စစ်တိုက်တယ်ဆိုတာ လူထုထောက်ခံမှုရှိဖို့ လိုတယ်
ဝါးခယ်မကိုရောက်တော့ ပါတီကော်မတီဝင်တွေ၊ တပ်မှူးတွေက အဖိုးကိုကြည့်ပြီး …
“တို့ဆရာကြီး မျက်နှာမကောင်းပါလား။ ဘာဖြစ်တာလဲ”
အဖိုးရဲဘော်တွေက …
“မင်းတို့ မသိချင်နဲ့။ တို့လူတွေ ကျကျန်ခဲ့တာ တယောက်မှ ပြန်မကောက်နိုင်လို့ စိတ်ဆိုးနေတာ။ ဒီအဖိုးကြီး စိတ်ဆိုးလို့ မျက်ရည်နေတာ” လို့ ပြန်ပြောပြတယ်။
ဝါးခယ်မမြို့နယ်ကိုရောက်တော့ ဗိုလ်မှူးကွယ်ကော်ကို အဖိုးက မှာတယ်။ သူက ဝါးခယ်မနယ်မှာ ရှိတာကိုး။
“ကွယ်ကော်ကို သွားခေါ်စမ်း။ ငါရောက်လာပြီလို့၊ အခု ချက်ချင်းလာခဲ့လို့ ငါမှာတယ်လို့ ပြောလိုက်”
သူနေတဲ့နေရာက အဖိုးတို့ဆီကသွားရင် ၂ နာရီ ၃ နာရီလောက် ကွာတယ်။ ကွယ်ကော် ချက်ချင်းပဲ အဖိုးဆီကို ရောက်ချလာတယ်။
“ကျနော် ရောက်လာပြီ” ဆိုပြီး သူ သတင်းပို့ပြီးတော့ ထမင်းတွေ ဘာတွေ စားတယ်။ နောက် သူက အဖိုးကို မေးတယ်။
“ကျနော် ဘာလုပ်ပေးရမလဲ”
“မင်းတို့တပ် အဆင်သင့် ရှိရဲ့လား”
“ရှိပါတယ်”
“တို့လူတွေ လမ်းမှာ အထိနာခဲ့တယ်။ တို့ ပြန်တိုက်ရမယ်ကွ။ ရန်သူအခြေအနေ ဘယ်လိုရှိတယ်။ ဘယ်လို သွားလာလှုပ်ရှားနေတယ်ဆိုတာ မင်းလေ့လာ။ သူတို့ ဘယ်နေရာမှာ အားကောင်းလဲ။ ဘယ်နေရာမှာ အားနည်းလဲ။ ဘယ်လိုနေရာတွေမှာ ချောင်နေလဲ။ ဒီတာဝန်ကို မင်းယူ။ တပတ်အတွင်း ငါ့ဆီ သတင်းပြန်ပို့”
“စိတ်ချပါ”
နောက်တော့ သတင်းရတာပဲ။ အဖိုးတို့လူတွေကလည်း လူထုတွေထဲမှာ အမာခံတွေ ရှိတာကိုး။ သူတို့က သတင်းထောက်ပေးတယ်။ ဝါးခယ်မ အင်္ဂပတ်မှာ သူတို့ တပ်ချတာ သိပ်မများဘူး တဲ့။ တပ်တစုလောက်ပဲ ရှိတယ်။ တချို့လည်း မြို့ထဲမှာ သွားကြလာကြနဲ့ သိပ်မများဘူးတဲ့။
“အေး ဒီလိုဆိုရင် ဒီကောင်တွေကို တို့ချမယ်။ တပ်တွေ ပြင်ထား။ ငါ မှာလိုက်ရင် မင်းတို့လာခဲ့”
သူတို့က ကပ်ဝဲမှာ ရှိတယ်။ ကပ်ဝဲက ကိုင်းတောနားမှာ ရှိတယ်။
အဲဒီမှာ တပ်ရင်းမှူးရောက်လာတော့ …
“မင်းလူတွေကို ဘယ်နေရာမှာ တိုက်မယ်ဆိုတာကို မပြောနဲ့နော်။ တိုက်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေ သိတယ် မဟုတ်လား။ အဲဒါတွေကိုတော့ မင်း ကြိုရှင်းပြထား။ ပြီးတော့ ငါတို့ သဘောထားနဲ့ ခံယူချက်က မင်းသိတယ် မဟုတ်လား။ ကိုယ့်သေနတ်သံက အရင်ပေါက်ပြီဆိုရင် နိုင်ပြီလို့သာ မှတ်တယ်”
အဲဒီတိုက်မယ့်ညမှာ အဖိုးက တပ်အင်အားကို ပြန်စစ်တယ်။ တပ်ခွဲတခွဲလောက် ရှိတယ်။
တခွဲမှာ တပ်စု ၃ စု ရှိတယ်။
ည ၇ နာရီလောက်ရှိပြီ။ အဖိုးက တပ်ရင်းမှူးကို ပြောတယ်။
“မင်းတပ်တွေ ဘယ်မှာလဲ”
“ကွင်းထဲမှာ”
ရွာဘေးနားမှာ နည်းနည်းပြန်ကပ်ခိုင်းလိုက်လို့ပြောတော့ သူ့ရဲဘော်တွေ သူပြန်ခေါ်တယ်။ ရဲဘော်တွေပြန်လာတော့ တပ်ရင်းမှူးက သူ့လူတွေကို တန်းစီခိုင်းတယ်။ အဲဒီမှာ အဖိုးသွားတော့ ရဲဘော်တွေက အဖိုးကို အလေးပြုကြတယ်။ အဖိုးက သူတို့ကို ပြန်အလေးပြုတယ်။ အဲဒါလည်းပြီးရော အဖိုး စကားနည်းနည်းပြောတယ်။
“မင်းတို့အားလုံး သိထားတဲ့အတိုင်းပဲကွ။ တို့ ကရင်အမျိုးသားလွတ်လပ်ရေးဟာ ဗမာတွေဆီမှာ လက်ဝါးဖြန့်ပြီး တောင်းနေလို့ မရဘူးကွ။ တောင်းလို့မရတဲ့အတွက် အခု ငါတို့ တိုက်နေတာ။ တို့တိုက်နေတာ ကရင်တွေ လွတ်လပ်ဖို့၊ ကရင်တွေလွတ်လပ်မှ ကရင်ပြည်ရမှာ။ ဘယ်လိုလည်း မင်းတို့ တိုက်ရဲရဲ့လား”
ရဲဘော်တွေက “တိုက်ရဲတယ်” တဲ့။
သူတို့ ပြန်ဖြေတာ ညီလိုက်တာ။ ကိုယ့်တိုင်းပြည်အတွက်၊ ကိုယ့်လူမျိုးအတွက် သေပါစေ။ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် တိုက်မယ်တဲ့။
“အေး ဒါ မျိုးချစ်တွေရဲ့ သဘောတရားထဲမှာ ပါတယ်။ အဲဒီလို အတွေးအခေါ်နဲ့ အဲဒီလို စိတ်ဓာတ်ရှိထားမှသာ တို့စစ်ပွဲ နိုင်မယ်ကွ။ စစ်ပွဲနိုင်ပြီဆိုရင် တို့လွတ်လပ်ပြီ။ အဲဒီမှာ အဖိုး ပြန်စဉ်းစားတော့ တခုခုလိုနေသလိုလိုပဲ။ တို့ရဲ့ သဘောထားနဲ့ မူဝါဒတွေကို ပြည်သူလူထုတွေ သိဖို့လိုတယ်။ ဒီလို ပြည်သူတွေ သိဖို့အတွက် ရေးရမှာပဲ။ ဒါကို သတိရတော့ အဖိုးက ကျောက်သင်ပုန်းမှာ ရေးတယ်။ အဲဒီတုန်းက အဖိုးတို့က ကျောက်သင်ပုန်းကြီးတွေ သုံးတာကိုး။ သင်ပုန်းကြီးပေါ်မှာ အဖိုး ရေးတယ်။
“ကျနော်တို့ အခုလို စစ်တိုက်တာ ကျနော်တို့ ကရင်အမျိုးသားအကျိုးအတွက် သက်သက် မဟုတ်ပါဘူး။ အဖိနှိပ်ခံနေရတဲ့ လူမျိုးတိုင်း၊ လူတန်းစားတိုင်း လွတ်မြောက်ဖို့အတွက် ကျနော်တို့ လာတိုက်တာပါ။ ကျနော်တို့မှာ ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှု မရှိပါ။ လူသားတိုင်းရရှိသင့်တဲ့ မွေးရာပါ လွတ်လပ်ခွင့်ကို ပြန်ရဖို့အတွက် အခုလို လာတိုက်တာပါ။ ဒါဟာ ခင်ဗျားတို့ ကျနော်တို့ရဲ့ လွတ်လပ်ခွင့်အတွက်ပါ။ ခုနက ပြောသလို လူတိုင်းလူတိုင်းမှာ မွေးရာပါအခွင့်အရေးဆိုတာ ရှိတယ်။ အခု ကျနော်တို့ ခင်ဗျားတို့တွေ အဖိနှိပ်ခံနေရတယ်။ အသတ်အဖြတ် ခံနေရတယ်။ မလွတ်လပ်ကြဘူး။ ဒီလို မလွတ်လပ်တဲ့အတွက်ကြောင့် ကျနော်တို့ တိုက်နေရတာပါ။ အခုလို ကျနော်တို့ တိုက်နေတာလည်း ဒီနေရာတခုထဲ မဟုတ်ပါဘူး။ နေရာအနှံ့မှာ ကျနော်တို့ တိုက်နေပါတယ်။ ကျနော်တို့ကို နားလည်ပါ။ ကျနော်တို့ဟာ ကရင်တွေဖြစ်ပေမယ့် လူသားတိုင်းအပေါ် ကိုယ်ချင်းစာတဲ့ စိတ်ဓာတ်ရှိပါတယ်။ ကျနော်တို့မူထဲမှာ ကရင်အမျိုးသားတွေ လွတ်မြောက်ဖို့ပါသလို အခြားလူမျိုးတွေလည်း လွတ်မြောက်ပါစေ။ လွတ်လပ်ပါစေဆိုတဲ့ သဘောထားရှိပါတယ်”
ဒီလိုရေးပြီးတော့ အဖိုး ပြန်ဖတ်တယ်။
စာချောသွားတော့ “ဟေ့ ဒါကို လက်နှိပ်စက်နဲ့ရိုက်လိုက်။ ပြီးရင် စာလှိမ့်စက်နဲ့လှိမ့်ပြီး သွားတိုက်မယ့်ရဲဘော်တွေနဲ့ ထည့်ပေးလိုက်။ ပြည်သူတွေသိအောင် ဖြန့်ဖို့လိုတယ်”
အဲဒီညမှာ အဖိုးတို့အဖွဲ့ သွားတယ်။ ဘယ်သူက ဘယ်နေရာကို နေရမယ်။ ဘယ်နေရာမှာ ဝင်ရမယ်။ ဘယ်လိုဝိုင်းရမယ်။ အဓိကပစ်မှတ်က ဘာလဲဆိုတော့ သေသေချာချာ အကွက်ချထားတာ။ မသွားခင် တမိနစ်လာက် ဘုရားရှိခိုးကြသေးတယ်။ ရဲဘော်တွေကို အဖိုးကြည့်တယ်။ တက်တက်ကြွကြွ တယောက်နဲ့တယောက် ရိုက်ကြ၊ ပုတ်ကြနဲ့ နောက်ပြောင်နေကြသေးတယ်။
“ဟိတ်ကောင်တွေ မင်းတို့ သေသေချာချာ လုပ်ကြနော်”
ဝါးခယ်မ အင်္ဂပတ်မှာ အဖိုးတို့လူတွေဝင်ချတော့ နိုင်တယ်။ စခန်းသိမ်းလို့ရတယ်။ ရန်သူဘက်က ၅-၆ ယောက်လောက် ကျတယ်။ သေနတ်တွေ ၄-၅-၆ လက်ရတယ်။ အဲဒီအချိန်တုန်းက သုံ့ပန်းပေါ်လစီ မရှိဘူး။ သူမိ သူသတ်၊ ကိုယ်မိရင် ကိုယ်သတ်ပဲ။ တိုက်ပွဲသိမ်းပြီးတော့ အဖိုးတို့ တပ်တွေပြန်လာတယ်။
နောက်တော့ အဖိုးက အဖိုးတို့ဖြန့်ထားတဲ့ စာအပေါ်မှာ ပြည်သူလူထုတွေက ဘယ်လိုအမြင်ရှိလဲ သိချင်တယ်။ ဒီအမြင်တွေသိရဖို့အတွက် လူထုတွေထဲက အမာခံတွေကို ခေါ်ပြီး လူ ၄-၅-၆ ယောက်လောက်ကို တာဝန်ပေးလိုက်တယ်။ ဝါးခယ်မက ဧရာဝတီမြစ်ကမ်းနားမှာပဲ။ အဖိုးတို့နေတဲ့နေရာနဲ့ တနာရီလောက်မှ လှေမစီးရပဲ။ အဲဒီလူတွေ မနက်ပိုင်းထွက်သွားတာ ညနေ ၄ နာရီလောက် ပြန်ရောက်လာတယ်။
သူတို့ ပြန်ရောက်လာပြီး ပြောပြတာပေါ့။ အဖိုးတို့ကို အမြင်ကတ်တဲ့အသံတော့ တလုံးမှမကြားရဘူးတဲ့။ ‘ကောင်းတယ်။ ကောင်းတယ်’ ဆိုတဲ့သတင်းပဲ ကြားရတယ်။
‘ဒီတပ်တွေ သိပ်တော်တယ်၊ ကောင်းတယ်။ သူတို့က လူတိုင်းလွတ်လပ်ရေးအတွက် တိုက်နေတာတဲ့။ ဒီလိုတပ်မျိုးကတော့ ဘယ်နှစ်ခါ လာတိုက်တိုက်ထောက်ခံတယ် တဲ့’
အဖိုးတို့ကို ကျိန်တာ၊ ဆဲတာ မကြားရဘူးတဲ့။ လူတိုင်းလိုလိုဆီက ကြားတာက တသံထဲပဲတဲ့။ ဒီလိုသတင်းကောင်းကြားရတော့ အဖိုးလည်း ကျေနပ်တာပေါ့။ စစ်တိုက်တယ်ဆိုတာ လူထုထောက်ခံမရှိဖို့ လိုတယ် မဟုတ်လား။
ဒီသတင်းပြန်ကြားရတော့ အဖိုးက တပ်ရင်းမှူးကွယ်ကော်ကို ခေါ်တယ်။ လူထုက စာတမ်းအရ တို့ကို ထောက်ခံနေပြီ။ တို့တပ်တွေ ကောင်းကောင်းမွန်မွန်လုပ်ကြ။ လူထုက ထောက်ခံတာကို ဂုဏ်ယူရမယ်။ ဒီလို အဖိုးက ပြောပြတော့ သူလည်း ဝမ်းသာတာပေါ့။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment