အချိန်-၁၉၉၂၊ ဒီဇင်ဘာလ ၆ ရက် ညနေ။
နေရာ-အိန္ဒိယနိုင်ငံ၊ အူတာပရာဒါခ်ျပြည်နယ်၊ ဖိုင်ဇာဘတ်မြို့နယ်၊ အယုဒ္ဒယမြို့။
ထောင်နဲ့ချီတဲ့လူထုကြီးဟာ မွတ်စလင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေဟစ်အော်ပြီး အေဒီ-၁၆ ရာစု (၁၅၂၈ ခုနှစ်) မဂိုအင်ပါယာခေတ်ကတည်းက ခိုင်ခိုင်ခန့်ခန့် တည်ဆောက်ထားတဲ့ ဘာဘရီဗလီကျောင်းတော်ရာဝင်းကြီးကို ဝန်းရံထားတယ်။ တုတ်၊ ဓားနဲ့ ပေါက်ချွန်း၊ ပုဆိန်၊ ရဲဒင်း ကိုယ်စီကိုင်ထားတဲ့ ဟိန္ဒူအစွန်းရောက်အဖွဲ့တွေက ဗလီကြီးနဲ့ အုတ်နံရံတွေကို စိတ်ရှိလက်ရှိ ထုထောင်းဖြိုဖျက်နေကြတယ်။ အယုဒ္ဒယမှာနေထိုင်တဲ့ မွတ်စလင်တွေကလည်း ရရာလက်နက်ကိုင်ဆွဲပြီး ဟိန္ဒူအစွန်းရောက်တွေကို တန်ပြန်တိုက်ခိုက်ပါတယ်။ တရံတခါတုန်းက ရာမမင်းဆက် အုပ်စိုးခဲ့ရာ အယုဒ္ဒယမြို့ ရာမရဏ တိုင်းဌာနီမှာ အမုန်းတရားတွေနဲ့ ဘာသာရေးပဋိပက္ခမီးကြီး အရှိန်တညီးညီးနဲ့ တောက်လောင်နေပါတယ်။
ဟိန္ဒူမျိုးနွယ်တွေ အထွတ်အမြတ်ထားရာ ရာမရဏ ဘုမ္မိ (Ram Janmabhoomi ) ဟိန္ဒူဘုရားကျောင်း အဆောက်အဦနေရာကို မဂိုအင်ပါယာခေတ် နှစ်ပေါင်း ၅၀၀ နီးပါး မွတ်စလင်တွေက အပိုင်စီးခဲ့တာကို သူပိုင် ကိုယ်ပိုင် အငြင်းပွားရာကဖြစ်ပေါ်လာတဲ့ အယုဒ္ဒယအရေးတော်ပုံမှာ လူပေါင်း ၂၀၀၀ ကျော်သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာအနာတရတွေနဲ့ အဆုံးသတ်ခဲ့ရတယ်။
အယုဒ္ဒယအရေးအခင်းကြီးဟာ အိန္ဒိယနိုင်ငံရဲ့ စီးပွားအချက်အချာကျရာ ဘုံဘေမြို့ (မွန်ဘိုင်းမြို့)ကို ကူးဆက်ခဲ့သလို နှစ်သစ်ကူးလ ၁၉၉၃ ဇန်နဝါရီအထိ တုတ်တပျက်၊ ဓားတပျက် ဘာသာရေးပဋိပက္ခမီးကြောင့် လူပေါင်း ၉၀၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။
အာဏာရ ကွန်ဂရက်ပါတီကလည်း အဓိကရုဏ်းကြီးကို အချိန်မီမထိမ်းသိမ်းနိုင်ခဲ့ပါဘူး။ အတိုက်အခံ လက်ယာစွန်း ဟိန္ဒူ နိုင်ငံရေးပါတီကြီးဖြစ်တဲ့ BJP (Bharatiya JanataParty) ကြီးကလည်း RSS (Rashtriya Swayamsevak Sangh) လို့ ခေါ်တဲ့ ဟိန္ဒူအမျိုးသား အစွန်းရောက်ဝါဒီတွေအသုံးချပြီး နိုင်ငံရေးအာဏာလုဖို့ နောက်ကွယ်က အားပေးစီမံခဲ့တယ်လို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
အဆိုပါ ဘာသာရေးအကျိတ်အခဲဟာ နောင် ၁၀ နှစ်အကြာ (၂၀၀၂ ဖေဖော်ဝါရီ ၂၃) မှာ အိန္ဒိယအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်က ဂေါ်ဒရာဆိုတဲ့ မီးရထားလမ်းဘေး မြို့ငယ်လေးမှာ ထပ်မံပေါက်ကွဲပြန်တယ်။ အယုဒ္ဒယမြို့ကနေ ဘုရားဖူးရင်းပြန်လာတဲ့ ဟိန္ဒူခရီးသွားတွေ မွတ်စလင်အများစုနေထိုင်ရာ ဂေါ်ဒရာဘူတာအရောက် သူတို့ စီးနင်းလိုက်ပါတဲ့ မီးရထားပေါ် ဈေးတက်ရောင်းတဲ့ လူငယ်တဦးကို နောက်ပြောင်ရာကအစပြုပြီး ပဋိပက္ခဖြစ်ခဲ့တာပါ။ ဂေါ်ဒရာနယ်သားတွေက ဟိန္ဒူတွေစီးလာတဲ့ မီးရထားတတွဲလုံးကို မီးရှို့လိုက်လို့ လူ ၁၀၀ ကျော် မီးလောင် သေဆုံးသွားပါတယ်။
ကံမကောင်း အကြောင်းမလှစွာဘဲ ကျနော်တို့အိမ်နီးချင်းနိုင်ငံလို ရုပ်ဆိုးလွန်းတဲ့ဖြစ်ရပ်တခု မနှစ်က မတ်လအတွင်း မြန်မာပြည်အလယ်ပိုင်း စီးပွားအချက်အခြာကျရာ မိထ္ထီလာမြို့မှာ မမျှော်လင့်ဘဲ ဖြစ်ခဲ့တယ်။ ဒါ့အပြင် ပဲခူးတိုင်းနဲ့ လားရှိုးအထိ ပျံ့နှံ့ခဲ့လို့ ငြိမ်းချမ်းရေးကိုလိုလားပြီး လူမျိုးခြား ဘာသာခြားတွေနဲ့ နှစ်ပေါင်းများစွာ ပဋိပက္ခမရှိ အတူယှဉ်တွဲနေထိုင်ခဲ့တဲ့ မြန်မာပြည်သူတွေ စိတ်နှလုံးမသက်မသာ ခံစားကြရပါတယ်။
နိုင်ငံရေး ချွတ်ခြုံကျမှု
အစိုးရတရပ်ရပ်ဖြစ်စေ၊ နိုင်ငံရေးပါတီတခုခုကဖြစ်စေ မိမိတို့ဦးဆောင်တဲ့ နိုင်ငံရေးကို အများပြည်သူက လက်မခံ၊ မယုံကြည်၊ မလိုက်ပါလို့ နိုင်ငံရေး ချွတ်ခြုံကျတဲ့အခါ အောက်လမ်းနည်း၊ လူပိန်းကြိုက် လူမျိုးရေး နိုင်ငံရေးပဋိပက္ခတွေ ဖန်တီးတတ်ပါတယ်။ ဒီကနေ မြန်မာပြည်က ဘာသာရေး၊ လူမျိုးရေးအပေါ်အခြေခံတဲ့ ပဋိပက္ခတွေဟာ ယခင်စစ်အစိုးရ စီမံကိန်းညံ့ဖျင်းမှု အကျိုးဆက်သာဖြစ်တယ်။ ရခိုင်ပြည်နယ်ထဲ တဖက်နိုင်ငံက တရားမဝင် ခိုးဝင်လာမှုတွေကို အဂတိလိုက်စား မထိန်းချုပ်တွေကအစပြုပြီး ပေါ်လာတာပါ။ လက်ရှိ အာဏာရအစိုးရရဲ့ ရှင်းလင်းပြတ်သားမှုမရှိတဲ့ မူဝါဒနဲ့ ညံ့ဖျင်းတဲ့ ကိုင်တွယ်စီမံမှု၊ ဌာနေ ရခိုင်အမျိုးသားတွေရဲ့ အစွန်းရောက် အမျိုးသားစိတ်ဓာတ်နဲ့ ရိုဟင်ဂျာ အမည်ခံ မွတ်စလင်တွေရဲ့ ပုံကြီးချဲ့မှုတွေဟာ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကို ညှိုးငယ်စေခဲ့တယ်။ ဗုဒ္ဓသာသနာအပေါ် အထင်အမြင် လွှဲမှားမှုတွေ ဖြစ်စေတယ်၊ ငြိမ်းချမ်းရေးကိုချစ်တဲ့ ပြည်သူတရပ်လုံးကို စိတ်အနှောက်အယှက် ဖြစ်စေခဲ့တယ်။
တဖက်ကလည်း ယခင်အာဏာရှင် စရိုက်လက္ခဏာပါ အစိုးရလူဟောင်းတွေ၊ စနစ်အပြောင်းအလဲကို မလိုလားသူ၊ မိမိတို့ရှိမြဲ စည်းစိမ်၊ သြဇာအာဏာ မပျက် ပိုနေမြဲ ကျားနေမြဲနေလိုသူတွေရဲ့ နောက်ကွယ်က အားပေးမြှောက်ပင့်မှုတွေလို့ ပြည်သူအများက ယုံကြည်နေပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ သက်တမ်း ၃ နှစ်အတွင်း မပြောင်းမလဲ၊ ပိုမိုဆိုးရွားစေတဲ့ စီးပွားရေး၊ လူမှုရေးနဲ့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေအပေါ် နေရာမပေး၊ လမ်းမဖွင့်လိုတဲ့ အကြောင်းဓာတ်ခံတွေက မြန်မာ့နိုင်ငံရေးဖြစ်စဉ် တိုးတက်မှုတွေကို ပိတ်ဆို့လာပါတယ်။
အသစ်ပြောင်းပြီး ခေတ်ကောင်းတော့မယ်ဆိုတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို လူဟောင်း၊ စိတ်ဓာတ်ဟောင်း၊ အတွေးအခေါ်ဟောင်းတွေက ဟန့်တားနေပါတယ်။ နောက်တော့ ၂၀၁၁-၁၂ နဲ့ ၂၀၁၃ တလျှောက်လုံး အစိုးရအပေါ် မျှော်လင့်ချက်နဲ့ အားပေးခဲ့တဲ့ ပြည်သူတွေ ခြေကုန်လက်ပမ်းကျပြီး အယုံအကြည်ပျက်လာပါတယ်။ ပြည်သူအများစု ထောက်ခံမှုမရတဲ့အထိ နိုင်ငံရေးဟာ ချွတ်ခြုံကျလာပါတယ်။ များမကြာမီ အစွန်းရောက် အမျိုးသားရေး၊ ဘာသာရေး၊ လူမျိုးရေးမီး အရှိန်တောက်လာပါတော့တယ်။
အစွန်းရောက် အမျိုးသားရေးသမားတွေ
တိုင်းပြည်ရဲ့ နိုင်ငံရေးချွတ်ခြုံကျပြီဆိုရင် အစွန်းရောက် အမျိုးသားရေးနဲ့ အစွန်းရောက် ဘာသာရေး လူမျိုးရေးတွေ ခေါင်းထောင်လာပါတယ်။ ၁၉၈၈ အရေးတော်ပုံမတိုင်မီ ဦးနေဝင်း ဦးဆောင်တဲ့ မဆလ ပါတီကို လူထုက မယုံကြည်တော့တဲ့အခါ ပြည်၊ ရွှေတောင်၊ ပဲခူး၊ တောင်ကြီးနယ်တွေမှာ ဗုဒ္ဓဘာသာနဲ့ မွတ်စလင် အဓိကရုဏ်းတွေ ပေါ်လာတဲ့သာဓကတွေ ရှိခဲ့တယ်။ အမျိုးသားရေး၊ ဘာသာရေး၊ လူမျိုးရေးဆိုတာ ထိလွယ်ရှလွယ်ပြီး အခြေခံလူတန်းစားတွေကို လွယ်ကူစွာစည်းရုံးနိုင်တာမို့ မသိလိုက် မသိဖာသာနဲ့ အမှားကျူးလွန်တတ်တယ်။
အင်္ဂလိပ်စာရေးဆရာကြီး ဂျော့ခ်ျအိုဝဲလ်က အမျိုးသားရေး အစွန်းရောက်ဝါဒဟာ ငြိမ်းချမ်းရေးရဲ့ ရန်သူဖြစ်တယ်လို့ ပြောခဲ့သလို မိမိလူမျိုး၊ မိမိဘာသာတခုတည်း ကွက်ကြည့်တဲ့အခါ ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ မင်းမဲ့စရိုက်၊ အကြမ်းဖက် စိတ်ဓာတ်တွေ ပေါ်ထွန်းလာပါတယ်။ အစွန်းရောက် အမျိုးသားစိတ်နဲ့ မျိုးချစ်စိတ်ဓာတ်တို့ဟာ ခြားနားကွဲပြားပါတယ်။ ဟစ်တလာဟာ ဂျာမန်လူမျိုးအများစုရဲ့ နွမ်းပါးမှုကိုမြင်တဲ့အခါ ဂျူးလူမျိုးတွေရဲ့ ကြွယ်ဝမှုကို မရှုစိမ့်ဖြစ်လာပါတယ်။ ဂုဏ်သိက္ခာရှိပြီး တရားမျှတတဲ့ နည်းလမ်းတွေနဲ့ မစည်းရုံးဘဲ ဂျာမဏီသွေးသန့်စင်ရေးဆိုတဲ့ အတွေးအခေါ်ကို သွပ်သွင်းပြီး ဂျူးသန်းပေါင်းများစွာကို သုတ်သင်ခဲ့လို့ ဒီကနေ့ ဂျာမန်မျိုးဆက်တွေအထိ မိမိတို့သမိုင်းရဲ့ ခါးသီးမှုအပေါ် ဖြေသိမ့်တဲ့လှုပ်ရှားမှုတွေ လုပ်နေရပါတယ်။
အစွန်းထွက် အမျိုးသားရေးစိတ်ဓာတ်ဟာ မိမိလူမျိုးမှ မိမိ၊ မိမိတိုင်းပြည်မှ မိမိဆိုတဲ့ တခြားလူမျိုးနဲ့ တိုင်းပြည်အပေါ် အထင်အမြင်သေးတဲ့ ကျွဲခြေရာခွက်ထဲက ဖားငယ်အတွေးမျိုးနဲ့ တူပါတယ်။ တန်ပြန်အကျိုးရလဒ်က ကမ္ဘာကြီးရဲ့ အထင်အမြင်သေးမှု၊ နှိမ့်ချတဲ့ ဆက်ဆံမှုကို ရင်ဆိုင်ရတာပါ။ တကယ့် တိုင်းချစ်ပြည်ချစ်၊ မျိုးချစ်စိတ်ဓာတ် (Patriotism) ဆိုတာ မိမိရဲ့ ကောင်းသောစိတ်စေတနာနဲ့ ချစ်ခြင်းမေတ္တာအပေါ်အခြေခံပြီး မိမိတိုင်းပြည်နဲ့ ပြည်သူတွေအားလုံးကို မျှမျှတတ ကြီးပွားစေလိုစိတ်၊ တခြားတိုင်းပြည်တွေလို ကြီးပွားတိုးတက်လိုစိတ်၊ ရွက်ဆောင်လိုစိတ်သာ ဖြစ်တယ်။ မျက်ကန်းမျိုးချစ်စိတ်လိုမဟုတ်ဘဲ အယုတ် အလတ် အမြတ်မရွေး လူမျိုးတိုင်း ဘာသာတိုင်း နိုင်ငံသားတိုင်းအပေါ် ခွဲခြားမှုမရှိ၊ တန်ဖိုးထား လေးစားပြီး၊ မျှမျှတတ စိတ်ထားတတ်မှုအပေါ် အခြေခံတဲ့စိတ်သာဖြစ်တယ်။ တနည်းပြောရရင် အစွန်းရောက် အမျိုးသားရေးစိတ်ဓာတ်က တက်ကြွတဲ့မာန်မာနမင်းမူပြီး အသာစီးရမှုကို ဦးတည်ပါတယ်။ မျိုးချစ်စိတ်ဓာတ်ကတော့ တရားမျှတမှုနဲ့ တန်းတူရည်တူ စိတ်ဓာတ်အပေါ်အခြေခံတဲ့ ငြိမ်းချမ်းရေးကိုလိုလားတဲ့ စိတ်ဖြစ်တယ်။
ခွဲခြားဆက်ဆံမှုနဲ့ အစွန်းရောက် ဘာသာရေး
ဗုဒ္ဓဟာ သူ့ခေတ်က အရှိန်ကြီးတဲ့ ဇာတ်ခွဲခြားမှုစနစ်နဲ့ အစွန်းရောက်ဝါဒကို ဖယ်ရှားခဲ့သူဖြစ်တယ်။ မင်းမျိုးမင်းနွယ် သာကီဝင် ဇာတ်မြင့်ဘဝကနေ မျိုးနွယ်စွဲ၊ ဘာသာစွဲ၊ လူသားချင်းအတူတူ အယုတ် အလတ် အမြတ်မခွဲဘဲ လောကသံသရာ ဝဋ်ဆင်းရဲမှုရဲ့ လွတ်မြောက်ရာလမ်းကို ဟောဆောင် လမ်းညွှန်ခဲ့တယ်။ ဒါပေမယ့် ဒီကနေ့ ထေရဝါဒ ဗုဒ္ဓဘာသာဝင်ပါလို့ အမည်ခံနေတဲ့ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်အချို့ဟာ အယူလွဲတွေဝင်ပြီး ခွဲခြားဆက်ဆံမှုတွေ ပြုနေတယ်။ ဘုရားဟော တရားတော်အတိုင်းမကျင့်ဘဲ လူအချင်းချင်း မုန်းမာန်ပွားမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ မောက်မာ ခက်ထန်မှုတွေပြုနေကြတာဟာ မြန်မာပြည် ဗုဒ္ဓသာသနာအတွက်သာမက တခြားတိုင်းပြည်နဲ့ ဘာသာခြားတွေကြားမှာပါ ဂုဏ်ကျက်သရေ သေးနှုတ်စေပြီး ရှက်ဖွယ်ဖြစ်စေပါတယ်။
ဘယ်ဘာသာမှ လူအချင်းချင်း ခွဲခြားဆက်ဆံဖို့၊ နှိပ်စက် အနိုင်ကျင့်ဖို့ မညွှန်ပြခဲ့ဘူး။ သိက္ခာသမာဓိနဲ့အညီ ကျင့်ကြံနေထိုင်တဲ့ ရဟန်းအများစုကတော့ နောက်ကွယ်က မြှောက်ထိုးပင့်ကော်ပေးမှုတွေလို့ မြင်ကြတယ်။ အတိုက်အခံ ဒီမိုကရေစီအဖွဲ့အစည်းတွေ ခေါင်းဆောင်တွေကပဲ အမျိုးသားရေးအမြင်မရှိဘဲ လူ့အခွင့်အရေးအကြောင်းပြပြီး ဘာသာခြားတွေကို အခွင့်အရေးပေးနေသယောင် ဝါဒဖြန့်နေပါတယ်။ ယခင်စစ်အစိုးရစိတ်ကြိုက် အကျိုးစီးပွားကို ပုံဖော်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြည်သူအများက မလိုလားတာကို အကြောင်းပြုပြီး အစွန်းရောက် အမျိုးသားရေးစိတ်နဲ့ ဘာသာရေးမှိုင်းတိုက်လာပါတယ်။
တကယ်တော့ အာဏာရှင် အစိုးရခေတ်တွေကရော၊ အရပ်သား ယူနီဖောင်းချွတ် လက်ရှိအစိုးရဟာ ထူးထူးခြားခြား ဘာမှမကွာသလို စစ်တပ်ကို ကျောရိုးပြုထားတဲ့ အစိုးရအဖွဲ့ဖြစ်ပါတယ်။ မြန်မာပြည်မှာ အားကောင်းမောင်းသန်ဖြစ်ပြီး စနစ်တကျ အဆင့်ဆင့် အမိန့်သြဇာနဲ့တည်ဆောက်ထားတဲ့ အဖွဲ့အစည်းဆိုလို့ စစ်တပ်နဲ့ သံဃာ့အဖွဲ့အစည်းပဲ ရှိပါတယ်။ ၁၉၈၈ နဲ့ ၂၀၀၇ ကာလတွေက သံဃာတော်နဲ့ ပြည်သူတွေရဲ့အားကို အာဏာရအစိုးရက စိုးရိမ်မှုရှိပါတယ်။ ဦးနေဝင်းလက်ထက်ကတည်းက နိုင်ငံရေးအရ သံဃာ့အဖွဲ့အစည်းကို ကြိုးကိုင်နိုင်အောင် ဆရာတော်ကြီးတချို့ကို အသုံးချပြီး သံဃာထုတရပ်လုံးရဲ့ ဆန္ဒမပါတဲ့ သံဃာ့မဟာနာယကအဖွဲ့ကို ဖွဲ့စည်းပြီး ထိမ်းချုပ်ခဲ့ပါတယ်။
သံဃာ့မဟာနာယကအဖွဲ့ကို အသုံးခဲ့ရာမှာ ဗိုလ်ချုပ်မှူးကြီး စောမောင်ခေတ်ကလည်း မန္တလေးသံဃာတော်ထုရဲ့ ကံဆောင်သပိတ်ကို တုန်လှုပ်ပြီး ဓမ္မစက်ကို အာဏာစက်နဲ့ဖြိုခွင်းမယ်လို့ အမိန့်ထုတ်ပြီး သံဃာ့ဥသျှောင်တွေကို ဖမ်းဆီးလူဝတ်လဲ အကျဉ်းချခဲ့ပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကိုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အစိုးရက တုန်လှုပ်ခဲ့ပြီး နိုင်ငံတကာ ပြည်သူတွေ မေတ္တာရပ်တားမြစ်တဲ့ကြားက ရက်ရက်စက်စက် ဖြိုခွဲခဲ့ပါတယ်။ ရဟန်းအများကို လူဝတ်လဲ၊ ထောင်ချ၊ တချို့ ရဲဘက်အကျဉ်းစခန်းပို့ခဲ့သလို ရဟန်းအများအပြား ပြည်ပ တိုင်းနိုင်ငံအသီးသီး ထွက်ခွာခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာကို ပုဂံခေတ် ၁၁ ရာစုကတည်းက ရောက်လာခဲ့ပေမယ့် ပဒေသရာဇ်ခေတ် ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်အဆက်ဆက်နဲ့ လွတ်လပ်ရေးရပြီးကာလမှာပါ တောင်ပေါ်မြေပြန့်မကျန် သာသနာပြုမှု ကျယ်ကျယ်ပြန့်ပြန့် မလုပ်ခဲ့ပါ။ အနှစ် ၅၀ ကျော် အာဏာရှင်ခေတ်တလျှောက်လုံးမှာလည်း ဗုဒ္ဓသာသနာ ကျယ်ပြန့်စေဖို့ စာတတ်ပေတတ် ရဟန်းတွေနဲ့ ပြည်ပသာသနာပြုမှုတွေ အောင်မြင်အောင် မလုပ်နိုင်ခဲ့ပါ။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာအပါအဝင် သံဝေဇနိယ ငါးဌာနမှာလည်း ထေရဝါဒသာသနာ ကျယ်ပြန့်ဖို့ အားပေးဆောင်ရွက်နိုင်မှုလည်း မရှိခဲ့ပါ။ ထေရဝါဒ ဗုဒ္ဓဘာသာတွေလို့ ပြည်တွင်းထဲသာ ဝင့်ကြွားနေပြီး မြန်မာအစိုးရအဆက်ဆက်ဟာ တိဘက်လူမျိုးတွေနဲ့ ဘုန်းတော်ကြီး ဒလိုင်လားမားတို့ရဲ့ မဟာယာန ဗုဒ္ဓသာသနာထက်ကျော်လွန်တဲ့ သာသနာပြန့်ပွားမှုကို ထိရောက်အောင် မစွမ်းဆောင်ခဲ့ပါဘူး။
စစ်မှန်တဲ့ ဗုဒ္ဓသာသနာပြန့်ပွားမှု၊ သာသနာပြုမှုထက် သာသနာအပေါ်မှီပြီး နိုင်ငံရေး အမြတ်ထုတ်မှုသာ လုပ်ခဲ့တာကို အာရှနိုင်ငံတွေက ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် သိသာပါတယ်။ စိုးရိမ်စရာတခုက ဒီကနေ့ အသွင်ကူးပြောင်းစ နိုင်ငံရေးအခြေအနေကို အကြောင်းပြုပြီး မွတ်စလင်တွေ ဟောပြောပွဲစင်တွေပေါ် မတက်ရ၊ မွတ်စလင် စားသောက်ဆိုင် မစားသောက်ရ၊ မွတ်စလင်စီးပွားရေး အားမပေးကြနဲ့လို့ လှုံ့ဆော်နေရာကနေ နောက်တချိန် ခရစ်ယာန်ဘာသာဝင်တွေအပေါ်ရော ဒီလိုလုပ်ရပ်မျိုးတွေ မလုပ်နိုင်ဘူးလို့ တပ်အပ်သေချာ ပြောနိုင်ပါ့မလား။ အမှန်တော့ ဒီကနေ့တိုင်းပြည်မှာဖြစ်နေတဲ့ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံမှုတွေဟာ တိုင်းရင်းသားလူမျိုးနွယ်စုတွေနဲ့ သူတို့ ကိုးကွယ်ယုံကြည်မှုတွေကိုပါ ခြိမ်းခြောက်နေတယ်ဆိုတာလည်း သတိမှုသင့်ပါတယ်။
ဘုရားမသိ၊ သီလမရှိက အကြံအစည် အထမမြောက်
သီလသမာဓိရှိသူတွေဟာ ဘုန်းတန်ခိုးသြဇာရှိပြီး အများရဲ့ချစ်ခင်လေးစားမှုကို ခံရတတ်ပါတယ်။ သူတို့လက်နဲ့ ထိတို့ဆုတောင်းမေတ္တာပို့ရုံနဲ့ ရောဂါဝေဒနာ သက်သာပျောက်ကင်းကြတာကိုလည်း ကိုယ်တိုင်တွေ့ကြုံမြင်ဖူးပါတယ်။ ကျနော်တို့နိုင်ငံမှာ လူတိုင်းကျင့်ဝတ်တရားအဖြစ် လက်ကိုင်ထားရမယ့် ၅ ပါးသီလလို အခြေခံတရားကိုတောင် ဘုန်းကြီးကျောင်းသွားပြီးမှ သီလယူ ဥပုဒ်စောင့်ရတဲ့ဘဝရောက်နေပါတယ်။ အနောက်နိုင်ငံတွေနဲ့ ဥရောပတိုက်မှာ ငါးပါးသီလကို ကလေးဘဝ နေ့ကလေးထိန်းကျောင်းကတည်းကဆုံးမပြီး စောင့်ထိမ်းရမယ့် ဥပဒေသအဖြစ် ပြဌာန်းထားတာဖြစ်ပါတယ်။ နော်ဝေးနိုင်ငံက ကလေးတွေဟာ မလိမ်မညာတတ်ဘဲ ဝန်ခံတတ်ပါတယ်။ လူငယ်တွေဟာ ဘုရားကျောင်းမတက်ပေမယ့် တရားရှိ၊ တရားသိကြပါတယ်။ အုပ်ချုပ်သူတွေဟာ ကိုယ်ကျင့်သီလလုံကြတယ်။ အခြေခံကျင့်ဝတ်ဖြစ်တဲ့ သီလငါးပါးကို ဖောက်ဖျက်တာမျိုး ကြားရခဲပါတယ်။
မြန်မာ ပဒေသရာဇ်ခေတ် ရှင်ဘုရင်တွေလည်း အနိမ့်ဆုံးအဆင့် ၅ ပါးသီလကနေ ၉ ပါးသီလအထိ စောင့်ထိန်းတတ်ကြောင်းလည်း မှတ်သားဖူးပါတယ်။ သီလ၊ သမာဓိရှိသူစစ်သူကြီးတွေမှ ရန်သူကို အောင်နိုင်သလို၊ ဗြဟ္မာ၊ နတ်ဒေဝါ သူတော်ကောင်းတွေ ကောင်းချည်းပေး၊ ကာကွယ်စောင့်ရှောက်တယ်လို့ အယူအစွဲရှိတာကြောင့် သီလသမာဓိရှိသူ ဗိုလ်မင်းတွေရဲ့ နောက်တော်သာရဲမက်၊ နောက်လိုက်ဗိုလ်ပါတွေက လိုက်တတ်ကြောင်း မှတ်သားဖူးပါတယ်။ ဒီကနေ့ တိုင်းပြည်ကို အုပ်ချုပ်နေသူတွေသာမက ဒီမိုကရေစီအရေး ကြိုးပမ်းရွက်ဆောင်နေတဲ့ အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ နောက်လိုက်နောက်ပါတွေကရော ဘယ်လောက်များ ကိုယ်ကျင့်သိက္ခာတွေ တည်ကြည်ပြီး သီလလုံကြပါသလဲဆိုတာ ဆန်းစစ်ကြည့်ဖို့လိုပါတယ်။ သီလမမြဲသူတွေရဲ့ အုပ်ချုပ်မှု၊ ဥပဒေပြုမှု၊ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ လူ့အခွင့်အရေးပညာပေးမှုတွေက ဘယ်လောက်များ တိုးတက်အောင်မြင်နိုင်မလဲဆိုတာ စဉ်းစားစရာတွေပါ။ တိုက်ခိုက်အနိုင်ယူ၊ ခိုးဝှက် မတရားစီးပွားရှာသူတွေရဲ့ အုပ်ချုပ်မှုဟာ တည်ငြိမ်ပြီး အောင်မြင်နိုင်ပါ့မလား၊ သေရည်သေရက်ကို နှစ်သက်ပြီး သူများသားမယား ပြစ်မှားသူတွေက ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အလုပ်ကို ထိရောက်အောင်လုပ်နိုင်မလားဆိုတာ ပြန်လည်သုံးသပ်ရမှာ ဖြစ်ပါတယ်။
ဒီကနေ့ မြန်မာ့နိုင်ငံရေးလောကမှာ စိတ်စေတနာသန့်သန့်နဲ့ အနစ်နာခံလုပ်နေသူတွေရှိသလို ကိုယ်ထက်သာ မနာလိုမှု၊ နေရာမပေးလိုမှု၊ မိမိနေရာမြဲရေး၊ ရာထူးရရေး၊ ဥစ္စာစုဆောင်းရေး၊ လူသိရှင်ကြားနဲ့ နာမည်ကြီးပြီး သြဇာရှိရေး စတဲ့ အရာရာအကြောင်းကြောင်းနဲ့ လောဘ၊ မောဟ၊ အတ္တတွေရှိနေရင် မိမိကိုယ်တိုင် မငြိမ်းချမ်းရုံမက မိမိအကြံအစည်လည်း အထမြောက်မှာ မဟုတ်ပါ။ သမာဓိပျက်ပြီး သြဇာမရှိလို့ ရေရှည်မှာ အောင်မြင်မှုရှိအောင်ထိန်းနိုင်ဖို့လည်း မလွယ်ကူပါ။ ပြီးတော့ တိုင်းပြည်ရဲ့ မြေပေါ်မြေအောက် သယံဇာတတွေ ဘယ်လောက်ပဲ ကြွယ်ဝနေပါစေ မင်းကျင့်တရားနဲ့မညီတဲ့ အစိုးရ၊ သီလသမာဓိ မရှိတဲ့ ခေါင်းဆောင်တွေလက်ထက်မှာ ပြည်သူတွေ အပြည့်အဝခံစားရမှာ မဟုတ်ပါဘူး။ ဒီနေ့ တိုင်းပြည်ရဲ့ အထွေထွေ အကြပ်အတည်းအားလုံးဟာ သီလသမာဓိပျက်ယွင်းပြီး ကိုယ်ချင်းစာ ညှာတာမှုတရား၊ ချစ်ခြင်းမေတ္တာနဲ့ ဗြဟ္မစိုရ်တရား ကင်းဝေးနေမှုကလည်း အခြေခံနေတာကို သတိပြုမိစေလိုပါတယ်။ အိန္ဒိယနိုင်ငံ အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီကြီးက... “မိမိကိုယ်တိုင် သီလသမာဓိဆောက်တည်ပြီး မေတ္တာတရားရဲ့ ငြိမ်းအေးမှုကို ခံစားသိရှိနိုင်မှ ကောင်းမွန်တိုးတက်တဲ့ လူ့အဖွဲ့အစည်းနဲ့ ငြိမ်းချမ်းမှုကို တည်ဆောက်နိုင်မှာဖြစ်တယ်” လို့ မိန့်မှာခဲ့ဖူးပါတယ်။
အကြောက်တရားနဲ့ သံသယ
အနှစ် ၅၀ ကျော် အာဏာရှင်စနစ်ထဲက မြန်မာပြည်သူတွေရလိုက်တဲ့ အမွေတခုကတော့ သံသယနဲ့ အကြောက်တရားပဲ ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုမရှိတဲ့ စနစ်တခုကို နှစ်ကာလများစွာ ကျင့်သုံးရာကရလာတဲ့ ဘိုးဘွားပိုင်အမွေလို့ပဲ ရိသဲ့သဲ့ ဆိုရမယ် ထင်ပါတယ်။ အာဏာရှင်တွေကိုယ်တိုင်လည်း အဲဒီအမွေဆိုင်နှစ်ခုကို သိမ်းဆည်းထားပါတယ်။ ယူလည်းယူ၊ ပေးလည်းပေးခဲ့သူပါ။ သံသယနဲ့ အကြောက်တရားတွေ မျိုးစေ့ချပေးတဲ့ အဲဒီစနစ်ဆိုးကနေ မယုံကြည်မှု၊ အထင်ကြီးမှု၊ အထင်သေးမှု၊ အားကိုးရှာမှု၊ မနာလိုမှု၊ အသာစီးရလိုမှု၊ ရန်လိုမှု၊ လုံခြုံစိတ်ချလိုမှု၊ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစားစိတ်တွေနဲ့ တခြားအကြောင်းများစွာ ဖြစ်ပေါ်လာပါတယ်။
မြန်မာ့လူ့အဖွဲ့အစည်းတခုလုံး အစည်းပြေခဲ့ရတယ်။ အတိုက်အခံနဲ့ အစိုးရထဲသာမက မြန်မာတွေနဲ့ ဖွဲ့စည်းထားတဲ့ လူမှုဆက်ဆံရေးနယ်ပယ်တိုင်းမှာ မညီမညွတ်မှု၊ မလိုမုန်းထားမှု၊ ကိုယ်ကျင့်တရား ယိုယွင်းမှုတွေ မြင်ရကြားရပါတယ်။ အုပ်ချုပ်ရေးနယ်ပယ်မှာလည်း အကြောက်တရားနဲ့ သံသယတွေ ကြီးစိုးသလို အဲဒီအကြောက်တရားနဲ့ သံသယကလည်း မိမိတို့သြဇာတည်မြဲရေး ဗျူဟာလက်နက်တစ်ပါး ဖြစ်နေပါတယ်။ ဒီလိုနည်းပရိယာယ်နဲ့ပဲ အုပ်ချုပ်လာပါတယ်။ ဒီကနေ့အထိ ပွင့်လင်းမြင်သာတဲ့ အစိုးရတရပ်အသွင် မဆောင်ဘဲ သံသယကြီးစိုးတဲ့ လူ့အဖွဲ့အစည်းထဲမှာ အကြောက်တရားကို တံခွန်ထူထားပါတယ်။
လူ့အဖွဲ့အစည်းရဲ့ မဆုတ်ယုတ်ကြောင်း တရား ၇ ပါး
ငယ်ငယ်ကဖတ်ခဲ့ဖူးတဲ့ ဆရာကြီးပါရဂူရဲ့ (ဝေသာလီလို့ ထင်ပါတယ်) ဝတ္တုထဲက အခန်းတခန်းကို ဒီကနေ့ထိ စွဲစွဲမြဲမြဲ မှတ်မိနေပါတယ်။ မာဂဓပြည်ကိုအုပ်စိုးတဲ့ အဇာတသတ်ဟာ အများဆန္ဒ၊ ဃန အုပ်ချုပ်မှုစနစ်( ဒီမိုကရေစီ) နဲ့ အုပ်ချုပ်လို့ ငြိမ်းချမ်းပြီးညီညွတ်တဲ့ ဝေသာလီပြည်ကို မိမိသြဇာထိပါးမှာ စိုးရိမ်တယ်။ ဒါကြောင့် ဝေသာလီပြည်ကို အနိုင်ရလိုတယ်။ ဒါပေမယ့် ဝေသာလီရဲ့ညီညွတ်မှုကို (ဘုရားရှင်ကိုယ်တိုင်က ချီးကျူးနေတာမို့) မလွန်ဆန်နိုင်ဘူး။ ဒီတော့ သူ့ရဲ့ ပညာရှိအမတ် ဝဿကာရကို အကြံတောင်းတယ်။ ဝဿကာရ အမတ်ကြီးကလည်း မကြံတတ်တော့ ဗုဒ္ဓဘုရားရှင်ဆီ သွားတယ်။ ပြီးတော့ ဝေသာလီပြည်သားတွေ ညီညွတ်ရတဲ့အကြောင်းကို လျှောက်ထားမေးမြန်းတယ်။ ဗုဒ္ဓဘုရားရှင်က ဝဿကာရဟာ သူ့ဆီ ကောင်းသောအကြံနဲ့လာတာမဟုတ်မှန်း ရိပ်စားမိပေမယ့် တရားမှန်ကို လျှောက်ထားတာမို့ အပရိဟာနိယတရား ၇ ပါးကို ဟောပြခဲ့တယ်။
ခေတ်စကားနဲ့ အနှစ်ချုပ်ပြောရမယ်ဆို ၁။ အမြဲမပြတ် စည်းဝေးတိုင်ပင်ခြင်း၊ ၂။ အလုပ်ကို ညီညီညာညာလုပ်ခြင်း၊ ၃။ မြင်သာခိုင်မာသည့် ဥပဒေရှိခြင်း၊ ၄။ ကြီးသူကို ရိုသေလေးစားခြင်း၊ ၅။ အမျိုးသမီးများကို မစော်ကားခြင်း၊ ၆။ ရိုးရာကိုးကွယ်ပသမှုကို မစော်ကားခြင်း၊ ၇။ ပညာရှင်၊ သူတော်ကောင်းများကို ဖိတ်ခေါ်ခြင်းနှင့် နိုင်ငံတွင်းရှိ ပညာရှိ သူတော်ကောင်းများကို ပျော်ရွှင်အောင်ထားခြင်း တို့ဖြစ်ပါတယ်။ ဒီတရားတွေနဲ့ပြည့်စုံလို့ ဝေသာလီ ညီညွတ်လှပနေတယ်ပေါ့...။ ဝဿကာရအမတ်ကြီးလည်း ကျေနပ်စွာပြန်သွားတယ်။ သူက ကောက်ကျစ်တဲ့အမတ်ပီပီ ဘုရားဟောကြားချက်ဖြစ်တဲ့ ပြောင်းပြန်လှန်ပြီး မဆုတ်ယုတ်ခြင်းတရားကနေ ဆုတ်ယုတ်မှုတရားအဖြစ် နည်းဗျူဟာထုတ်ပြီး ဝေသာလီပြည်သူတွေ သွေးကွဲအောင်ကြံစည်ခဲ့တယ်။
မှတ်မိသလောက် ပထမဆုံးအချက်နဲ့ ဒုတိယအချက်ဖြစ်တဲ့ အမြဲမပြတ်တိုင်ပင်စည်းဝေးခြင်း (ဒိုင်ယာလော့ခ် ခေါ် တွေ့ဆုံဆွေးနွေးအဖြေရှာမှု)နဲ့ ၂ အချက်ဖြစ်တဲ့ အလုပ်ကို ညီညီညာညာလုပ်ခြင်းဆိုတဲ့အချက် ၂ ချက်ကို အထမမြောက်အောင် အားထုတ်ပေးလိုက်တာပဲ ဖြစ်တယ်။ တနည်းပြောရရင် ၁။ ဒိုင်ယာလော့ခ်ကို ငြင်းပယ်စေပြီး ၂။ အစုအစည်းတွေ တကွဲတပြားဖြစ်အောင် လုပ်လိုက်တာပါ။
အိမ်ထဲမှာ မြွေဝင်သွားပြီ
ဝဿကာရအမတ်က မာဂဓသား တပ်စုတစ်စုကို ဝေသာလီကို လွှတ်လိုက်တယ်၊ တယောက်က အရူးပုံစံနဲ့ ညနေမိုးချုပ်တိုင်း ဝေသာလီမြို့လည်လမ်းမှာ “အိမ်ထဲကို မြွေဝင်နေတယ်၊ အိမ်ထဲကို မြွေဝင်နေတယ်” လို့ ဟစ်တယ်။ ဝေသာလီသားတွေက အရူးတယောက်လို့မြင်ပြီး အစပိုင်းတော့ အမှတ်တမဲ့ပဲ။ တချိန်တည်းမှာပဲ တခါမှမဖြစ်ဘူးတဲ့ ရန်ပွဲတွေ၊ လုယက်မှုတွေကို တခြား မာဂဓသား သူလျှိုတပ်သားတွေက တနေရာစီမှာ ဖန်တီးတယ်။ နောက်နေ့တွေမှာ သူရူးက စကားလုံးနည်းနည်း ပြောင်းအော်တယ်၊ “အိမ်ထဲကို မြွေဝင်သွားပြီ၊ အိမ်ထဲကို မြွေဝင်သွားပြီ” လူတော်တော်များက တိုက်ဆိုင်မှုလို့ မထင်တော့ဘူး။ အခုတလော လုယက်မှုတွေဖြစ်နေတာ၊ အရက်ဆိုင်က ရန်ပွဲတွေ၊ လူသတ်မှုသတင်းတွေက အရင် တကြိမ်တခါမှ မကြားဖူးတာတွေချည်းပဲ။
“မြွေဝင်သွားပြီ သတိထားကြ၊ မြွေဝင်သွားပြီ သတိထားကြ”
သူရူးရဲ့အတိတ်စိမ်းတွေဟာ ဝေသာလီပြည်သူတွေအတွက် မကောင်းဆိုးဝါးအသံလို ဖြစ်လာတယ်။ မကြာမီရက်ပိုင်းမှာ သူရူးအသံ မကြားရတော့သလို၊ လူလည်း ပျောက်ခြင်းမလှ ပျောက်သွားတယ်။ ဝေသာလီပြည်သူတွေလည်း စိတ်ဝမ်းတွေ ကွဲကုန်တယ်၊ ခရီးသွားရလည်း မလုံခြုံတော့ဘူး၊ တယောက်နဲ့တယောက်လည်း မယုံတော့ဘူး။ လူသတ်မှုတွေ ခဏခဏ၊ အုပ်စုလိုက် တိုက်ခိုက်သတ်ဖြတ်မှုတွေ မကြာမကြာ။ လူတချို့ဝေးရာကို ပြောင်းရွှေ့ကုန်တယ်။ အရင်က အစဉ်အလာရှိပြီး စည်းလုံးခိုင်မာတဲ့ ဝေသာလီလည်း ပျက်တော့တာပဲ။
ဒီကနေ့ မြန်မာ့နိုင်ငံရေးလောကမှာ ရှုတ်ထွေးပွေလီပြီး ဉာဏ်နီဉာဏ်နက်တွေ လျှို့ဝှက်နက်နဲမှုတွေနဲ့ ပြည့်နှက်နေတဲ့ မရိုးမသား လှုပ်ရှားမှုတွေ တွေ့နေရတယ်။ သံသယတွေ၊ အကြောက်တရားတွေနဲ့ ဘေးထွက်ဆိုးကျိုး အမြောက်အများ တောထနေတယ်။ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ စိတ်ကောင်းစေတနာကောင်းထား လုပ်ချင်သူ၊ လုပ်လိုသူတွေ အများအပြားရှိပေမယ့် အဟန့်အတား အနှောက်အယှက်တွေ ကြုံနေရတယ်။ အိမ်နီးချင်း အာရှနိုင်ငံတွေ ကြုံတွေ့ကျော်လွှားနိုင်ခဲ့ပြီး ပြဿနာအမြောက်အများ မြန်မာပြည်မှာ ကြွင်းကျန်ဆဲ၊ မဖြေရှင်းပဲ ကျန်ရှိဆဲပါ။ အရာရာ နောက်ကျနေတဲ့နိုင်ငံမှာ စိတ်ဓာတ်ရေးရာ ယဉ်ကျေးမှုနောက်ကျခြင်းဟာ အနောက်ကျဆုံး နောက်ကျကျန်ခဲ့မှုသာ ဖြစ်ပါတယ်။
ကိုညို (အော်စလို)
ဒီနေ့ ၂၅ ဖေဖော်ဝါရီလမှာ အသစ်ထွက်လာတဲ့ အတွဲ(၁) အမှတ်(၁)
တူမောရိုး သတင်းဂျာနယ်ပါ ဆောင်းပါး။
တူမောရိုး သတင်းဂျာနယ်ပါ ဆောင်းပါး။
No comments:
Post a Comment