ပိုဆိုးတဲ့ ပြဿနာ
ဦးနှောက်ယိုစီးမှုထက်ဆိုးတဲ့ ဦးနှောက်ခြောက်ခန်းမှု (braindry) ပြဿနာလည်း ရှိသေးတယ်လို့ ကိုယ်တိုင်လည်း ရေးခဲ့ဖူးတယ်။ ဆရာဝန်ဖြစ်ပြီး ဆရာဝန်မလုပ်ဘဲ ကုမ္ပဏီထောင် စီးပွားရေးလုပ်တဲ့အခါ၊ အထည်အလိပ် အင်ဂျင်နီယာဘွဲ့ရက သင်္ဘောသား သွားလုပ်တဲ့အခါ၊ ဘူမိဗေဒဘွဲ့ရက ဆေးကုမ္ပဏီရဲ့ ဆေးရောင်းသမား သွားလုပ်တဲ့အခါ သူတို့ သင်ယူခဲ့တဲ့ပညာတွေ မေ့လျော့ ခြောက်ခန်းသွားပြီး အဟောသိကံ ဖြစ်ရတယ်လို့ ရေးခဲ့တာ ဖြစ်တယ်။
ဒီပြဿနာမျိုးဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ပိုပြီး အဖြစ်များတဲ့အတွက် တိုးတက်မှု နောက်ကျမှုဟာ တနေ့ထက်တနေ့ ပိုပြီး ဆိုးလာတယ်လို့ ယူဆကြတယ်။ ကုလသမဂ္ဂ ညီလာခံကြီးတွေမှာ ဒီပြဿနာ ဖြေရှင်းရေးအတွက် အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပေမယ့် ဒီနေ့အထိ အဖြေရှာမတွေ့နိုင်ကြဘူး။ ချမ်းသာတဲ့ နိုင်ငံတွေက နိုင်ငံပေါင်းစုံရဲ့ အထက်မြက်ဆုံး ဦးနှောက်တွေကို အချောင်ရနေတဲ့အတွက် မှိန်းပြီး မသိချင်ယောင် ဆောင်နေကြတယ်လို့ စွပ်စွဲသံတွေလည်း ကြားရတယ်။
လွယ်လွယ်နဲ့ ထွက်ခွင့်မပေး
ဒီနိုင်ငံမှာ ဘွဲ့ရတဲ့အထိ ပညာသင်ယူခဲ့ပြီးမှ နိုင်ငံခြားထွက် အလုပ်လုပ်တဲ့အတွက် နိုင်ငံမှာ နစ်နာတယ်လို့ မြန်မာဆိုရှယ်လစ်ခေတ်က ယူဆခဲ့တယ်။ အဲဒီယူဆချက်ကြောင့် မြန်မာနိုင်ငံသားတွေ နိုင်ငံခြားထွက်ခွင့် လွယ်လွယ်နဲ့ မပေးခဲ့ဘူး။ FRC ကိုင်ထားပြီး အပြီးပြန်တော့မယ့် ‘ဖော်ဂွတ်’ (For Good) သမားတွေပဲ အသွားများတယ်။ မြန်မာလူမျိုးများအတွက်တော့ လွယ်လွယ်နဲ့မထွက်နိုင်အောင် ဘွဲ့နဲ့ ဒီပလိုမာအတွက် ပညာရေးလျော်ကြေး ကောက်ခံတဲ့စနစ် စတင်တီထွင် လုပ်ဆောင်ခဲ့တယ်။ ဒီနေ့အထိ ဒီစနစ် ရှိနေသေးတယ်။ အဲဒီခေတ်မှာ အစိုးရကလွှတ်တဲ့ ပညာတော်သင်နဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့တွေလောက်ပဲ နိုင်ငံခြား အသွားအလာ ရှိကြတယ်။ ဒီခေတ်လို ရှော့ပင်းထွက်တယ်ဆိုတာ ကြားတောင် မကြားဖူးကြဘူး။
ဝါးလုံးခေါင်းထဲက ထွက်ကြ
ပညာတတ်တွေ နိုင်ငံခြားထွက် အလုပ်လုပ်တာဟာ နိုင်ငံအတွက် ဆုံးရှုံးနစ်နာမှု မဟုတ်ဘူး။ အမြတ်တောင် ထွက်သေးတယ်လို့ ယူဆသူတွေလည်း ရှိတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတခုအတွက် အထူးလိုအပ်တဲ့ နိုင်ငံခြားငွေ ရှာပေးတာဖြစ်လို့ တားဆီးပိတ်ပင် မလုပ်သင့်ဘူးလို့ သူတို့က ဆိုတယ်။ သီရိလင်္ကာ၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေဟာ နိုင်ငံခြားသွား နိုင်ငံခြားက ပြန်ပို့တဲ့ နိုင်ငံခြားငွေ နှစ်စဉ် ဒေါ်လာ သန်းရာပေါင်းများစွာ ရရှိနေတာကို ထောက်ပြကြတယ်။ ကမ္ဘာရွာခေတ်မှာ ဝါးလုံးခေါင်းထဲက ထွက်ကြပါလို့လည်း သူတို့က တိုက်တွန်းနှိုးဆော်ကြတယ်။
အရေးကြီးလိုလို
မကြာမီလေးကပဲ မန္တလေးက စာတစောင် ရတယ်။ အငြိမ်းစားဘီအီး (စက်မှု) အင်ဂျင်နီယာကြီး တယောက်ဆီကပါ။ သူမြင်တဲ့ ‘ဘရိန်းဒရိန်း’ ကတော့ တမျိုးဖြစ်တယ်။ အင်ဂျင်နီယာဘွဲ့ရပြီး အင်ဂျင်နီယာဆိုတဲ့ ရာထူးကြီး ယူထားပေမယ့် တကယ်လက်တွေ့ကျတော့ စာရင်းအင်းတွေ စာရွက်တွေ၊ အစီရင်ခံစာတွေနဲ့ပဲ အလုပ်ရှုပ်နေရတဲ့ စာရင်းကိုင်လိုလို၊ ရုံးအုပ်စာရေးကြီးလိုလို ဖြစ်နေတာကမှ အမှန်တကယ် ‘ဘရိန်းဒရိန်း’ ဖြစ်တာပါ တဲ့။
ဘရိန်းဂိန်း
နိုင်ငံခြားထွက် အလုပ်လုပ်တဲ့အတွက် ပိုပြီး မျက်စိပွင့်နားပွင့် ဖြစ်လို့ ‘ဘရိန်းဂိန်း’ (brain gain) ဖြစ်တယ်လို့ ပြောချင်ပါတယ် တဲ့။ ဆက်ပြီးသူက တိန့်ရှောင်ဖိန်ရဲ့လုပ်ရပ် ဆိုတဲ့ အကြောင်းတခု ပြောထားသေးတယ်။ တိန့်ရှောင်ဖိန် အာဏာပြန်ရတဲ့အခါမှာ ပညာထူးချွန်တဲ့ လူငယ်တွေကို အမေရိကနဲ့ ဥရောပနိုင်ငံတွေဆီ ပညာသင်လွှတ်တယ်။ တခြားသူတွေက ဒီလူတွေပြန်မလာရင် ဘယ်လိုလုပ်မလဲလို့မေးတော့ ကိစ္စမရှိပါဘူးလို့ ပြန်ဖြေတယ်။ လက်တွေ့မှာလည်း အတော်များများ ပြန်မလာဘဲ ဟိုနိုင်ငံတွေမှာ အလုပ်လုပ်နေကြပြီး တချို့က ဟိုနိုင်ငံသားအဖြစ်တောင် ခံယူလိုက်ကြတယ်။
ပါရဂူတွေ အများကြီး
ဒါပေမယ့် တံခါးဖွင့် စီးပွားရေးစနစ် ကျင့်သုံးလိုက်လို့ စီးပွားရေး တရှိန်ထိုး တိုးတက်သွားတဲ့အခါကျတော့ အဲဒီလူတွေ အများကြီး ပြန်လာကြတယ် တဲ့။ အဲဒီထဲမှာ ပါရဂူဘွဲ့ရ ပညာရှင်တွေလည်း အများကြီး ပါလာတယ်။ တချို့ဆိုရင် နိုင်ငံခြားသားပညာရှင် (expatriate) အဖြစ် တရုတ်ကုမ္ပဏီကြီးတွေမှာ လခကောင်းကောင်းနဲ့ ဝင်လုပ်ကြသတဲ့။ ဒါတော့ ဟုတ်တယ်။ ရှစ်ဆယ်ခုနှစ်တွေအတွင်းက FRC တပည့်တွေ အများကြီး အဲဒီအချိန်က တရုတ် (တိုင်ပေ) ကို ဖော်ဂွတ်ပြန်သွားကြတယ်။ အခု ဒီဘက်ပိုင်း နှစ်တွေကျတော့ သူတို့ထဲကတချို့ဟာ ပေကျင်းတို့ ရှန်ဟိုင်းတို့မှာ ပြောင်းရွှေ့နေထိုင်ကြတာ တွေ့ရတယ်။
ယုံကြည်စိတ်ချမှု အပြည့်
မန္တလေးက အငြိမ်းစား အင်ဂျင်နီယာကြီးကတော့ ပညာတတ်တွေ နိုင်ငံခြား ထွက်သွားတဲ့အတွက် (၁) အတွေ့အကြုံနဲ့ ပညာအရည်အချင်း တိုးတက်တယ်။ (၂) မိသားစု စားဝတ်နေရေး ပြေလည်စေတယ်။ (၃)တိုင်းပြည်အတွက် လိုအပ်တဲ့ နိုင်ငံခြားငွေ ရစေတယ်။(၄) ထွက်သွားသူတွေနေရာမှာ နောက်လူတွေ အလုပ်ရလို့ အလုပ်လက်မဲ့ လျော့နည်းစေတယ်လို့ နံပါတ်စဉ်ထိုးပြီး ထောက်ခံ အားပေးသွားပါတယ်။ မြန်မာလူမျိုးတိုင်းဟာ ကိုယ့်အိုးကိုယ့်အိမ်ကို အင်မတန် ခင်တွယ်တတ်သူတွေ ဖြစ်လို့၊ တနေ့နေ့ကျရင် မြန်မာပြည်ကို ပြန်မလာဘဲ မနေပါဘူးလို့လည်း သူက ယုံကြည်စိတ်ချမှု အပြည့်ရှိပါတယ်။ နိုင်ငံခြားထွက်သွားတဲ့ တပည့်တွေ ရာပေါင်းများစွာနဲ့ အဆက်အသွယ် မပြတ်တာကြောင့် ဒီအချက်ကိုတော့ သဘောတူတယ်။ တနေ့မှာ သူတို့အားလုံး ပြန်လာကြမယ်ဆိုတာ စိတ်ချယုံကြည်တယ်။
နယ်ပယ်ကျဉ်းလွန်းလို့
နှစ်ပေါင်းနှစ်ဆယ်ကျော် ကျောင်းဆရာ လုပ်ခဲ့ရာမှာ ကျောင်းသူ ကျောင်းသား အများစုက မြန်မာပြည်ပေါက် တရုတ်လူမျိုး ဖြစ်ကြတယ်။ တချို့ဆို တရုတ်စကားတောင် မတတ်ကြဘူး။ ဆိုရှယ်လစ် စကားလုံးတွေ လူတိုင်းရွတ်နေတဲ့ ခေတ်မှာ လုပ်ကိုင်စားစရာ နယ်ပယ်ကျဉ်းမြောင်းလွန်းလို့သာ သူတို့သွားကြတာ၊ ဘယ်သူမှတော့ သွားချင်ကြတာ မဟုတ်ပါဘူး။ မြန်မာလူမျိုးစစ်စစ်တွေ မဆိုထားနဲ့ သူတို့လို မြန်မာပြည်ပေါက် တရုတ်တွေနဲ့ အိန္ဒိယသားတွေတောင် မြန်မာပြည်အကြောင်းပြောရင် မျက်ရည်မဝဲဘဲ မနေနိုင်ကြပါဘူး။ အခွင့်သာတဲ့တနေ့မှာ သူတို့ ပြန်လာကြမှာပါ။
ဘာကြောင့် သေချာတာလဲ
၉၀ ရာခိုင်နှုန်းလောက်ကို ပြန်လာမှာပါလို့တောင် ပြောရဲတယ်။ ဘာကြောင့် ဒါလောက် သေချာနေရတာလဲလို့ မေးရင် မြန်မာစကား မတတ်တဲ့လူတွေတောင် ပျော်လွန်းလို့ ကုတ်နဲ့ကော်ထုတ်တောင် မပြန်ချင်တော့တာတွေကို လက်ညှိုးထိုးပြလိုက်ချင်တယ်။ မြန်မာပြည် မွေး၊ မြန်မာပြည်မှာကြီးပြီး မြန်မာစကား တမျိုးတည်းသာ ပြောတတ်သူတွေ ပြန်မလာဘဲ မနေနိုင်ပါဘူး။ ပြန်လာတဲ့အခါ တချို့ စုမိဆောင်းမိတာလေးတွေ ပိုက်ပြီး ပြန်လာကြမယ်။ တချို့က ပညာရှင်တွေ ပါရဂူတွေ ဖြစ်ပြီး ပြန်လာကြမယ်။ တချို့ ကျွမ်းကျင်လုပ်သားတွေအဖြစ် ပြန်လာကြမယ်။ လက်ချည်းသက်သက် ပြန်လာဖူးသူလည်း ရှိနိုင်ပါတယ်။
ကူးလူးယှက်နွှယ်
ဘယ်လိုနည်း ဘယ်လိုပုံစံနဲ့ပဲ ပြန်လာလာ၊ တိုင်းပြည်အတွက်ကတော့ အကျိုးရှိတာပါပဲ။ ကမ္ဘာ့နိုင်ငံပေါင်းစုံက အမျိုးမျိုးအဖုံဖုံ ပညာရပ်တွေ၊ အတွေ့အကြုံ ဗဟုသုတတွေ လုပ်နည်းလုပ်ဟန်တွေ ဖြည့်ဆည်း ရယူနိုင်ပါတယ်။ ကျွန်တော်တို့ အမြတ်တနိုး ဂုဏ်ယူဝင့်ကြွားနေရတဲ့ မြန်မာ့ယဉ်ကျေးမှု အနုပညာရပ်များဟာလည်း ယိုးဒယား၊ တရုတ်၊ အိန္ဒိယ စတဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ ယဉ်ကျေးမှု အနုပညာတွေနဲ့ ကူးလူးယှက်နွှယ်နေခဲ့ကြတာပဲ မဟုတ်လား။ ကမ္ဘာကြီးတခုလုံးဟာ ရွာကြီးတရွာလို ဖြစ်နေတဲ့ ဒီခေတ်ဒီအခါမှာ ကျွန်တော်တို့ချည်း သက်သက် တံခါးပိတ်နေလို့ မဖြစ်ပါဘူး။ တံခါးတွေ ဖွင့်ထားမှ အခန်းထဲက လေဆိုးလေပုပ်တွေ လွင့်စင်ထွက်သွားပြီး ပြင်ပက လေကောင်းလေသန့်တွေ ဝင်ရောက်လာမှာ ဖြစ်ပါတယ်။
http://www.news-eleven.com/ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။
No comments:
Post a Comment