Thursday, January 28, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၂၆)

အစာငတ်ခံတိုက်ပွဲဝင်ရန် စာရင်းပေးသူမြောက်များစွာထဲမှ အချို့ကို လျှို့ဝှက် ရွေးချယ်လိုက်သည်။ ပထမ အသုတ်တွင် ၂၃ ယောက်၊ ဒုတိယ အသုတ်တွင် ၃၇ ယောက်၊ တတိယအသုတ်တွင် ၃၆ ယောက် ရွေးချယ်လိုက်သည်။

ပထမအသုတ် တိုက်ပွဲဝင်သူများမှာ စာရေးဆရာ ဗန်းမော်တင်အောင်၊ စာရေးဆရာ မြသန်းတင့်၊ ဦးလှဖေ (ကထိက)၊ ကိုအောင်ငြိမ်း (မြင်းခြံ)၊ ကိုလှကြည် (ဗိုလ်ကလေး)၊ ကိုထင်ရှိန် (ရန်ကုန်သတင်းစာ)၊ ကိုဘဖူးညွန့် (ပဲခူး)၊ ကိုသိန်းဖြူ (ရခိုင်)၊ ဗိုလ်ကျော်သူ (ပြည်သူ့ရဲဘော်)၊ ကိုစော (လူငယ့်တပ်ဦး)၊ ကိုတင်ရီ (ဝါးခယ်မ ပါလီမန်အမတ်)၊ ကိုချို (ပြည်)၊ ကိုချစ်ဆွေ (ကျွန်းဖက်သိမ်းရေး တိုက်ပွဲတွင် ကျဆုံး)၊ ကိုကံမြင့်၊ ကိုအောင်ထီ (တပ်မတော်-ကြည်း) အခြားသူများ မမှတ်မိတော့ပါ။

အစာငတ်ခံတိုက်ပွဲစသည်နှင့် နောက်နေ့တွင် မည်သည့်အကျဉ်းသားမှ စခန်းပြင်သို့ မထွက်ရပါ။ ဤသည်မှာ စည်းကမ်းတခု ဖြစ်သည်။ ကျနော်တို့၏ တိုက်ပွဲမှာ အချိန်လုပြီး လုပ်နေချိန်၊ မမျှော်လင့်ဘဲ ဘဝတူနိုင်ငံရေး အကျဉ်းသား ကိုတင်ငြိမ်း ကျဆုံးသွားခဲ့ရသည့်အတွက် လုပ်ငန်းဆောင်ရွက်မှု အားလုံး ရပ်ဆိုင်းလိုက်ရပါသည်။

တိုက်ပွဲ၏တောင်းဆိုချက် ၁ ဖြစ်သော ကိုတင်ငြိမ်းအလောင်း အိမ်ပြန်ပို့ပေးရေးကို အာဏာပိုင်များက လုံးဝမလိုက်လျောခဲ့ပါ။ ကိုတင်ငြိမ်းအလောင်းလုပွဲဖြစ်ပြီး အာဏာပိုင်များက ကိုတင်ငြိမ်းအလောင်းကို ရရှိသွားခဲ့ပြီးနောက် သူတို့ မီးတင်ရှို့ခဲ့ သည်။ ကိုတင်ငြိမ်းသေဆုံးပြီး အစာငတ်ခံတိုက်ပွဲဖြစ်ခဲ့သည်။

တိုက်ပွဲတောင်းဆိုချက်များသည် မဆလ၏ ပြည်ထဲရေးဌာနအထိ ရောက်ရှိသွားခဲ့သည်။ ထိုစဉ်က ကိုကိုးကျွန်းမှ နိုင်ငံရေးအကျဉ်းသားများ၏ တောင်းဆိုချက်ကို အဆုံးအဖြတ်ပေးခဲ့ရ သူမှာ ဗိုလ်စိန်မြဖြစ်သည်။ ထို့ထက်မက ကြီးမားသည့် ကျွန်းဖျက်သိမ်းရေး ၅၂ ရက်ကြာ အစာငတ်ခံတိုက်ပွဲတွင်လည်း မဆလ၏ ပြည်ထဲရေးဌာနမှ ကိုင်တွယ်ဆုံးဖြတ်ပေးခဲ့ရသူမှာ ဦးစိန်မြပင် ဖြစ်ပါသည်။

သည့်အတွက်ကြောင့် ဦးစိန်မြကို တွေ့တွေ့ချင်း …

“ခင်ဗျားဟာ ကျနော်တို့ ရန်သူဖြစ်တယ်၊ ခင်ဗျား ပြည်ထဲရေးဝန်ကြီးဘဝမှာ ကျနော်တို့ကျွန်းက ရဲဘော်တွေ ၁၂ ယောက် ကျခဲ့တယ်” စသည်ဖြင့် ကျနော် ပြောခဲ့ခြင်းဖြစ်ပါသည်။

မျှော်လင့်စီစဉ်ထားသလို ဖြစ်မလာတော့ လိုက်လျှောညီထွေတဲ့နည်းကိုလုပ်

အစာငတ်ခံတိုက်ပွဲမှာ ရက်ပေါင်း ၄၀ ကြာခဲ့ပါသည်။ မေလ ၁ ရက်နေ့တွင် ပြီးဆုံးခဲ့သည်။ တိုက်ပွဲပြီးပြီဖြစ်၍ ထိုနေ့ မေလ ၁ ရက်နေ့တွင် ဖထီး မန်းအောင်ကြည်နှင့် ကျနော်တို့ ၂ ယောက်မျာ ဂျယ်ရီကျွန်းကလေးဘက်သို့ အလုအယက် ထွက်ခဲ့ပါသည်။

လှေစပ်သည့် ဆပ်သွားဖူးချုံထဲသို့ဝင်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အတော့်ကို စိတ်ထိခိုက်သွားရပါ သည်။ ကျနော်တို့လှေကလေးသည် အမိုးအကာ အဖုံးအဖိ အရိပ်မရှိ။ မတ်လ၊ ဧပြီလ တလလုံး ရက် ၄၀ တိတိ ချစ်ချစ်တောက် ပူပြင်းသော နေပူဒဏ်အောက်တွင် ပစ်ထားသလို ရှိခဲ့ခြင်းကြောင့် ပျဉ်အချို့မှာ ကွဲထွက်ခြင်း၊ ပျဉ်များကြဲပြန့်ကုန်ခြင်း ဖြစ်ပါသည်။

ကျနော်တို့ နောက်ဆုံးထွက်လာသည့်နေ့က လှေဝမ်းထဲတွင် ထည့်ထားခဲ့သော ဆပ်သွားဖူးညွန့် သုံးလေးညွန့်မှာလည်း ခြောက်သရောင်းကုန်ပါသည်။ မရတော့ပါ။ အချိန်လု၍ မရတော့ပါ။ တိုက်ပွဲအစီအစဉ်ကို ပြောင်းလိုက်ရတော့မည်။

ဘာတတ်နိုင်မှာလဲ၊ မျှော်လင့်စီစဉ်ထားသလို အခြေအနေ မပေးအပ်လာတော့ ရရှိတဲ့ အခြေအနေ၊ အချိန်အခါနဲ့ လိုက်လျောညီထွေအောင်ပဲ စီစဉ်လုပ်ကိုင် ရတော့မည် ဖြစ်ပါသည်။

အစာငတ်ခံတိုက်ပွဲပြီးဆုံးချိန်တွင် တိုက်ပွဲဝင်ခဲ့သူ ရဲဘော်များကိုပြုစုရေးမှာ အလွန်အရေးကြီးပါသည်။ တိုက်ပွဲဝင်ခဲ့သူ ရဲဘော်များမှာလည်း တိုက်ပွဲတွင်း ကာလလို မဟုတ်တော့ဘဲ စိတ်လွတ်လပ်သွားပြီဖြစ်သည့်အတွက် နဂိုမူလ ကျန်းမာရေးအတိုင်းပြန်ရောက်ရေးမှာ အလွန်အရေးကြီးပါသည်။ တိုက်ပွဲဝင်ရဲဘော်များကို ကိုကြီးမြင့် (ရွှေတောင်) (ကျနော်တို့က ဒေါက်တာကြီးဟု ခေါ်သည်) မန္တလေးတက္ကသိုလ် နောက်ဆုံးနှစ် ဆေးကျောင်းသားဖြစ်သည်။

ရဲဘော်များကို ပြုစုပုံမှာ ပထမ ဆန်ပြုတ်အရည်ကြည်၊ အသားရှိရင်လည်း အသားစွပ်ပြုတ်။ အရည်ကြည် ပြီးတော့မှ ဆန်ပြုတ် နည်းနည်းပျစ်တာ ကျွေး။ နောက်တဆင့် ထမင်းပျော့ပျော့နဲ့ ကျွေးရပါသည်။ တညနေ မိုးချုပ်တွင် ရက် ၄၀ တိုက်ပွဲဝင်ခဲ့သည့်ရဲဘော်များထဲမှ လူကောင်အကြီးဆုံး ကိုအုန်းမော်၊ ဘဖူးညွန့်၊ ကိုချစ်ဆွေတို့ ၃ ယောက် ကျနော့်ကို ဖိုကြီးဘေးသို့ ခေါ်လာပြီး …

“ခင်ဗျားမှာ ဘာစားစရာရှိလဲ၊ ကျနော်တို့ မခံနိုင်ဘူးဗျာ၊ ဒေါက်တာကြီးက ထမင်းပျော့ တပန်းကန်းပဲကျွေးတော့ ကျနော်တို့ ရင်တွေတုန်နေတာပဲ”

“ဟာ … ရှိတာပေါ့၊ နို့ဆီရှိတယ်၊ ခင်ဗျားတို့ သောက်မလား”

သောက်မယ်ဆို၍ ကျနော် နို့ဆီဗူး တိတ်တိတ်ယူလာပြီး ဖောက်ပေးလိုက်သည်။ ကျနော့်ရဲဘော်ကြီး ၃ ယောက် တယောက်တလှည့် မော့သောက်လိုက်ရာ နို့ဆီတဗူး ပြောင်သွားပါသည်။ ပြီးတော့မှ သူတို့ ၃ ယောက်စလုံးက …

“အေးဗျာ၊ အခုမှပဲ နေသာထိုင်သာ ရှိသွားတော့တယ်”

ကျနော် ဖိုကြီးမှ ရေကျက်အေးကိုယူပြီး တိုက်ပါသည်။ ၃ ယောက်သား တကျိုက်ကျိုက် သောက်ကြပါသည်။ ဤရဲဘော် ၃ ယောက်မှာ ခန္ဓာကိုယ် တောင့်တင်းကြီးမားသည့်အတွက် ထမင်းပျော့ တပန်းကန်သည် သူတို့အတွက် လိုအပ်သည့် ကယ်လိုရီ ပြည့်စုံလုံလောက်မှု ရှိပုံမရပါ။

နို့ဆီကို တိုက်ပွဲကာလအတွင်း ကျနော် ၈ ဗူးလား မသိပါ၊ တိတ်တဆိတ် ယူထားလိုက်သည်။ မတတ်နိုင်ပါ၊ ရိက္ခာအတွက် ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်။

No comments: