စစ်တိုက်တယ်ဆိုတာ လူထုထောက်ခံမှုရှိဖို့ လိုတယ်
ဝါးခယ်မကိုရောက်တော့ ပါတီကော်မတီဝင်တွေ၊ တပ်မှူးတွေက အဖိုးကိုကြည့်ပြီး …
“တို့ဆရာကြီး မျက်နှာမကောင်းပါလား။ ဘာဖြစ်တာလဲ”
အဖိုးရဲဘော်တွေက …
“မင်းတို့ မသိချင်နဲ့။ တို့လူတွေ ကျကျန်ခဲ့တာ တယောက်မှ ပြန်မကောက်နိုင်လို့ စိတ်ဆိုးနေတာ။ ဒီအဖိုးကြီး စိတ်ဆိုးလို့ မျက်ရည်နေတာ” လို့ ပြန်ပြောပြတယ်။
ဝါးခယ်မမြို့နယ်ကိုရောက်တော့ ဗိုလ်မှူးကွယ်ကော်ကို အဖိုးက မှာတယ်။ သူက ဝါးခယ်မနယ်မှာ ရှိတာကိုး။
“ကွယ်ကော်ကို သွားခေါ်စမ်း။ ငါရောက်လာပြီလို့၊ အခု ချက်ချင်းလာခဲ့လို့ ငါမှာတယ်လို့ ပြောလိုက်”
သူနေတဲ့နေရာက အဖိုးတို့ဆီကသွားရင် ၂ နာရီ ၃ နာရီလောက် ကွာတယ်။
ကွယ်ကော် ချက်ချင်းပဲ အဖိုးဆီကို ရောက်ချလာတယ်။
“ကျနော် ရောက်လာပြီ” ဆိုပြီး သူ သတင်းပို့ပြီးတော့ ထမင်းတွေ ဘာတွေ စားတယ်။
နောက် သူက အဖိုးကို မေးတယ်။
“ကျနော် ဘာလုပ်ပေးရမလဲ”
“မင်းတို့တပ် အဆင်သင့် ရှိရဲ့လား”
“ရှိပါတယ်”
“တို့လူတွေ လမ်းမှာ အထိနာခဲ့တယ်။ တို့ ပြန်တိုက်ရမယ်ကွ။ ရန်သူအခြေအနေ ဘယ်လိုရှိတယ်။ ဘယ်လို သွားလာလှုပ်ရှားနေတယ်ဆိုတာ မင်းလေ့လာ။ သူတို့ ဘယ်နေရာမှာ အားကောင်းလဲ။ ဘယ်နေရာမှာ အားနည်းလဲ။ ဘယ်လိုနေရာတွေမှာ ချောင်နေလဲ။ ဒီတာဝန်ကို မင်းယူ။ တပတ်အတွင်း ငါ့ဆီ သတင်းပြန်ပို့”
“စိတ်ချပါ”