Tuesday, January 19, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၂၄)

လှည့်စားတယ်ဆိုတာ ရည်မှန်းချက်ကို ထောက်ကူဖို့

ကျွန်းကိုရောက်ခါစ အဆောင်အမှတ် ၈ မှာ နေခဲ့တာပါ။ ရှေ့ရေးရှေ့တာ တွက်ကြည့်လိုက်တဲ့အခါကတော့ ဖထီးမန်းရှိတဲ့ အဆောင် ၁၁ ကို ပြောင်းလိုက်ပါတယ်။ ကျနော်တို့က အကြံသမားတွေဆိုတော့ ဖန်ထားမှ တော်ကာကျမယ် မဟုတ်လား။ အများတကာရဲ့အမြင်မှာ ရိုးသွားအောင် ဖန်ထားတဲ့ပုံ ဟန်ဆောင်တာက ဒီလိုပါ။

၁၁ ဆောင်အဝင်ဝရဲ့ အရှေ့ခြမ်း၊ အိပ်စင်ထိပ်ဆုံးမှာ ဖထီးမန်းရဲ့အိပ်ယာ၊ သူနဲ့ကပ်လျက်က ကျနော်။ ကျနော်တို့ ၂ ယောက်ရဲ့ အိပ်ယာ ခြင်ထောင်တွေကို ဘယ်တော့မှာ မရုတ်၊ မသိမ်း၊ မခေါက်ဘူး။ အောက်က ခင်းအိပ်တဲ့ ဂုံနီအိတ်ရယ်၊ ထောင်ကထုတ်ပေးတဲ့ စောင်ရယ်ကို ပိုသီဖတ်သီ ထားတယ်။

ခေါင်းရင်းက ပြူတင်းပေါက်ကိုလည်း အပြီးမပိတ်ဘူး။ ဟတတလေး ထားတယ်။ ပြီးတော့ အဆောင်ထဲကို ပြန်ဝင်မအိပ်ဘူး။ ၂ ရက်၊ ၃ ရက် အပြင်မှာ ဖြစ်သလိုအိပ်တယ်။ အဲသလိုရက်တွေမှာဆိုရင် လိပ်သောင်ကို သွားပြီး၊ လိပ်တွေကို ပက်လက်လှန်ထားတယ်။ ဒီလိုဆိုတော့ ညဘက်တွေ ကျနော်တို့ ပျောက်ပျောက်နေတာ အများအမြင်မှာ လိပ်သောင်သွားတယ်ပေါ့၊ ညဘက် အလုပ်မရှိတဲ့ရက်တွေကျရင်လည်း တမင်တကာ ပြန်မအိပ်ဘူး။ အများအမြင်မှာ ရိုးနေအောင်ပေါ့။

ဘာဖြစ်လို့လည်းဆိုတော့ တနေ့ကျရင် ကျနော်တို့က ဒီကျွန်းက ပျောက်သွားမယ့်လူတွေ မဟုတ်လား။
တလောတုန်းက တောနက်ကြီးထဲမှာ သွားခုတ်ထားတဲ့ ဝါးလုံးတွေကို ဗိုလ်တင့်တယ်တို့ တောင်ယာအနားမှာ ဝှက်ထားခဲ့တယ်။ အတော်လေးကြာသွားပြီ။ ဖထီးမန်းက ညကျရင် ကျနော့်ကို သွားထမ်းခိုင်းတယ်။ ပြီးတော့ အိမ်ဟောင်းတွေနားက ပျဉ်တွေဝှက်နေကြနေရာမှာ ဝှက်ထားဖို့ မှာလိုက်တယ်။

အဲဒီညက ဖထီးမန်း မလိုက်ဖြစ်ဘူး။ ဘာဖြစ်လို့မလိုက်ဖြစ်လဲဆိုတာ ကျနော် မမှတ်မိတော့ ညမိုးချုပ်တော့ ကျနော်တယောက်တည်း ထွက်လာတယ်။ ဝှက်ထားတဲ့ ဝါး ၂ စီးထဲက ဦးဆုံး အရင် တစီးထမ်းထုတ်လာတယ်။ ညမှောင်မှောင်မှာ လရောင်က မရှိ။ ကြယ်ရောင်ကိုသာ အားပြုပြီး လာခဲ့ရတယ်။ တောစပ်ကနေ တရွေ့ရွေ့နဲ့ ထမ်းလာတယ်။

ပင်လယ်နားရောက်ခါနီး ကိုက် ၃၀ နည်းပါးလောက်ကျတော့ ပင်လယ်ကမ်းစပ်ကနေ မီးရဲခနဲ နီသွားတယ်။ ဗြုန်းစားကြီးဆိုတော့ ခေါင်းကိုကြီးပြီး လန့်သွားတာပဲ။ သရဲထင်ပြီး လန့်တာမဟုတ်။ မမျှော်လင့်ဘဲ မီးတွေ့လိုက်ရလို့ ဖြစ်တယ်။ ပင်လယ်ကမ်းစပ်မှာ ဝါဒါတွေ လက်ထွန်ပစ်နေကြတာကိုး။ တော်သေးတာပေါ့။ ဝါဒါတယောက်က ဆေးလိပ်မီးဖွာလိုက်ရာမှာ မီးရဲခနဲဖြစ်သွားတာ။

လုံးဝ ထင်မှတ်မထားတာဆိုတော့ လန့်သွားတာ။ ချက်ချင်းပဲ အိမ်ဟောင်းရှိတဲ့ဆီ ခပ်သွက်သွက်လေး သုတ်ခြေတင်ပြီး ထမ်းလာခဲ့တယ်။ အုန်းပင်တော့ မှောင်ရိပ်ထဲရောက်မှ စိတ်ကအေးသွားရတော့တယ်။ ဝှက်နေကြနေရာမှာ စမ်းတဝါးဝါးနှင့် မှောင်ထဲမှာ ဝှက်ထားလိုက်တယ်။ ပြီးတော့မှ ခဏ အမောဖြေ နားလိုက်တယ်။

ကင်းစောင့်ငှက်

တော်သေးတယ်၊ ဝါဒါ ဆေးလိပ်မီးဖွာလိုက်လို့။ ကျနော် နဂိုစိတ်ကူးထားတာက အနောက်ဘက် ဘောလုံးကွင်း အစပ်ကနေ ကမ်းနားအနိမ့်ပိုင်းအထိ ထမ်းသွားဖို့ရည်ရွယ်တာ။ ထောင်ဝါဒါသာ ဆေးလိပ်မီးမဖွာရင် သူတို့နဲ့ ပက်ပင်းတိုးမှာ။ နောက် တခေါက်သွားထမ်းတော့ အရှေ့ဘက် ဘောလုံးကွင်းအစပ်ကပဲ ထမ်းလာတယ်။

ဒီညအဖို့လည်း တောရိပ်က ချုံထဲမှာ ဖြစ်သလို ခေါင်းထိုးပြီး အိပ်လိုက်တယ်။ မနက်မိုးမလင်းခင်မှာ ဂျယ်ရီကျွန်းကလေးကို ဝါး ၂ စီး ထမ်းပို့လိုက်တယ်။ ချုံနားမှာ ချထားပြီး ဝါးစည်းကို ချည်ထားတဲ့ကြိုးကို ဖြေ၊ ဝါးတလုံးချင်းကို စိတ်ရှည်ရှည်နဲ့ ဆပ်သွားဖူးချုံထဲကို သွင်း။ ဒါနဲ့ပဲ မိုးလင်းသွားပါတယ်။ မိုးစင်စင်လင်းတော့ ဖထီးမန်း ရောက်လာတယ်။ ဆွဲပုံးလေးနဲ့ ဆန်ပြုတ်တချိုင့် ပါလာတယ်။ ညက ကမ်းနားမှာ မီးနဲ့တိုးတဲ့ကိစ္စ ဖထီးမန်းကို ပြောပြတယ်။

“တော်သေးတာပေါ့ဗျာ၊ နောက်ဆို ညဘက်မှာ သတိထားရမယ်၊ ဝါဒါတွေ အခုတလော ညညမှာ လက်ထွန်ပစ်တယ်”

ဖထီးမန်းယူလာသည့် ဆန်ပြုတ်ကို အတော်ကလေး ဆာနေသဖြင့် သောက်လိုက်ပါသည်။ ဆပ်သွားဖူးချုံထဲသို့ ကျနော် သွင်းထားသော ဝါးလုံးများကို ဖထီးမန်းက နဖား ဖောက်ပါသည်။ ထုရိုက်စရာမရှိဘဲ တိုးတိုးတိတ်တိတ် လုပ်ရမည့်အခါမျိုးတွင် ကျနော် အုန်းပင်ပေါ်တက် ကင်းစောင့်စရာ မလိုပါ။

ဤလိုအခါမျိုးတွင် ဖထီးမန်းကို ကျနော် ဝိုင်းကူပါသည်။ အခုလည်း ဒီမနက် ဝါးနဖားဖောက်တာကို ၂ ယောက်သား တယောက်တလှည့် လုပ်နေကြပါသည်။ တနာရီကျော်ကျော်လောက် လုပ်ကိုင်နေချိန် အနောက်ဘက်ကမ်းခြေမှ တစ်တီတူးငှက်အော်သံနဲ့ ခပ်ဆင်ဆင် ငှက်အော်သံကြားရ၍ ချုံအပြင်သို့ သတိထား ၍ စောင့်ကြည့်ပါသည်။

အလံနီမှ ကိုသန်းထိုက် အနောက်ဘက် ကမ်းခြေအတိုင်း တောင်ဘက်သို့ လျှောက်လာပါသည်။ ကိုသန်းထိုက်သည် ယခုကဲ့သို့ ငါးရှာ ဖားရှာ ထွက်တတ်ပါသည်။ တခါတလေလည်း ခွေးတကောင်နဲ့ ဖွတ်လိုက်၊ ချုံတိုးတတ်သည်။ ဤအခါမျိုးတွင် သတိထားရသည်။ ကိုသန်းထိုက် ယခု ဖားရှာ ငါးရှာ ထွက်လာခြင်းဖြစ်သည်။ ပူစရာမလိုပါ။ ချုံထဲ ကျနော် ပြန်ဝင်လိုက်သည်။

“ကိုသန်းထိုက်ပဲ ဖထီးမန်း၊ သားငါးရှာတာ ပူစရာမလိုပါဘူး”

ကျနော်တို့ လှေခိုးစပ်နေသော ဤဂျယ်ရီကျွန်းကလေးတွင် ပင်လယ် စင်ရော်ငှက်တမျိုး ရှိသည်။ ပုံစံကတော့ စင်ရော်ငှက်ပုံ၊ ဒါပေမယ့် စင်ရော်ငှက်လို မဖြူပါ။ အရောင်က နက်သည်။ အော်သည့်အသံမှာ တစ်တီတူးငှက်အသံနှင့် ဆင်သည်။ အကောင်တခုခုကိုတွေ့လျှင် စူးစူးဝါးဝါး အဆက်မပြတ် အော်တတ်သည်။

ဤလိုအခါမျိုးတွင် တခုခုကိုတွေ့၍ အော်သည်မှာ သေချာသည်။ စင်ရော်ငှက် အဆက်မပြတ် အော်ပြီဆိုလျှင် ကျနော်တို့ ထုရိုက်နေပါက ချက်ချင်း ရပ်လိုက်ပါသည်။ သူ့ကို ကျနော်တို့ ၂ ယောက်က ကင်းစောင့်ငှက်လို့ နာမည်ပေးထားသည်။ သူ့အသံကြားလျှင် ကျနော်တို့ အချိန်မီသတိပေးတာနှင့် တူသည်။ ဤငှက်ကလေးမှာ တကောင်တည်း ကျက်စားတတ်သည်။ ကျနော်တို့ကို လွန်စွာ ကျေးဇူးပြုခဲ့ပါသည်။

ဆက်လက်ဖော်ပြပါမည်။

No comments: