သြဂုတ် ၂၇ ရက်၊ ၂၀၁၀ ပြည့်နှစ် (ဘီဘီစီ)နအဖ ထိပ်တန်းခေါင်းဆောင်တွေ စစ်တပ်ရာထူးကနေ နုတ်ထွက်လိုက်ကြတဲ့ သတင်းတွေ ရန်ကုန်ကနေ ရရှိပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနဲ့ သီဟသူရ တင်အောင်မြင့်ဦးတို့ အားလုံး စစ်တပ်ရာထူးတွေ ကနေ နုတ်ထွက်သွားကြတဲ့သတင်းတွေရရှိပေမယ့် အစိုးရမီဒီယာတွေမှာတော့ ဒီသတင်းကို ဖော်ပြခြင်းမရှိသေးဘူးလို့ သိရပါတယ်။
ဒီနှစ်အစောပိုင်းကလည်း နအဖ စစ်ဗိုလ်ချုပ် ၃၀ လောက်ဟာ စစ်တပ်ရာထူးတွေကနေ နုတ်ထွက်ပြီးတော့ အရပ်သားဝန်ကြီးရာထူးတွေကို လွှဲပြောင်းယူခဲ့ပါတယ်။
နိုဝင်ဘာရွေးကောက်ပွဲမတိုင်ခင် အခုလို စစ်တပ်ရာထူးတွေက နုတ်ထွက်တာ ကြည့်ရင် ရွေးကောက်ပွဲအပြီးပေါ်ထွက်လာမယ့် အရပ်သားအစိုးရအဖွဲ့ထဲမှာ နအဖ စစ်ခေါင်းဆောင်တွေက အရပ်သားတွေအဖြစ်နဲ့ သမ္မတ နဲ့ ဒုတိယ သမ္မတ ရာထူးတွေကို ယူဖို့ စတင်လုပ်ဆောင်လာတာ ဖြစ်နိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။
လက်ရှိနအဖ စစ်ခေါင်းဆောင်တွေ စစ်တပ်က နုတ်ထွက်သွားတဲ့အတွက် လစ်လပ်သွားတဲ့သူတို့နေရာတွေမှာ ဘယ်သူတွေကို အစားထိုးခန့်အပ်မလဲ ဆိုတာကိုတော့ အခုအထိ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။
Photo : AP
No comments:
Post a Comment