Monday, May 7, 2012

ပထမတန်းစားနိုင်ငံ ပထမတန်းစားစိတ်ဓာတ် (မောင်ဝံသ)

စင်ကာပူနိုင်ငံကို ပထမကမ္ဘာထဲ ရောက်နေပြီလို့ တင်စားသုံးနှုန်းထားတာတွေကို ဖတ်လိုက်ရတယ်၊ စီးပွားရေးအရ ပထမတန်းစားနိုင်ငံထဲ ရောက်နေပြီဆိုတာ မငြင်းလိုပါဘူး။ သို့ပေမယ့် ယဉ်ကျေးမှုအဆင့်အတန်းမှာတော့ အငြင်းပွားစရာတွေ ရှိနေအုံးမယ် ထင်တယ်။

စင်ကာပူနိုင်ငံမှ The Straits Times သတင်းစာ ၂၃ ဇွန် ၂၀၁၀ နေ့ထုတ်မှာ လူထုအာဘော် အတိုလေးတစ်ပုဒ် ဖတ်လိုက်ရတယ်။ ရေးသူက စင်ကာပူ လူမျိုးတစ်ယောက်ပါ။ သူက ဘတ်စ်ကားမှတ်တိုင်တစ်ခုမှာ တန်းစီစောင့်နေရင်း ကြုံခဲ့ရတဲ့ မြင်ကွင်းလေးတစ်ခုအကြောင်း ရေးထားတာပါ။

မဟန့်တားရဲလို့ ရှက်မိသတဲ့ 

အဖိုးတန်ဝတ်စုံဝတ်ထားတဲ့ အသက်ကြီးကြီး စင်ကာပူ အမျိုးသားကြီးတစ်ယောက်ဟာ တန်းစီနေတဲ့ သူ့ရှေ့က ဖီလစ်ပီနို အမျိုးသမီး (ကလေးငယ်လေးကို ချီပိုးထားသူ) ကိုကျော်ပြီး ရှေ့တိုးသွားတယ်တဲ့။ လူချင်းတွန်းတိုက်မိသွားလို့ အမျိုးသမီးက မကျေမနပ်ပြောတဲ့အခါ အဲ့ဒီ စင်ကာပူလူကြီးက ဖီလစ်ပီနို အမျိုးသမီးကို ဒေါသတကြီး ကျိန်းမောင်းတော့တာပဲ တဲ့။ နောက်ဆုံးစကားကတော့ “နင်တို့ အလကား ဒီမှာလာရှုပ်နေတယ် ကိုယ့်တိုင်းပြည် ကိုယ်ပြန်ကြ” လို့ပြောတာ ဖြစ်တယ်တဲ့။ ဖီလစ်ပီနို အမျိုးသမီးဟာ တန်းစီတဲ့အထဲက ထွက်သွားရရှာတယ်တဲ့။


ပေးစာရေးသူက အော်ဟစ်ကြိမ်းမောင်းတဲ့ စင်ကာပူလူကြီးရဲ့ အပြုအမှုဟာ ယဉ်ကျေးတဲ့နိုင်ငံကြီးသား မပီသကြောင်း၊ ဖီလစ်ပီနိုတွေကတော့ စင်ကာပူသားတွေအပေါ် အများကြီးခံစားသွားရမှာဖြစ်ကြောင်းရေးပြီး ရိုင်းပြတဲ့ စင်ကာပူသားတွေအတွက် သူက အားနာမိနေပုံကို ဖော်ပြခဲ့တယ်။ နိဂုံးချုပ်မှာ သူရေးလိုက်တဲ့ပုံက ဒဿနဆန်တယ်။ ဘယ်လိုလဲဆိုတော့ ကျွန်တော် ပိုပြီးစိတ်မကောင်းဖြစ်ရတာကတော့ ကလေးလေးချီထားတဲ့ မိန်းမသားတစ်ယောက်ကို အဲ့ဒီလူကြီး တရားလက်လွတ် အနိုင်ထက်ကလူ ပြောဆိုနေတာကို ကျွန်တော်အပါအဝင် မည်သူကမှ ဝင်ရောက် ဟန့်တားခြင်း မပြုခဲ့ကြတာဖြစ်တယ်။ ဝင်ရောက်ဟန့်တားဖို့ မဝံရဲခဲ့ကြတာဖြစ်တယ်၊ အဲ့ဒီအတွက် ကျွန်တော်တို့ ရှက်မိတာပါတယ်လို့ ရေးထားတာပဲဗျာ။

ရှိတော့ရှိမယ် ရှားတယ် 

အဲ့ဒီပေးစာရှင်ရဲ့စိတ်ထားလေးကို သဘောကျလွန်းလို့ ကျွန်တော်က စင်ကာပူမှာအလုပ်လုပ်နေတဲ့ သမီးဆီကို (ဂျီတော့) ပြောတဲ့အခါ ဒီအကြောင်း ထည့်ပြောလိုက်တယ်။ သမီးက အဲ့ဒီတော့မှ သူ့နားမှာရှိတဲ့သတင်းစာကို ပြန်ဖတ်ကြည့်ပြီး ဘယ်လိုပြန်ပြောလဲဆိုတော့ ပေးစာရေးသူဟာ စလုံး တစ်ယောက်ဖြစ်မယ်လို့ လုံးဝ မထင်ဘူးတဲ့။ ကလေးလေးနဲ့ ဖီလစ်ပီနို အမျိုးသမီးက ပြန်ပြောလို့သိရတဲ့ သူတို့လူမျိုးတူ ဖီလစ်ပီနို တစ်ယောက်သော်လည်းကောင်း၊ အဲဒီအချိန်က တန်းစီနေတဲ့ထဲမှာရှိနေတဲ့ စလုံး မဟုတ်သူ အခြားတစ်ယောက်ယောက်သော်လည်းကောင်း ဖြစ်ရမယ်လို့ တစ်ထစ်ချ ပြောတယ်။

ဘာကြောင့်လဲဆိုတော့ သမီးရဲ့အတွေ့အကြုံအရ အဲသလို နိုင်ငံခြားက အလုပ်လာလုပ်နေသူတွေကို လူလူချင်း စာနာထောက်ထားတဲ့စိတ်နဲ့ ရှုမြင်တဲ့ စလုံးဆိုတာ ရှိတော့ရှိမယ်၊ အလွန်ရှားတယ်လို့ ပြောနိုင်လို့ပါပဲတဲ့။

စလုံးတွေအတွက် မြင့်လွန်းနေတယ် 

သတင်းစာထဲမှာပါတဲ့ ပေးစာရေးသူဟာ စင်ကာပူ မဖြစ်နိုင်ဘူးလို့ ကျွန်တော်သမီးက ယူဆတာက အဲဒီစာထဲပါတဲ့ အတွေးအခေါ်မျိုးဟာ စလုံးတွေအတွက် မြင့်လွန်းနေလို့ပါတဲ့။ မိမိရှေ့မှာ မတော်မတရားပြောဆို ပြုမှုနေတာကို မဟန့်တားဘဲ လက်ပိုက်ကြည့်နေရင် အဲ့သလိုကြည့်နေသူဟာလည်း အပစ်မကင်းဘူးဆိုတဲ့ အယူအဆဟာ တကယ့်ယဉ်ကျေးတဲ့ နိုင်ငံကြီးသားစိတ်ဓာတ်၊ လူကြီးလူကောင်းစိတ်ဓာတ်ဖြစ်တယ်လို့ နားလည်ထားကြတာကိုး။

ယဉ်ကျေးရေး လူထုလှုပ်ရှားမှု 

လွန်ခဲ့တဲ့ ၁၆ နှစ်လောက်က နယူးလိုက်အော့ဖ် မြန်မာ-အင်္ဂလိပ်သတင်းစာ (၂၉၊ ၉၊ ၁၉၉၃) မှာပါတဲ့ သတင်းဆောင်းပါးတစ်ပုဒ်ကို ကျွန်တော် ဘာသာပြန်ခဲ့ဖူးတယ်။ ခေါင်းစဉ်က ‘စင်ကာပူသားတွေ ယဉ်ကျေးလာပြီ’ တဲ့။ ကျွန်တော့်စာမူဖိုင်ထဲက ပြန်ဖတ်မိတယ်။

အဲ့ဒီ သတင်းဆောင်းပါးအရဆိုရင် စင်ကာပူခေါင်းဆောင်ကြီး လီကွမ်းယူဟာ ၁၉၇၉ ခုနှစ်ကစပြီး စင်ကာပူသားများ အပြောအဆို၊ အပြုအမူ ယဉ်ကျေးသိမ်မွေ့ရေးကို လူထုလုပ်ရှားမှုတစ်ရပ်အဖြစ် ပထမဆုံး တိုက်တွန်းဆော်သြခဲ့တယ်။ ၁၅ နှစ်ကြာမျှ လူထုလုပ်ရှားမှုအသွင်ဖြင့် အဆက်မပြတ် နိုးဆော်ကြပ်မတ်ဆောင်ရွက်လာပြီးတဲ့အခါ ၁၉၉၄ ခုနှစ်မှာတော့ အတော်ကလေး ယဉ်ကျေးသိမ်မွေ့လာကြပြီ၊ အထူးသဖြင့် လူငယ်လူရွယ်တွေဟာ အပြုအမူ၊ အပြောအဆို ယဉ်ကျေးသိမ်မွေ့လာကြပြီလို့ လီကွမ်းယူ ကိုယ်တိုင်က စင်ကာပူ စထရိတ်တိုင်းမ် သတင်းစာကို ထုတ်ဖော်ပြောဆိုသတဲ့။

ဘတ်စ်ကားစီးရာမှာ အမ်အာရ်တီ ခေါ် အမြန်ရထားစီးရာမှာ၊ စားသောက်ခန်းထဲဝင်ရာမှာ စသဖြင့် အများနဲ့ သွားလာနေတဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် လုယက်တိုးဝှေ့ နေရာဦးကြခြင်းဟာ ပင်ပန်းဆင်းရဲစရာဖြစ်တယ်လို့ လီကွမ်းယူက ပြောတယ်။

စိုးရိမ်ကြောင့်ကြလို့ အလုအယက်ဖြစ် 

လူတွေရဲ့ အမူအကျင့် ရိုင်းစိုင်းကြမ်းတမ်းခြင်းဟာ ကီယာဆုအစ်ဇင်း (Kiasuism) ဆိုတဲ့ မိမိရရှိမယ့် အခွင့်အရေး လက်လွတ်ဆုံးရှုံးရမည်ကို စိုးရိမ်ကြောင့်ကြမှု စိတ်အစွဲကြောင့်လည်း ဖြစ်နိုင်တယ်။ စင်ကာပူသားတွေဟာ ဆင်းရဲမွဲတေမှုကို ကျော်ဖြတ်ခဲ့ရစဉ်က အဲ့သလို စိုးရိမ်ကြောင့်ကြမှု စိတ်အစွဲတွေရှိခဲ့တယ်။ ဂျပန်ခေတ်နဲ့ စစ်ပြီးခေတ်တလျှောက်လုံး အဲ့သလို စိုးရိမ်ကြောင့်ကြနေခဲ့ကြရတဲ့ အတွေ့အကြုံကြောင့် အလုအယက် လုပ်တတ်ကိုင်တတ်လာခဲ့တာလို့ လီကွမ်းယူ က ဆိုပါတယ်။

ယဉ်ကျေးသိမ်မွေ့စွာ နေထိုင် ဆက်ဆံတက်ရေးမှာ ဂျပန်တွေကို အတုယူရမယ်လို့ သူက ညွှန်းဆိုတယ်။ “ပညာပေး လေ့ကျင့်မှုကြောင့် အမူအရာ အပြောအဆို ယဉ်ကျေးသိမ်မွေ့တဲ့ ဂျပန်လူ့အဖွဲ့အစည်း ပေါ်ထွက်လာတာ ဖြစ်တယ်။ သူတို့မှာ ဦးညွှတ်အလေးပြုတာတောင် ဘယ်လို ကိုယ်နေကိုယ်ထားနဲ့ မှန်မှန်ကန်ကန် အရိုအသေပေးရမယ်ဆိုတာတွေကို သင်ကြားလေ့ကျင့်ပေးတဲ့ ကျောင်းတွေရှိတယ်။ ဒါတွေကို သူ့အလိုလို တက်လာကြတာမဟုတ်ဘူး” လို့ လီကွမ်းယူ က ပြောတယ်။

ဒီအကြောင်းတွေပြန်ဖတ်ရင် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတွေနဲ့ နှိုင်းယှဉ်ကြည့်မိတယ်။ ကျွန်တော်တို့ဆီမှာလည်း ‘ကီယာဆုအစ်ဇင်း’ ဖြစ်နေကြပါသလား။ နေရာတကာမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် တစ်ကိုယ်ကောင်းဆန်တဲ့စိတ်နဲ့ သူ့ထက် ငါဦး အလုအယက်လုပ်ကြတဲ့ အကျင့်ကို ပြည်သူနီတိ ပြန်လည်ထွန်းကားအောင် ကြိုးပမ်းခြင်းဖြင့် ပြုပြင်ကြရမှာပါ။ တစ်ချိန်တည်းမှာ စင်ကာပူလိုပဲ ပထမတန်းစား စီးပွားရေးနိုင်ငံဖြစ်လာရင်ဖြင့် ပထမတန်းစား စိတ်ဓာတ်ကိုပါ မွေးလာကြရမှာပေါ့ဗျာ။

ကျွန်တော်တို့မှာ ဓာတ်ငွေ့တွေလည်း ထွက်၊ ကျွန်းတွေလည်း ထွက်၊ ရွှေတွင်း ငွေတွင်း ပယင်း ဒုတ္ထာ ရတနာတွင်းတွေကလည်း အစီအရီနဲ့ ဘာကြောင့် ပထမတန်းစားနိုင်ငံ မဖြစ်ပဲနေမလဲဗျာ။ ဖြစ်ကို ဖြစ်လာရပေမပေါ့။

မောင်ဝံသ ရဲ့ ပထမတန်းစားနိုင်ငံ ပထမတန်းစားစိတ်ဓာတ် စာအုပ်မှ ...။ 


 

No comments: