မနည်းကို ချော့လိုက်ရတယ်
အဖိုး ရွာကို ၂ နှစ်၊ ၃ နှစ် တခါမှ ပြန်တယ်။ တခါတလေ ၄ နှစ်ပြည့်ခါနီးပဲ။ အကြီးကောင် အောင်စိုးသိန်းဆိုရင် သူ့ကိုမွေးပြီး ၃ လအရွယ်မှာ အဖိုး ထွက်သွားတာ။ ၄ နှစ်ထဲမှာမှ အဖိုး အိမ်ကို ပြန်ရောက်တယ်။ အဖိုး အိမ်ပြန်ရောက်တော့ ဒီကောင်က သူ့အဖိုးဆီ ကပ်လိုက်၊ သူ့အဖွားဆီ ကပ်လိုက် …
“အင်း ဒီကောင်ဟာ ငါ့သားပဲဖြစ်မယ်”
ဒီကောင်က လူချော။ နောက်တော့ သူ့ အဖိုး အဖွားက ...
“ဟိုမှာ နင့်အပါး”
သူက အနား လုံးဝ အကပ်မခံဘူး။ ခေါ်လို့လည်း မရဘူး။ မိုးချုပ်တော့ အဖိုးက အိပ်ယာထဲ ဝင်အိပ်တာပေါ့။ ဒီကောင်က မသိဘူး။ သူ့အမေ သူ့ကို သေးတည်တော့မှ အဖိုးကိုတွေ့ပြီး ငိုတော့တာပဲ။
“အမိုးနားမှာ မအိပ်နဲ့။ အမိုးနားမှာ မအိပ်နဲ့”
သူ့အမေက …
“ဒါ နင့်အပါးပဲ”
“ငါ့အပါး မဟုတ်ဘူး။ ငါ့အပါး မဟုတ်ဘူး”
အော်လိုက်တာ အကျယ်ကြီးပဲ။ ခယ်မတွေကလည်း အပျိုတွေ၊ ယောက်ဖတွေကလည်း လူပျိုတွေ။ ဒီကောင်ကလည်း အော်မှ အော်ပဲ။ နောက်ဆုံးတော့ ခေါင်းအုံးနဲ့ စောင်ယူပြီး အဖိုး အပြင်မှာ ထွက်အိပ်ရတယ်။ အဲဒါမှ သူအော်တာ ရပ်သွားတယ်။ အဖေမှန်းသိအောင် တပတ်လောက် မနည်းချော့ရတယ်။ ရွာထဲက လူတွေ မေးတယ်။
“နင့်သား နင့်ကို မသိဘူးလား”
“ဘယ်သိမှာလဲ။ အော် အော်ပြီး မောင်းထုတ်နေလို့”
“နင် ဒီလိုထိမှ ကောင်းတယ်။ တခါမှ ပြန်မလာပဲ”
အဖိုးကို ဒီလို ပြောကြတယ်။ နောက်တော့ သူ့နားကို ပွတ်သီကပ်သီ လုပ်ရတယ်။ ပထမတော့ သူ့ကို မုန့်ကျွေးရင် မစားဘူး။ နောက်တော့ ကလေးက ဆော့ချင်တာကိုး။
“လာ သွားလည်မယ်”
ရွာအနောက်ဘက်ကို သွားမယ်ဆိုတော့ အဖိုး ပုခုံးပေါ်တင်ပြီး ထမ်းသွားတယ်။ သူ နည်းနည်း ယဉ်လာတာပေါ့။ နောက်တော့ သူ့အဖိုးအဖွား ဦးလေးတွေ၊ အဒေါ်တွေက …
“ဒါ နင့် အပါး။ အဲဒါ နင့်အပါး”
ဆိုပြီး ပြောပြောပေးတော့ သူ နည်းနည်းလက်ခံလာတယ်။ နောက် အဖိုး ဘယ်သွားသွား သူ့ကို ခေါ်သွားတာပေါ့။ ရွာအရှေ့ပိုင်း သွားလိုက်။ အနောက်ပိုင်း သွားလိုက်။ ရေတွေ ချိုးပေး၊ အင်္ကျီ ဘောင်းဘီလဲပေး၊ သကြားလုံးတွေ မုန့်တွေကျွေးတော့ ဒီကောင် စားလာတယ်။ အဖိုးက သူ့ကို ဖိုးခွားလို့ခေါ်ရင် သူ ကြည့်တော့ကြည့်တယ်။ မထူးဘူး။
“ငါ နင့်အပါးပါကွ” လို့ပြောရင် သူ စိုက်ကြည့်နေတယ်။ နောက်တော့မှ တဖြည်းဖြည်း သူ့နာမည်ကိုခေါ်ရင် ထူးလာတယ်။
သိလ္လာ ပိတ်ဝိုင်း စစ်ဆင်ရေး
မြစ်ဝကျွန်းပေါ် မြောင်းမြမြို့နယ် သိလ္လာမှာ ရန်သူက အဖိုးတို့ကို ပိတ်ဝိုင်းစစ်ဆင်ရေးနဲ့ သုတ်သင်ရေးလုပ်တော့ အဖိုးတို့ တိုက်ပွဲတွေဖြစ်တာ နေ့တိုင်းလိုလိုပဲ။ အဖိုးတို့ဘက်ကလည်း တိုက်တာပဲ။ ရန်သူကလည်း အကွက်စိတယ်။ လူထု တခြား၊ အဖိုးတို့ကို တခြားဖြစ်အောင်လုပ်ပြီး အကွက်ဆင် ပိတ်ဝိုင်းတာ။ တချို့လူထုတွေလည်း တော်တော် အထိနာတယ်။ ဘယ်မှထွက်လို့မရဘဲ ပိတ်မိပြီး သေကြတယ်။ အဖိုးတို့နေတာ မြောင်းမြမြို့နယ် သိလ္လာမှာပဲ။ ဒါနဲ့ တပ်တွေရော၊ ပါတီကော်မတီတွေရော အဖိုးက ခေါ်တယ်။ အဖိုးမှာ တာဝန်ရှိတာကိုး။
“ရန်သူက တို့ကို ပိတ်ဝိုင်းသုတ်သင် ရှင်းလင်းချေမှုန်းရေး စစ်ဆင်လာပြီ။ တို့ ပေါ့ပေါ့ဆဆလုပ်လို့ မရတော့ဘူး။ လူထုတွေလည်း အထိနာနေပြီ။ တို့ ဒီမှာ ဆက်နေလို့ရှိရင်တော့ တချို့ အဖမ်းခံရမယ်။ တချို့ တိုက်ပွဲဖြစ်ရင်း သေမယ်။ တချို့လည်း အညံ့ခံသွားနိုင်တယ်။ အဲဒါကြောင့် ဒီနေရာက တို့ထွက်လိုက်တာ အကောင်းဆုံးပဲ။ ငါလည်း ထွက်မယ်။ ငါထွက်မယ့်လမ်းကြောင်းကို ငါ့ဖာသာငါ ရွေးသွားမယ်။ မင်းတို့ထွက်မဲ့လမ်းကြောင်းကိုလည်း အခြေအနေပေါ် မူတည်ပြီးတော့ မင်းတို့ဖာသာ မင်းတို့ ရွေးပြီးတော့ထွက်ကြ။ ငါမှာတာကတော့ ဒီအကြောင်းပြောဖို့ပဲ။ မင်းတို့ ဘာပြောစရာ ရှိသေးလဲ”
အဖိုးတို့ တပ်ဗိုလ်တပ်မှူးတွေက ဒေသခံတွေကိုး။ တချို့က မထွက်ဘူးတဲ့။ ကျနော်တို့က ဒီမှာပဲ ဆုံးတဲ့ အထိနေမယ်။ ရန်သူလာရင် ပြန်ချမှာပဲတဲ့။ ဒါနဲ့ အဖိုးလည်း …
“အေး မင်းတို့က ဒေသခံတွေကိုးကွ။ ကောင်းတယ်”
အဲဒီမှာ အဖိုးက တပ်ရင်းမှူးကိုလည်း ခေါ်တယ်။ တပ်ရင်းမှူးနာမည်တောင် အဖိုး မေ့နေပြီ။ တပ်ရင်းမှူးကို အဖိုးက အခြေအနေကို ပြောပြတယ်။
“ငါတို့ထွက်မယ်။ မင်းတို့လည်း မနေကြနဲ့။ တပ်ကို ဦးစီးဦးဆောင်ပြီးတော့ ထွက်သင့်ရင် ထွက်၊ မထွက်သင့်ရင်လည်း နေ။ ထွက်လို့ မလွတ်ဘူးဆိုရင်လည်း ချ။ ငါလည်း ချမှာပဲ။ နေမယ်ဆိုရင် ကျစ်ကျစ်လစ်လစ် နေကြ။ လူထု ထောက်ခံမှု ရအောင်နေကြ”
အဖိုးတို့ကို လူထုတွေက တော်တော် ထောက်ခံကြတယ်။ အဲဒီ ထောက်ခံမှုစံတွေကို မလျှော့စေနဲ့။ ထိန်းထား။ အဖိုးက ဒီလိုမှာတယ်။ အဲဒီအချိန်က အဖိုးရဲ့တာဝန်က ဗိုလ်မှူးချုပ်ကိုး။
“မင်းတို့ ဘာပြောစရာရှိသေးလဲ”
“ဘာမှ မရှိတော့ဘူး။ ဘာမှ မရှိဘူး”
“အေး ငါ ခရီးထွက်ရင်တော့ ငါ့ကို လမ်းတပိုင်းလောက် လိုက်ပို့ကွာ။ ငါ့မှာ လူမရှိဘူး။ တပ်စိပ်တစိပ် ၁၁ ယောက်ပဲ ရှိတယ်။ တပ်တစိပ်ဟာ လူအင်အား နည်းတယ်။ ငါ့ကို အင်အားဖြည့်ပေးအုံး။ တပ်စုနှစ်စုလောက် ထပ်ဖြည့်ရင် တော်ပြီ။ အခု တို့ထွက်ရမှာက တိုက်ပြီးတော့ထွက်ရမှာ”
ဒါနဲ့ အဖိုးတို့ တပ်အင်အားဖြည့်ပြီးတော့ မြောင်းမြမြို့နယ် သိလ္လာကနေ ဝါးခယ်မမြို့နယ်ကို ကူးကြတယ်။ လမ်းခရီးမှာ ရဲဘော်တချို့ ကျသွားတယ်။ သေတာ ၆ ယောက်လောက် ရှိတယ်။ အဖိုးတို့ ပြန်မကောက်နိုင်ဘူး။ သတင်းပေါက်သွားတာကိုး။ တော်တော် နစ်နာတယ်။ ရဲဘော်တွေကျတာ ပြန်တွေးရင် တော်တော်စိတ်မကောင်းဘူး။ အဖိုး မျက်ရည်ပေါက်ပေါက်ကျတယ်။
တိုက်ပွဲဆိုတာ ထိခိုက်ဒဏ်ရာရမယ်။ သေမယ်ဆိုတာ အဖိုးသိတယ်။ အဖိုး ပြန်သုံးသပ်ကြည့်တော့ ငါညံ့လို့ဖြစ်တာဆိုပြီး စိတ်မကောင်းဘူး။ တိုက်ပွဲဆိုတာ အရှုံးနဲ့ အနိုင်ရှိမှာပဲ။ တို့လူတွေအတွက် တို့ပြန်တိုက်ရမယ်။ ဒီလို အဖိုးက စိတ်ထဲမှာ မှတ်ထားလိုက်တယ်။
ဝါးခယ်မမြို့နယ်ကို မရောက်ခင်မှာ ဝါးခယ်မမှာရှိတဲ့ တပ်တွေ၊ ကော်မတီတွေဆီကို ရဲဘော်တယောက်လွှတ်ပြီး စာရေးအကြောင်းကြားထားတော့ သူတို့ လာကြိုတယ်။ အဖိုးတို့ ဝါးခယ်မကို ၁၉၆၉ ခုနှစ်၊ ဆောင်းအကုန် နွေအကူးကာလမှာ ရောက်တယ်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment