Saturday, December 18, 2010

ချစ်သော ရဲဘော်များ ပြည်သူများ နှင့် မဟာမိတ်များ

(၁)

တာဝန်က တဖက်၊ သံယောဇဉ်က တဖက်

ထောင်ကထွက်လာပြီး လိုအပ်တဲ့ဆေးဝါးကုသမှုခံယူရင်း အကိုဖွင့်ထားတဲ့ ကျူရှင်ကျောင်းမှာ တတ်နိုင်သမျှ ကူညီလုပ် ကိုင်ပေးနေခဲ့တယ်။ တနေ့ ကျနော် အင်မတန်ချစ်သော ရဲဘော်အောင်ဘော်ဆီမှ စာတစောင်နဲ့ ကဗျာတပုဒ် စာတိုက်ကနေ ရောက်လာပါတယ်။

“AN ရေ အချိန်မရလို့ မခေါ်နိုင်တော့ပါ။ အမြဲသတိရပြီး စောင့်မျှော်နေပါ့မယ်။ လိုက်လာမယ်လို့လည်း ယုံကြည်တယ်။ ကဗျာတပုဒ် ထားခဲ့တယ်။ ကျနော် သာရေး နာရေး ကော်မတီက လွတ်ထွက်သွားပြီ”

လိုရင်းကတော့ အဲဒီလောက်ပါပဲ။ ကျနော် ရန်ကုန်တက် ဆေးကုစဉ် သူ့အိမ်မှာ ထမင်းလိုက်စားရင်း စကားတခွန်း ပြောခဲ့ဖူးတယ်။

“ဒီမှာ ခင်ဗျားတို့နဲ့ တွေ့ရဆုံရ ဆွေးနွေးရတာတွေ တကယ်ကောင်းပါတယ်။ အားလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အများစုက နေ့စဉ်နေထိုင်မှုဘဝမှာ နစ်နေတယ်။ ကျနော့်လို နယ်က ရဲဘော်တယောက် တက်လာရင် ဝိုင်းဝန်း အကူအညီပေးကြတာလည်း အားရစရာပဲ။ ဒါပေမယ့် ဒီလို သာရေး၊ နာရေး၊ လူမှုကူညီရေးလောက်နဲ့တော့ ကျေနပ်မနေသင့်ဘူး”

လို့ ထောက်ပြခဲ့ဖူးတယ်။ ဒါကို ရည်စူးပြီး ရေးသွားတာပါ။

ကဗျာထဲမှာတော့ တော်လှန်ရေးမျှော်လင့်ချက်၊ ရဲဘော်တွေရဲ့ သွေးခင်းလမ်းနဲ့ စွန့်လွှတ်မှုတွေအကြောင်း ပါတယ်လို့ ရေးရေး မှတ်မိတယ်။ ရဲဘော်ဖိုးသံကို လှမ်းအကြောင်းကြားတော့ သူ့ဆီလည်း စာနဲ့ ထိုကဗျာ ရောက်လာတယ်လို့ အကြောင်းပြန်ပါတယ်။ ကိုဉာဏ်ဝင်း၊ ကိုတင်မောင်ဝင်း ညီအကိုနဲ့အတူ တောခိုသွားခဲ့ကြတာ ဖြစ်တယ်။

သူတို့ဆင်းသွားပြီးမကြာမီ ကျနော်လည်း အရှေ့မြောက်စစ်ဒေသနဲ့ အဆက်အသွယ်ရခဲ့လို့ လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲရာမှာ တတပ်တအားပါဝင်လိုကြောင်း တင်ပြလိုက်ပါတယ်။ မောင်လှဝင်း(မြင်းခြံ)က သူလည်း လိုက်ချင်တယ်။ ၇ဝ-ခုနှစ်မှာ အင်းစိန်ထောင်ကလွတ်နှင့်တဲ့ မြင့်မြင့်ကလည်း သွားကြရင် သူ့ကိုလည်း ချန်မထားဖို့ တောင်းဆိုတယ်။

ပါတီက ပြန်ကြားတာကတော့ “အရှေ့မြောက်စစ်ဒေသမှာ လက်နက်ကိုင်တိုက်မယ့်သူတွေ တပုံကြီးရှိတယ်။ အဲဒီမှာပဲ နေရသရွေ့နေကြပါ။ ခင်ဗျားတို့ကို တပ်မတခုလောက် အားထားပါတယ်” ဆိုတဲ့ အမိန့်သံပါပဲ။ နေပေဦးတော့ပေါ့။ ဘာတတ်နိုင်မှာလဲ။

ဒါပေမယ့် ကံကြမ္မာအလှည့်အပြောင်းက မိမိဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ တနေ့ ဖခင်ဖြစ်သူ ပါးစပ်ထဲအနာပေါက် အစားအသောက်ပျက် နေထိုင်မကောင်း ဖြစ်နေတာကြာလာလို့ ဒေါက်တာဝင်းဝင်း (ကျနော်တို့ဆရာ ပမညတ အမတ်ဟောင်း ဦးမောင်ကိုရဲ့သမီး)ဆီ သွားပြမိတယ်။ သူက ပါးစပ်ဟခိုင်းပြီး ကြည့်ပါတယ်။ မျက်နှာပျက်သွားပြီး ဆေးတချို့ ပေးလိုက်ပါတယ်။ နောက်မှ ကျနော့်ကို တခေါက်အခေါ်လွှတ်ပြီး ပြောပါတော့တယ်။

“ခင်ဗျားအဖေရဲ့ အနာက ကင်ဆာဖြစ်ဖို့ များတယ်။ Cauliflower type ပဲ။ ပါရဂူနဲ့ပြမှ ဖြစ်မယ်။ ဦးတင်အောင်ဆွေဆီ ကျမ စာရေးပေးလိုက်မယ်။ မြန်မြန်သွားပါ” လို့ ခိုင်းပါတယ်။

မန္တလေးဆရာဝန်ကြီး ဦးတင်အောင်ဆွေက ကြည့်ရှုစစ်ဆေးပြီး (ဝင်းဝင်းလိုပဲ) တယောက်ချင်းကျမှ အခြေအနေမှန်ကို ပြောပြတယ်။

“ ၆ လပဲ ခံမယ်။ ကုထုံးအရ ဓာတ်ကင်ရမယ်” … တဲ့။ ပျောက်မလားမေးတော့ … မပျောက်နိုင်ပါလို့ အဖြေပေးတယ်။

ဒါနဲ့ ပြန်ခေါ်လာခဲ့ရတယ်။ ဗမာပြည်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း အပျောက်များတယ်လို့ နာမည်ရတဲ့ မြို့ခံဘုန်းကြီးဆီအပ်ပြီး ကုကြည့်တယ်။ ငွေလည်း မယူ။ နို့၊ အသား စသည် အရှောင်ခိုင်းတယ်။ စားဆေးသောက်ဆေး ပေးတယ်။ အနာနေရာကို ဆေးစိမ်ထားတဲ့ (သွားကြားထိုးတံလို) သစ်သားချောင်းလေးနဲ့ ထိုးထိုးဖောက်ပြီး ဆေးဖြူး၊ ထွေးထုတ်၊ အလုပ်ခိုင်းတယ်။

နေ့စဉ် မန်ကျည်း၊ ရှောက် စတဲ့ အသီးတွေ စိမ်ထားတဲ့ရေနဲ့ အချိုးခိုင်းတယ်။ တွေ့ရတာက အသားအရေ ခြောက်ခန်းမသွားဘဲ စိုဝင်းနေပေမယ့် ရောဂါက မသက်သာလာပါ။ သားအဖ ၂ ယောက် တခန်းထဲအိပ်၊ တတ်စွမ်းသမျှ ပြုစုခဲ့တယ်။ သူကလည်း ကျိတ်မှိတ်ခံပါတယ်။

တခြားနာမည်ကြီး ဗမာဗိန္ဓောဆရာတွေရဲ့ သတင်းဆက်လည်း လိုက်ကြည့်တယ်။ ဒီလိုနဲ့ သြဠာရိကကုထုံးနဲ့ နာမည်ကြီးနေတဲ့ လွိုင်ကော်က ဗိန္ဓောဆရာတယောက်ကို ပင့်ရမလားလို့ တွက်ဆနေဆဲ သတင်းဆိုးတခု ကြားလိုက်ရတယ်။

ရန်သူက အစတစ ရသွားပြီး အဖမ်းအဆီးတချို့လုပ်နေတယ် တဲ့။ မန္တလေးတာဝန်ခံလုပ်နေသူ ရှောင်နေတဲ့သတင်း။ နောက် … အဖမ်းခံလိုက်ရပြီဆိုတဲ့သတင်း (တကယ်က ထွက်အဖမ်းခံလိုက်ခြင်းဖြစ်)။

ဒီနောက်မှာတော့ အဖမ်းအဆီးတွေ ဆက်တိုက်လိုက်လာတဲ့သတင်းတွေ ကြားလာရတယ်။ ဒီတော့ ဖော်နေပြီဆိုတာ တွက်လို့ရပြီပေါ့။ မြင်းခြံအစုကိုတော့ မဖော်သေး။ (ဖမ်းရတာတွေများပြီး လက်မအားသေးတာလားတော့ မသိ၊ ထိုစဉ်က ထောက်လှမ်းရေးအင်အားက အသေးလေးပဲ ရှိသေးတယ်)

ဆက်လက်ဖော်ပြပါမယ်။

No comments: