Monday, September 10, 2012

ရောဘတ်ဖရောစ့် မှသည် .... ဆရာမောင်စွမ်းရည်သို့ (ကမာပုလဲ)

မနေ့က အမေရိကန်မှာ ရောက်ရှိသောင်တင်နေသူ စာရေးဆရာ၊ ကဗျာဆရာ မောင်စွမ်းရည်ကို ဖေ့စ်ဘွခ်စာမျက်နှာပေါ်မှာ မှတ်မထင် တွေ့ရှိလိုက်ရတယ်။ အမေရိကန်ရဲ့ ဂုဏ်ယူထင်ရှား လူသိများလှတဲ့ ကဗျာဆရာကြီး ရောဘတ် ဖရော့စ်ရဲ့ သင်္ချိုင်း အုတ်ဂူနဘေးမှာ ဒူးထောက်လို့ အသိအမှတ် ဂါရဝပြုနေတဲ့ ဓာတ်ပုံကို တွေ့လိုက်ရတာပါ။

ဓာတ်ပုံကိုကြည့်ရင်း အတွေးများက တနံတလျားပေါ့။ ရောဘတ် ဖရော့စ်ဆိုတာ ဘယ်သူလဲ။ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ။ မောင်စွမ်းရည်ကရော ဘယ်သူလဲ။ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ အစရှိသဖြင့်ပေါ့။ ဆရာ မောင်စွမ်းရည်ဟာ ဘာဖြစ်လို့ ဆရာကြီး ရောဘတ်ဖရော့စ်ရဲ့ အုတ်ဂူကိုမှ သွားရောက်ရတာလဲ။ ဂါရဝပြုရတာလဲ။ တဆက်တည်းမှာ ဗမာပြည်က အထက်အညာဒေသသား ဆရာမောင်စွမ်းရည် ဘာ့ကြောင့် အမေရိကန်မြို့ကြီးမှာ ရောက်ရှိသောင်တင်နေပြီး ပြည်တော် မပြန်နိုင် ဖြစ်နေရပါသလဲဆိုတဲ့ အတွေးတွေနဲ့ပေါ့။


အမည်မည်းစာရင်း ပယ်ဖျက်ခြင်း နဲ့ ပြည်တော်ပြန်အရေး

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာအစိုးရ ပယ်ဖျက်လိုက်တဲ့ အမည်မည်းစာရင်း နဲ့ ပြည်ပနိုင်ငံရေးသမားတချို့ ပြည်တော်ပြန်ကြတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ အခြေစိုက် အဝေးရောက်ပြည်ထောင်စု မြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ်ဦးစိန်ဝင်း ကို ဗွီအိုအေမြန်မာသတင်းဌာန ဌာနမှူး ဦးသန်းလွင်ထွန်း က တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးစိန်ဝင်း ။ ။ ကျနော်တို့ အယူအဆက နအဖ အစိုးရလက်ထက်။ နအဖ အာဏာပိုင်တွေ လက်ထက်က ဒီအမည်မည်းစာရင်းကို ပြုစုခဲ့တာ။ အဲဒါကိုဖျက်တယ်။ National Reconciliation အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒါလုပ်ပေးတယ်ဆိုရင်တော့ ကောင်းတဲ့လုပ်ရပ် ကြိုဆိုကြရမှာပေါ့။ ဒါပေမဲ့ အခု ကျနော်တို့ တွေ့ရတာကတော့ ၂၀၀၀ ပဲရှိသေးတယ်။ ကျန်တဲ့ ၄၀၀၀ က ကျန်သေးတယ်။ ဒီ ၄၀၀၀ ကိုလည်း မြန်မြန်ဖျက်ပြစ်ပေးဖို့။

ဦးသန်းလွင်ထွန်း ။ ။ ပထမဆုံးအနေနဲ့ ဒီစာရင်းမှာ ပယ်ဖျက်ပေးတဲ့ထဲမှာ ဦးစိန်ဝင်းရဲ့  နာမည်ပါ ပါလာပြီဆိုတော့ ဆရာအနေနဲ့ ပြန်ဖို့အစီအစဉ်ရှိပါသလား။

ဦးစိန်ဝင်း ။ ။ အခုတော့ အစီအစဉ်မရှိသေးဘူးပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ဘယ်လိုအကြောင်းတွေကြောင့် အခုလက်တွေ့ အစီအစဉ်မရှိသေးတာလဲ။ အထူးသဖြင့် ဆရာတို့အနေနဲ့က အခုလောလောဆယ် ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်အနေနဲ့ မြန်မာပြည်ကို ပြန်လို့ရပါ့မလား။


Thursday, September 6, 2012

မဟုတ်တာ လုပ်တဲ့သူတွေ ... (ကာတွန်း အောင်မော်)


မအိုသေးတဲ့ ဒေါင်းစကား (မောင်ဝံသ)

ကိုကိုကြီး အင်တာဗျူး 

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ အင်တာဗျူးများ အမှတ် - ၁ ထွက်လာတယ်။ ‘ပြောချင်လို့ ပြောခဲ့တာတွေ’ လို့ ခေါင်းစဉ်ပေးထားပါတယ်။ သူ့စာအုပ် မိတ်ဆက်ပွဲကို ၂၈ သြဂုတ်က ဗိုလ်အောင်ကျော်လမ်းက ဇာဂနာရဲ့Home ခန်းမမှာ ပြုလုပ်တယ်။ စာအုပ်မိတ်ဆက်ပွဲမှာ ကျွန်တော်လည်း စကားပြောလိုက်ရတယ်။ ပြည်သူ့ခေတ်မှာ ကျွန်တော် ပင်တိုင်ရေးနေတဲ့ ‘ပြောချင်လွန်းလို့’ ခေါင်းစဉ်နဲ့ ကိုကိုကြီး စာအုပ်ခေါင်းစဉ် ဆင်တူနေတာကို ပြောပြပြီး ကျွန်တော်တို့အားလုံးရင်ထဲမှာ ပြောချင်တာတွေ အပြည့်အသိပ်ရှိနေတာမို့ ပြောလို့ရတဲ့အချိန်၊ ရေးလို့ရတဲ့ အချိန်တွေမှာ ဒလဟော သွန်ချချင်နေကြပါတယ်လို့ ပြောလိုက်တယ်။


ရန်ကုန်ရောက် မိုးသီးဇွန်သို့ အရေးပေါ် အကြောင်းကြားစာ (အောင်ဝေး)

‘အနှစ်(၂၀) မျှ တိုင်းပြည်အတွက် လုပ်လာပြီးနောက်
ကျနော်သည် ကိုယ့်ကိုယ်ကိုယ် ပြန်၍ကြည့်လိုက်သောအခါ
ကြိုးတိုက်ထဲသို့ ရောက်၍နေသည်ကို
တွေ့ရလေသည်’ 
(ကာနယ် ချစ်ကောင်း) 

မိုးသီး
ပြောပြီးသား စကားပဲ
ပြန်ပြောရတော့မယ်။

အိမ်လွမ်းစိတ်ဆိုတာလည်း
ဓားလှံ လက်နက်လိုပဲ
အမြဲ ထက်နေအောင် သွေးနေရတယ်။

မင်းဓား ထက်တာလည်း
အစ်ကို သိတယ်။

အစ်ကို့ဓား မတုံးဘူးဆိုတာလည်း
မင်းသိတယ်။
ဒါပေမဲ့
အခုတော့ တို့ဓားတွေ
တံတွေးဆွတ် ခံလိုက်ရပြီ။

မိုးသီးရေ
မင်းပြန်ခဲ့တော့။


Wednesday, September 5, 2012

သိုးကျောင်းချိန် (မောင်လွမ်းဏီ)

သိုးတွေက
ကဗျာ မရေးဘူး။

သိုးတွေကို
အဖြူရောင်ဆိုးတော့
ပိုးသားအိပ်မက်နဲ့
သိုးတွေ တိတ်တယ်။

မည်းမည်းမြင်ရာ
အမဲလိုက်နေကြတာပေါ့
သိုးကတော့
လည်စင်းခံပေးတဲ့အထိ ရိုးအတယ်။


Tuesday, September 4, 2012

နောက်ကြည့်မှန် (မင်းကိုနိုင်) - ၁၀

လန့်ဖျားလား ကြောက်ဖျားလား မသိ၊ ပျားတုတ်ဒဏ်ရာမှ အနာရှိန်တက်သည်ဆိုရမလား၊ ထိုညတွင် သူ ဖျားတော့သည်။ ထိုအခါ ညိုက သင်တန်းဆင်းကာစ သူနာပြုဆရာမ အိုက်တင်ဖြင့် ဆေးဝါးများ အပါအဝင် တောက်တိုမည်ရများပွေ့ကာ ရောက်ချလာပြန်သည်။

“တပူပေါ် နှစ်ပူဆင့်ပြန်ပြီပေါ့၊ အနေအစား ဆင်းရဲရတဲ့အထဲ” ဟု ဒေါ်တင်တင် ဝေဖန်ရင်း ဆရာတော်ကျောင်းအောက် ကွပ်ပစ်တလုံးဖြင့် ဖြစ်သလိုနေရသော သူ့အနေအထားကို အလိုမကျကြည့်ကာ “မာလကာသီးတလုံးရဲ့ ဆွဲဆောင်မှုနဲ့ နင်တို့ ဒုက္ခကိုကြုံရတယ်။ ဘာမှ စူးစမ်းဆင်ခြင်ဖို့သတိမရှိကြဘူး” ဟု မြည်တွန်တောက်တီးနေပြန်သည်။

ဆရာတော်ကား စင်္ကြန်လျှောက်ရင်း လာကြည့်၍ “ဆေးခန်းသွားပြလိုက်တာ အကောင်းဆုံးပဲ၊ ယောင်ဝါးဝါးလုပ်မနေကြနဲ့ ငါ့မှာ တာဝန်ရှိတယ်” ဟု မိန့်သည်။ ညနေ ဆေးခန်းမသွားမီ သူအဖျားတက်ပြီး အမေ့ကို သတိရတယ်ဟု ယောင်ယမ်းသလို တမ်းတမိ၏။ ဒေါ်တင်တင် မျက်နှာညှိုး၍ “ဟယ် ... ငါတို့ရှိတာပဲ ဘာအားငယ်စရာရှိလဲ” ဟု နှစ်သိမ့်ရသည်။

သူ စိတ်ချမ်းသာသွားဟန်ဖြင့် ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ခေါင်းညိတ်ပြသည်။ ပိန္နဲသီး ထုံးတို့ထားသည်နှင့် တူလှသော သူ့မျက်နှာကိုကြည့်၍ ညိုမှာ သနားသည့်ကြားက ရယ်ချင်စိတ်ကို ဇွတ်မျိုသိပ်ထားရသည်မှာ ဗိုက်ကြောပင် အောင့်မတတ်။ နောက်ဆုံးတွင် “ညရေးညတာ ကြည့်ရှုဖို့ ခက်မယ်၊ ငါ့အိမ်မှာပဲ ဒီည နားလိုက်” ဟုပြောရင်း ဆရာတော်အား လျှောက်ရန် ဒေါ်တင်တင် ထသွား၏။


ခုဆို ကျနော် ... တကယ် အိမ်ပြေး (ကမာပုလဲ)

ဒီနေ့ တလစာ အသေးသုံးငွေ ထုတ်ပေးတယ်။ အသေးသုံးငွေရတော့ အပြေးအလွှား ဆံပင် သွားညှပ်လိုက်တယ်။ လိုအပ်တာတွေ ဝယ်လိုက်ရင် ဆံပင်မညှပ်ဖြစ်မှာ စိုးလို့။ ဆံပင်က သိပ်မရှည်သေးပါဘူး။ ဒါပေမယ့် ဆံပင် လက်တဆစ်လောက်ဆိုရင် လူက ညှပ်ချင်လာပြီ။

ဆံပင်ညှပ်တော့ ဆံပင်ညှပ်ဆိုင်က တိုတိုညှပ်မယ်မလားလို့ မေးပါတယ်။ အင်း ပေါ့။ ဆံပင်ညှပ်ရင်း ငယ်က ဆံပင်ညှပ်တဲ့ အကြောင်းကို သတိရလာတယ်။ အိမ်က တလတခါ ဆံပင်ညှပ်ခိုင်းတယ်။ လူက ဟိုရင်ခုန် ... ဒီရင်ခုန် ... အရွယ်ရောက်စဆိုတော့ ဆံပင်ကို တိုတို မညှပ်ချင်ဘူး။ ဘိုကေကို ဒေါက်ရှည်ရှည်နဲ့ ညှပ်လိုက်တယ်။ သွေးတိုးစမ်းတာ။ အိမ်ရောက်တော့ အိမ်ရိပ်တောင် မနင်းရသေးဘူး အမေက ပြန်ညှပ်ခိုင်းတယ်။

ဒီတော့ အတုမြင် အတတ်သင်လို အိမ်က ထွက်ပြေးတယ်။ ဝေးဝေးမဟုတ်ဘူး။ အမ အကြီးဆုံးရဲ့ အိမ်။ သက်တူ ရွယ်တူ ကျောင်းနေဖက် တူမဖြစ်သူကိုလည်း “ငါ အိမ်ကနေ ထွက်ပြေးမယ်” လို့ မက်ဆေ့ပေးလိုက်သေးတယ်။ “နင် ဘယ်အထိပြေးမှာလဲ” လို့ မေးတော့ ... “ဟို ... အင်း ... ဟိုလေ” ဆိုပြီး မအူမလည်ဖြစ်နေခဲ့တယ်။ တူမက သူ့အမေကို တိုင်ပြောတယ်။ အမက “ဟဲ့ကောင်လေး ပြန်တော့” ဆိုပြီး နှင်တယ်။


မြန်မာပြည် (ကာတွန်း အောင်မော်)

Monday, September 3, 2012

လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းရဲ့ နိုင်ငံရေးခရီး လှုပ်ရှားမှု

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံ နေပြည်တော်ကို ရောက်နေစဉ် ဗွီအိုအေ မြန်မာသတင်းဌာနမှူး ဦးသန်းလွင်ထွန်း က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ကို တွေ့ဆုံပြီး သူဖြတ်သန်းခဲ့ရတဲ့ မြန်မာ့နိုင်ငံရေးခရီး၊ လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဘဝ နှင့် မြန်မာ့နိုင်ငံရေးအခြေအနေများကို ဆွေးနွေးမေးမြန်းထားပါတယ်။


ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ HIV/AIDS ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ပေးသူ၊ အဲဒီကနေတဆင့် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေတဲ့ ဒေါ်ဖြူဖြူသင်း ကို သြဂုတ်လအစောပိုင်းက နေပြည်တော်မှာ ဗွီအိုအေ က သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ သူဖြတ်သန်းခဲ့ရတဲ့ခရီးစဉ်ကို ဒေါ်ဖြူဖြူသင်း က အခုလို ရှင်းပြပါတယ်။