Monday, May 28, 2012

မြကျွန်းညိုညို (ခင်ငြိမ်းသစ်)

အခုတော့ ကျမတို့ချစ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကြီးဟာ နှစ် ၉၀ ကျော်ခဲ့ပါပြီ။ ရန်ကုန်တက္ကသိုလ်ရဲ့ တချို့ အစိတ်အပိုင်းတွေကိုလည်း ရောင်းစားခံခဲ့ရပါပြီ။ နာဂစ် ဖြစ်တော့ ရန်ကုန်တက္ကသိုလ်ထဲက နှစ်ချို့ပင်တချို့ လဲပြိုကြပေမယ့် သစ်ပုတ်ပင်ကြီးကတော့ မပြိုလဲခဲ့ပါဘူး။ ဒါကြောင့်လည်း ကျမတို့ ရန်ကုန်တက္ကသိုလ်ရဲ့ အထင်ကရ အမှတ်အသားထဲမှာ သစ်ပုတ်ပင်ကြီး ပါခဲ့တာပေါ့။

ကျမ တက္ကသိုလ်အကြောင်း စပြီးစိတ်ဝင်စားမိတာက နှစ်ပတ်လည် မဂ္ဂဇင်းလေးတစောင်ကြောင့်ပါ။ ကျမ အဖေဆီမှာ ရန်ကုန်တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်းတစောင်ကို တွေ့ပါတယ်။ အဲဒီ မဂ္ဂဇင်းရဲ့ မျက်နှာဖုံးပန်းချီက တော်တော် ထူးခြားပါတယ်။ အရောင်မှိုင်းမှိုင်းတွေနဲ့ အရောင်တောက်တောက်တွေကို ရောစပ်ပြီး သရုပ်ဖော်ထားပါတယ်။ မျက်နှာဖုံးမှာ ထင်ရှားတာက သစ်ပုတ်ပင်ကြီးပါ။ အဲဒီသစ်ပုတ်ပင်ကို သေချာကြည့်ရင် လက်သီးဆုပ်ထားတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။ စာအုပ်ကို ဘယ်ဘက် ညာဘက် စောင်းကြည့်လိုက်ရင် အုတ်ဂူလိုပုံစံမျိုး၊ လူတွေ လဲကျနေပုံမျိုး၊ စစ်သားတွေက လှံစွပ်တွေနဲ့ ထိုးနေတဲ့ ပုံစံ၊ သေနတ်နဲ့ ပစ်နေပုံတွေကိုလည်း တွေ့ရပါတယ်။


ကျမ ဦးလေးဆီရောက်တော့လည်း အဲဒီမဂ္ဂဇင်းကိုပဲ သေသေချာချာ သိမ်းထားတာကို တွေ့ရပါသေးတယ်။ လူတွေရဲ့ ပါးစပ်ဖျားမှာလည်း အဲဒီမဂ္ဂဇင်းကိုလိုက်ရှာပြီး သိမ်းနေတယ်ဆိုတာမျိုးတွေကိုလည်း ကြားရပါသေးတယ်။ အဲဒါကြောင့် ကျမလည်း အရမ်းစိတ်ဝင်စားလာပြီး အဖေ့ကို မေးကြည့်မိပါတယ်။ ဘာဖြစ်လို့ ဒီပုံတွေဆွဲရတာလဲဆိုတာ ကျမ သိချင်လာပါတယ်။ ကျမ အဖေက ပြောပြတာက ဦးသန့်က သူ မသေဆုံးခင်မှာ မိသားစုတွေကိုမှာခဲ့တယ်တဲ့ သူဆုံးသွားရင် မြန်မာပြည်မှာပဲ သူ့ကို သင်္ဂြိုဟ်ဖို့။ ဒါကြောင့် နိုင်ငံတကာမှာ ဦးသန့်ကို ဂူဗိမာန်နဲ့ အကောင်းဆုံး သင်္ဂြိုဟ်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်တွေကို ငြင်းပယ်လိုက်ပြီး ရုပ်ကလာပ်ကို မြန်မာနိုင်ငံအထိ ပြန်လည် သယ်ဆောင်လာခဲ့ပါတယ်။ မြန်မာနိုင်ငံရောက်တော့ ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ်အုပ်စုက ဦးသန့်၏ ကျန်ရစ်သော ရုပ်အလောင်းကို ကြံတောသုဿန်မှာပဲ သင်္ဂြိုဟ်ခွင့်ပေးခဲ့ပါတယ်။

ဦးသန့်လိုလူပုဂ္ဂိုလ်မျိုးကို အခုလို မျက်နှာလွဲခဲပစ်လုပ်တဲ့အတွက် တက္ကသိုလ်ကျောင်းသားတွေက မခံမရပ်နိုင်ဖြစ်ပြီး ဦးသန့်ရဲ့ရုပ်အလောင်းကို တက္ကသိုလ်ထဲသယ်လာပြီး ယခင် သမဂ္ဂအဆောက်အဦရှိခဲ့တဲ့ မြေနေရာမှာ ဂူဗိမာန်တခု တည်ဆောက်နေစဉ်မှာပဲ စစ်တပ်က အင်အားသုံးပြီး ဖြိုခွင်းခဲ့တဲ့အတွက် ကျောင်းသားတွေ သွေးမြေကျခဲ့ရပါတယ်။ ကျောင်းသားအများစုလဲ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပါတယ်။ အချိန်တွေ ရွေ့လျားသွားပေမယ့် ကျောင်းသားတွေနဲ့ ပြည်သူတွေရင်ထဲ စွဲမြဲထင်ကျန်ရစ်နေပါတယ်။ အခွင့်သာတိုင်း ပုံသဏ္ဍာန်မျိုးစုံနဲ့ ထုတ်ဖော်ပြသကြပါတယ်။

ကျမရဲ့ဦးလေး၊ အမေ့မောင်ကလည်း ဦးသန့်အရေးအခင်းမှာ ထိမ်းသိမ်းခံခဲ့ရပါတယ်။ သူတို့ကို ရေကြည်အိုင် စစ်ကြောရေးစခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ဦးလေးက သူ့ရဲ့စစ်ကြောရေး အတွေ့အကြုံတွေကိုပြောတိုင်း ဒေါသကြီးတတ်ပါတယ်။ ကျမက ၁၉၇၄ ခုနှစ်တုန်းက ၅ နှစ်သမီးမို့လို့ ဘာမှသေချာမသိပေမယ့် အဖေပြောပြလို့ ဦးသန့် အရေးအခင်းအကြောင်းကို သိခဲ့ရပါတယ်။ တဆက်တည်း ၁၉၆၂ ခု ဦးနေဝင်း အာဏာသိမ်းတော့ သမဂ္ဂအဆောက်အဦကို ဗုံးခွဲခဲ့တာ၊ တက္ကသိုလ်ကျောင်းဝင်းထဲ စက်သေနတ်တွေနဲ့ ပစ်ခတ်ပြီး ကျောင်းသားတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုကို ဖြိုခွင်းခဲ့တာ၊ အဲဒီအကြောင်းတွေကို ပြောပြခဲ့ပါတယ်။ ဒါကြောင့် ကျမရင်ထဲမှာ ရဲဝံ့တက်ကြွတဲ့ တက္ကသိုလ်ကျောင်းသားတွေကို လေးစားမြတ်နိုးခဲ့ရပါတယ်။ ကျမရဲ့ အငုံ့စိတ်ထဲမှာ တက္ကသိုလ်ရဲ့ ရင်ငွေ့ကို ခိုလှုံချင်မိပါတယ်။

ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်း ၈၃ - ၈၄ 

တဖြည်းဖြည်းအရွယ်ရောက်လာတော့ ကျမတို့ရင်ထဲမှာလည်း မဆလ အစိုးရအပေါ် မကျေမနပ် ဖြစ်တတ်လာပါတယ်။ အစိုးရရဲ့ လွဲမှားနေတဲ့ မူဝါဒတွေကြောင့် တိုင်းပြည်လည်း အဆင်းရဲဆုံးစာရင်းဝင်သွားတဲ့အချိန် ၁၉၈၇ ခုမှာ ကျမ တက္ကသိုလ် တက်ရပါတယ်။ ကျမ အမှတ်က ဘူမိဗေဒကိုမီလို့ ကျမ ဘူမိဗေဒကိုတက်ဖို့ လျောက်ခဲ့ပါတယ်။ ဒါကြောင့် ကျမ R.C (2) မှာ တက်ခွင့်ရပါတယ်။ ကျမ ကျောင်းတက်တာ တလလောက်ရှိတော့ စဉ်းစားမိတာက ကျမ ဘူမိဗေဒကို စိတ်မဝင်စားဘူးဆိုတာကိုပါပဲ။ ဒါကြောင့် ကျမစိတ်ဝင်စားတဲ့ သင်္ချာမေဂျာကို ပြောင်းလိုက်ပါတယ်။ အဲဒီတော့မှ ကျမ R.C (3) မှာ တက်ရပါတယ်။ ကျမတို့ခေတ်က ကျောင်းလခ လွတ်ငြိမ်းခွင့်၊ ပညာရေး ထောက်ပံကြေးဆိုတာတွေရှိပြီးတော့ ဘယ်ဟာကိုပဲရရ အထောက်အပံ့ ဖြစ်ပါသေးတယ်။ ဒါပေမယ့် ကျမတို့အုပ်စုထဲမှာ ကျမက ကျောင်းလခလွတ်ငြိမ်းခွင့်ရပြီး၊ အရမ်းချမ်းသာတဲ့ တမူးမြို့က မြို့နယ်ကောင်စီရဲ့သမီး သင်းမာစိုးက ပညာသင် ထောက်ပံကြေး ရပါတယ်။ အမေရော အဖေရော ဆုံးပါးသွားပြီး အမှန်တကယ် ချို့တဲ့ တဲ့ မိုးမိုးအေး ကတော့ ဘာအခွင့်အရေးမှ မရပါဘူး။

ကျမအရွယ်လေးရတော့ ကျမနှစ်သက်မိတဲ့ ဝတ္တုက ကျဉ်တုတ်ခံဝံ့ မခံဝံ့ပါ။ ဆရာမောင်သာရရေးတဲ့ အဲဒီဝတ္တုက ကျမကို စိတ်ကူးယဉ်စေခဲ့ပါတယ်။ ကျမ ပထမနှစ် စာမေးပွဲဖြေနေတုန်း စက်တင်ဘာလမှာပဲ ငွေစက္ကူ အရေးအခင်း ဖြစ်ပွားခဲ့ပါတယ်။ ကျမတို့ တိုက်ရိုက်ပါဝင်ခွင့်မရပေမယ့် အားပေးအားမြှောက်တော့ လုပ်ခဲ့ကြပါတယ်။ ငွေစက္ကူအရေးအခင်းဟာ ကျမတို့ ကျောင်းသားတွေအတွက် အချက်ပေးခေါင်းလောင်းသံတော့ ဖြစ်ခဲ့ပါတယ်။ အာဏာရှင်တွေလက်အောက်မှာ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေဟာ လုံခြုံမှုမရှိဘူး ဆိုတာကိုပေါ့။

ကျမ ၁၉၈၈ ခုနှစ်မှာ ဒုတိယနှစ်ကိုရောက်ပါတယ်။ မတ်လ မတိုင်ခင်တော့ ကျမဟာ သာမန်ကျောင်းသူလေးတဦးပါ။ မတ်လဟာ ကျမတို့အတွက် ထူးခြားတဲ့ အပြောင်းအလဲတခု ဖြစ်ပေါ်စေခဲ့ပါတယ်။ ၁၉၈၈ ခု မတ်လဟာ ကျောင်းသားဟောင်းတွေဖြစ်တဲ့ အဖေနဲ့ သူ့ဝန်းကျင်ကတော့ အရိုးတွေတွန်နေပြီတဲ့။ ၇၄ မျိုးဆက်တွေပြောပြတာက ဝိညာဉ်တွေ ရှင်သန်ထမြောက်လာပြန်ပြီ တဲ့။ ကျမတို့ကတော့ ကျောင်းသားသွေးတွေအတွက် အာဏာရှင်တွေကို တိုက်ထုတ်ပစ်ချင်နေတာပါ။

ဒီလိုနဲ့ ကျမချစ်တဲ့ တက္ကသိုလ်နဲ့ ၃ နှစ်နီးပါး ခွဲခွာနေခဲ့ရပါတယ်။ ကျောင်းတွေပြန်ဖွင့်မယ်ဆိုတော့ ကျမတို့တတွေ ဝန်ခံလက်မှတ် ထိုးရပါတယ်။ တချို့က မထိုးဘူး တဲ့။ ဘယ်လိုပဲဖြစ်ပါစေ ကျမကတော့ ကျောင်းတွေ ဖွင့်စေချင်တာပါပဲ။ အဲဒီ အချိန်က ကျမဖတ်မိတဲ့ ကဗျာလေးတပုဒ်က

“စောင်းကို ချစ်တယ်။ ကျောင်းကိုလည်း ချစ်တယ်။ ပြီးတော့ ဒေါင်းကိုလည်း ချစ်တယ် တဲ့”

ကျမ အဲဒီကဗျာလေးကို အရမ်းကြိုက်တယ်၊ ကျမ ခံစားချက်နဲ့ တူနေလို့ပါ။ ကျောင်းတွေဖွင့်တော့ ကျမ သူငယ်ချင်းတွေက ကျမကို သတိပေးပါတယ်။ နင် နိုင်ငံရေးမလုပ်ပါနဲ့လား တဲ့။ ဒါပေမယ့် ကျမအတွေးက ဒီလိုအချိန်မှာမှ ကျမနိုင်ငံရေး မလုပ်ဘူးဆိုရင် တာဝန်မဲ့ရာကျမှာ စိုးရိမ်နေတာရော၊ ကျမရဲ့ရဲဘော်တွေ ထောင်ထဲမှာ ရောက်နေကြတာရောကြောင့် ကျမ နိုင်ငံရေး ဆက်လုပ်မှာလို့ ပြန်ပြောလိုက်တယ်။ သူတို့နဲ့ ကျမ အရာရာကွာဟသွားခဲ့ပါတယ်။

ဒါပေမယ့် ကျမအတွက် ရဲဘော်ရဲဘက် သူငယ်ချင်းအသစ်တွေ ရခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်ရောက်တော့ ကျမ သူငယ်ချင်း မိုးမြတ်သူတို့ ထောင်ကနေလွတ်လာပါတယ်။ မိုးမြတ်သူ၊ ကိုမောင်မောင်ဦး၊ ရီရီ၊ ကျမ၊ အေးမိုး (ဆူး လေ) တို့က ကျောင်းထဲမှာ အမြဲလိုလို ဆုံနေကြပါ။ ကျမ၊ ရီရီ၊ အေးမိုး တို့ကို ရည်းစားမရှိလို့ သူတို့က အမြဲ နောက်ပြောင်တတ်ပါတယ်။

တရက်တော့ မိုးမြတ်သူက ကျမတို့ကို မေးပါတယ်။ နင်တို့ကို ကံ့ကော်ပန်းပေးမယ့်သူ မရှိဘူးမို့လားတဲ့။ အေးမိုး က “ဟဲ့ ငါတို့က မယူတာ ပေးချင်တဲ့လူတွေရှိတယ် တဲ့။” ကျမတို့တွေက အမြဲတမ်း စကားကို အနိုင့်အထက် ပြောနေကြပါ။ မိုးမြတ်သူ က “ဒါပေါ့ နင်တို့ဂုဏ်မငယ်ရအောင် ငါ နင်တို့ကို ကံ့ကော်ပန်းလိုက်ပေးမယ်လေ တဲ့”။

နောက် ၂ ရက်လောက်ကြာတော့ ကျမ၊ ရီရီ၊ အေးမိုး တို့ စာသင်ခန်းကထွက်ပြီး အဓိပတိလမ်းကိုလျှောက်လာတော့ မိုးမြတ်သူက နောက်ကနေ ကံ့ကော်ကိုင်းခြောက်ကြီးကို လက်ထဲမှာကိုင်ပြီး ပိုလီယိုဖြစ်နေတဲ့ ကောင်လေးပုံစံနဲ့ ခြေထောက်ကို ထော့နင်းထော့နင်းလုပ်ပြီး ကျမတို့နောက်က လိုက်လာပါတယ်။ မိုးမြတ်သူက ရုပ်လေး သနားကမားနဲ့ အဲဒီလိုပုံစံမျိုးလုပ်နေတော့ တခြား ကျောင်းသားကျောင်းသူတွေက ကျမတို့ ၃ ယောက်ကို ဝိုင်းကြည့်ကြပါတယ်။ အဲဒီတုန်းကတော့ ကျမတို့တွေရဲ့ လွတ်လပ်ပေါ့ပါးစွာ ရယ်မောခဲ့ရတဲ့ အချိန်တွေပဲပေါ့။

ညနေပိုင်းကြရင်တော့ ကျမတို့အုပ်စုလိုက် အင်းယားကန်ဘောင်က ဘူးသီးကျော်ဆိုင်မှာ ဘူးသီးကျော်စားရင်း ငြင်းကြ ခုန်ကြနဲ့ ပျော်စရာကောင်းခဲ့ပါတယ်။ ဒီလိုနဲ့ ကျမတို့အုပ်စုက လုပ်စရာရှိရင်လည်း မညည်းမညူ ဝိုင်းလုပ်ကြလို့ အကျိုးရှိတာရော၊ တခါတရံ သဘောထားတွေ မတိုက်ဆိုင်လို့ ရန်ဖြစ်ကြတာရောပေါ့လေ။

၁၉၉၄ မှာတော့ ကျမ ကျောင်းပြီးသွားခဲ့ပါတယ်။ ကျမလိုချင်တဲ့ မဟာသိပ္ပံဘွဲ့ရဖို့ ကျောင်းဆက်တက်ချင်တဲ့ ဆန္ဒတွေလည်း ရှိနေပါတယ်။ ၁၉၉၅ ခုနှစ်မှာလည်း တက္ကသိုလ်ကြီး စိန်ရတုပွဲကြီး လုပ်ကြမှာပါ။ ကျမတို့ သူငယ်ချင်းတသိုက် ဘယ်လိုဆင်နွှဲကြရင်ကောင်းမလဲဆိုပြီး တိုင်ပင်ဆွေးနွေးကြရတာလဲ မမောနိုင်ပါဘူး။ ကိုမောင်မောင်ဦးနဲ့ ကိုဂီးက ပို့စကဒ်လုပ်ဖို့ စဉ်းစားကြပါတယ်။ ကျမကတော့ မဂ္ဂဇင်းစာအုပ်ထုတ်ဖို့ တိုက်တွန်းမိပါတယ်။ မဂ္ဂဇင်းစာအုပ်ထုတ်ဖြစ်ရင် ကျမလည်း ကလောင်သွေးတဲ့အနေနဲ့ ဝင်ရေးဖို့ စဉ်းစားထားပါတယ်။ ဒါပေမယ့် ကျမတို့ မျှော်လင့်ချက်တွေ ဖြစ်မလာခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ၁၉၉၅ ဖေဖော်ဝါရီလမှာပဲ ကျမနဲ့ အေးမိုး ထိန်းသိမ်းခံခဲ့ရလို့ပါပဲ။ ဒါကြောင့် ကျမတို့ချစ်တဲ့ တက္ကသိုလ်ကြီးနဲ့ နှစ်ရှည်လများ ခွဲခွာခဲ့ရပါတယ်။

ကျမ ထောင်ကလွတ်တဲ့ ၂၀၀၁ ခုနှစ်မှာ ကျမ ဘွဲ့လက်မှတ်သွားထုတ်ပါတယ်။ ကျောင်းကြီးက ခြောက်ကပ် တိတ်ဆိတ်နေပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ စာသင်ခန်းတွေဟာ ပိုးမျှင်တွေ၊ ပင့်ကူအိမ်တွေနဲ့ပါ။ အာဏာရှင်တွေက ကျောင်းသားလူငယ်တွေ စုဝေးပြီး ပညာသင်ကြားမှာကို ကြောက်ရွံ့နေပါတယ်။ ဒါကြောင့် သမိုင်းအဆက်ဆက် တော်လှန်ရေးနဲ့ ရင့်ကျက်ခဲ့တဲ့ ကျောင်းတော်ကြီးကို သုတ်သင်ခဲ့တာပေါ့။ ဒါပေမယ့် သမိုင်းဆိုတာကို အဲလိုနည်းနဲ့ ညှိုးမှိန်အောင်လုပ်လို့ မရပါဘူး။ သမဂ္ဂကြီးကို ဖြိုဖျက်လိုက်ပေမယ့် မပျက်ယွင်းတဲ့ သမဂ္ဂစိတ်ဓာတ်နဲ့ တက္ကသိုလ်မှာရေးခဲ့တဲ့ ခေတ်အဆက်ဆက် ဆန့်ကျင်တော်လှန်မှုတွေကတော့ ထင်ကျန်ရစ်နေဦးမှာပါ။ ။


 

No comments: