ထိန်လင်း
သက်ရှိသက်မဲ့ အရာဝတ္ထုတွေဟာ သူ့နေရာနဲ့သူ အံဝင်ခွင်ကျရှိဖို့ အရေးကြီးပါတယ်။ တကယ်လို့ သက်ဆိုင်ရာ နေရာတွေမှာ မရှိဘူးဆိုရင် တခုခု ချွတ်ချော်တိမ်းပါးနေပြီဆိုတာ သိရမှာဖြစ်သလို နေရာမှန် ရောက်ရှိရေးကိုလည်း ဆောင်ရွက်ဖို့လိုပါတယ်။ ‘လူမှန် နေရာမှန်’ ဆိုတဲ့စကားက အဲဒီလိုနေရာမျိုးမှာ သုံးတဲ့စကားပါ။ ဒါနဲ့ပတ်သက်လို့ မကြာသေးခင်က ကွယ်လွန်ခဲ့တဲ့ စာရေးဆရာ မင်းသိင်္ခက ‘သူဌေးက သူဌေးလိုမနေဘဲ ခြံတံခါးတွေ သော့ခတ်ပြီးပြီလား၊ အိမ်တံခါးရော လုံရဲ့လားဆိုပြီး အမြဲလိုက်ကြည့်နေမယ်ဆိုရင် သူဌေးနဲ့တူတဲ့ သူဌေးမဟုတ်ဘဲ၊ ဒရဝမ်နဲ့တူတဲ့ သူဌေး ဖြစ်လိမ့်မယ်’ လို့ သူ့ရဲ့စာထဲမှာ ရေးဖူးတာ သတိရမိပါတယ်။
စာပေပညာရှင်တွေဟာ စာပေတာဝန် ကျေရမယ်၊ ဥပဒေဘက်တော်သားတွေက ဥပဒေမျက်နှာကိုပဲ ကြည့်ရမယ်၊ ပညာရေးဝန်ထမ်းတွေကလည်း ပညာရေးအတွက် အားစိုက်လုပ်ဆောင်ရမယ် စသဖြင့် သူ့နေရာနဲ့သူ တာဝန်ကိုယ်စီ ထမ်းဆောင်နိုင်မှ ကိုယ်ယူထားတဲ့နေရာဟာ ကိုယ်နဲ့ထိုက်တန်တဲ့အရာ ဖြစ်ပါလိမ့်မယ်။ အဲဒီစိတ်ထားမျိုးရှိမယ်ဆိုရင် ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကို လုပ်ဆောင်နိုင်တဲ့ စိတ်ဓာတ်ခွန်အားတွေရှိမှာ အသေအချာပါပဲ။