မတ်လ ၂ ရက်နေ့ဟာ ကျနော်တို့နိုင်ငံသမိုင်းမှာ မေ့ရက်စရာမရှိသလို ဆင်ခြင်သံဝေဂယူစရာ နေ့တနေ့အဖြစ် သမိုင်းတလျှောက်သတိပေးနေမယ့် နေ့ဖြစ်တယ်။ ပြီးတော့ မြန်မာပြည်သူတွေနဲ့ တိုင်းပြည်အတွက် ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာမရှိတဲ့ ရုပ်ဆိုးအကျည်းတန်တဲ့နေ့လည်းဖြစ်တယ်။
ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ မတ်လ ၂ ရက်နေ့ကစလို့ လက်နက်နဲ့ နိုင်ငံတော်အာဏာသိမ်းခဲ့ပြီး အာဏာရှင်စနစ်နဲ့အုပ်ချုပ်ခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေ၊ အကျိုးဆက်တွေနဲ့ အနိဌာရုံတွေအားလုံးဟာ ၅၂ နှစ်တိတိကြာမြင့်လာတဲ့ ဒီကနေ့၊ ဒီအချိန်ကာလအထိ အဆုံးမသပ်နိုင်သေးလို့ ဖြစ်ပါတယ်။ ထူးခြားတာက သမိုင်းဖြစ်စဉ်တွေဟာ တထပ်တည်းမကျပေမယ့် ဆင်တူရိုးမှားသဏ္ဍန် ပြန်လည်ပတ်တတ်တယ်ဆိုတဲ့ အဆိုအတိုင်း ဒီကနေ့ နိုင်ငံရေးအခြေအနေတချို့ဟာ လွန်ခဲ့တဲ့ ၁၉၆၂ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အနေအထားတွေနဲ့ ခပ်ဆင်ဆင်တူနေတာ တွေ့ရပါတယ်။
အကယ်၍များ မတ်လ ၂ ရက်နေ့မှာ စစ်အာဏာမသိမ်းခဲ့သလို ၁၉၆၂ ဖေဖော်ဝါရီလ ၂၄ ရက်ကနေ မတ်လ ၁ ရက်နေ့အထိ ဖယ်ဒရယ်မူနဲ့ပတ်သက်တဲ့ လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲကြီးကို အဖြေရှာ ဆုံးဖြတ်နိုင်တဲ့အထိ ကျင်းပနိုင်ခဲ့ရင် မိမိတို့နိုင်ငံဟာ တချိန်ကလို အရှေ့တောင်အာရှရဲ့ ခွန်အားအကြီးဆုံး၊ သြဇာအကောင်းဆုံး နိုင်ငံကြီးအဖြစ် ပိုနေမြဲ ကျားနေမြဲရှိနေမယ်ဆိုတာကို လက်ရှိအနေအထားများက နှိုင်းယှဉ်သက်သေပြနေပါတယ်။