မကြာသေးခင်ကာလတစ်ခုအထိ မြန်မာနိုင်ငံအကြောင်းရေးသားတဲ့ နိုင်ငံခြားသတင်းဆောင်းပါးတွေထဲမှာ နောက်ကြောင်းပြန်ဖို့ ရှိသေးသလား၊ နောက်ပြန်လှည့်ဦးမလားလို့ စောကြောဝေဖန်တာတွေ ဖတ်ရပါတယ်။ ကျွန်တော်က ပြောချင်လွန်းလို့ ဆောင်းပါးတစ်ပုဒ်ကို ‘တစ်မိန့် တစ်အာဏာစနစ် တော်ပါပြီ တန်ပါပြီ’ လို့ ခေါင်းစဉ်တပ်ပြီး ရေးလိုက်တာ ဟောင်ကောင်က နိုင်ငံရေးလေ့လာသူ ပညာရှင်တစ်ယောက်က သဘောကျလွန်းလို့ဆိုပြီး အင်္ဂလိပ်လို ဘာသာပြန်တယ်။ ပြီးတော့ သူ့မိတ်ဆွေအတော်များများဆီ အီးမေးလ်နဲ့ ဖြန့်ဝေတယ်။ ဖတ်မိသူတွေထဲက တချို့က ကျွန်တော့်ဆီ လှမ်းမေးကြတယ်။ ကျွန်တော့်ကို နောက်ကြောင်း မပြန်ဘူးဆိုတာ လောင်းရဲလားလို့ စိန်ခေါ်သူ အမျိုးသမီးတစ်ယောက်လည်း ပါတယ်။
ကျွန်တော်က အလောင်းအစား ဝါသနာမပါပေမယ့် အဲဒီ အမျိုးသမီးကို မခံချင်စိတ်နဲ့ အရင်တစ်ခါ လောင်းဖူးတယ်။ ၂၀၁၁ ဇန်နဝါရီလလောက်ကပါ။ သမ္မတ ဘယ်သူဖြစ်မလဲဆိုတာကို လောင်းခဲ့ကြတာ။ သူရော ကျွန်တော်ရော လွဲတယ်။ ခုတစ်ခါတော့ ကျွန်တော်က မလောင်းတော့ပါဘူး။ သူ့ကို လစ်ဘရယ်ဒီမိုကရေစီဆီ မလွဲမသွေ ဦးတိုက်လာခဲ့ကြတဲ့နိုင်ငံတချို့ အတွေ့အကြုံကို ရေးပို့လိုက်ပါတယ်။
အလဲအထပ် လုပ်ကြရတယ်
တောင်ကိုရီးယားနိုင်ငံဟာ အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ပတ်ချုံဟီး လက်ထက်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စတင် အရှိန်ရလာခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာ လစ်ဘရယ်ဒီမိုကရေစီ တင်းပြည့်နီးပါးရှိနေတဲ့နိုင်ငံတစ်ခု ဖြစ်နေပြီ။ စင်္ကာပူနဲ့ မလေးရှားတို့ကလည်း လီကွမ်ယုနဲ့ မဟာသီယာ မိုဟာမက်တို့နောက်ပိုင်းမှာ လစ်ဘရယ်ဒီမိုကရေစီစနစ်ဘက်ဆီသို့ တစ်စ တစ်စ ပိုမိုလျင်မြန်စွာ ချိုးကွေ့လာနေပြီ ဖြစ်တယ်။ ဗီယက်နမ်က သူ့ရဲ့စီးပွားရေး အောင်မြင်မှုကို ဆက်ထိန်းထားနိုင်ဖို့ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ်ကို မဖြစ်မနေ အလဲအထပ် လုပ်ရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံရေးသဘောတရား ဆန်းစစ်ဝေဖန်သူတွေကို မျက်စိလည်သွားစေခဲ့ဖူးတဲ့ တရုတ်နိုင်ငံကြီးဟာလည်း ပုလင်းလည်ပင်းနဲ့တူတဲ့ ‘ဒီမိုကရေစီ မွန်းကျပ်မှတ်’ နားဆီသို့ တရွေ့ရွေ့ တိုးတက်ရောက်ရှိလာနေပြီဖြစ်တာကြောင့် မကြာခင်ထွက်ပေါ်လာမယ့် မျိုးဆက်သစ်ခေါင်းဆောင်စု မဟုတ်ရင်တောင် သူတို့နောက်မှာပေါ်လာမယ့် ခေါင်းဆောင်စု တစ်စုစုဟာ စစ်မှန်တဲ့ လစ်ဘရယ်ဒီမိုကရေစီစနစ်နဲ့ နိုင်ငံ မတည်ငြိမ်မှု၊ အဲဒီနှစ်ခုထဲက တစ်ခုခုကို မဖြစ်မနေ ရွေးရတော့မယ့် အခြေအနေကို အနှေးနဲ့အမြန် ရောက်ရှိလာတော့မယ်လို့ ပညာရှင်အချို့က သုံးသပ်ပြောဆို ရေးသားနေကြတယ်ဗျ။
ပွင့်လင်းလူ့အဖွဲ့အစည်း
အဲဒီတော့ ဒီမိုကရေစီထူထောင်ရေးလမ်းကြောင်းကို ရွေးထားပြီးဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံအနေနဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် သမိုင်းအတွေ့အကြုံအရရော နိုင်ငံတကာ (အထူးသဖြင့် အာရှတန်ဖိုးလို့ တစ်ချိန်က ဝင့်ကြွားခဲ့ကြတဲ့ ဒေသတွင်း နိုင်ငံတွေရဲ့) အတွေ့အကြုံတွေအရပါ မမှိတ်မသုံ ဆက်လုပ်ဖို့ကတော့ ဒီမိုကရေစီစနစ် ဖွံ့ဖြိုးသထက် ဖွံ့ဖြိုး၊ စည်ပင်သထက် စည်ပင်လာအောင် ကြိုးပမ်းတည်ဆောက်ကြဖို့ပဲ ဖြစ်တယ်ဗျ။ အဲသလိုတည်ဆောက်တဲ့နေရာမှာ နိုင်ငံရဲ့ အပေါ်ပိုင်းအလွှာဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုတဲ့ အဓိကမဏ္ဍိုင်ကြီးသုံးရပ် တစ်ခုနဲ့တစ်ခု အပြန်အလှန် စစ်ဆေးထိန်းကျောင်းတဲ့နည်းလမ်းနဲ့ လွတ်လပ် အမှီအခိုကင်းစွာ ရပ်တည်သွားနိုင်ရေးကို တာဝန်ရှိသူတွေက လုပ်ဆောင်နေကြတဲ့ တစ်ချိန်တည်းမှာ နိုင်ငံရဲ့အောက်ပိုင်းအလွှာဖြစ်တဲ့ အခြေခံ ပြည်သူလူထုကြီးကလည်း ဒီမိုကရေစီစနစ်ရဲ့ အခြေခံအုတ်မြစ်တစ်ခုဖြစ်တဲ့ ‘ပွင့်လင်းလူ့အဖွဲ့အစည်း’ (open society) ကို အားသွန်ခွန်စိုက် တည်ဆောက်နေကြရမှာ ဖြစ်တယ်ဗျာ။
အားတက်စရာကောင်းတာကတော့ အစပိုင်းမှာ စိုးရိမ်ပူပန်မှုတွေရှိခဲ့ကြရပေမယ့် အခုအချိန်မှာ အဲဒီဖြစ်စဉ်နှစ်ခုစလုံးဟာ ဟန်ချက်ညီညီရှေ့ကို တိုးသွားနေတာကို မြင်နေရခြင်းပဲဖြစ်တယ်ဗျ။ မဏ္ဍိုင်ကြီး ၃ ရပ် အထူးသဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေးမဏ္ဍိုင်အကြား အပြန်အလှန် စစ်ဆေးထိန်းညှိမှုစနစ် တစ်နေ့တခြား ပိုမိုပီပြင်လာနေတာကို တွေ့မြင်နေရတဲ့ တစ်ချိန်တည်းမှာ ပြည်သူလူထုအတွင်း ပွင့်လင်းလူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရေး လှုပ်ရှားမှုတွေကလည်း အရှိန်ရစပြုလာနေတာကို တွေ့နေရတယ်ဗျ။
ရှစ်ဆယ့်ရှစ်တွေရဲ့ အရပ်ဘက်အဖွဲ့အစည်း
ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို တကယ်တမ်းလုပ်လာတဲ့ အချိန်ဟာ အင်မတန်မှ တိုတောင်းလှသေးပေမယ့် ဒီမိုကရေစီရဲ့ အခြေခံအင်္ဂါရပ်တစ်ခုဖြစ်တဲ့ လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းတွေ တစ်ခုပြီးတစ်ခု အပြိုင်းအရိုင်း ပေါ်ပေါက်လာနေသလို နှစ်ရှည်အကျဉ်းစံများအဖြစ်မှ ပြန်လည်လွတ်မြောက်လာခဲ့ကြတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကလည်း သူတို့ကတိအတိုင်း ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးရဲ့ သော့ချက်ကိစ္စတစ်ခုဖြစ်တဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရေးကို မရပ်မနား ကြိုးပမ်းနေကြတာ တွေ့ရလို့ ပြည်သူတွေနဲ့အတူ ကျွန်တော်တို့တွေလည်း ရွှင်လန်းဝမ်းမြောက် အားတက်မိတယ်ဗျာ။ လတ်တလော ပေါ်ပေါက်နေတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ ဆက်စပ်မှုလည်းရှိ၊ သီးခြား ကင်းလွတ်မှုလည်းရှိတဲ့ သူတို့ရဲ့ တီထွင် ဖန်တီး ဦးဆောင် အစပျိုးလုပ်ကိုင်နိုင်စွမ်းအတွက်လည်း လေးစားချီးကျူးပါတယ်ဗျာ။
ဘေးရောက်သွားတဲ့မေးခွန်း
ဒါပေမယ့် လုပ်စရာတွေကတော့ အများကြီး အများကြီးရှိနေပါသေးတယ်။ အထူးသဖြင့် ဒီမိုကရေစီဆိုတာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့ အုပ်ချုပ်မှုစနစ်ဖြစ်တဲ့အတွက် နိုင်ငံရေးရပ်ဝန်းထဲသို့ ပြည်သူအများစုကြီး ရောက်ရှိလာတာနဲ့အမျှ နောက်ကြောင်းပြန်လှည့်ဦးလေမလားဆိုတဲ့ မေးခွန်းဟာ ဘေးရောက်သွားပြီလို့ ပြောရတော့မှာ ဖြစ်ကြောင်းပါ။ ကျွန်တော်ကတော့ နောက်ကြောင်းပြန်လှည့်မှာကို လုံးဝမစိုးရိမ်ပေမယ့် ဖိလစ်ပိုင်တို့၊ ကမ္ဘောဒီးယားတို့လိုဖြစ်သွားမယ့် အလားအလာကိုတော့ ပူပန်နေမိတယ်ဗျ။ ဖိလစ်ပိုင်ဆိုရင် မစ္စက်အာကီနိုလက်ထက်ကစလို့ ဒီမိုကရေစီပီပြင်နေခဲ့တာပဲ မဟုတ်လား။ သို့ပေမယ့် သူ့နောက်ပိုင်းသမ္မတ ဘယ်နှဆက်များရှိသေးလို့လဲ။ ရုပ်ရှင်မင်းသား အက်စထရာဒါ သမ္မတ တက်ဖြစ်ပြီး လာဘ်စားမှုတွေနဲ့ ထောင်ကျတယ်။ နောက်သမ္မတတစ်ယောက် (အာရိုယို) အာဏာ အလွဲသုံးစားမှုတွေနဲ့ အရေးယူခံရတယ်။ ဒီမိုကရေစီသူငယ်နာ မစင်ရင် ဒီမိုကရေစီသူငယ်နာ မစင်ဘူးဆိုတဲ့ စကားလုံး ထွင်သုံးကြည့်ချင်တယ်ဗျာ။
ဒီမိုကရေစီသူငယ်နာ မစင်ရင်
နိုင်ငံရေးရပ်ဝန်းထဲကို ဝင်ရောက်လာတဲ့ ပြည်သူတွေကပဲ စိတ်အာရုံအစွဲနဲ့ သည်းသည်းလှုပ် ရုပ်ရှင်မင်းသားကို သမ္မတတင်မြှောက်သည်အထိ လွဲတတ်တယ်ဗျ။ သည်လိုနဲ့ တိုင်းပြည်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေတော့ ရှိနေပါရဲ့၊ သို့ပေမယ့် အရည်အချင်းပြည့်ဝတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ဆုတ်ယုတ်သွားပြီး မသူတော်တွေ ခေတ်ကောင်းချိန် ဖြစ်လာတတ်တယ်ဗျာ။
၀၄၊ ၀၅၊ ၁၂
maungwuntha@gmail.com
ပြည်သူ့ခေတ်ဂျာနယ်၊ ယခုအပတ်ထုတ်မှ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။
No comments:
Post a Comment