Monday, December 27, 2010

ချစ်သော ရဲဘော်များ ပြည်သူများ နှင့် မဟာမိတ်များ - ၂

ဒီအချိန်ကစပြီး အဖေက ငွေရှာတာထက် ငွေဖြုန်းတာ များလာတယ်။ ဒွေးလေးရှိသမျှ လက်ဝတ်လက်စားလေးတွေ တစတစ ကုန်ခန်းလာပါတယ်။

စစ်ကြီးပြီးသွားပြီး ကျနော်တို့ရွာ အောက်ကျင်းမှာ ဗြိတိသျှ လူနာတင် လေယာဉ်ကလေးတွေ ဆင်းလာတာ တွေ့ရတယ်။ သားသမီးတွေကို အမျိုးတွေဆီအပ်ခဲ့ပြီး မောင်နှစ်မ ၂ ယောက် မြို့ပေါ်တက် ဈေးရောင်းပါတယ်။

နောက်မှ ကလေးတွေကို မြို့ပေါ် ခေါ်ပါတယ်။ စီးပွားလေးဖြစ်လာလိုက် အဖေက သုံးဖြုန်းပစ်လိုက်နဲ့ နာလန်မထူခဲ့ပါ။ ဒွေးလေးက ဆူတဲ့အခါ “သိန်းမြ … နင် တော်” လို့ ငေါက်လိုက်ရင် အသံတိတ်သွားတာကို ကြုံခဲ့ရတယ်။

အဒေါ် …

ကျနော်တို့ မောင်နှမကို လူစိမ်းတွေနဲ့ မိတ်ဆက်ပေးရင် တူ - တူမလို့ ဘယ်တော့မှ မပြော။ မန္တလေး ကျောင်းသွားတက်တုန်းကလည်း သူ ကုန်ဝယ်နေကျ ပွဲရုံတွေကမေးရင် ‘သား’ လို့ပဲ ပြောတာ။ သူ့သားအကြီးက အသုံးအဖြုန်းကြီးလို့ဆိုပြီး စိတ်မချ။ “အကြီးကောင်လာပြီး ငွေသုံးတောင်းလာရင် ဘယ်အထိပဲပေး။ အငယ်ကောင် တောင်းရင် တောင်းသလောက်ပေး” လို့ မိတ်ဆက်ပေးထားတာပါ။ သူ့တူ ကျနော်ကလည်း သူထင်သလောက် ကောင်းလှတာ မဟုတ်။

ကျနော့်သံယောဇဉ်က ဒီအဖေနဲ့ ဒီအဒေါ်ပဲ ရှိပါတယ်။ ကျန် ညီအစ်ကိုမောင်နှစ်မတွေက အရွယ်ရောက်နေကြပါပြီ။

စိတ်ဒုန်းဒုန်းချပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင်ပြီးတဲ့နောက် ညပိုင်းရောက်တာနဲ့ အဖေ့ကိုခွင့်ပန်ကာ သူငယ်ချင်း တယောက်အိမ် သွားအိပ်ပါတယ်။ သူက ငယ်ပေါင်းမို့ ကျနော့်အကြောင်း သိပြီးသား …။ ကျနော် ထောင်ထဲရောက်နေစဉ် အိမ်ကိုစောင့်ရှောက်သူ…။ နိုင်ငံရေး သိပ်စိတ်မဝင်စား။ စီးပွားရေးသမား၊ ထုံးစံအတိုင်း မဆလတော့ မကြိုက် …။ စီးပွားရေးသမားဖြစ်ပေမယ့် ကျနော့်အတွက် ဂုဏ်ယူသူ။ ကျနော် ဖတ်ချင်တဲ့ စာအုပ်မှန်သမျှ အကုန် အကျခံရှာပေး … ဝယ်ပေးသူ …။

ခုလည်း ကျနော်ဘာဖြစ်နေတယ်ဆိုတာ အကဲခတ်မိပေမယ့် ဘာမှမမေး။ “ဆရာသွားပင့်မယ်” လို့ပြောတာ လွယ်လွယ်ပဲ လက်ခံလိုက်တယ်။ သူ ဝယ်ပြီးကာစ အိမ်အသစ်မှာ သိပ်ပါတယ်။ အတော်ကြာကြာ စကားပြောပြီးမှ ပြန်ပါတယ်။

နံနက်မလင်းခင် အိပ်ရာက ထ၊ အိမ်တံခါး ဝင်းတံခါးသော့ခတ်၊ သော့ကို ဝင်းထဲပစ်ထည့်ခဲ့ပြီး ဘူတာရုံ ပြေးပါတယ်။ ရထားလက်မှတ်ဝယ်ဖို့ အပေါ်အင်္ကျီထဲက ငွေကိုနှိုက်ထုတ်လိုက်တော့ ငွေတွေက ရှိတာထက်များနေတယ်။ အင်း … ဒီကောင့် လက်ချက်ပဲ။

ဘာပဲဖြစ်ဖြစ် အိမ်ကတော့ ထွက်ခဲ့ပြီ။ ၁၉၆၆ ခု ပထမအကြိမ် အဖမ်းခံရစဉ် လွတ်အောင်ပြေးလျှင် ရနိုင်တဲ့ အခြေအနေရှိပါလျှက် “ငါဘာမှ ဖြစ်ဖြစ်မြောက်မြောက် လုပ်ရသေးတာ မဟုတ်ဘူး။ ထောင်ထဲနေရလှ ၆ လ၊ ၁ နှစ်ပေါ့ကွာ” ဆိုပြီး အမိခံလိုက်တယ်။ ဒါတောင် ၇ နှစ် ကြာသွားခဲ့တယ်။ ဒီတခါတော့ မဖြစ်ဘူး။ လွတ်အောင် ပြေးမယ်၊ ဒုတိယံပိ မဖြစ်စေရ။

လက်လှမ်းမီတဲ့ မြို့တမြို့ကနေ အခြေအနေကို စောင့်ကြည့်နေမိတယ်။ ၂ ရက်ခြား ၃ ရက်ခြား အိမ်ဘက် လူလွှတ်ပြီး စနည်းနာခဲ့တယ်။ တပတ်လောက်အထိ ဖမ်းတာဆီးတာ မရှိသေး။

အဖေက “ဟိုကောင် ဆရာပင့်သွားတာ ကြာလှချည့်လား။ ခုအထိ မရောက်လာသေးဘူး” လို့ ခဏခဏ ညည်းနေတာနဲ့ ထုတ်ပြောလိုက်ရတဲ့အကြောင်း သိရတယ်။

မကြာလိုက်ပါဘူး။ ချန်ထားခဲ့တဲ့ရဲဘော်တွေ မြို့ပေါ်ကနေ အလျှိုအလျှို ပျောက်သွားကြောင်း ကြားရတော့တယ်။ မိသားစု သံယောဇဉ်နဲ့ ထွက်မပြေးဘဲ ကျန်နေတဲ့ ရဲဘော် ၂ ယောက် အဖမ်းခံရတယ်။ (တယောက်က တော်တော်ကြာကြာ ရှောင်နေပြီး ပြန်သွားရာမှ အဖမ်းခံရတယ်) ရှင်းပြီ။ ပြေးပေတော့ …။

မြို့တမြို့ဆီ ကူးလိုက်တယ်။ ရဲဘော်တယောက်အိမ်ဝင်ပြီး တွေ့ဖို့ကြိုးစားတယ်။ တိုက်ကြီးက တခမ်းတနား …။ တွေ့ရပါမယ့်အကြောင်း ဝင်းတံခါးမှာ တခါအမေးခံရ။ (ဘာလို့တွေ့ချင်တာလဲ တဲ့) အိမ်ပေါက်ဝမှာ။

တယောက်က (နေမကောင်းလို့ အိပ်နေတယ်တဲ့) ဧည့်ခန်းမှာ။ အကြာကြီး ထိုင်စောင့်ရ။ ဒီအချိန်မှာ တယောက်ပြီးတယောက် လာအကဲခတ် … အိမ်ပေါ်တက်လိုက် … အောက်ဆင်းလိုက် … ဆိုတော့ အနေရ အထိုင်ရ ခက်နေမိတယ်။ ကလေးမ တယောက်ထပ်ပြီး “နာမည် ဘယ်လိုခေါ်ပါသလဲ” မေးပြန်တယ်။

စိတ်မရှည်နိုင်တော့ပါ။ အပေါ်မှာ ဒါရိုက်တာတယောက် ရှိနေပြီ။ တခြားလူ မဖြစ်နိုင်။ တွေ့ချင်တဲ့လူပဲ ဖြစ်ရမယ်။
“ပြောလိုက် ငါ့နာမည် … ၅ မိနစ်အတွင်း ဆင်းမတွေ့ရင် ချက်ချင်းပြန်မယ်” လို့ … ဆိုကာ ကျနော်တို့ချင်းသာ သိတဲ့ နာမည်ကို ပြောလိုက်ပါတယ်။

ဝုန်းဒိုင်း ဝုန်းဒိုင်းနဲ့ စောင်ကြီးပတ်ပြီး ကျနော့်ရဲဘော် ဆင်းလာပါတယ်။ ရောက်ရောက်ချင်း “ခင်ဗျားတို့ ညီအကို ၂ ယောက်စလုံး ဖမ်းသွားပြီဆို။ အခု ဘာလို့လာတာလဲ?” လို့ တန်းမေးပါတယ်။

“အဖမ်းမခံရသေးလို့ ခင်ဗျား တွေ့နေရတာပေါ့။ ဖမ်းမှာသိလို့ ရှောင်ထွက်လာတာ၊ အခုလာတာ တောခိုရတော့မှာမို့ ခင်ဗျားကို လာခေါ်တာ၊ လိုက်မယ် မဟုတ်လား”

သူ မျက်လုံးပြူးသွားပါတယ်။ အိုး,အိုး အ,အ ဖြစ်နေပါတယ်။ စ,နေ နောက်နေကျမို့ စမိနောက်မိတာပါ။ သူ့တိုက်ထဲဝင်ပြီး ကျဉ်းကျပ်နေရတာတွေ ကျေပြီ။

“ရန်ကုန် အဖမ်းအဆီးအခြေအနေတွေ သိချင်လို့လာတာ” ဆိုတော့မှ “ခင်ဗျားခေါ်ရင် လိုက်ပါတယ်ဗျာ”လို့ အရှက်ပြေ ပြောပါတယ်။ “ဟိုမှာလည်း အဖမ်းအဆီးတချို့ရှိလို့ ကိုယ်နဲ့မဆိုင်ပေမယ့် ခဏရှောင်လာတာပဲ” … တဲ့။

အထက်ဗမာပြည် (UB) အဖမ်းအဆီး တော်တော်များများကို ကျနော်သိထားပြီး ဖြစ်ပါတယ်။ သူပြောတဲ့ အောက်ဗမာပြည် (LB)အဖမ်းအဆီးက (UB)နဲ့ သွားဆက်စပ်မိတဲ့ သူတွေပဲဆိုတာ တွက်လို့ရပြီ။ UB သမားက LB မှာ သွားရှောင်နေသင့်တယ်လို့ စဉ်းစားလိုက်တယ်။

လတ်တလော ခြေရာဖျောက်တဲ့အနေနဲ့ ရွာတရွာရှိ ဘုန်းကြီးကျောင်းမှာ လဝက်လောက်သွားနေပါတယ်။ ဘုန်းကြီးက ကျနော့်သတင်းကြားပြီးသား။ လိုလိုလားလား လက်ခံထားပါတယ်။ ကျနော့်အဒေါ်က ကုသိုလ်ရေး လှူရေးတန်းရေးမှာ စိတ်အားထက်သန်သူမို့ အိမ်မှာ ဆွမ်းခံကိုယ်တော် များပါတယ်။ နယ်အထိ သူ့သတင်းမွှေးပါတယ်။ မြို့ပေါ်မှာ မီးလောင်ပြီ ဆိုတာနဲ့ အိမ်ရှေ့မှာ လာကူသယ်ပေးတဲ့ ဘုန်းကြီးတွေ ဝါဝါဝင်းနေတတ်တယ်။

ကျနော် ကျွန်းကပြန်လာပြီး အင်းစိန်ထောင်ရောက်နေတဲ့ သတင်းကြားရပြီးတဲ့နောက် ကိုးဆောင်ဆရာတော် (ယခု သံဃာ့ မဟာနာယကဥက္ကဋ္ဌ ဦးသောဘိတ)ကို သွားကပ်ပါတယ်။ ဆရာတော်က သာသနာရေးအရာရှိ ဦးကျော်ညွန့်ဆီ စာရေးပေး လိုက်ပါတယ်။

“ယခုလာသူ ဒါယိကာမကြီးသည် သာသနာ၏အကျိုးကို မပြတ်ဆောင်ရွက်နေသူဖြစ်သဖြင့် တတ်စွမ်းသမျှ အကူအညီပေးလိုက်ပါရန် မေတ္တာရပ်ခံပါသည်” … တဲ့။

ဆက်လက်ဖော်ပြပါမည်။

No comments: