Monday, January 18, 2010

နှလုံးသားမှာ ကမ္ဘာကမ္ပည်းထိုးတဲ့သူ (ဝင်းတင်) - ၁

(၃)

ဦးလေးအသုဘ ရက်လည်ပြီးတဲ့နောက်တနေ့မှာ ကျနော် ပြန်ဖို့စီစဉ်ပါတယ်။ မပြန်ခင် ဒေါ်ဒေါ့်ကို နှုတ်ဆက် ဂါရဝပြုရင်း ကျနော် စကားတခွန်း ပြောခဲ့ပါတယ်။

“ဦးလေးဟာ လူတွေအများကြီးရဲ့ ကောင်းကျိုးကိုလည်း ပြုခဲ့တယ်။ လူတဦးချင်း တယောက်ချင်းစီရဲ့ ကောင်းကျိုးကိုလည်း ပြုခဲ့တယ်။ ဒါဟာ ဦးလေးရဲ့ အလွန်ထူးခြားတဲ့ ဂုဏ်ဒြပ်ပါပဲ။ ဒါ့ကြောင့်လည်း ဦးလေးဟာ လူ့ဘဝမှာ နေရကျိုးအနပ်ဆုံး လူတယောက်အဖြစ် နေသွားခဲ့ရတာပဲ”

လို့ ကျနော် ပြောခဲ့ပါတယ်။

အမှန်ပါပဲ။ ဦးလေးဟာ လူ့ဘဝမှာ နေရကျိုးအနပ်ဆုံး လူတယောက်အဖြစ်နဲ့ နေသွားနိုင်ခဲ့ပါတယ်။ အများကောင်းကျိုးဆောင်တယ်ဆိုတာ အလွန်မွန်မြတ်တဲ့အလုပ်ပါ။ ကမ္ဘာမှာ အများကောင်းကျိုးဆောင်ဖို့ ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်၊ စိတ်ဓာတ်ရှိတောင် လက်တွေ့လုပ်ဖို့ ခက်ပါတယ်။

လက်တွေ့လုပ်နိုင်ပြန်လည်း ကျယ်ကျယ်ဝန်းဝန်း နှံ့နှံ့စပ်စပ်လုပ်နိုင်ဖို့ မလွယ်ပါဘူး။ အများအကျိုးကို ကျယ်ကျယ်ဝန်းဝန်း ဆောင်ရွက်တယ်ဆိုတာ လူသားတရပ်လုံးနဲ့ သက်ဆိုင်တဲ့ ကောင်းကျိုးလုပ်ငန်းတွေကို ဆောင်ရွက်တာမျိုးကို ဆိုလိုတာပါ။ အများကောင်းကျိုးကို နှံ့နှံ့စပ်စပ်ဆောင်ရွက်တယ်ဆိုတာက ဉာတိသင်္ဂဟစသည် တဦးချင်း တယောက်ချင်းရဲ့ ကောင်းကျိုးကိုလည်း မချွတ်မယွင်း မလစ်မဟင်း ဆောင်ရွက်တာမျိုးကို ဆိုလိုတာပါ။

အများကောင်းကျိုးဆောင်တတ်ရင် ပြီးရောပေါ့။ ကျယ်ကျယ်ဝန်းဝန်း နှံ့နှံ့စပ်စပ်တွေ ခွဲခြမ်းနေဖို့မလိုပါဘူးလို့ ဆိုချင်ကောင်း ဆိုချင်ကြပါလိမ့်မယ်။ အမှန်တော့ ခွဲခြမ်းဖို့ လိုပါတယ်။ အကြောင်းက ဒီလိုရှိပါတယ်။

ကမ္ဘာ့အတိုင်းအတာနဲ့ ကြည့်ကြည့်၊ တိုင်းပြည်မြို့ရွာ အချိုးအဆနဲ့ ကြည့်ကြည့်၊ ပုဂ္ဂိုလ်တဦးတယောက်ချင်း အနေအထားနဲ့ ကြည့်ကြည့် အများအကျိုး သယ်ပိုးဆောင်ရွက်တယ် ဆိုတဲ့နေရာမှာ သဘောတဖြောင့်တည်း မဟုတ်တာကို တွေ့ရတတ်ပါတယ်။ တချို့ဟာ ကမ္ဘာနဲ့ တိုင်းနိုင်ငံနဲ့ချီပြီး လူအများကြီးရဲ့ကောင်းကျိုးကို သယ်ပိုးတတ်တာ မှန်ပါရဲ့။

ဒါပေမယ့် လူတဦးချင်းတယောက်ချင်းရဲ့ကောင်းကျိုးကိုဆောင်ရွက်ဖို့ကျတော့ အမှုထားရကောင်းမှန်း မသိနိုင်လောက်အောင် ပေါ့လျော့ပျက်ကွက်တာကို တွေ့ရတတ်ပါတယ်။ တချို့ကျတော့ နီးစပ်ရာ နီးစပ်ရာ လူတဦးချင်း တယောက်ချင်းရဲ့ ကောင်းကျိုးကို သယ်ပိုးဖို့ စေတနာထက်သန်သလောက် မြို့နဲ့ ရွာနဲ့ တိုင်းနဲ့ ကမ္ဘာနဲ့ချီပြီးတော့ လူအများကြီးရဲ့ ကောင်းကျိုးကို ဆောင်ရွက်ဖို့ကိုတော့ နှောင့်နှေးတွန့်ဆုတ်တတ်ကြပါတယ်။

ဒါဟာ သစ်တောကိုသာမြင်ပြီး သစ်ပင်ကိုမမြင် ဆိုတဲ့စကား၊ သစ်ပင်ကိုသာမြင်ပြီး သစ်တောကို မမြင်ဆိုတဲ့ စကားတွေ အတိုင်းပဲပေါ့။ အလှမ်းကျယ်လို့ အလယ်လပ်တယ်ဆိုတဲ့ သဘော၊ အနုတ်မက်လို့ အခွက်ပျက်တယ် ဆိုတဲ့ သဘောအတိုင်းပဲပေါ့။

ဦးလေးကတော့ ဒီလိုမဟုတ်ဘူး။ လူတဦးတယောက်ချင်း ကောင်းကျိုးကို သယ်ပိုးရမလား၊ လာခဲ့။ လူအများစုကြီး ကောင်းကျိုးကို သယ်ပိုးကြမလား၊ စိန်လိုက်ပဲ။ အများကောင်းကျိုးကို လုပ်ငန်းကြီးသေး၊ ဒေသ ကျဉ်းကျယ်၊ တာဝန် ပေါ့သေး၊ အရေးထားမနေဘူး။ အမြဲထက်သန်နေတော့တာပဲ၊ အမြဲတက်ကြွနေတော့တာပဲ၊ အမြဲနိုးကြားနေတော့တာပဲ။

ဒါဟာ ဦးလေးရဲ့ နှလုံးသားထဲက လျှံထွက်နေတဲ့ ပရဟိတ စိတ်ကောင်းစိတ်မြတ် အဟုန်ကြီးပါပဲ။ ဦးလေးဟာ ဒီ စိတ်ဓာတ်နဲ့ နိုင်ငံရေးလုပ်တယ်။ ဒီ စိတ်ဓာတ်နဲ့ နိုင်ငံတကာ သွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသား ချစ်ကြည်ရေး စတဲ့ လုပ်ငန်းတွေကို လုပ်တယ်။ ဒီစိတ်ဓာတ်နဲ့ လူငယ်များ ကြီးပွားရေး၊ ဘိုးဘွားများစောင့်ရှောက်ရေး စတဲ့ လုပ်ငန်းတွေကို လုပ်တယ်။

ဒီစိတ်ဓာတ်နဲ့ စာပေယဉ်ကျေးမှု လုပ်ငန်းတွေကို လုပ်တယ်။ လူတဦးတယောက်ချင်း ကောင်းကျိုး အတွက်ဆိုရင်လည်း ဒီစိတ်ဓာတ်နဲ့ပဲ လုပ်တာပါပဲ။ လူသားတရပ်လုံး၊ လူမျိုးတမျိုးလုံးရဲ့ကောင်းကျိုးအတွက် ဆိုရင်လည်း ဒီစိတ်ဓာတ်နဲ့ပဲ လုပ်တာပါပဲ။

ဒီလို အများအကျိုးကို ကျယ်ကျယ်ပြန့်ပြန့်ကြီး၊ နှံ့နှံ့စပ်စပ်ကြီး ဆောင်ရွက်နိုင်စွမ်းရှိလို့လည်း ဦးလေးကို စိတ်ကောင်းစိတ်မြတ်တို့ ကိန်းအောင်းရာ ပုဂ္ဂိုလ်ကြီးအဖြစ် ရင်းနှီးသူတိုင်း၊ သိကျွမ်း သူတိုင်း၊ ကြားဖူးသူတိုင်းက ယုံကြည်စွဲမှတ်ကြတာ ဖြစ်ပါတယ်။

ကျနော့်အမြင်မှာတော့ ဒီလို လူ့လောကကောင်းကျိုးလူတွေရဲ့ ကောင်းကျိုးကို မပြတ်မလပ်၊ မပျက်မကွက်၊ မတွန့်မဆုတ် သယ်ပိုးဆောင်ကြဉ်းနိုင်တဲ့ပုဂ္ဂိုလ်ဟာ လူ့လောကမှာ နေရကျိုးအနပ်ဆုံး လူသားတယောက်ပဲလို့ တထစ်ချ သတ်မှတ်ပါတယ်။

ဦးလေးဟာ သူကိုယ်တိုင်က ပရဟိတစိတ်ဓာတ် အဟုန်ကြီးနဲ့ သူတပါးကောင်းကျိုး၊ လူအများကောင်းကျိုးကို တရစပ် တွန်းလုပ်နေရုံနဲ့ ရောင့်ရဲနိုင်သေးတာ မဟုတ်ပါဘူး။ သူတကာကိုလည်း သူ့လိုပဲ အများကောင်းကျိုး သယ်ပိုးရွက်ဆောင်အောင် အမြဲစေ့ဆော် တွဲခေါ်နေတတ်သူဖြစ်ပါတယ်။

“ပရစိတ်ဓာတ်၊ ကျင့်ကောင်းမြတ်၊ လွှမ်းပတ်ကမ္ဘာခြုံစေသောဝ်” ဆိုတဲ့စေတနာမျိုးနဲ့ သာသနာပြုနေသူ တဦးရယ်လို့ ဦးလေးကို သတ်မှတ်မယ်ဆိုရင် လွန်တန်မယ် မထင်ရလောက်အောင် ဦးလေးဟာ အများအကျိုးကို သယ်ပိုးလွန်းသူဖြစ်ပါတယ်။

ဒီတော့ ဦးလေးနဲ့ ရင်းနှီးဆက်ဆံသူတိုင်းဟာ တနည်းမဟုတ် တနည်း၊ ကိုယ့်နည်း ကိုယ့်ဟန်၊ ကိုယ့်အတိုင်း ကိုယ့်အတာနဲ့ အများကောင်းကျိုးသယ်ပိုးသူတွေ ဖြစ်လာတာချည်းပါပဲ။ ဦးလေးဟာ လူငယ်လူရွယ် အားသစ်မာန်သစ်တွေအဖို့ စံထားစရာပုဂ္ဂိုလ်ကြီးတဦးအဖြစ် မားမားကြီး ရပ်တည်နိုင်ခဲ့ပါတယ်။

ဒီလို ရပ်တည်နိုင်ခဲ့တာဟာ ဦးလေးကိုယ်နှိုက်က အများကောင်းကျိုးကို ထာဝစဉ်ရှေ့ရှုနေလို့၊ လူငယ် အားသစ်တွေ အပါအဝင် လူများစုကြီးရဲ့ ကောင်းရာကောင်းကျိုးတွေကို အမြဲသယ်ပိုးရွက်ဆောင်နေလို့၊ အဲဒီလို အများကောင်းကျိုးကို သယ်ပိုးနေရတာကိုက ဦးလေးအဖို့ အားသစ်မာန်သစ်တွေ အဖန်တလဲလဲ ပွားစည်းဆူဝေနေလို့ပဲ ဖြစ်ပါတယ်။

ဦးလေးနဲ့ရင်းနှီးရတာဟာ အများကောင်းကျိုးသယ်ပိုးရွက်ဆောင်လိုတဲ့ စိတ်ဓာတ် အားမာန်တွေကိုသာ ခွဲဝေရရှိစေတာ မဟုတ်ပါဘူး။ စာပေ ဗဟုသုတနဲ့ ပတ်သက်လို့ အသိသစ်တွေကို ရပါတယ်။ နိုင်ငံရေး၊ လူမှုရေးတွေနဲ့ပတ်သက်လို့ အတွေးသစ်တွေကို ရပါတယ်။ ပေါင်းသင်းဆက်ဆံရေး၊ စည်းရုံးလှုပ်ရှားရေးတွေနဲ့ပတ်သက်လို့ အားမာန်သစ်တွေကို ရပါတယ်။

ဦးလေးဟာ ဘာကလေးလုပ်လုပ် တဖက်လူရဲ့ ဆန္ဒသဘောထားကို တောင်းခံဖော်ထုတ်ဖို့ ဘယ်တော့မှ မေ့မထားဘူး။ မိမိရဲ့ဆန္ဒကို တပါးသူ နားလည်သဘောပေါက်ပြီး ထောက်ခံလိုက်လျောလာအောင် ညှိနှိုင်း ဆက်စပ်ဖို့ ဘယ်တော့မှ မေ့မထားဘူး၊ ဦးလေးဟာ လူတွေနဲ့ပေါင်းသင်းဆက်ဆံရာ မှာ ဆွေးနွေးညှိနှိုင်းရာမှာ၊ ပြောဆိုနားထောင်ရာမှာ မျက်နှာ အမြဲပြုံးချိုတယ်၊ စကားအမြဲ ရွှန်းဝေတယ်၊ ကိုယ်ဟန်အမြဲ ဖျတ်လတ်တယ်၊ အာရုံအမြဲ စူးစိုက်တယ်၊ စိတ်ထား အမြဲစာနာတယ်၊ သဒ္ဓါ အမြဲ ပိုတယ်။ ဒါတွေဟာ ဦးလေးရဲ့ ကိုယ်ကျင့်တွေပါပဲ။

ဦးလေးဟာ အဲဒီလိုကောင်းမြတ်တဲ့ စိတ်ဓာတ်တွေ၊ စေတနာစိတ်ထားတွေ၊ ကိုယ်ကျင့်တရားတွေနဲ့အတိပြီးတဲ့ ပုဂ္ဂိုလ်တဦးဖြစ်တယ်ဆိုတာ ဘယ်သူမှ ဒွိဟသံသယ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီကောင်းမြတ်တဲ့ စရိုက်လက္ခဏာတွေဟာ ဦးလေးဆိုတဲ့ ရုပ်ခန္ဓာကြီးကို ဖွဲ့စည်းတဲ့နေရာမှာ ဓာတ်ကြီး လေးပါးနဲ့သာမကဘဲ မေတ္တာ၊ ဂရုဏာ၊ စေတနာ၊ သဒ္ဓါ ဆိုတဲ့ စိတ်ကောင်းစိတ်မြတ်ကြီးတွေနဲ့ပါ ဖြည့်ဆည်းပေါင်းဖွဲ့ထားတာလို ဖြစ်လေတော့ ဦးလေးကို ကြည့်ရမြင်ရတာ၊ ဦးလေးနဲ့ ဆက်ဆံပြောဆိုရတာ၊ ဦးလေးနဲ့ အတူလက်တွဲ လုပ်ကိုင်ရတာဟာ ကောင်းမြတ်တဲ့ စေတနာ၊ မေတ္တာ၊ သဒ္ဓါတရားတွေနဲ့ ကောင်းမြတ်တဲ့ လုပ်နည်းလုပ်ဟန် ကိုယ်ကျင့် စရိုက်လက္ခဏာတွေကို ကူးဆက်မျှဝေခံယူရသလို ရှိပါတော့တယ်။

ဒီလိုနဲ့ ဦးလေးဟာ သူနဲ့ ပေါင်းသင်းရင်းနှီး လက်တွဲဆက်ဆံလာသူတွေကို ဘဝအဓိပ္ပာယ်ကြွယ်ဝစေတယ်၊ ဘဝအားမာန် ပြည့်ဖြိုးစေတယ်၊ ဘဝတာဝန် ကျေပွန်စေတယ်လို့ ဆိုရမယ်ထင်ပါတယ်။

ဒါဟာ ဦးလေးနဲ့ပတ်သက်ပြီး ကျနော် သဘောတရားတွေထုတ်နေတာ မဟုတ်ပါဘူး။ ကိုယ်တွေ့ မျက်မြင်တွေ အပေါ်မှာ ကျနော် ဆန်းစစ်ပြီး သုံးသပ်ပြတာ ဖြစ်ပါတယ်။ ကိုယ်တွေ့ မျက်မြင်တွေဆိုတာက အများကြီးပါ။ တခုတလေကို ထုတ်ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ကိုယ်တွေ့မျက်မြင်တွေကို သာဓက ဆောင်ချင်ပါတယ်။

ဦးလေးနဲ့ ကျနော်ဟာ ၁၉၆ဝ ပတ်ဝန်းကျင်လောက်ဆီကတည်းက သတင်းစာလောကလုပ်ငန်းတွေမှာ အတူလက်တွဲ ဆောင်ရွက်ခဲ့ကြဖူးပါတယ်။ ဒါပေမယ့် ဦးလေးက မန္တလေးမှာ ကျနော်က ရန်ကုန်မှာ။ လုပ်ငန်းအတူတွဲလုပ်ခဲ့ကြတယ် ဆိုပေမယ့် တလတခါဆိုသလို စည်းဝေးဆွေးနွေးကြတဲ့အခါကျမှသာ လူချင်းတွေ့ကြရတာဆိုတော့ နီးနီးကပ်ကပ် ရှိလှတယ်လို့ မဆိုနိုင်ပေဘူးပေါ့။

၁၉၇ဝ လွန်နှစ်များအတွင်းမှာတော့ ကျနော်ကလည်း မန္တလေးရောက်နေ၊ မန္တလေး ဘိုးဘွားရိပ်သာ ဖြစ်မြောက်ရေး လုပ်ငန်းတွေကလည်း လုပ်စရာပေါ်နေဆိုတော့ ဦးလေးနဲ့ ကျနော်ဟာ လေးငါးနှစ်လောက် ဆိုသလို အခါမလပ် အတူတွေ့ဆုံ ပြောဆိုဆွေးနွေး တိုင်ပင်လုပ်ကိုင် ဆောင်ရွက်ခဲ့ကြရပါတယ်။ ဒီအချိန်က ဦးလေးရဲ့ စိတ်ကောင်း၊ သဘောကောင်း၊ ကိုယ်ကျင့်တရားကောင်းတွေကို ကျနော် တပုံကြီးရခဲ့ပါတယ်။

ဦးလေးရဲ့ ပရဟိတစိတ်ဓာတ် အဟုန်ကြီးမားပုံကိုတော့ ပြောမနေတော့ပါဘူး။ ဦးလေးဟာ စိတ်ဓာတ်ကောင်း၊ သဘောထားကောင်း၊ ကိုယ်ကျင့်ဟန်ကောင်းတွေသာ ရှိရုံမဟုတ်ပါဘူး။ အဲဒီ အကောင်းတရားတွေနဲ့ အပ်စပ်ညီထွေတဲ့ လုပ်နည်းလုပ်ဟန်ကောင်းတွေလည်း အများကြီးရှိတယ်ဆိုတာ ထင်းထင်းကြီး ပေါ်လွင်နေပါတယ်။ ဦးလေးရဲ့လုပ်ဟန် ကောင်းတွေဟာ ဘယ်လိုဟာတွေလဲ။

ဦးလေးဟာ သူတာဝန်ယူထားတဲ့ လုပ်ငန်းအတွက် အမြဲတွေးတော စိတ်ကူးပြီး အကြံဉာဏ်ကောင်းတွေကို အမြဲဖော်ထုတ် တင်ပြတယ်။ အမြဲ ရွှင်ပြုံးတက်ကြွတယ်။ တချက်ကလေး ညည်းတဲ့ဟန် မပြဘူး။ အမြဲ အချိန်တိကျတယ်။ ဘယ်တော့မှ ဗိုလ်မကျဘူး။ ငါတကော မကောဘူး။ လူတတ်မလုပ်ဘူး။ ငါ့စကားနွားရ မပြောဘူး။ အထက်စီး မယူဘူး။ အပိုင်အနိုင် မယူဘူး။ ပေဖြစ်ပြီရယ်လို့လည်း မခံဘူး။ တူဖြစ်ပြီရယ်လို့လည်း မနှံဘူး။

လက်ညှိုးငေါက်ငေါက် မထိုးဘူး။ လက်စား မချေဘူး။ နှုတ်မစွာဘူး။ ရန်မထောင်ဘူး။ အထက်ပင့်အောက်ဖိ မလုပ်ဘူး။ ရှေ့တမျိုး နောက်တမျိုး မကျင့်ဘူး။ ဗောင်းတော်ငြိမ့် စိတ်တော်သိ မလုပ်ဘူး။ မင်းလိုလိုက် မင်းကြိုက်မဆောင်ဘူး။ ဆင်ဖြူမှီ ကြံမစုပ်ဘူး။ မျောက်ပြ ဆန်မတောင်းဘူး။ ကိုယ်နဲ့ တွဲလုပ်သူတိုင်းရဲ့ ထင်မြင်ချက်၊ အကြံဉာဏ်နဲ့ ဆန္ဒတွေကို တောင်းတယ်။ ကိုယ့်ထင်မြင်ချက်၊ အကြံဉာဏ်နဲ့ဆန္ဒကို အများလိုက်လျောအောင် ညှိတယ်။

ရှေ့မှောက်မှာရော နောက်ကွယ်မှာပါ ဘယ်သူ့အကြောင်းကိုမှ မကောင်းမပြောဘူး။ သိက္ခာမချဘူး။ နာမ်မနှိမ်ဘူး။ အပုပ်မချဘူး။ အမြဲသဖြင့် အတူတွဲလုပ်သူတွေရဲ့ ကောင်းကြောင်းကိုသာ ပြောတယ်။ ဂုဏ်တင်တယ်။ သိက္ခာဆယ်တယ်။ ဗန်းတင်တယ်။ စန်းတင်တယ်။ ဒါတွေဟာ ဦးလေးရဲ့ အထက်တန်းကျတဲ့ အကျင့်ကောင်း၊ လုပ်ဟန်ကောင်းတွေပဲ ဖြစ်ပါတယ်။ ဦးလေးရဲ့လုပ်ဟန် တိကျမှန်ကန်မှုရဲ့ အကျိုးသက်ရောက်မှုဟာ အင်မတန် ကြီးမားပါတယ်။

(၄)

မန္တလေး ဘိုးဘွားရိပ်သာ တည်ဆောက်ရေးလုပ်ငန်းတွေ တန်းလန်းဖြစ်နေတာ အဲဒီအချိန်က ၁၀ နှစ်လောက် ရှိနေပါပြီ။ ဒါနဲ့ မန္တလေးတိုင်းပြည်သူ့ကောင်စီက ဘိုးဘွားရိပ်သာဖြစ်မြောက်ရေးအဖွဲ့တဖွဲ့ကို ဖွဲ့ပေးလိုက်ပါတယ်။ ဥက္ကဋ္ဌက တိုင်းပြည်သူ့ကောင်စီဝင် ဒေါ်အောင်ကြည်ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေအဖြစ် ဦးအေးမောင်၊ ဦးဝင်း၊ ဦးသာဌေး၊ ဦးစံငြိမ်း၊ ဦးသစ်၊ လူထုဦးလှ စတဲ့ မြို့မိမြို့ဖတွေ ပါဝင်ကြပါတယ်။

ဒီပုဂ္ဂိုလ်ကြီးတွေဟာ ကိုယ်ပိုင်လုပ်ငန်းကြီးတွေကို အောင်အောင် မြင်မြင် ဦးစီးလုပ်ကိုင်နေကြတဲ့သူတွေ ဖြစ်ပါတယ်။ လုပ်သမျှလုပ်ငန်းကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်လောက်အောင် ဓနဥစ္စာ အင်အား၊ မိတ်သင်္ဂဟအင်အား၊ ခန့်ခွဲကွပ်ကဲမှုအင်အား ကြီးမားသူတွေလည်း ဖြစ်ပါတယ်။ ဒီလိုပုဂ္ဂိုလ်ကြီးတွေနဲ့ လက်တွဲလုပ်ကြစို့ဆိုတော့ အဲဒီအချိန်က ဥက္ကဋ္ဌ ဒေါ်အောင်ကြည်ဟာ အသက်အရွယ်အားဖြင့်ရော၊ အတွေ့အကြုံအားဖြင့် ပါဝါနုနေပါတယ်။

ဒါပေမယ့် ဘိုးဘွားရိပ်သာလုပ်ငန်းတွေဟာ နေ့ချင်း ညချင်းပဲ အောင်အောင်မြင်မြင်ကြီး အကောင်အထည် ပေါ်လာပါတယ်။ အောင်မြင်မှုရခဲ့တဲ့အကြောင်းတွေ အများကြီးရှိပါတယ်။ အလှူအတန်းမှာ မွေ့လျော်တဲ့ ဒေသခံပြည်သူတွေရဲ့ ရက်ရက်ရောရော ကုသိုလ်ပါဝင်မှု၊ ဥက္ကဋ္ဌ ဒေါ်ကြည်အောင်ရဲ့ အသက်အရွယ် အတွေ့အကြုံ နုနယ်ပေမယ့် ရှေ့ဆောင်ရှေ့ရွက်ပြုတဲ့နေရာမှာ ထက်မြက်ချက်ချာမှု၊ အဖွဲ့ဝင်လူကြီးတွေရဲ့ ကိုယ်ဖိရင်ဖိကြီးကြပ်မှု စတဲ့ အချက်တွေဟာ အောင်မြင်မှုရဲ့ အရင်းခံအကြောင်းတွေပါပဲ။

အဲဒီ အရင်းခံအကြောင်းတွေလိုပဲ အဓိကကျတဲ့ အရင်းခံ အကြောင်းတခု ရှိပါသေးတယ်။ အဲဒါကဘာလဲဆိုရင် အဖွဲ့အတွင်းမှာ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်မှု တည်ရှိခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမယ်။

ကောက်ကြောင်းပန်းချီ - မင်းကျော်ခိုင်

လက်ရေးစာလုံး - ဒေါင်းနီ

No comments: