆောင်နေကြတာ သူတို့ပဲ၊ ခင်ဗျားတို့ သူတို့နဲ့ ပြော၊ ကျုပ်တို့ကို လာမပြောနဲ့”
လို့ ပြောလွှတ်လိုက်တယ်။
ဒီလိုနဲ့ တဖြည်းတဖြည်း သူတို့ ဝင်ရင်း ဝင်းရင်းနဲ့ ခုန ကျနော်တို့ ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်အုန်းမောင်၊ ဆရာ ရာဂျမ်တို့နဲ့ တွေ့ကြရတော့တယ်။ အမှန်ကတော့ သူတို့လည်း ဒါနဲ့တွေ့ဖို့ လာတာပါ။ ဒါပေမယ့် ဟန်ကိုယ့်ဖို့ လုပ်ကြရတာ။ ကျနော်တို့ခေါင်းဆောင်တွေက ထိုင်စောင့်နေတာ သူတို့လာမယ်ဆိုတာသိလို့။ အဲဒါ ရောက်လာတာပဲ။
ရောက်တော့မှ သူတို့က သူတို့ပြောစရာရှိတဲ့ဟာကို ပြောတယ်။ ခုနကပြောတဲ့အတိုင်း ကျွန်းစခန်းကို ဖျက်သိမ်းပေးမယ်။ ဒါပေမယ့် ယာယီအားဖြင့်တော့ ကိုယ်ထူကိုယ်ထ ဆက်လုပ်ပေးပါလို့ ပြောတယ်။ သူတို့ပြောတဲ့ အဓိပ္ပာယ်က ဒီတိုက်ပွဲကို အသိအမှတ် မပြုဘူးဆိုတဲ့ဟာပဲ။
ဒါပေမယ့် လိုက်တော့ လိုက်လျောတယ်။ နိုင်ငံရေး နာမည်မပျက်အောင် ဂုဏ်သိက္ခာ ထိန်းချင်တဲ့သဘောပဲ။ အဲဒီတော့ ကျနော်တို့ဘက်က ဒါကို လက်မခံဘူး။ ကျနော်တို့ရဲ့ အဓိက တိုက်ပွဲတောင်းဆိုချက် ဖြစ်တဲ့ ‘ကိုယ်ထူကိုယ်ထ အရင်ဖျက်သိမ်း’ ဒါပဲ ကျနော်တို့ ပြောလိုက်တယ်။
အဲဒီတော့ ဗိုလ်မှူးဟန်သွဲ့ဆိုတဲ့လူကလည်း သူကလည်း အထက်ညွှန်ကြားချက်ကို လိုက်လုပ်နေရတဲ့လူ။ သူမှာ ဘာမှ အပေးအယူလုပ်ဖို့၊ ညှိနှိုင်းဖို့ ဘာအာဏာမှရှိတာ မဟုတ်ဘူး။ သူလည်း ဘာမှမတတ်နိုင်ဘူး။ ဒါနဲ့ပဲ နှစ်ဖက် ဘာသဘောတူညီချက်မှမရဘဲ သူတို့ တပ်ခေါက်ပြန်သွားတယ်။
အဲဒါ ကျနော်တို့ပြောနိုင်တာတခုက ရဲဘော်တယောက် ကျဆုံးပြီးပြီဆိုရင် အာဏာပိုင်တွေဘက်မှာလည်း ဂယက်ရိုက်မှု ရှိတာပဲ။ သူတို့အထဲမှာလည်းပဲ အမျိုးမျိုး စဉ်းစားတွေးခေါ်လာတာပဲလို့ ပြောလို့ရတယ်။ ဒါပေမယ့် တဖက်ကကြည့်ရင်တော့ အဲဒီအချိန်မှာ ကျနော်တို့ တိုက်ပွဲဝင် ရဲဘော်တွေရဲ့ ကျန်းမာရေးဟာလည်း ပိုပိုပြီး ချိလာနေပြီ။
ဒုတိယ ကျဆုံးသွားတဲ့ ရဲဘော်ကတော့ ရဲဘော်အုန်းမော် လို့ ခေါ်တယ်။ သူ ကျဆုံးတဲ့အချိန်မှာ သူ့အသက် ၂၄/၂၅ လောက်ပဲ ရှိဦးမယ်။ သူက အစိုးရရဲ့ မရိန်းတပ်လို့ခေါ်တဲ့ ကမ်းတက်တပ်ရဲ့ ရဲဘော်ဖြစ်တယ်။ နဂိုကတည်းက ဆက်သွယ်ရေးလုပ်ငန်း လုပ်တယ်။
သူနဲ့ အမှုတွဲတတွဲတည်း အဖမ်းခံရတဲ့ ရဲဘော်အောင်ထီဆိုတာ ရှိသေးတယ်။ ရဲဘော်အောင်ထီကတော့ သူနဲ့ မတူဘူး။ သူက ထွားထွားကြီး၊ ရဲဘော် အောင်ထီက ခပ်ပုပု။ ဒါပေမယ့် ၂ ယောက်စလုံး တောင့်တယ်။ အဲဒီ ရဲဘော် အောင်ထီလည်း ကိုကိုးကျွန်းကို ပါလာတယ်။
ကိုကိုးကျွန်းပြန်လွတ်တဲ့အခါမှာ ရဲဘော်အောင်ထီက ထောင်ကလွတ်တယ်ဆိုတာနဲ့ ရခိုင်ပြည်နယ်ဘက် သွားပြီးတော့ လက်နက်ကိုင် တော်လှန်ရေးထဲ ဝင်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးလုပ်ရင်း ကျဆုံးသွားတယ်။
အဲဒါ သူတို့ ၂ ယောက်ကို သူတို့တပ်ထဲမှာ ဗကပယူဂျီအဖြစ် ဖမ်းမိတယ်ဆိုတော့ အိုး … သူတို့စစ်တပ်ဟာ အင်မတန်မှ အံ့သြတုန်လှုပ်ပြီး အကြီးအကျယ် ဒေါပွတယ်။ ဒါကြောင့် သူတို့ ၂ ယောက်ကို နှိပ်စက်လိုက်၊ ရိုက်လိုက်တယ်ဆိုတာ ပြောစရာကိုမရှိဘူး။ သူ့ခန္ဓာကိုယ်ကြီးကလည်း ကြီးတဲ့အခါကျတော့ ထောင်တလျှောက်လုံးမှာ အာဏာပိုင်တွေက သူ့ကိုပဲ အမျိုးမျိုးနှိပ်စက် ရိုက်နှက်နေကြတာ။
လက်တည့်စမ်းနေတယ်လို့တောင် ပြောလို့ရသေးတယ်။ အဲဒါ သူ့ကလည်း အစိုးရအပေါ်မှာ (ရန်သူ့အပေါ်မှာ) အင်မတန် နာကြည်းတယ်။ အင်မတန် ပြတ်သားတယ်။ ကိုကိုးကျွန်းမှာပေါ့၊ သူ တခါ အဖမ်းခံရတာ ဖြစ်ပြီးပြီပဲ။ ဒါကြောင့်မို့ သူ့ခေါင်းထဲမှာ တိုက်ပွဲစဝင်ကတည်းက တိုက်ပွဲမှာ ကျစရာရှိရင်၊ အသေခံ စရာရှိရင် ငါ အရင်သေမယ်၊ ငါ အရင်အကျခံမယ်လို့ ဆုံးဖြတ်ကြတာ။
ဒါ ကျနော်က ပါးစပ်နဲ့ အလွတ်ပြောတာ မဟုတ်ဘူး။ သူ ကျဆုံးသွားတဲ့အခါ (တိုက်ပွဲဝင်ရဲဘော် အတော်များများဟာ လူတိုင်းတော့ မဟုတ်ဘူး။ အတော်များများဟာ နေ့စဉ်မှတ်တမ်းလေးတွေ ရေးကြတယ်။ သူလည်း ရေးထားတယ်။) အဲဒီ သူရေးထားတဲ့ မှတ်တမ်းထဲကနေပြီး ကျနော်တို့တွေ့တာ။
အဲဒီတော့ သူဟာ အခုလို သူ့အရင် ရဲဘော်သိန်းကြည် ကျဆုံးသွားတယ်ဆိုတော့ အတော့်ကို ခံစားရတယ်။ ဘယ်သူ့ကိုမှ အသိမပေးဘူး၊ ဘယ်သူ့ကိုမှမပြောဘဲ သူ့တယောက်တည်း တိတ်တိတ်ကလေး အဲဒါ ရေဖြတ်လိုက်တယ်။ ရေပါ မသောက်ဘဲနေလိုက်တာ။
ရေအသက် တမနက်လို့တောင် ကျနော်တို့ ပြောကြသေးတာပဲ။ သူ့ရဲ့ ဒီ ၅ ပေ ၁ဝ လက္မလောက် အရပ်ကြီး၊ နောက် အလေးမထားတဲ့ အားကစားသမားဆို ရင်အုပ်က အင်မတန် ကားနေတယ်။ ဝလည်း ဝသေးတယ်။ လက်မောင်းကြီးတွေမှ နည်းတဲ့လက်မောင်းကြီးတွေ မဟုတ်ဘူး။ ဧရာမ ခန္ဓာကိုယ်ကြီး။ အဲဒီ ခန္ဓာကိုယ်ကြီးက တခါတည်း ပုံကျသွားတာ။
ကျနော်တို့ရဲ့အတွေ့အကြုံအရဆိုလို့ရှိရင် ဒီလို ခန္ဓာကိုယ်ကြီးမျိုးကို၊ ဒီလို ကျန်းမာရေးမျိုးဟာ အစာငတ်ခံ တိုက်ပွဲမှာ အများကြီး ခံနိုင်တယ်။ ကျနော် မုချ ပြောနိုင်တယ်။ သူသာ ရေကို မဖြတ်ဘူးဆိုလို့ရှိရင် ၅၃ ရက် တိုက်ပွဲမှာ ကျမှာမဟုတ်ဘူး။
အဲဒီတော့ သူ့ ကိုယ်အလေးချိန်ရော၊ သူ့ခန္ဓာကိုယ် အခြေအနေရော ဒလဟော ကျဆင်းလာတာ။ အဲဒီတော့ သူ ဒီလို ယိုယွင်းလာတာကို သူ့ကိုပြုစုနေတဲ့ ရဲဘော်တွေက သတိထားမိတယ်။ ရိပ်မိသွားတယ်။ ဒါနဲ့ ကျနော်တို့ ခေါင်းဆောင်တွေဆီကို သတင်းပို့တယ်။ အဲဒီတော့ ခေါင်းဆောင်တွေကလည်း သူ့ကို ...
“ဟာ … ခင်ဗျား ရေတော့ ပုံမှန်သောက်ရမှာပေါ့”
လို့ သဘောထားပေးတယ်။ အဲဒီတော့ အထက်ခေါင်းဆောင်တွေရဲ့ အမိန့်ဆိုတော့ သူလည်း ဘာမှမတတ်နိုင်ဘူး။ လိုက်နာပြီး “ရေပြန်သောက်ပါ့မယ်” လို့ ပြောပြီး ပြန်သောက်တယ်။
ဒါပေမယ့် နောက်ကျသွားပြီ။ သူ ရေသောက်ပေမယ့် မရတော့ဘူး။ သူ့ကျန်းမာရေးဟာ ဒီလိုနဲ့ တိုက်ပွဲဝင် ၄၆ ရက်မှာပဲ ကျဆုံးသွားတယ်။ သူ့ဆန္ဒတော့ ပြည့်သွားတာပေါ့ဗျာ။
ဒါပေမယ့် ကျနော်တို့အဖို့တော့ ဝမ်းနည်းပက်လက်နဲ့ပဲ သူ့ကို ခုနက ရဲဘော်သိန်းကြည် အလောင်းဘေး အလောင်းစင်ပေါ်မှာပဲ တင်လိုက်ရတယ်။
အဲဒီတော့ အဲဒီ အာဇာနည်ဗိမာန်ထဲက သူ့ခေါင်းရှေ့မှာ ထောင်ထားတဲ့ ပို့စတာမှာတော့ သူ့နေ့စဉ် မှတ်တမ်းထဲက စာကြောင်းတကြောင်းကို ကျနော်တို့က ကူးပြီးရေးထားလိုက်တယ်။ အဲဒီ စာကြောင်းက …
‘လယ်သမားဟာ ထယ်ထိုးတဲ့အခါ အငုတ်အမြစ်ပါမကျန်အောင် ထိုးရသလို ရန်သူကို တိုက်ရာမှာလည်း အငုတ်အမြစ်မကျန်အောင် တိုက်ရမယ်’
ဒါ သူ့ရဲ့ ဆောင်ပုဒ်ပဲ။ ရဲဘော်အုန်းမော်ဟာ လယ်သမားသားသမီးကိုးဗျ။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment