လိုချင်တာမရနိုင်သည့် အခြေအနေကိစ္စတို့ကြောင့် ဆုံးဖြတ်ချက်တခုနှင့်အတူ ကိုယ့်မြေ ကိုယ့်ရေ ကိုယ်လေကို စွန့်ခွာထွက်ခဲ့သည်မှာ အတော်ကြာခဲ့ချေပြီ ...။ ခုတော့လည်း ... အတော်ကျင်လည် ကျက်စားမိသည်နှင့်အညီ .. ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်လေကို လွမ်းမိ၏။
ထိုအရပ်၏ ယခုနွေတွင် ပုရစ်ဖူးတို့ ဖူးနေပေရော့မည် ...။
ထိုအရပ်၏ ယခုနွေတွင် လေရူးတို့ မြူးနေပေရော့မည် ...။
ထိုအရပ်၏ မြင်ကွင်းတို့သည် ...
ထိုအရပ်၏ ရှုခင်းတို့သည် ...
ထိုအတောအတွင်း ... ဤအရပ်တွင် ... ကျွန်ုပ်သည် စည်းမျဉ်းစည်းကမ်း မကိုက်ညီ၊ အနစ်နာမခံခဲ့ပါဘဲနှင့် အကျိုးအမြတ်ကြီးကြီး ရလိုမှုဖြင့် ဒုက္ခသည်အဖြစ် ဟန်ဆောင်ခဲ့ရသည် ...။ အမှန်တကယ် စစ်မှန်သည့်ဒုက္ခသည်များကိုဖြင့် မျက်နှာပူ အားနာခဲ့ရသည်။ အမှန်တကယ် ဒုက္ခခံရင်းနှီးခဲ့ရသူတို့အတွက် မျက်နှာပူ အားနာခဲ့ရသည်။
အမှန်တကယ်တမ်းဆိုရင်ဖြင့် ထိုအရပ်သည် ကျွန်ုပ်၏ လိပ်ပြာတို့ကို လှောင်ပြောင်ရာ အရပ်ပင်ဖြစ်ခဲ့သည်။
အိမ်မရှိ ယာမရှိ တောထဲ တောင်ထဲတွင် မလှည့်လည် မကျင်လည်ခဲ့ရပါဘဲဖြင့် ...
ခုချိန်တိုင် ထိုအရပ်အတွက် မျက်နှာပူခဲ့သည် ...။
စစ်မှန်သည့် ထိုသူတို့အတွက် မျက်နှာပူခဲ့သည် ...။
နှစ်ပေါင်းများစွာ အသက်စတေး ဒုက္ခခံ ရင်းနှီးခဲ့ရသူတို့အတွက် အားနာခဲ့ရသည်။
ကျွန်ုပ် လိပ်ပြာတို့ မသန့်ရာ ဤအရပ်အတွက် မျက်နှာပူသည်မှာ မဆန်း ...။
ကျွန်ုပ် လိပ်ပြာတို့ မသန့်ရာ ဤအရပ်အတွက် အားနာသည်မှာ မဆန်း ...။
မျက်နှာပူသည် ...
အားနာသည် ...
သို့သော် ...
ခုချိန်တိုင် ကျွန်ုပ်သည် ထိုအရပ်တွင် အမိနိုင်ငံသားကဒ် ကိုင်ဆောင်ထားသည့် ကျူးကျော်နိုင်ငံသား ဖြစ်နေခြင်းကိုပင် လိပ်ပြာမသန့် ...။
ထို့အတူ .....
ဆုံးဖြတ် သတ်မှတ်ထားချိန်ကာလထက် ပိုနေမိသည့်အတွက် လိပ်ပြာမသန့် ....။
ည ည မက်သည့် အိပ်မက်တို့တွင် ကျွန်ုပ်လိပ်ပြာတို့သည် ကျွန်ုပ်အား လှောင်ပြောင်မှုပြုနေခဲ့သည်မှာ .... ကာလအတော်ကြာရှိနေခဲ့ပေပြီ ...။
ကျွန်ုပ်လိပ်ပြာ မမြင်ကွယ်ရာတွင် ဤစားအား ရေးပါသည်။
ဆောင်းလူ
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၄
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment