စားကျက်မြေတွေကို အသွင်ပြောင်းဖို့ တင်ပြလာတဲ့သူတွေကို မေးခွန်းတခု မေးလိုပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံဟာ နောင်မှာ စက်မှုနိုင်ငံတော်အဖြစ်သွားတော့မယ်ဆိုတာ ဘယ်ကာလ ဘယ်နှစ် အပိုင်းအခြားကိုဆိုလိုသလဲဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ဘယ်အချိန် ဘယ်ကာလရောက်ရင် ကျွဲနွားကို သုံးစရာမလိုတော့ဘူးလို့ အတိအလင်း တင်ပြတာမျိုးကိုတော့ မတွေ့ရပါဘူး။ ပကတိအခြေအနေအတိုင်း ပြောရမယ်ဆိုရင် မြန်မာနိုင်ငံဟာ အခုအထိ လယ်ယာစိုက်ပျိုးရေးကိုအခြေခံတဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်နေတုန်းပါပဲ။ လယ်ယာစိုက်ပျိုးရေးမှာလည်း ကျွဲနွားကို အခြေပြုပြီး စိုက်ပျိုးနေရဆဲ တိုင်းပြည်လည်း ဖြစ်ပါတယ်။ ကျွဲနွားကို အခြေပြုထားရဆဲဖြစ်တာကြောင့် ကိုယ်ခိုင်းစားရတဲ့ ကျွဲနွားတွေကို ကောင်းကောင်းမွန်မွန် ကျွေးမွေးဖို့လည်း တဖက်မှာ လိုလာပြန်ပါတယ်။ အဲဒါကြောင့် ကျွဲနွားတွေကို အစာကျွေးဖို့အတွက် စားကျက်မြေဆိုတာ မရှိမဖြစ်လိုအပ်နေသေးတယ်ဆိုတာ မမေ့သင့်ပါဘူး။
နောက်တချက်ကတော့ ခေတ်မီပြီး စက်မှုထွန်းကားတဲ့ နိုင်ငံတွေမှာတောင် လယ်မြေတွေကို ကျွဲနွားတွေနဲ့ မထွန်ယက်တော့ပေမယ့် စားကျက်မြေဟာ အရေးကြီးတဲ့ မြေအမျိုးအစား ဖြစ်နေဆဲပါ။ ဘာဖြစ်လို့တုန်းဆိုတော့ စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းအမျိုးအစား အများအပြားကြားမှာ နွားနို့နဲ့ နို့ထွက်ပစ္စည်း အသီးသီးဟာ မရှိမဖြစ်တဲ့ စားသောက်ကုန်တွေထဲက တခုဖြစ်ပါတယ်။ ပထမအဆင့် နွားနို့ထုတ်လုပ်ဖို့အတွက် နို့စားနွားတွေ လိုအပ်ပါတယ်။ တခါ အဲဒီ နို့စားနွားတွေကို ကျွေးမွေးဖို့အတွက် မြက်ဟာ အဓိကကျတဲ့ တိရိစ္ဆာန်အစာ ဖြစ်ပါတယ်။ မြက်ကို မြေကြီးပေါ်မှာသာ စိုက်ပျိုးရပါတယ်။ စက်ရုံကနေ ထုတ်လို့မရပါဘူး။ အဲသလို မြက်စိုက်ဖို့အတွက် မြေကြီးလိုလာပြန်ပါတယ်။ အဲဒီမြေကြီးကတော့ စားကျက်မြေပါ။ ဒါကြောင့် စက်မှုထွန်းကားတဲ့ တိုင်းပြည်တွေမှာတောင် စားကျက်မြေကို သတ်သတ်မှတ်မှတ်ထားရှိပြီး ဘယ်သူမှ ကျူးကျော်လို့မရအောင် ဥပဒေတွေနဲ့ အကာအကွယ်ပေးထားတာ တွေ့ရပါတယ်။
ဆိုလိုတာကတော့ မြန်မာနိုင်ငံဟာ စက်မှုမထွန်းကားခင်ကာလမှာရော စက်မှုထွန်းကားပြီးတဲ့ကာလမှာပါ စားကျက်မြေ လိုအပ်နေဦးမှာ ဖြစ်ပါတယ်။ စားကျက်မြေကို မြေလွတ်အဖြစ် သတ်မှတ်ပြီး စက်ရုံတွေဆောက်လိုက်မဟဲ့ဆိုတဲ့ အမြင်ဟာ အလွန်အတွေးတိမ်ပြီး မှားယွင်းနေတဲ့လုပ်ရပ်လို့ ထောက်ပြလိုပါတယ်။ နောင်အနာဂတ်မှာ စက်ရုံအလုပ်ရုံတွေ တည်ဆောက်လိုတယ်ဆိုရင် လယ်ယာမြေမဟုတ်တဲ့၊ စားကျက်မြေမဟုတ်တဲ့ မြေတွေပေါ်မှာသာ တည်ဆောက်သင့်တယ်လို့ အကြံပြုပါရစေ။
မြန်မာနိုင်ငံမှာ ရှေးရိုးအစဉ်အဆက်ကတည်းက စိုက်ပျိုးတဲ့မြေနဲ့ စားကျက်မြေကို သီးခြားစီ ခွဲခြားသတ်မှတ်ပါတယ်။ ယေဘုယျအားဖြင့်ပြောရရင် စားကျက်မြေထဲမှာ ရွာထဲက ဘယ်သူရဲ့ ကျွဲနွားမဆို အစားစားဖို့ ကျောင်းပိုင်ခွင့်ရှိပါတယ်။ စားကျက်မြေတွေဟာ ရိုးရာအားဖြင့် လူတဦးနှစ်ဦးထဲက ပိုင်ဆိုင်တာမျိုးမဟုတ်ဘဲ အများပိုင်ကျေးရွာပိုင် ဖြစ်လေ့ရှိပါတယ်။ ရွာမှာ အာဏာအရှိဆုံးဖြစ်တဲ့ သူကြီးတောင် စားကျက်မြေထဲမှာ ကျူးကျော်ဝင်ရောက် ထွန်ယက်စိုက်ပျိုးတာမျိုး အိမ်ဆောက်တာမျိုး လုပ်ခွင့်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွာပိုင်စားကျက်မြေဆိုတာ မရှိတော့ရင် ကျွဲနွားတွေကို အစာကျွေးဖို့အတွက် ပြဿနာနဲ့ ရင်ဆိုင်ရတော့မှာကြောင့် ဖြစ်ပါတယ်။ ကျွဲနွားတွေကို အစာဝလင်အောင် မကျွေးနိုင်တော့ရင် လယ်ယာလုပ်ငန်း ဆုတ်ယုတ်ကျရှုံးတာကို ဆက်ပြီးရင်ဆိုင်ရမှာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် စားကျက်မြေဆိုတာ လယ်သမားတိုင်းအတွက် ထွန်ယက်စိုက်ပျိုးတဲ့မြေလို တန်းတူအရေးကြီးလှတဲ့ မြေအမျိုးအစား ဖြစ်ပါတယ်။ ဒီအခြေအနေဟာ လယ်ယာစိုက်ပျိုးရေးသုံး ကျွဲနွားအတွက်ပဲ ရှိပါသေးတယ်။ တကယ်လို့ မြန်မာပြည်မှာ နို့စားနွားသက်သက် စီးပွားဖြစ်မွေးမြူကြတော့မယ်ဆိုရင် စားကျက်မြေဟာ ရှိထားတာထက် ပိုလို့တောင် လိုလာပါဦးမယ်။
ဒီနေရာမှာ တချိန်တုန်းက အီသီယိုပီးယားနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ စားကျက်မြေကိစ္စကို တင်ပြလိုပါတယ်။ အီသီယိုပီးယား အစိုးရဟာ သူတို့နိုင်ငံကြီးကို ခေတ်မီပြီး စက်မှုထွန်းကားတဲ့ နိုင်ငံတော်ကြီးဖြစ်အောင် ဆောင်ရွက်နေတယ်လို့ ကြွေးကြော်ခဲ့ ပါတယ်။ အဲသလို ကြွေးကြော်ထားတဲ့အတိုင်း စားကျက်မြေတွေကို ပုံစံပြောင်း အသွင်ပြောင်းဖို့ ဆောင်ရွက်လာပါတယ်။ အဲဒီအချိန်က အီသီယိုပီးယားနိုင်ငံဟာ လူဦးရေအားဖြင့် သန်းပေါင်း ၈ဝ ဝန်းကျင်ရှိပါတယ်။ အခုဆိုရင် ဒီထက်များလာမယ်ဆိုတာ ပြောလို့ရပါတယ်။ နိုင်ငံလူဦးရေရဲ့ ၁ဝ% က တိရိစ္ဆာန်မွေးမြူရေးနဲ့ လုပ်ကိုင်စားသောက်တဲ့ မျိုးနွယ်အုပ်စုတွေ ဖြစ်ပါတယ်။ စားကျက်မြေအများစုဟာ စိမ်းစိုတဲ့ မြက်ခင်းတွေပေါက်ရောက်တဲ့ နေရာမျိုးမဟုတ်ပါဘူး။ ဆူးချုံပုတ်နဲ့ အပင်ငယ်တွေသာပေါက်ရောက်တဲ့ အပူပိုင်းဇုံဒေသ ဖြစ်ပါတယ်။ စားကျက်မြေရဲ့ အကျယ်အဝန်းဟာ နိုင်ငံအကျယ်အဝန်းရဲ့ ၆ဝ% ရှိပါတယ်။ တိရိစ္ဆာန်မွေးသူတွေဟာ အများအားဖြင့် သိုး၊ ဆိတ်၊ နွား၊ ကုလားအုပ် စတာတွေကိုမွေးမြူပြီး စားကျက်မြေအတွင်းမှာ လှည့်လည်နေထိုင်ပါတယ်။
အဲသလို တိရိစ္ဆာန်တွေမွေးပြီး လှည့်လည်နေထိုင်တာဟာ ခေတ်မမီတော့ဖူးလို့ အီသီယိုပီးယား အစိုးရက ယူဆပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုပြီး စားကျက်မြေတွေထဲမှာ ဝါဂွမ်းစိုက်ပျိုးရေး လုပ်ငန်းတွေကို လုပ်ကိုင်လာပါတယ်။ ဝါဂွမ်းစိုက်ဖို့ စားကျက်မြေ အတော်များများကို သိမ်းယူ အသွင်ပြောင်းလိုက်တဲ့အတွက် တိရိစ္ဆာန်မွေးပြီး ဝမ်းကျောင်းရတဲ့သူတွေအဖို့ စားကျက်မြေနေရာ လျှော့ပါးသွားပါတယ်။ နောက်တချက်ကတော့ နိုင်ငံခြားဝင်ငွေတိုးလာအောင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေကို တောရိုင်းတိရိစ္ဆာန်တွေ လိုက်လံပြသဖို့အတွက် စားကျက်မြေတွေကို နိုင်ငံပိုင်အဖြစ် ထပ်မံသိမ်းယူပြန်ပါတယ်။ အဲသလိုသိမ်းယူလိုက်တဲ့ စားကျက်မြေ ဧရိယာတွေထဲကို တိရိစ္ဆာန်မွေးတဲ့သူတွေ ဝင်ရောက်သွားလာခွင့်၊ တိရိစ္ဆာန်ကျောင်းခွင့် မရတော့ပါဘူး။
နောက်ဆုံးမှာတော့ ဝါဂွမ်းစီမံကိန်းလည်း မအောင်သလို နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေဆီကဝင်လာမယ့် ငွေကလည်း မှန်းထားသလို များများစာစား ဝင်မလာခဲ့ပါဘူး။ ဝါဂွမ်းစီမံကိန်းအတွက်ရည်မှန်းပြီး တည်ဆောက်ခဲ့တဲ့ စက်ရုံတွေလည်း အလုပ်မဖြစ်တော့တာကို တွေ့ရပါတယ်။ အီသီယိုပီးယားနိုင်ငံက အုပ်ချုပ်သူ အစိုးရရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအမြင်ဆိုတာ တကယ်တမ်းတော့ အနောက်နိုင်ငံက တိုးတက်မှုတွေကို ပုံစံတူကူးချချင်တဲ့ စိတ်က များနေတယ်၊ မိမိရေမြေနဲ့ ကိုက်ညီခြင်း ရှိမရှိ လေ့လာစမ်းစစ်ခြင်း မရှိဘူးလို့ လေ့လာသူများက ဆိုပါတယ်။ လက်တွေ့မှာ အီသီယိုပီးယား အစိုးရအနေနဲ့ ဦးစားပေးလုပ်သင့်တာက စားကျက်မြေကို အမှီပြုပြီး အသက်မွေးရတဲ့ လူမျိုးအုပ်စုတွေ သက်သာချောင်ချိအောင် ဘဝနေထိုင်မှု အဆင်ပြေလာအောင် ဆောင်ရွက်ပေးသင့်တယ်လို့ တချို့ပညာရှင်တွေက ထောက်ပြပါတယ်။
မကြာသေးခင်ကပဲ သမ္မတကြီးက အရက်မသောက်ဘဲ နွားနို့သောက်ကြဖို့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ လတ်ဆတ်သန့်ရှင်းတဲ့ နွားနို့ကို ထိုက်သင့်တဲ့ဈေးနှုန်းနဲ့ လွယ်လွယ်ဝယ်လို့ ရပါသလား။ ဒါပေမယ့် အရက်မျိုးစုံကတော့ နေရာတိုင်းမှာ ဝယ်လို့ရနေတာလဲ အားလုံးအသိပါ။ ကလေးတွေ ကာယဗလ ဖွံ့ဖြိုးဖို့ နွားနို့နဲ့ နို့ထွက်ပစ္စည်း အသီးသီးဟာ အရေးကြီးပါတယ်။ ကောင်းပါပြီ။ ဒါကြောင့် နိုင်ငံနဲ့အဝှမ်း နွားနို့ လှိုင်လှိုင်ကြီး ထုတ်လုပ်ဖို့ဆိုရင် နို့စားနွားတွေ အမြောက်အများလိုအပ်မှာဖြစ်သလို စားကျက်မြေတွေလည်း အများကြီး လိုလာလိမ့်မယ်ဆိုတာ အထူးပြောစရာ မလိုပါဘူး။ ဒီလို အခြေအနေမျိုးမှာ ရှိထားပြီးသား စားကျက်မြေတွေကို စက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေးအတွက် အသွင်ပြောင်းမယ်ဆိုတာ သင့်တော်၏ မတော်၏ နားလည်ဖို့ လိုပါတယ်။ စက်မှုဖွံ့ဖြိုးလာဖို့ တခြားလုပ်စရာ မရှိတော့ဘူးလား။ စားကျက်မြေတွေကို သိမ်းယူ အသွင်ပြောင်းမှ စက်မှုတိုးတက်မှာလား။ နဖူးပေါ်လက်တင်ပြီး သေသေချာချာ စဉ်းစားတွက်ချက်ပါဦးလို့ ပြောလိုပါတယ်။ သူများနိုင်ငံတွေမှာ မှားခဲ့တာတွေကို ကိုယ့်အလှည့်မှာ မမှားအောင် မနစ်နာအောင် သင်ခန်းစာယူတတ်တဲ့ စိတ်ဆန္ဒရှိဖို့ အထူးလိုအပ်ပါတယ်။
တိုင်းနိုင်ငံတခု ဖွံ့ဖြိုးတိုးတက်လာဖို့ အစိုးရကော နိုင်ငံသားတွေပါ ဆန္ဒရှိကြပါတယ်။ ဒါပေမယ့် ကိုယ်လုပ်ဆောင်တဲ့ လုပ်ရပ်ဟာ ရေတိုအတွက်သာ အကျိုးရှိပြီး ရေရှည်မှာ လူများစုအတွက် အကျိုးမဲ့နေတယ်ဆိုရင် တတိုင်းပြည်လုံးအတွက် နစ်နာတယ်လို့ ဆိုနိုင်ပါတယ်။ စက်မှုဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျနော်တို့နိုင်ငံဟာ ဘယ်လောက်အထိ ပြင်ဆင်ထားသလဲ။ နည်းပညာတွေ ရှိပြီလား၊ လျှပ်စစ်စွမ်းအင်ကော ဈေးချိုချိုနဲ့ ပုံမှန်ရပြီလားဆိုတာလည်း ထည့်သွင်းတွက်ချက်ဖို့ လိုပါတယ်။ အကောင်းဆုံး အကြံပေးလိုတာကတော့ သမ္မတကြီးပြောသလို နွားနို့သောက်ကြဖို့ဆိုရင် မြန်မာနိုင်ငံမှာ တည်ရှိနေတဲ့ စားကျက်မြေတွေကို ဆက်လက်တည်ရှိခွင့်ပေးဖို့နဲ့ သိမ်းယူထားတဲ့ စားကျက်မြေတွေကိုလည်း သက်ဆိုင်ရာ လူထုလက်ထဲကို အမြန်ပြန်အပ်ဖို့ လိုအပ်ပါကြောင်း။ ။
ရွက်မွန် ဘလော့ဂ် မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။
No comments:
Post a Comment