Tuesday, May 29, 2012

ပန်းတိုင် ရောက်ပြီလား ... (အုပ်စိုးနိုင်)


“ကိုယ့်ကိုယ်ကို ဒီမိုကရေစီလိုလားသူများ၊ ဒီမိုကရက်တစ်များဟု ယုံကြည်နေကြသူတွေထဲက အတော်လေး ခပ်များများဟာ အခြားသူတွေရဲ့ယုံကြည်မှုနှင့် ရွေးချယ်မှုများကို မလေးစားတတ်ကြ၊ ညှိနှိုင်းအဖြေရှာသောနည်းများကို မယုံကြည်တတ်ကြ၊ ကိုယ့်ယုံကြည်မှုနှင့် ဆန့်ကျင်နေလျှင် ကိုယ့်အချင်းချင်းပင်ဖြစ်စေကာမူ ရန်ဘက်အသွင် သဘောထားကာ ပြင်းပြင်းထန်ထန် နှိပ်ကွပ်ချေမှုန်းပစ်ချင်တတ်ကြတာမို့ ...” 

We are heading towards heaven or the other way around.

(ချားလ်စ်ဒစ်ကင်)

တကယ်တော့ ကျနော်တို့အားလုံး အကောင်းဘက်ကို ဦးတည်နေတယ်လို့ အပြုသဘောဆောင်စွာဆိုနိုင်ကြပေမယ့် ဘာမဆို အချိန်မရွေး ပြောင်းသွားနိုင်သေးတယ်ဆိုတာကိုလည်း မမေ့မလျော့ကြဖို့ လိုပါတယ်။

Transition အကူးအပြောင်းကာလတိုင်းဟာ စိန်ခေါ်မှုပေါင်းစုံနဲ့ ရင်ဆိုင်ရတတ်တာတော့ သဘာဝပါပဲ။

အခြေခံအားဖြင့်တော့ ပါတီစုံရွေးကောက်ပွဲကို အခြေခံတဲ့စနစ်တခုကတော့ ရှိနေပြီ။ ဒါပေမယ့် ဒီမိုကရေစီစနစ်ရဲ့ အခြေခံအုတ်မြစ်တွေကတော့ အခိုင်အခံ့မဟုတ်သေးဘူးဆိုတာလည်း သိသာထင်ရှားနေတုန်းပဲ။ လွတ်လပ်စွာ ပြောရေးဆိုခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ လွတ်လပ်စွာ စီးပွားရှာခွင့်၊ လွတ်လပ်စွာ တရားစီရင်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ဆိုတဲ့ အခြေခံ ဒီမိုကရေစီမှတ်ကျောက်တွေနဲ့သာ တိုင်းလိုက်ရင်တော့ ရွှေပြည်တော် နည်းနည်းတော့ မျှော်တိုင်းဝေးနေသေးတာကို တွေ့ကြရမှာပါ။


Revolution လို အလျင်အမြန် တဟုန်ထိုးပြောင်းတဲ့ အခြေအနေမျိုးဖြစ်ဖို့ ခက်ခဲသွားတဲ့နောက်မှာ Evolution လို့ ခေါ်တဲ့ တဖြည်းဖြည်းချင်းပြောင်းတဲ့ဖြစ်စဉ်ကို ကြိုက်၍ဖြစ်စေ၊ မကြိုက်ဘဲနှင့်ဖြစ်စေ လက်ခံလိုက်ကြရတယ်။ ဒီတော့ အားလုံးကိုယ်စီက ကိုယ်လိုချင်တာတွေအားလုံးကို ချက်ချင်းရဖို့ ချက်ချင်း မျက်ဝါးထင်ထင်မြင်ရဖို့ဆိုတာ မလွယ်ကူလောက်သေးမှန်း အသိအမှတ်ပြုနေရတဲ့ အခြေအနေမျိုးကို ရောက်လာခဲ့တယ်။ တကယ်တမ်းမှာလည်း လွတ်လပ်ရေးရပြီးကတည်းက နှစ်ရှည်လများ သန္ဓေတည်ရာက ရင့်မှည့်လာခဲ့ရတဲ့ ပြဿနာပေါင်းစုံကို ရက်ပိုင်း လပိုင်းအတွင်း အားလုံးကုန်စင်အောင် ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်သလို စိတ်ရှည် သည်းခံမှု၊ အပြန်အလှန်လေးစားမှုနဲ့ သွေးစည်းညီညွတ်မှုတွေကသာ အခက်အခဲပေါင်းစုံကို ကျော်လွှားနိုင်လိမ့်မယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ကြဖို့လည်း လိုပါတယ်။

တကယ်တော့ ဘက်နှစ်ဖက်စလုံးရဲ့ အခက်အခဲဆုံးဆိုတဲ့ အခြေအနေက အခုမှစတာလို့ ပြောရမှာပါ။

The truth is that democracy is a very difficult system to work, because it involves the harmonizing of many wills, whereas dictatorship is an easy system to work, since it involves the forcible subjection of all wills to one.

ဒါဟာ ကျနော်တို့နိုင်ငံသား နိုင်ငံ့ဂုဏ်ဆောင်ပုဂ္ဂိုလ်ကြီးဦးသန့်က ဟောပြောပွဲတခုမှာ ပြောခဲ့တဲ့ ကောက်နှုတ်ချက်အချို့ပါ။

ဟုတ်ပါတယ်။ တကယ်တမ်းမှာလည်း ဒီမိုကရစီစနစ်ကို ဖော်ဆောင်ရတယ်ဆိုတာ လွယ်ကူလှတာ မဟုတ်ပါဘူး၊ မတူကွဲပြား ခြားနားနေကြတဲ့ တိုင်းသူပြည်သားတွေအားလုံးရဲ့ ဆန္ဒတွေ သဘောထားတွေကို ညှိနှိုင်းပြီးတော့ ဆောင်ရွက်နေကြရတာမို့ပါ။

အာဏာရှင်စနစ်ကတော့ ဒီမိုကရစီစနစ်လောက် လက်ဝင်တဲ့စနစ်မျိုး မဟုတ်ပါဘူး၊ အာဏာရှင်တဦးတယောက်ရဲ့ဆန္ဒနဲ့ လိုအင်တွေကိုသာ ဦးတည်ဆောင်ရွက်ရတာတွေဖြစ်တဲ့အတွက် ဘယ်သူနဲ့မှလည်း ညှိနှိုင်းနေရတာမျိုး၊ ဆွေးနွေးနေရတာမျိုးလည်း မရှိဘူး၊ ဒါလုပ်ဆိုရင် လုပ်လိုက်ကြတာပဲ။ စနစ်ကသာ မကောင်းတာ၊ သိပ်လွယ်တယ်။

ဒါပေမယ့် အထက်မှာဆိုခဲ့သလိုပါပဲ၊ ဘက်နှစ်ဖက်စလုံးရဲ့ အခက်အခဲဆုံးဆိုတဲ့ အခြေအနေက အခုမှ စ,တာလို့ ဆိုရမှာပါပဲ။

ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ အလေ့အကျင့်တွေကနေ အားလုံးရဲ့မတူခြားနားတဲ့ ဆန္ဒတွေနဲ့ တချိန်လုံး ညှိနှိုင်းဆောင်ရွက်နေရတဲ့ အခြေအနေမျိုးဟာ စစ်ခေါင်းဆောင်တွေအတွက်ကတော့ တကယ့်ကိုကြီးမားတဲ့ စိမ်ခေါ်မှုနဲ့ အခက်အခဲပါပဲ။ ဒီမိုကရေစီဟာ သူတို့အတွက်တော့ ဆေးခါးကြီးပါပဲ။ တိုင်းပြည်ရဲ့ အနာဂတ် ကျန်းမာရေးအတွက်သာ ဇွတ်အတင်းမြိုချနေရပုံပါပဲ။

အခြားတဖက်ကိုလည်း ကြည့်ကြရအောင်။

ရုတ်တရက်ကြည့်ရင်တော့ ဒီမိုကရက်တစ်အင်အားစုများလို့ ခေါ်ဆိုခံရတဲ့ဘက်ဟာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းရာမှာ အခက်အခဲမရှိနိုင်လောက်ဘူးလို့ ယူဆယုံကြည်ကြစရာပါ။

ဒါပေမယ့် ကိုယ့်ကိုယ်ကို ဒီမိုကရေစီလိုလားသူများ၊ ဒီမိုကရက်တစ်များဟု ယုံကြည်နေကြသူတွေထဲက အတော်လေး ခပ်များများဟာ အခြားသူတွေရဲ့ယုံကြည်မှုနှင့် ရွေးချယ်မှုများကို မလေးစားတတ်ကြ၊ ညှိနှိုင်းအဖြေရှာသောနည်းများကို မယုံကြည်တတ်ကြ၊ ကိုယ့်ယုံကြည်မှုနှင့် ဆန့်ကျင်နေလျှင် ကိုယ့်အချင်းချင်းပင်ဖြစ်စေကာမူ ရန်ဘက်အသွင် သဘောထားကာ ပြင်းပြင်းထန်ထန် နှိပ်ကွပ်ချေမှုန်းပစ်ချင်တတ်ကြတာမို့ ဒီအကူးအပြောင်းကာလဟာ ဒီမိုကရက်တွေရဲ့ အင်ပါယာထဲမှာလည်း စိန်ခေါ်မှုအကြီးကြီးပါပဲ။

စစ်အာဏာရှင်နဲ့ စေ့စပ်ညှိနှိုင်းရတာထက် ကိုယ့်အင်အားစုအတွင်းမှာ စေ့စပ်ညှိနှိုင်းရတဲ့အခြေအနေက ပိုပြီးလည်းများ၊ ပိုပြီးလည်း ရှုတ်ထွေးနေကြပုံပါပဲ။ ဘက်နှစ်ဖက်စလုံးဟာ တဖက်နှင့်တဖက်လည်း ညှိနေကြရတဲ့အပြင် ကိုယ့်ဘက်အခြမ်းက အတွင်းပြဿနာတွေကိုလည်း ကျိတ်ပြီးရှင်းနေကြရတဲ့ပုံမျိုးပေါက်နေပါတယ်။ ဒါကြောင့် ခုမှ ပိုပြီးခက်လာတာလို့ ဆိုနေရတာပါ။

စစ်အုပ်စုဝင်ဟောင်းတွေကတော့ စည်းကမ်းရှိသော ဒီမိုကရေစီဆိုပြီး တဖွဖွရေရွတ်နေကြပါတယ်။ ဘယ်လောက် အတိုင်းအတာအထိ ကျင့်သုံးခွင့်ရမယ့် ဒီမိုကရေစီမျိုးလေလဲ။

ယေဘုယျအားဖြင့် ဒီမိုကရေစီနိုင်ငံတွေလို့ဆိုနေကြပေမယ့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျင့်သုံးနေကြတဲ့ ဒီမိုကရေစီစံနှုန်းတွေကို လေ့လာကြည့်လိုက်ရင် ဒီဂရီ အပျော့အပြင်း ကွာခြားတတ်ကြတာကို တွေ့ကြရမှာပါ၊ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေမှာလည်း ဒီလိုပါပဲ။ ဒီတော့ မြန်မာပြည်က ဘယ်လိုပုံစံမျိုးကို မျှော်လင့်ထားလဲ၊ ဘယ်လိုဒီမိုကရေစီမျိုးလဲ၊ ဒါကို တဖြည်းဖြည်းနဲ့ သဲကွဲအောင်လုပ်ကြရလိမ့်မယ်။

တကယ်တော့ လူအတော်များများဟာ ကောင်းလာပြီ ကောင်းလာပြီဆိုပြီး ကျေနပ်နေကြတယ်။ တို့လိုချင်တာတွေနဲ့ နီးလာပြီ နီးလာပြီဆိုပြီး အားရဝမ်းသာဖြစ်နေကြတယ်။ ဒါဟာ လူထုရဲ့အောင်ပွဲအစစ်ကို မရောက်သေးဘူးဆိုတာကို မေ့နေကြပြန်တယ်။ ဒီလိုမြင်ကွင်းမျိုးတွေကို ရှစ်လေးလုံးလွန်ကာစ, ကာလတွေမှာလည်း တွေ့ခဲ့ဖူးတယ်။

ဘုံညီညွတ်ရေးထက် တဦးချင်း၊ တဖွဲ့ချင်း လုပ်လို့ရတဲ့အချိန်ရောက်ပြီလို့ ထင်ခဲ့ကြတယ်။ ခေတ်ဟောင်းတုန်းက အပြန်အလှန်တင်ခဲ့ကြတဲ့ အငြိုးအတေး အာဃာတတွေကို ပြန်ဆိုတေးလုပ်ခဲ့ကြတယ်။ ဘုံရန်သူပျောက်ပြီး ကိုယ့်အချင်းချင်းတွေလည်း ပြိုင်လိုက်ကြတာမှ ဝက်ဝက်ကွဲပဲ။ ရန်သူ မရှိတော့ဘူး၊ တို့နိုင်လိုက်ပြီလို့ ထင်ခဲ့ကြတာကိုး။ ဒီမိုကရေစီခေတ်မှာ ရန်သူ မရှိဘူး၊ ပြိုင်သူပဲရှိတယ်လို့ဆိုကြတာကို ငြင်းစရာမရှိပါဘူး။ ဒါပေမယ့် တကယ်ပဲ ဒီမိုကရေစီခေတ်ကို ရောက်နေပြီလား။

ဗိုလ်ချုပ်အောင်ဆန်းက ကိုယ့်လူတွေ ပန်းတိုင်မရောက်ခင် တက်ထောင်ကြတာကို ဝေဖန်ခဲ့ဖူးသလို၊ လွတ်လပ်ရေးကို လိုသလို အဓိပ္ပာယ်ဖွင့်ပြီး လမ်းမပေါ်မှာ ဆေးရိုးလှမ်းကြတာကိုလည်း ထောက်ပြခဲ့ဖူးတယ်။

အခုလည်း ဒီမိုကရေစီဆိုတာကို လိုသလိုအဓိပ္ပာယ်ဖွင့်ပြီး ဒီမိုကရေစီဆေးရိုးဗန်းတွေ အလုအယက် ထွက်မလာကြဖို့လည်း လိုသေးတယ်။

အကဲစမ်းဒီမိုကရေစီကို ဘာသာပြန်တာမှားသွားခဲ့ရင် သမိုင်းဘီးဟာ နောက်ပြန်လည်သွားနိုင်သေးတယ်ဆိုတာကို သတိမလစ်ကြဖို့ပါပဲ။

(တချို့အချက်အလက်တွေကို ၂၀၁၂၊ ဇန်နဝါရီလထုတ် ရနံ့သစ်မဂ္ဂဇင်းမှ ယူပါတယ်။) 


1 comment:

Anonymous said...

ဒီလိုပါပဲ။ ခုချိန်မှာ ဘာမှန်း ညာမှန်းမသိတဲ့ သူတွေလဲ ခါတော်မှီ ဆောင်းပါးလိုလို။ ပညာရှင် ဝေဖန်စာလိုလို။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရင်ကိုပဲ လူတောတိုးမယ်လို့ ထင်နေသူတွေ မနဲဘူး။ အဲ့ဒီလူတွေကို တခုပဲ ပြောချင်ပါတယ်။ သမိုင်းမှာ ငါဘာတွေ လုပ်ခဲ့သလဲ။ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာ ကိုယ်တိုင် လိပ်ပြာသန့်ရဲ့လား လို့ မေးချင်ပါတယ်။