Sunday, March 2, 2014

စစ်အာဏာရှင်တွေရဲ့ ဆင်ခြေ (ကိုညို)

မတ်လ ၂ ရက်နေ့ဟာ ကျနော်တို့နိုင်ငံသမိုင်းမှာ မေ့ရက်စရာမရှိသလို ဆင်ခြင်သံဝေဂယူစရာ နေ့တနေ့အဖြစ် သမိုင်းတလျှောက်သတိပေးနေမယ့် နေ့ဖြစ်တယ်။ ပြီးတော့ မြန်မာပြည်သူတွေနဲ့ တိုင်းပြည်အတွက် ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာမရှိတဲ့ ရုပ်ဆိုးအကျည်းတန်တဲ့နေ့လည်းဖြစ်တယ်။

ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ မတ်လ ၂ ရက်နေ့ကစလို့ လက်နက်နဲ့ နိုင်ငံတော်အာဏာသိမ်းခဲ့ပြီး အာဏာရှင်စနစ်နဲ့အုပ်ချုပ်ခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေ၊ အကျိုးဆက်တွေနဲ့ အနိဌာရုံတွေအားလုံးဟာ ၅၂ နှစ်တိတိကြာမြင့်လာတဲ့ ဒီကနေ့၊ ဒီအချိန်ကာလအထိ အဆုံးမသပ်နိုင်သေးလို့ ဖြစ်ပါတယ်။ ထူးခြားတာက သမိုင်းဖြစ်စဉ်တွေဟာ တထပ်တည်းမကျပေမယ့် ဆင်တူရိုးမှားသဏ္ဍန် ပြန်လည်ပတ်တတ်တယ်ဆိုတဲ့ အဆိုအတိုင်း ဒီကနေ့ နိုင်ငံရေးအခြေအနေတချို့ဟာ လွန်ခဲ့တဲ့ ၁၉၆၂ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အနေအထားတွေနဲ့ ခပ်ဆင်ဆင်တူနေတာ တွေ့ရပါတယ်။

အကယ်၍များ မတ်လ ၂ ရက်နေ့မှာ စစ်အာဏာမသိမ်းခဲ့သလို ၁၉၆၂ ဖေဖော်ဝါရီလ ၂၄ ရက်ကနေ မတ်လ ၁ ရက်နေ့အထိ ဖယ်ဒရယ်မူနဲ့ပတ်သက်တဲ့ လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲကြီးကို အဖြေရှာ ဆုံးဖြတ်နိုင်တဲ့အထိ ကျင်းပနိုင်ခဲ့ရင် မိမိတို့နိုင်ငံဟာ တချိန်ကလို အရှေ့တောင်အာရှရဲ့ ခွန်အားအကြီးဆုံး၊ သြဇာအကောင်းဆုံး နိုင်ငံကြီးအဖြစ် ပိုနေမြဲ ကျားနေမြဲရှိနေမယ်ဆိုတာကို လက်ရှိအနေအထားများက နှိုင်းယှဉ်သက်သေပြနေပါတယ်။


ကိုလိုနီတပိုင်း၊ ပဒေသရာဇ်တပိုင်းကျင့်သုံးလာခဲ့တဲ့ လွတ်မြောက်စ နိုင်ငံတွေရဲ့ ထုံးစံအတိုင်း ၁၉၄၈ လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ကြီးပါ မွေးဖွားလာတာက မငြိမ်မသက်မှုတွေနဲ့ အမျိုးသားရေးသွေးစည်းညီညွတ်မှုတွေ ပြိုကွဲခဲ့ပါတယ်။ ယနေ့ခေတ် အာဏာရှင်တပိုင်း၊ ဒီမိုကရေစီတပိုင်းကာလ ယုံကြည်မှုပျက်ပြားပြီး စည်းလုံးရေးမခိုင်မာတဲ့ အခြေအနေမျိုးနဲ့ နှိုင်းယှဉ်ကြည့်ရင် ပေါ်လွင်ပါတယ်။ ၁၉၆၂ ကာလနိုင်ငံရေးအခြေအနေကတော့ ဒီနေ့ကာလလိုပဲ တည်ငြိမ်တယ်လို့ ပြောမရပါဘူး။

ဒါပေမယ့် ဒီနေ့လောက် ကျနော်တို့အိမ်နီးချင်းနိုင်ငံကြီးနဲ့ အနောက်နဲ့ ဥရောပနိုင်ငံကြီးတွေ မြန်မာ့အရေးမှာ စီးပွားရေး၊ နိုင်ငံရေး ၊ သံတမန်အရေးထိ ထဲထဲဝင်ဝင် မကျူးလွန်သေးတာကိုတော့ သတိပြုမိပါတယ်။ ဖဆပလခေတ်က အာဏာရ ဖဆပလကိုယ်တိုင် နု-တင်၊ ဆွေ-ငြိမ်း ၂ ခြမ်းကွဲသလို ရဲဘော်ဖြူ၊ ဆိုရှယ်နီအကွဲ စတဲ့ ဝါဒရေးရာအကွဲအပြဲတွေ ရှိနေပါတယ်။ အမှန်တော့ မရင့်ကျက်သေးတဲ့ မြန်မာ့ဒီမိုကရေစီခေတ်မှာ ဆန်းတဲ့အရာမဟုတ်ပါ။ ဒီကနေ့ထိတောင် အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့ ဒီမိုကရေစီကျင့်သုံးတဲ့ တောင်အာရှအပါအဝင် အရှေ့ဥရောပမှာ အကွဲအပြဲတွေရှိနေတုန်းပါ။ သဘောထားကွဲလွဲမှုကို လက်ခံပြီး ကွဲလွဲမှုတွေထဲက ငြိမ်းချမ်းစွာအဖြေရှာမှုကသာ ဒီမိုကရေစီပီသမှုဖြစ်ပါတယ်။

၁၉၆၂ မတ်လ ၄ ရက်နေ့ အာဏာသိမ်းပြီး ၂ ရက်အကြာမှာ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းစဉ်က ဖမ်းဆီးခဲ့တဲ့ နိုင်ငံဥသျှောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ၊ နိုင်ငံရေးသမားကြီးတွေကလွဲလို့ အဖမ်းမခံရတဲ့ ပထစ၊ ဖဆပလနဲ့ ပမညတ ခေါင်းဆောင်တွေကို ဒဂုံရိပ်သာမှာတွေ့ဆုံစဉ်မှာ အာဏာသိမ်းတာနဲ့ပတ်သက်ပြီး ပြောကြားခဲ့တဲ့ အကြောင်းပြချက်ကို ဒီကနေ့ နိုင်ငံရေးအနေအထားနဲ့ နှိုင်းယှဉ်ကြည့်စေလိုပါတယ်။ “တိုင်းပြည်မှာ ကုန်ဈေးနှုန်းတက်နေတဲ့ကိစ္စ၊ တရားဥပဒေစိုးမိုးမှု ပျက်ပြားနေတဲ့ကိစ္စတွေနဲ့ ဖယ်ဒရယ်ကိစ္စတွေ အလွန်တင်းမာနေတာကြောင့် တပ်မတော်အနေနဲ့ မလွှဲသာ မရှောင်သာ တိုင်းပြည်တာဝန်ကို ထိန်းသိမ်းလိုက်ရခြင်းဖြစ်ပါတယ်” တဲ့။

ပြီးတော့ ကိုလိုနီခေတ် လွတ်လပ်ပြီးစ အာရှနဲ့ အရှေ့ဥရောပနိုင်ငံတွေမှာ ခေတ်စားနေသလို မြန်မာ့နိုင်ငံရေး အတွေးအခေါ်တွေကြားမှာ ရေပမ်းစားနေတဲ့ “ဆိုရှယ်လစ်ပန်းတိုင်ကို ချီတက်မှာ ဖြစ်တယ်” “ လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း လက်ရှိပါတီအဖွဲ့အစည်းများနဲ့ ညှိနှိုင်းရေးဆွဲမှာဖြစ်ပါတယ်” “လွတ်လပ်ရေးအတွက် အသက်ပေးခဲ့သူအချင်းချင်း တည်ဆောက်ခဲ့တဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးကြီး ပြိုကွဲပျက်ဆီးသွားတာကို သံဝေဂယူသင့်ပါတယ်၊ ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးကို ညီညွတ်စွာ ဆောင်ရွက်ပါစို့” လို့ ပြောသွားခဲ့မှုအပေါ် ထိုစဉ်က ဆိုရှယ်လစ်ကိုယုံကြည်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက ယုံကြည် အားပေး ပူးပေါင်း ပါဝင်ခဲ့ပါတယ်။

အခုလည်း ၈၈ အာဏာသိမ်း အစိုးရကနေအသွင်ပြောင်းလာတဲ့ အစိုးရအဖွဲ့က “ဒီမိုကရေစီစနစ်လမ်းကြောင်းပေါ် စပြီး လျှောက်နေပါပြီ၊ ဒီမိုကရေစီပန်းတိုင်ကို သွားမှာဖြစ်တယ်၊ စည်းကမ်းရှိသော ဒီမိုကရေစီစနစ်ကို ထူထောင်ကြပါစို့” ဆိုတဲ့ အသံလေးကြားလိုက်ရတော့ ကျနော်တို့ပြည်သူတွေဟာ စစ်အာဏာရှင်ရဲ့ ကျွန်ဇာတ်ထဲ ရှိုက်ကြီးတငင် ငိုကြွေး ကပြ အသုံးတော်ခံခဲ့ရတာကို သတိရလိုက်ပါတယ်။ တချိန်တုန်းကလိုပဲ တရားဥပဒေစိုးမိုးမှုကလည်း ပျက်ပြားဆဲ၊ ကုန်ဈေးနှုန်းတွေလည်း ခေါင်ခိုက်ဆဲ၊ တိုင်းရင်းသားအရေးနဲ့ ဖယ်ဒရယ်ကိစ္စတွေကလည်း ဈေးဆစ်လို့ကောင်းဆဲ မဟုတ်ပါလား။

၁၉၆၂ စစ်အာဏာသိမ်းပြီး တပတ်အကျော် မတ်လ ၉ ရက်နေ့မှာ တော်လှန်ရေးကောင်စီဝင် ဗိုလ်မှူးချုပ်အောင်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ “တိုင်းပြည်ကြီး ပြိုကွဲမယ့်အခြေအနေရောက်လာတော့လည်း တပ်မတော်က ထိန်းသိမ်းရတာပေါ့၊ အသံလွှင့်ရုံမှာကျင်းပခဲ့တဲ့ အမျိုးသားနှီးနှောဖလှယ်ပွဲသာပြီးရင် ဖြစ်ချင်တာဖြစ်ကုန်မှာပဲ၊ ဖယ်ဒရယ်ဆိုတာ အမျိုးသားရေးဝါဒ၊ ပြည်နယ်စိတ်ဝါဒကို အရေခြုံထားတာပဲ” လို့ ဖယ်ဒရယ်စနစ်အပေါ် အဆိုးမြင်နဲ့ ပြောသွားပါတယ်။

အမှန်က ထိုစဉ်က တိုင်းရင်းသားခေါင်းဆောင်တွေက ပြည်ထောင်စုအထဲက ခွဲထွက်ဖို့မဟုတ်ဘဲ ပြည်ထောင်စုကြီးအဖြစ် ရေရှည်တည်တံ့အောင် ဘယ်လို ပေါင်းစည်းကြမလဲဆိုတာတွေကို တင်ပြ အဆိုပြုနေကြတာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်နဲ့ ဖယ်ဒရယ်ပြည်ထောင်စုဟာ ငွေဒင်္ဂါးရဲ့ ခေါင်းနဲ့ပန်းဖြစ်တယ်။ ကျနော်တို့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာလူဦးရေ သန်းပေါင်း ၁၃၀၀ နီးပါးရှိပြီး ပြည်နယ်ပေါင်း ၂၉ ခု ရှိသလို ဘာသာစကား မတူ၊ မျိုးနွယ်ကွဲလူမျိုးစုတွေ ရာနဲ့ချီပြီးရှိပါတယ်။

ဒီမိုကရေစီစနစ်အောက်မှာ မိမိတို့ ပြည်နယ်အလိုက် မိမိတို့ဒေသဖွံ့ဖြိုးရေးကို ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိကြတယ်။ မိမိတို့ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုကိုဖော်ဆောင်ခွင့်ရှိသလို ပြည်နယ်ကာကွယ်ရေးတပ်တွေလည်း ရှိပါတယ်။

ဒီကနေ့ တိုင်းရင်သားတွေ ဒီမိုကရေစီအင်အားစုတွေ တောင်းဆိုနေတာကလည်း လွတ်လပ်ရေး၊ ခွဲထွက်ရေး မဟုတ်ကြပါဘူး၊ မိမိတို့ပြည်နယ်နဲ့ လူမျိုးတွေရဲ့ကြမ္မာကို မိမိတို့ဖာသာ စီမံနိုင်ရေးဖြစ်ပါတယ်။ ပြည်ထောင်ငယ်လေးတွေနဲ့ စုစည်းထားတဲ့ ပြည်ထောင်စုစနစ်အစစ်အမှန်ကို လိုချင်ကြသူတွေပါ။

၁၉၆၂ မတ်လ ၁ ရက် မြန်မာ့အသံမှာကျင်းပနေတဲ့ တိုင်းရင်းသားပေါင်းစုံ အမျိုးသားနှီးနှောဖလှယ်ပွဲဟာ မြန်မာ့အနာဂတ်ရေးအတွက် ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်သေးခင် စစ်အာဏာသိမ်းသွားခဲ့တာဖြစ်ပါတယ်။ ရာစုနှစ်ထက်ဝက်ကြာ အာဏာရှင်ခေတ်တလျှောက်လုံး ဖယ်ဒရယ်စနစ်ကို ပြည်ထောင်မှခွဲထွက်ရေးဆိုတဲ့ မျက်မှန်စိမ်းကြီးတပ်ပြီး မမှန်မကန်ဝါဒဖြန့်ခဲ့ကြတယ်။ ဒီကနေ့ တိုင်းရင်းသားပြည်သူတွေကရော နိုင်ငံရေးပါတီတွေကပါ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို လက်ခံနားလည်ခဲ့သလို တချိန်က စစ်ခေါင်းဆောင်တွေ အမျှော်အမြင်ရှိခဲ့ရင် တိုင်းပြည်ရဲ့ နှစ် ၅၀ ကျော် ဖြတ်သန်းကာလကို မျက်မှောက် အခြေအနေနဲ့ နှိုင်းမရတဲ့ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ မြင်တွေ့နေရမှာပါ။

ထိုစဉ်က စစ်အာဏာသိမ်းခေါင်းဆောင် အာဏာရှင်ဦးနေဝင်းက အနာဂတ်အမျှော်အမြင်မကြီးခဲ့သလို ဒီမိုကရေစီကျင့်စဉ်နဲ့ စိတ်ဓာတ်ရေးရာ မမွေးမြူနိုင်ခဲ့လို့ ကျနော်တို့တိုင်းပြည်မှာ စစ်အာဏာရှင်မျိုးဆက်တွေ တဆင့်ပြီးတဆင့် ကြီးထွားခဲ့သလို တိုင်းပြည်လည်း ချွတ်ခြုံကျခဲ့ပါတယ်။ မိမိရဲ့အမြင်တိုမှုနဲ့ စစ်အာဏာသိမ်းယူခဲ့တဲ့နေ့ကို ဖုံးကွယ်လိုတာကြောင့် မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့လို့ သတ်မှတ်ခဲ့ပါတယ်။

အမှန်တကယ်မှာ ပြည်သူအများစုက နယ်ချဲ့ကို အံတုပြီး ၁၉၃၀ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ဗြိတိသျှနယ်ချဲ့ရဲ့ ကြိုးဒဏ်ပေးလုပ်ကြံခံရတဲ့ သုပဏ္ဍိကဂဠုန်ရာဇာဘွဲ့ခံ တောင်သူလယ်သမား ခေါင်းဆောင်ကြီး ဆရာစံရဲ့မွေးနေ့ (၁၈၇၆ အောက်တိုဘာ ၂၄ ရက်) နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ချင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် လယ်သမားတွေအတွက် ခေတ်မီဘဝ အာမခံချက်မရှိခဲ့သလို လယ်လုပ်သူ လယ်ပိုင်ဆိုင်ခွင့်မရတဲ့အခြေအနေထိ ကပ်ဆိုက်ခဲ့တယ်။

အနောက်ဥရောပနိုင်ငံတွေမှာ ၁၈ ရာစုကတည်းက စက်မှုစနစ်ကိုပြောင်းလဲခဲ့ပေမယ့် ဒီကနေ့ ၂၁ ရာစုတိုင်အောင် မိမိတို့နိုင်ငံက လယ်ယာကုန်ထုတ်နည်းစနစ်ဟာ ရှေးပဒေသရာဇ်ခေတ်ပုံစံ လူနေမှုဘဝထဲ နစ်မြုတ်နေဆဲပါ။ ၁၀ ရာစု ဥရောပကျေးလက်ပြည်သူတွေရဲ့ နေအိမ်အဆောက်အဦထက် နိမ့်ကျတဲ့ပုံစံနဲ့ မြန်မာပြည်ကျေးလက်ပြည်သူတွေ နေထိုင်အသက်ရှင်နေရတယ်။ တောင်သူလယ်သမားနေ့ဆိုတာ ကြွေးကြော်သံတွေနဲ့ ချီတက်ပြီး စာတမ်းဖတ် လက်ခုပ်တီးတဲ့ အခမ်းအနားတခုလို့သာ မျိုးဆက်သစ်တွေက မှတ်ထင်ထားခဲ့ကြတယ်။

နှစ် ၅၀ ကျော် လူမွှေးလူရောင် မပြောင်နိုင်တဲ့ မြန်မာ့တောင်သူလယ်သမားတွေဟာ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းစမှာ ကိုလိုနီခေတ်ထက်ဆိုးရွားတဲ့ လယ်သိမ်း၊ မြေသိမ်း၊ အိမ်ရွှေ့၊ မြေဖျက်ဘဝတွေနဲ့ ထိပ်တိုက်ရင်ဆိုင်နေရပါတယ်။ တချိန်က စီမံကိန်းသီးနှံ၊ အထူးအထွက်နှုန်းစီမံကိန်း၊ သီးနှံအခွန်ပေးစနစ်၊ သီးစားခပြန်ပေးစနစ် ဆိုတဲ့ လယ်သမားတွေအပေါ် ဂုတ်သွေးစုတ်တဲ့ နည်းစနစ်တွေ ကျင့်သုံးခဲ့ပါတယ်။ ယနေ့ခေတ်ရောက်ပြန်တော့ စီမံကိန်းမြေ၊ ကုမ္ပဏီပိုင်မြေ၊ ဦးပိုင်မြေ၊ တပ်ပိုင်မြေ ဆိုတဲ့ ဆိုင်းဘုတ်တွေအမျိုးမျိုးတပ်၊ ရန်ကုန်တိုင်းအနီးတဝိုက်က မြေလွတ်မြေရိုင်းတွေအားလုံး ဝါးလုံးစိုက်၊ စည်းရိုးကာပြီး ဈေးကွက်ဖော်ကြတော့ ပြည်သူတွေနဲ့ လယ်သမားတွေ မိအေး ၂ ခါနာ ဖြစ်ကုန်ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ အာဏာရှင် ဗိုလ်ချုပ်ကြီး မူရှာရတ် အုပ်စိုးစဉ်လယ်ယာတွေနဲ့ မြေလွတ်မြေရိုင်းတွေအပြင် နေအိမ်တိုက်တာဆောက်နိုင်တဲ့ မြေကွက်ကြီးတွေမှာ “ကာကွယ်ရေးတပ်ပိုင်နယ်မြေ” “ကာကွယ်ရေးတပ်ပိုင်နယ်မြေ” ဆိုပြီး ဆိုင်းဘုတ်တွေ စိုက်ကြတယ်။ ပြီးတော့ စစ်တပ်အရာရှိတွေနဲ့ စီးပွားရေးသမားတွေပေါင်းပြီး မြေကွက်တွေ၊ အိမ်ရာစီမံကိန်းတွေ၊ ကန်ထရိုက်လုပ်ငန်းတွေကို ရောင်းချပြီး မတရားစီးပွားရှာခဲ့တယ်။ ဒီကနေ့အထိ ပါကစ္စတန်ပြည်သူတွေဟာ အကျင့်ပျက်ခြစားမှုနဲ့ လာဘ်ပေးလာဘ်ယူမှု၊ ဆင်းရဲ မွဲတေမှု၊ အိမ်မဲ့မြေမဲ့ပြဿနာနဲ့ အလုပ်လက်မဲ့ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။

ယနေ့ ဒီမိုကရေစီစနစ်ဟာ အုပ်ချုပ်ရေးယန္တရားနဲ့အတူ နိုင်ငံရေးအကြပ်အတည်း၊ ပြည်သူတွေရဲ့ လူနေမှုဘဝ၊ လူမှုပြဿနာကိုပါ ဖြေရှင်းနိုင်တဲ့ စနစ်တခုအသွင်နဲ့ အားကောင်းသာလွန်ဆဲဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီအပေါ် ယုံကြည်တဲ့စိတ်ဓာတ်ကသာ လူ့သမိုင်းကို တိုးတက်ပြောင်းလဲစေနိုင်ပါတယ်။ အနှစ် ၅၀ ကျော် အမှောင်ထဲမှာ မျက်စေ့သူငယ်နားသူငယ်ဖြစ်နေတဲ့ ပြည်သူတွေဘဝကို တိုးတက်မြင့်မားအောင်လုပ်မယ်ဆို အများဆန္ဒကို လိုက်နာ၊ အနည်းစုဆန္ဒကို လေးစားတတ်တဲ့ ဒီမိုကရေစီစိတ်နဲ့သာ မြှင့်တင်နိုင်မှာဖြစ်ပါတယ်။

တချိန်က ကျဉ်းမြောင်းတဲ့ အမြင်တွေ၊ အာဏာရာထူးနဲ့ အတ္တလောဘပေါ်မှာ ဗဟိုပြုစဉ်းစားခဲ့လို့ တိုင်းပြည်နစ်နာခဲ့တာကို သတိပြုမိစေလိုပါတယ်။ အုပ်ချုပ်ခွင့် အာဏာရထားသူတွေက ပြည်သူနဲ့တိုင်းပြည်အပေါ် မှန်ကန်မြင့်မြတ်တဲ့ စိတ်စေတနာထားနိုင်ရင် တိုင်းပြည် ငြိမ်းချမ်းသာယာမှာ ဖြစ်ပါတယ်။ အာဏာရှင်စိတ်ဓာတ်နဲ့ အာဏာငန်းငန်းတက်မှုတွေက တိုင်းပြည်တည်ဆောက်နိုင်မှာ မဟုတ်သလို ဖွံ့ဖြိုးတိုးတက်လာမှာလည်း မဟုတ်ပါဘူး။ ဒီကနေ့ မြန်မာပြည်သူတွေသာမက နိုင်ငံတကာ အသိုင်းအဝိုင်းကပါ စစ်အာဏာရှင်တွေနဲ့ ယူနီဖောင်းဝတ်များ ထပ်မံတွင်ကျယ်နေမှုကိုတော့ မလိုလားတော့ပါဘူး။ ။

ကိုညို (အော်စလို) 
မတ်လ ၂၊ ၂၀၁၄

(ဒီနေ့ထုတ် ဒီမိုကရေစီတူဒေး သတင်းစာမှာဖော်ပြတဲ့ မတ်လ ၂ ရက်နေ့မှာကျရောက်တဲ့ စစ်အာဏာသိမ်း ၅၂ နှစ်မြောက် အထူးဆောင်းပါး) 

 

No comments: