ထိန်လင်း
သက်ရှိသက်မဲ့ အရာဝတ္ထုတွေဟာ သူ့နေရာနဲ့သူ အံဝင်ခွင်ကျရှိဖို့ အရေးကြီးပါတယ်။ တကယ်လို့ သက်ဆိုင်ရာ နေရာတွေမှာ မရှိဘူးဆိုရင် တခုခု ချွတ်ချော်တိမ်းပါးနေပြီဆိုတာ သိရမှာဖြစ်သလို နေရာမှန် ရောက်ရှိရေးကိုလည်း ဆောင်ရွက်ဖို့လိုပါတယ်။ ‘လူမှန် နေရာမှန်’ ဆိုတဲ့စကားက အဲဒီလိုနေရာမျိုးမှာ သုံးတဲ့စကားပါ။ ဒါနဲ့ပတ်သက်လို့ မကြာသေးခင်က ကွယ်လွန်ခဲ့တဲ့ စာရေးဆရာ မင်းသိင်္ခက ‘သူဌေးက သူဌေးလိုမနေဘဲ ခြံတံခါးတွေ သော့ခတ်ပြီးပြီလား၊ အိမ်တံခါးရော လုံရဲ့လားဆိုပြီး အမြဲလိုက်ကြည့်နေမယ်ဆိုရင် သူဌေးနဲ့တူတဲ့ သူဌေးမဟုတ်ဘဲ၊ ဒရဝမ်နဲ့တူတဲ့ သူဌေး ဖြစ်လိမ့်မယ်’ လို့ သူ့ရဲ့စာထဲမှာ ရေးဖူးတာ သတိရမိပါတယ်။
စာပေပညာရှင်တွေဟာ စာပေတာဝန် ကျေရမယ်၊ ဥပဒေဘက်တော်သားတွေက ဥပဒေမျက်နှာကိုပဲ ကြည့်ရမယ်၊ ပညာရေးဝန်ထမ်းတွေကလည်း ပညာရေးအတွက် အားစိုက်လုပ်ဆောင်ရမယ် စသဖြင့် သူ့နေရာနဲ့သူ တာဝန်ကိုယ်စီ ထမ်းဆောင်နိုင်မှ ကိုယ်ယူထားတဲ့နေရာဟာ ကိုယ်နဲ့ထိုက်တန်တဲ့အရာ ဖြစ်ပါလိမ့်မယ်။ အဲဒီစိတ်ထားမျိုးရှိမယ်ဆိုရင် ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကို လုပ်ဆောင်နိုင်တဲ့ စိတ်ဓာတ်ခွန်အားတွေရှိမှာ အသေအချာပါပဲ။
အဲဒီအချိန်တုန်းက ရန်ကုန်ကောလိပ်ဟာ ရန်ကုန်ဆေးရုံကြီးရှေ့က အခု ‘အထက (၁) လသာ’ နေရာမှာရှိပြီး ဆရာကြီးနေတာက အင်းစိန်ဆိုတော့ ကျောင်းကို ဆိုင်ကယ်စီးပြီး သွားရပါတယ်။ ဒီတော့ ဆရာကြီးက ဆိုင်ကယ်ကို ပုဆိုးတောင်ရှည် ခါးတောင်းကျိုက်ပြီး ခေါင်းပေါင်းကြီးနဲ့ စီးခဲ့ပါတယ်။ ၁၉၂ဝ ဆရာကြီး အင်္ဂလန်မှာသွားရောက် ပညာသင်ကြားနေတုန်း ပထမ ကျောင်းသားသပိတ် ပေါ်ပေါက်ခဲ့ပါတယ်။ ဆရာကြီးက ပညာရှင်တွေ ဘာသာမပြန်ဝံ့အောင် နက်နဲလှတဲ့ ဗုဒ္ဓဘာသာကျမ်းဂန်များဖြစ်တဲ့ အဋ္ဌသာလိနီ ၂ ကျမ်းနဲ့ ဝိသုဒ္ဓိမဂ် ၃ ကျမ်းကို မူရင်းပါဠိဘာသာကနေ အင်္ဂလိပ်ဘာသာကို ပြန်ဆိုခဲ့ပါတယ်။ု ဝိသုဒ္ဓိမဂ်ထဲက ‘ပညာပိုင်း’ ကို စာတမ်းရေးပြီး အောက်စဖို့တက္ကသိုလ်က ဘီလစ်လို့ခေါ်တဲ့ စာပေဝိဇ္ဇာဘွဲ့ကို ရယူခဲ့ပါတယ်။ ဆရာကြီးရဲ့ ဘာသာစကား နိုင်နင်းမှုကြောင့် ထိုင်းဘုရင်က ဆုငွေ ပေါင် ၁ဝဝဝ ချီးမြှင့်ခဲ့တာအပါအဝင် ချီးကျူးမှုတွေ ရရှိခဲ့ပါတယ်။ ခရစ်ယာန်ဘာသာဝင်တစ်ဦး ဖြစ်ပေမယ့် ခက်ခဲလှတဲ့ ဝိသုဒ္ဓိမဂ်ကို ဘာသာပြန်ဆိုနိုင်ခဲ့တဲ့အတွက် ၁၉၆၅ ခုနှစ်မှာပြုလုပ်တဲ့ စာဆိုတော်နေ့မှာ ဆရာကြီး ရွှေဥဒေါင်းက ရှိခိုးပြီး ဂုဏ်ပြုခဲ့ပါတယ်။
စာရေးဆရာ သိပ္ပံမောင်ဝကလည်း
“နိုင်ငံခြားတွင် ဗုဒ္ဓဘာသာ သာသနာ ထွန်းပြောင်တောက်ပရန် မြန်မာပြည်မှ တကယ်တမ်းဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်ထူးကြီး ၃ ဦးတို့ကား လယ်တီဆရာတော်ဘုရားကြီး၊ ယစ်မျိုးမင်းကြီးဟောင်း ဦးရွှေဇံအောင် နှင့် ပါမောက္ခ ဆရာဦးဖေမောင်တင်တို့ ဖြစ်လေသည်။ လယ်တီဆရာတော်ဘုရားကြီးကား နိုင်ငံခြားမှ မေးသမျှသော အခက်အခဲ သာသနာရေး မေးခွန်းပုစ္ဆာတို့ကို ဖြေဆိုခြင်းဖြင့် နိုင်ငံခြားသာသနာကို ပြုတော်မူခဲ့ပေသည်။ ဦးရွှေဇံအောင်ကား သဂြုင်္ိဟ်ကျမ်းကြီးကို အင်္ဂလိပ်ဘာသာ ပြန်ဆိုခြင်းအားဖြင့် နိုင်ငံခြားသာသနာကို ပြုခဲ့လေသည်။ ပါမောက္ခ ဦးဖေမောင်တင်ကား ဝိသုဒ္ဓိမဂ်ကျမ်း၊ အဋ္ဌသာလိနီကျမ်းတို့ကို အင်္ဂလိပ်ဘာသာ ပြန်ဆိုခြင်းအားဖြင့် နိုင်ငံခြားသာသနာကို ပြုခဲ့လေသည်။ အလွန်တရာ ခက်ခဲနက်နဲလှစွာသော အဘိဓမ္မာ ကျမ်းစာများကို ကျကျနန အင်္ဂလိပ်ဘာသာ ပြန်ဆိုရာမှာ လွယ်ကူသောအရာ မဟုတ်ပေ။ သာမန်လူတို့ စိတ်ကူးထဲပင် ထည့်ဝံ့ကြမည်မဟုတ်ပေ။ အာဇာနည်ပုဂ္ဂိုလ်ကျော်ကြီးတို့၏ အရာသာဖြစ်ပေသည်”
လို့ သူ့ဆောင်းပါးထဲမှာ ထည့်ရေးဖူးပါတယ်။
ဆရာကြီး အင်္ဂလန်က ပြန်ရောက်တဲ့အချိန်မှာ ရန်ကုန်ကောလိပ်က ရန်ကုန်တက္ကသိုလ် ဖြစ်သွားပါပြီ။ ဒါပေမယ့်လည်း တက္ကသိုလ်မှာ မြန်မာစာဌာန သီးခြားမရှိတဲ့အပြင် ဥပစာတန်းမှာ စာစီစာကုံးသင်ပေးတဲ့အဆင့်ပဲ ရှိပါတယ်။ မြန်မာစာဆရာလည်း တစ်ယောက်ပဲရှိပါတယ်။ ဒီတော့ ဆရာကြီးက တက္ကသိုလ်အာဏာပိုင်တွေဆီမှာ အရေးဆိုပြီး မြန်မာစာကို ဥပစာတန်းကနေ မဟာဝိဇ္ဇာတန်းအထိ သင်ယူခွင့်ရအောင် အဆင့်ဆင့် ကြိုးပမ်းခဲ့ပါတယ်။ မြန်မာစာအသင်း မြန်မာစာဌာနတွေ ပေါ်ပေါက်အောင်လည်း ဆောင်ရွက်ခဲ့ပါတယ်။ တက္ကသိုလ်အတွင်းမှာ အဲဒီလို ကြိုးစားဆောင်ရွက်တဲ့အခါ ပြင်ပက ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဆရာပွား၊ ဆရာလင်း၊ ဆရာရိတ် စတဲ့ ပညာရှင်တွေကလည်း အကူအညီပေးခဲ့ကြပါတယ်။ အဲဒီလို ဆရာကြီးတွေရဲ့ စွမ်းဆောင်ချက်ကြောင့် ‘ယူနီဘာစီတီ’ လို့ ခေါ်ဝေါ်လာခဲ့တဲ့စကားကို ‘တက္ကသိုလ်’ လို့ ခေါ်ဝေါ်သုံးစွဲလာအောင် ပြုပြင်နိုင်ခဲ့သလို ဝိဇ္ဇာ၊ သိပ္ပံ ဆိုတဲ့ စကားလုံးတွေလည်း ဆရာကြီးတို့ ကြိုးပမ်းခဲ့တဲ့ ဝေါဟာရတွေဖြစ်ပါတယ်။
ဆရာကြီးဦးဖေမောင်တင်ဟာ မြန်မာနိုင်ငံသုတေသနအသင်းရဲ့ အကူအညီနဲ့ ပျို့၊ မော်ကွန်း၊ ရတု၊ ပြဇာတ်၊ ရာဇဝင် စတဲ့ စာကောင်းပေမွန်တွေ ပုံနှိပ်ထုတ်ဝေနိုင်အောင် ဆောင်ရွက်ခဲ့တဲ့အတွက် ၁၉၂၄ ခုနှစ်ကနေ ၁၉၃၆ ခုနှစ်အတွင်း မြန်မာစာပေ စာအုပ်ပေါင်း ၄၆ မျိုး ထုတ်ဝေနိုင်ခဲ့ပါတယ်။ သုတေသနဂျာနယ်မှာလည်း မြန်မာစာ မြန်မာမှုနဲ့ပတ်သက်တဲ့ စာတမ်းပေါင်း ၅ဝ ကျော်ကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားခဲ့တယ်လို့ သိရပါတယ်။ ပုဂံကျောက်စာတွေကို စုစည်းထုတ်ဝေတဲ့ ‘ပုဂံကျောက်စာညွန့်ပေါင်း’၊ ‘မြန်မာတိုင်းရင်းကျောက်စာများ’ ဆိုတဲ့ ကျောက်စာဓာတ်ပုံနဲ့ စာသားတွေကို စုစည်း ထုတ်ဝေနိုင်ခဲ့သလို ပါဠိသဒ္ဒါ၊ မြန်မာသဒ္ဒါ၊ မြန်မာစာပေသမိုင်း စတဲ့ မြန်မာစာပေဆိုင်ရာ စာအုပ်စာတမ်းအများအပြားကို ပြုစုခဲ့ပါတယ်။
ဆရာကြီး ဦးဖေမောင်တင်ဟာ အဲဒီလို ရှေးဟောင်းစာပေတွေကို ဖော်ထုတ်ဖို့ ကြိုးပမ်းနေတဲ့အချိန်မှာပဲ ခေတ်နဲ့အညီ စာပေသစ် ရေးသားပြုစုဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။ သူ့ရဲ့တပည့်တွေဖြစ်ကြတဲ့ သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ မောင်သန့်စင် စသူတွေက စာပေသစ် ရေးသားပြုစုတဲ့အခါ ဝမ်းမြောက်ဝမ်းသာနဲ့ အားပေးပြီး စကားပြေတွေကို ‘ခေတ်စမ်းပုံပြင်’၊ ကဗျာတွေကို ‘ခေတ်စမ်းကဗျာ’ လို့ အမည်ပေး စုစည်းထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်တွေကို ကျောင်းသုံးစာအုပ်အဖြစ် ပြဋ္ဌာန်းပြီး အထက်တန်းကျောင်းတွေမှာ သင်ကြားစေခဲ့ပါတယ်။ ဒီလို မြန်မာစာပေ ရှေ့တန်းရောက်အောင် ကြိုးပမ်းတဲ့အခါ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါတယ်။ အသက် ၅၈ နှစ်မှာ အငြိမ်းစားယူခဲ့တဲ့ ဆရာကြီးဟာ ၁၉၃၆ ခုနှစ်ကနေ ၄၁ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ၁၉၄၃ ခုနှစ် ကနေ ၁၉၄၅ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဆရာကြီးအနေနဲ့ မြန်မာစာပေနဲ့သက်ဆိုင်တဲ့ အခြားသော ရာထူးတာဝန်အများအပြားကို ထမ်းဆောင်ခဲ့ပြီး ၁၉၇၃ ခုနှစ် အသက် ၈၅ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။
ဆရာကြီးဟာ ပညာဉာဏ်ကြီးမားသလို ရာထူးကြီးတွေကို ထမ်းဆောင်ခဲ့ရပေမယ့် မာနမကြီးသလို စည်းစိမ်ဥစ္စာကိုလည်း မမက်မောပါဘူး။ ဒါကြောင့် ဆရာဇော်ဂျီက “လောဘနည်း၍ တင်းတိမ်ရောင့်ရဲတတ်သော အရာတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း နှင့် ဆရာကြီးဦးဖေမောင်တင်တို့ အလွန်တူကြသည်” လို့ ဆိုဖူးပါတယ်။ တကယ်လို့များ ပညာရှင်ဆိုရင် ပညာရှင်ပီပီသသ ရပ်တည်ဆောင်ရွက်နိုင်တဲ့ ဆရာကြီး ဦးဖေမောင်တင် တို့လို ပုဂ္ဂိုလ်တွေ မြန်မာပြည်ရဲ့ နေရာဌာနအသီးသီးမှာ ရှိမယ်ဆိုရင်ဖြင့် မြန်မာပြည်ဟာ ကမ္ဘာမှာ ဘယ်တော့မှ အောက်ကျနောက်ကျ မရှိနိုင်ဘူးလို့ တွေးတောနေမိပါတယ်။ ။
၂၁၊ ၁ဝ၊ ၂ဝဝ၈
No comments:
Post a Comment