ကောင်းတာလုပ်ရင် လူကောင်းဖြစ်တယ်
မြန်မာဗုဒ္ဓဘာသာဝင်တွေ ကံကိုယုံသလို တခြားလူမျိုးတွေလည်း သူတို့ဘာသာ စရိုက်အလိုက် ဖြေသိမ့်စရာ ယုံကြည်မှုတခုတော့ ရှိမြဲဖြစ်တယ်။ အရှေ့တိုင်းသားတွေက ဘာမဆို မိုးနတ်မင်းအလိုကျ စီရင်ဖန်တီးတာလို့ ယုံတယ်။ ‘မိုးနတ်မင်း စီရင်တာကို လူသားများက ပြောင်းလဲမပစ်နိုင်ဘူး’ လို့ ပြောလေ့ရှိတယ်။
အနောက်တိုင်းသားများကလည်း အရာရာဟာ ကောင်းကင်ဘုံက အဖ ဘုရားသခင် အလိုတော်အရဖြစ်ရတာပဲလို့ ပြောကြတယ်။ ဘာကိုပဲယုံယုံ ဖြေသိမ့်မှု ရတာကတော့ အတူတူပါပဲ။ ယုံကြည်မှုနက်နဲရင် နက်နဲသလောက် ကောင်းကျိုးပြုပါတယ်။ မိုးနတ်မင်းပဲပြောပြော၊ အဖဘုရားသခင်ပဲဆိုဆို၊ သူတို့အလိုကျ မကောင်းတာတွေ ရှောင်ပြီး ကောင်းတာတွေလုပ်ရင် လူကောင်းဖြစ်တာပါပဲ။
လူတွေ မကောင်းလို့
ကမ္ဘာပေါ်မှာရှိသမျှ ကိုးကွယ်ရာဘာသာအားလုံးဟာ ကောင်းတာတွေကိုပဲ ညွှန်ပြကြတာချည်းပါ။ လူသတ်တာ ကောင်းတယ်။ ဓားပြတိုက်တာ ကောင်းတယ်။ သူတပါးကို လိမ်ညာလှည့်ဖြားတာ ကောင်းတယ်လို့ သင်ကြားပေးတဲ့ ဘာသာတခုမှ မရှိပါဘူး။
ဘာသာတခုကို နက်နက်နဲနဲ ယုံကြည်ပြီး ယုံတဲ့အတိုင်း လိုက်နာကျင့်ကြံကြရင် လူ့လောကမှာ လူဆိုးရယ်လို့ ရှိမှာမဟုတ်ဘူး။ လူတွေက မကောင်းလို့သာ လူ့လောကကြီးတခုလုံး ဒုစရိုက်မှုတွေ ထူပြောပြီး စိတ်ပျက်စရာကြီး ဖြစ်နေတာပါ။ လူတိုင်းဟာ ‘ခလုတ်ထိမှ အမိတ’ ဆိုသလို ဒုက္ခကြုံတွေ့ရမှ ဘာသာတရားကို သတိရကြပြီး တခြားအချိန်တွေမှာ ဆိုရင်တော့ ခလုတ်တွေကို ကိုယ်တိုင်လိုက်ပြီး ထောင်နေကြတာပါပဲ။
လူကို ပြောင်းလို့ရတယ်
မြန်မာတွေ ကံကိုယုံတယ်ဆိုပေမယ့် ဘယ်သူမှတော့ ဆူးပုံမနင်းပါဘူး။ အသိဉာဏ်ရှိပါတယ်။ ဒါပေမယ့် ဆူးပုံကြီးကို ဖယ်ရှားပစ်ဖို့ မကြိုးစားဘဲ ငုတ်တုတ်ထိုင်ကြည့်နေတတတ်တဲ့ စရိုက်ရှိတာတော့ မကောင်းပါဘူး။ ကံတရားကို ပြောင်းလဲမပစ်နိုင်ပေမယ့် လူ့စရိုက်ကိုတော့ ပြုပြင်ပြောင်းလဲပစ်လို့ ရပါတယ်။
ဆူးပုံကြီးကို မိုးနတ်မင်းက လာချထားတာ မဟုတ်ပါဘူး။ သဘာဝတရားကြောင့် ဖြစ်တည်ပေါ်ပေါက်လာတာပါ။ ကိုယ့်ခရီးလမ်းမှာ အတားအဆီး အနှောက်အယှက် ဖြစ်တယ်ဆိုရင် ခုတ်ထွင်ရှင်းလင်းပစ်လိုက်ရုံပါပဲ။ ဒီအတိုင်းကြည့်နေရင် ဆူးချုံကြီးက ကြီးသထက် ကြီးထွားသွားဖို့ပဲ ရှိတယ်။ သူ့အလိုလိုတော့ ရှင်းသွားမှာ မဟုတ်တာ သေချာတယ်။
ပြဿနာကို ကြောက်တယ်
လူ့ရဲ့စရိုက်ဗီဇက အေးအေးဆေးဆေး သက်သက်သာသာ နေချင်တယ်။ ပြဿနာကို ရှုပ်ရှုပ်ယှက်ယှက်ဖြစ်ရမှာ ကြောက်တယ်။ ရှောင်နေလို့ရသမျှ ပြဿနာမဖြစ်အောင် ရှောင်တယ်။ မလွှဲမရှောင်သာ ကြုံတွေ့ရတဲ့ ပြဿနာဆိုရင်လည်း ရှောင်ကွင်းသွားလို့ရရင် ရှောင်ကွင်းသွားတယ်။ ရှောင်ကွင်းသွားလို့မရရင် ရင်ဆိုင်ဖြေရှင်းဖို့ အားမထုတ်ဘဲ နောက်ပြန်ဆုတ်တယ်။ နောက်ပြန်ဆုတ်လို့မရအောင် ညှပ်ပူးညှပ်ပိတ် ဖြစ်နေပြီဆိုရင်တော့ ကုသိုလ်ကံပဲလေလို့ သဘောထားပြီး လည်စင်းပေးထားလိုက်တော့တယ်။
ပြဿနာဆိုတာက ကြောက်လို့ရှောင်လေ ကြီးထွားလေပဲ။ ပြဿနာကို ကြောက်စရာလို့ မြင်လို့ ကြောက်နေတာဖြစ်တယ်။ ပြဿနာကို ကြောက်စရာလို့ မမြင်ဘဲ လူစွမ်းလူစကို စမ်းသပ်တဲ့ စိန်ခေါ်ချက်တခုအဖြစ် သဘောထားလိုက်ရင် ပျော်စရာတောင် ကောင်းသေးတယ်။ သင်္ချာဝါသနာရှင်ဟာ ခက်ခဲရှုပ်ထွေးတဲ့ ပုစ္ဆာကိုတွေ့လေ ပျော်လေဖြစ်တယ် မဟုတ်လား။
ရိုးစင်းလွယ်ကူတဲ့ အမှုတခုဟာ တခါတရံမှာ ဖြေရှင်းဖို့ အင်မတန် ခက်ခဲတတ်ပြီး ရှုပ်ထွေးခက်ခဲလှတယ် ဆိုတဲ့ အမှုမျိုးက ဖြေရှင်းဖို့ အလွယ်ကူဆုံးဖြစ်တတ်တဲ့ သဘောရှိတယ်ဆိုတဲ့ စုံထောက်ကြီး ဦးစံရှားရဲ့ စကားကို ပြန်ပြီး သတိရသင့်တယ်။
ဓားတစင်းနဲ့ ရှင်းပစ်
ပြဿနာဆိုတဲ့ စိန်ခေါ်ချက်ကြီးမားလေလေ လူရဲ့အစွမ်းအစတွေ တိုးတက်လေလေ ဖြစ်တယ်ဆိုတာ နယူတန်ရဲ့ သိပ္ပံနိယာမနဲ့လည်း ကိုက်ညီတယ်။ ‘လှုပ်ရှားမှုတိုင်းမှာ တူညီတဲ့ တန်ပြန်အကျိုး သက်ရောက်မှုရှိတယ်’ လို့ ဆိုထားတယ် မဟုတ်လား။
ပြဿနာကြီးတော့ အားထုတ်မှုကြီးရတယ်။ အားထုတ်မှုကြီးတဲ့အတွက် လူရဲ့စွမ်းအားတွေလည်း တိုးတက် ကြီးမားလာတယ်။ ဒါကြောင့် ပြဿနာကို ကြောက်စရာလို့ မမြင်ဘဲ စိန်ခေါ်ချက်လို့ မြင်ပါ။ ပြဿနာကို ရှောင်ကွင်းမသွားဘဲ ရင်ဆိုင်ဖြေရှင်းပါ။ ပြဿနာရှေ့မှာလည်း စင်းမခံဘဲ ဆူးချုံကို ခုတ်ထွင်ရှင်းလင်းသလို ဓားတစင်းနဲ့ ရှင်းပစ်လိုက်ပါလို့ တိုက်တွန်းလိုက်ချင်ပါတယ်။
Envoy ဂျာနယ် - ဒီဇင်ဘာ ၂၃၊ ၂၀၁၀ မှ ကူးယူဖော်ပြပါတယ်။
No comments:
Post a Comment