Wednesday, August 25, 2010

တည်ဆောက်သူတို့လမ်း

သော်ကပင်ရိပ်က လှမ်းထွက်လိုက်လျှင်ပင် နွေးထွေးသော နေငွေ့ကို ထိတွေ့ရသည်။ ဝန်းကျင်အားလုံး နေရောင်ကြောင့် ရှိရင်းစွဲ အရောင်ထက် တောက်ပနေတော့သည်။ မြက်ခင်းသည် ပို၍ စိမ်းကာ ကြက်သွေးဖျော့၊ အဝါအနီ အရွှေ စသော ပန်းဆုပ်ပန်းခိုင်တို့သည်လည်း ပို၍နီ ပို၍ ဝါ နေကြတော့သည်။ ပန်းနံ့တင်လေကို တဝရှိုက်သွင်းလိုက်သည်။ ငြီးစီမှုသည် ပေါ့ပါးစပြုပြီ။

ဒီနေ့ ဆရာ၏သင်ကြားမှုသည် ငြီးငွေ့စိတ်ကြောင့်ထင့်၊ ဖိစီးလွန်းလှသည်၊ လက်ညှိုးနဲ့ လက်မကို ပြန်ကြည့်မိတော့ သွေးခြည်ဥနေတာကို တွေ့ရသည်။ လေးညှို့ကို အကြိမ်များစွာ ဆွဲတင်ခဲ့ရခြင်းကြောင့်ပင်။

သင်ကြားရသော အတတ်ဆယ့်ရှစ်ရပ်တို့တွင် ဤအတတ်ကို အငြီးငွေ့ဆုံးပင် လွှဲဖယ်မရသော ယောင်္ကျားတို့ တတ်အပ်သည့် အတတ်တခုဆို၍သာ သင်္ချာအတတ်၊ မြင်းစီး ဆင်စီးအတတ် စသည်တို့တွင် သူမတူအောင် တတ်လွယ်ခဲ့ပေမယ့် ဤအတတ်ကိုမူ သင်ကြားရသည့်နေ့တိုင်း လူပန်း စိတ်ညှိုးဖြစ်ရတော့သည်။ ဘာကြောင့်များ ဒီအတတ်ကို မသင်ယူလိုပါလိမ့်ဆိုသည့် ပုစ္ဆာဟောင်းသည် အသံတိတ် မြည်လာတတ်မြဲ။

နောင် ... နန်းရပ်ထီးဖြူစိုးယူမည့်သူတိုင်း မိမိကို ကာကွယ်ဖို့၊ မျိုးဆွေတွေကို ကာကွယ်ဖို့၊ တိုင်းနိုင်ငံကို ကာကွယ်ဖို့ တတ်ထားရသည်ဟု ဆရာသင်တိုင်းလည်း ဒါဆို ... မအုပ်စိုးလျှင် သင်စရာမလိုဘူးပေါ့၊ စောဒကဉာဏ် ဖြစ်မိသည်မှာ အမှန်။

နောက်ဆုံး အသုံးမချသင့်သော အတတ်သာ ရှိမည်၊ မတတ်ထားသင့်သော အတတ် မရှိနိုင်ဆိုသည့် အယူနှင့်ပင် ထိုအတတ်ကို သင်ယူနေမိသည်။ သို့သော် သင်ကြားပြီးတိုင်း ပြီးပြီးပျောက်ပျောက် ထားလိုက်သည်သာ၊ အလေ့အလာ မပြုမိ။

ထို့ကြောင့်ပင် အမျိုးဆွေတွေက လေးမြားအတတ် မတတ်ဟု ထင်ကြသည်။ ဖျင်းညံ့သူဟု စကားတင်း ဆိုချင်ကြသည်။ သူတို့ကို အဆိုးမဆိုသာ၊ အခြားသူတွေနှင့် စရိုက်ခြားခဲ့သည်ကိုး၊ အခြားသူတို့ ထိုအတတ်ကို သင်ကြားရတိုင်း သွေးဖြကြွကြသည်။ မြူးသွက်ကြသည်၊ သင်ကြားပြီးလျှင်လည်း လေ့ကျင့်ကြ၊ စမ်းသပ်ကြတော့သည်။ ဥယျဉ်ထဲက ပင်စည်တို့သည် သူတို့၏ လေ့ကျင့်ရာ ပစ်ကွင်းများ၊ ကျေးငှက်သာရကာတို့သည် သူတို့ထူးချွန်မြားသွေးရာ သင်ခန်းစာများ။

သူတို့က ထိုအတတ်နှင့် လုံခြုံစေမည်ဟု ယုံကြည်ကြသည်။ မယုံကြည်နိုင်၊ ငင်ထားသော လေးညှို့ကို လွှတ်၍ ချွန်မြသော မြားတံနှင့် တဖက်ရင်ကို ဖောက်ထွင်း စူးနစ်နိုင်ယုံနဲ့ မိမိလုံခြုံသွားပြီလား ... အခြားအရာတခုကို အသုံးပြုလျှင်ကော လုံခြုံမှုကို မတည်ဆောက်နိုင်ဘူးလား ...။ ဧကန်တည်ဆောက် နိုင်ရမည်သာ ... ဒါဆို အဲဒီအရာ ... ဘာလဲ ... ဘယ်မှာလဲ ...။

တွေ၍ ရပ်နေရင်း တောင်ဘက် ကောင်းကင်ဆီ အကြည့်ရောက်တော့ ဟင်္သာတွေ ပျံသန်းလာတာကို တွေ့လိုက်ရသည်။

လတ်ဆတ်သော လေနှင့် ပန်းနံတို့ ပူးပေါင်းမိချိန်၊ နေရောင်နှင့် မြက်ခင်းပန်းရောင်တို့ ပျော်ဝင်ကြချိန်၊ ပွင့်ဖတ်ပွင့်ဆံတို့နှင့် လိပ်ပြာတို့ အလွမ်းသင့်ချိန်။

သန္တရသကို ကိုယ်တည်းခံစားမိစဉ် ရိပ်ခနဲ တစုံတခုကျလာသည်ကို သတိထားလိုက်မိသည်။ ထိုအရာ၏ မြေကြီးနှင့် ထိတွေ့သံကိုလည်း “ဘုတ်” ခနဲ ကြားလိုက်ရသည်။ စူးစမ်းကြည့်မိတော့ ...။

“အလို ... ဟင်္သာလေးတကောင်ပါလား”

အဆောတလျှင်သွားကြည့်မိသောအခါ မြားထုတ်ခတ်စူးလျက် သွေးတွေတွေစီးလျက်။ တိုးတိမ်သော ညည်းတွားသံကို သတိထားမိမှ ...

“မသေသေးဘူးထင်ရဲ့”

ညင်သာစွာ ကောက်ယူလိုက်သည်။ ဒဏ်ချက်ကိုရှာကြည့်မိသောအခါ ညာဘက်ပေါင်တံနှင့် တောင်ပံကို မြားထုတ်ခတ် စူးနေတာ တွေ့ရသည်။ အင်း ... ကံသီပေလို့သာ တကယ်လို့ မြားဟာ စဉ်းငယ်ရှေ့နား ရောက်ခဲ့တယ်ဆိုရင် နှလုံးသည်းပွတ်ဆီ ... အလိုလေး ... ကျွတ် ... ကျွတ် ...။ ရက်စက်လိုက်ကြတာ၊ ဘယ်လိုသူကများ ... အပြစ်မဲ့ အားနည်းသူကို ခုလို ... ဝန်းကျင်ကို လှည့်ဖွေမိစဉ်...

“ငါ ပစ်လိုက်တာ သိဒ္ဓတ္ထ”

“ဟင် ... ဒေဝဒတ္ထ”

ညာလက်ကလေးကိုကိုင်၍ ဘယ်လက်က ခါးထောက်လျက်ရပ်နေသော ဒေဝဒတ္ထကို တွေ့ရသည်။ သူ့သဏ္ဌာန်က သူ့စွမ်းရည်ကို ဂုဏ်ယူကျေနပ်ဟန် အကြည့်ပင်။ မျက်နှာတွင်လည်း အပြုံးရိပ်က နေရာယူလျက်။

“ဟုတ်တယ် ... ငါ တချက်တည်းနဲ့ ပျံသန်းနေတဲ့ ငှက်ကို ခွင်းလိုက်တယ်”

“ဒါ ... ဂုဏ်ယူစရာ မဟုတ်ဘူး ဒေဝတ္ထ”

“ဟုတ်တယ် ... လေးနဲ့ မြားကိုကိုင်ရမှာ ရွံ့ကြောက်သူတွေအတွက်တော့ ဂုဏ်ယူစရာ မဟုတ်ပေဘူးပေါ့”

“နေပါဦး ငှက်တကောင်ကို ပစ်သတ်လိုက်နိုင်ရုံနဲ့ ဂုဏ်ကြီးမြင့်သွားရောလား”

“ဒါပေါ့၊ ငါ့ရဲ့ စွမ်းရည်အတွက် ဒီငှက်က သက်သေပဲ”

“မြားသင့်တဲ့ ဟင်္သာနေရာမှာ သင် ... ဒါမှမဟုတ် သင့်မျိုးဆွေတယောက်ယောက် ဆိုရင်ကော”

“ဒီမယ် ... ဒီမယ် ... သင့်ရဲ့ အချိန်ပိုဝိတက်တွေကို ငါ့လာပြောမနေပါနဲ့၊ လက်ထဲက ဟင်္သာကိုသာ မြန်မြန်ပေးစမ်း”

“မပေးနိုင်ဘူး”

“ဘာ ... မပေးနိုင်ဘူး ... ဒါ ငါပစ်ခွင်းလိုက်တာ”

“ဟုတ်တယ် ဒါပေမယ့် ငါရတယ်”

“သင်ခွင်းလို့မှ မဟုတ်ဘဲ၊ ငါ့စွမ်းရည်ကြောင့်သာ ငါပိုင်ရမှာပေါ့”

“သင်ပစ်လိုက်တာ မှန်တယ်၊ ငါ မငြင်းဘူး ... ဒါပေမယ့် ဟင်္သာ မသေသေးဘူး”

“အို ... သေသေ မသေသေ ငါနဲ့ပဲ ဆိုင်တယ်၊ ပေးလိုက်စမ်း သိဒ္ဓတ္ထ”

“မပေးနိုင်ဘူး”

“ငါ လေးမြား လေ့ကျင့်ရဦးမယ်၊ အချိန်လင့်တယ် ကဲ ပေးမလား မပေးဘူးလား”

သူ့မျက်လုံးတို့ ဝင်းတောက်ကာ မျက်ထောင့်တို့ နီလာသည်။ တင်းနေသော မေးကြောတို့က အံကြိတ်ထားကြောင်း သိသာသည်။ တည်ငြိမ်စွာ သူ့ကို ပြန်ကြည့်ရင်း ...

“ဟင်္သာမသေသေးဘူး ... ဒေဝတ္တ ဆံခြည်တဗီဇနာဖြစ်စေ သူရှင်သန်ခွင့်ရှိတယ်၊ အဲဒီ ရှင်သန်ခွင့်ကို ငါကူညီရမယ်၊ ဆေးကုပေးရမယ်၊ တကယ်လို့ သေဆုံးသွားပြီဆိုရင်တော့ ငါ သင့်ထံ အရောက်ပို့လိုက်မယ်”

“အို ... စကားတံရှည်တယ်၊ ပေးမလား ... မပေးဘူးလား”

“ပြောပြီးပြီပဲ မပေးနိုင်ဘူး”

သူ ရှေ့တိုးလာသည်။ နောက်ဆုတ်မပေးမိ၊ အကြည့်တို့ အဟုန်ပြင်းစွာ ဆုံကြစဉ် ...

“ဟေ့ ဘာဖြစ်နေကြတာလဲ?”

“ဟင် ... နောင်တော် မဟာနာမ”

နှစ်ဦးစလုံး သံပြိုင်ထွက်လာကြသည်။ ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြဖို့ လက်ဦးမှုယူသူကတော့ ဒေဝဒတ္တပင်။

“ဒီလိုပါ နောင်တော် ကျွန်တော်ပစ်လိုက်တဲ့ ဟင်္သာကို အချောင်ကောက်ယူထားပြီး ပြန်တောင်းတော့ ငြင်းဆိုနေတယ်”

“ဟုတ်လား ... သိဒ္ဓတ္ထ”

“ဟုတ်တယ် နောင်တော်...”

“ကျွန်တော် ဟင်္သာကို ကောက်ယူထားတယ်”

“သင်ပစ်ချတာလား သိဒ္ဓတ္ထ”

“မဟုတ်ဘူး ဒေဝဒတ္ထပါ”

“ဒါဖြင့် မပေးနိုင်ခြင်းအကြောင်းက ...”

“ဟင်္သာမသေသေးဘူး နောင်တော်”

“သေမှ ပေးမယ်ဆိုပါတော့”

“ဟုတ်တယ် ... မည်သူမဆို အသက်ရှင်သန်ခွင့်ရှိတယ်၊ ဒီအခွင့်ကို ဘယ်သူကမှ မဖျက်ဆီးသင့်ဘူး၊ ဒါကြောင့် တဆံခြည်ဖြစ်စေ တဗီဇနာဖြစ်စေ၊ သူ ရှင်သန်ခွင့်ရှိတယ်၊ ဒီအခွင့်ကို ကျွန်ုပ်လေးစားတယ်၊ ဟင်္သာကို ဆေးကုပေးမယ် … အဲ ... အကြောင်းမသင့်လို့ ဟင်္သာသေခဲ့လျှင်တော့ ဒေဝဒတ္ထရဲ့ အလိုအတိုင်းရှိစေ”

မဟာနာမ ဆိတ်ဆိတ်နေသည်၊ လေးနက်တည်ငြိမ်ဟန်က ပြဿနာရဲ့အဖြေတခုကို ရှာနေဟန်၊ စဉ်းငယ်ကြာမှ…။

“ငါ ဆုံးဖြတ်မယ်၊ နှစ်ဦးစလုံး နာယူမလား”

ကြီးသူကို ရိုသေခြင်း၊ နာခံခြင်းဆိုတာ “သကျ” တို့ရဲ့ ထုံးစံတခုပေပဲ၊ ဆတ်ခနဲ ခေါင်းညိတ်ပြလိုက်သည်။ ဒေဝဒတ္ထကို လှမ်းကြည့်လိုက်တော့ ...

“သဘောတူတယ်”

ခက်ထန်တဲ့ သူ့အမူအရာနှင့် မာကြောသည့် သူ့အသံကို တထပ်တည်း ကျသည်ကို မဟာနာမလည်း ရိပ်မိမည်သာ။

ဟင်္သာကို ရင်မှာပိုက်ရင်း မဟာနာမ စကားစသည်။

“ဟောဒီ ... လောကကြီး စည်ပင်တာနဲ့ ဆုတ်ယုတ်တာ ဘယ်ဟာ ပိုမြတ်သလဲ ဖြေကြပါ”

“စည်ပင်ခြင်းက မြတ်ပါတယ်၊ နောင်တော် မဟာနာမ”

“ဒါဆို ရှင်သန်ခြင်းဟာ စည်ပင်ခြင်းကို တိုးမြှင့်စေပြီး သေဆုံးခြင်းကတော့ ဆုတ်ယုတ်ခြင်းကိုဖြစ်စေတာ ထင်ရှားတယ်၊ ဒီတော့ ရှင်သန်စေသူဟာ လောကကို တည်ဆောက်သူဖြစ်ပြီး သေစေသူက လောကကို ဖျက်ဆီးသူသာဖြစ်တယ်၊ အဲဒါကြောင့် ဒီဟင်္သာကို တည်ဆောက်သူဖြစ်တဲ့ သိဒ္ဓတ္ထ ပိုင်ဆိုင်သင့်တယ်၊ အကယ်လို့ ဟင်္သာသေဆုံးရခဲ့ရင်တော့ ...။

မဟာနာမ၏ စီရင်ချက်မဆုံးမီမှာပင် ဒေဝဒတ္ထ လှည့်ထွက်သွားသည်။ သူ့အတွက် မြားတစင်းဟာ အခါမရွေး ဟင်္သာတကောင်ဖြစ်နိုင်သည်ဟု ယုံကြည်ထားဟန်ပင်။

အဟာနာမ ကမ်းလိုက်သော မြားခ ဟင်္သာကို ညင်သာစွာ ခံယူလိုက်သည်၊ ပြီး ... စူးသော မြားကို အသာအယာ ...။

ခုဆိုလျှင် ဟင်္သာငယ် ခန့်ကျန်းစပြုပြီ။ အရိုင်းဆန်မှုကတော့ ပျောက်နေပြီ။ လူရိပ်ကိုတွေ့သည်နှင့် အသံပေးကာ တကောက်ကောက် လိုက်နေတတ်သည်။ သူပြုစုခဲ့သော ကာလအပိုင်းအခြားသည် သူ့ကို အယဉ်ဆန်စေခဲ့ပြီတည့်။

သို့သော် ဗီဇကိုတော့ မစွန့်၊ တခါတရံ ကောင်းကင်ဆီမှ အမျိုးအဆွေတွေ ပျံသန်းလာလျှင်၊ မဖို ခေါ်ထူးသံကြားလျှင် လည်တဆံ့ဆံ့၊ အတောင်တဖြန့်ဖြန့် ရှိတော့သည်။ မပူနဲ့ဟင်္သာရေ ... မင်းပျံသန်းနိုင်တဲ့နေ့ဟာ မင်းဆွေမျိုးဆီရောက်မည့် နေ့ပဲ။

ထိုစဉ် စားဆဲအစာကိုရပ်ကာ ဟင်္သာလည်ကိုဆံ့သည်။ အတောင်တို့ကို ခတ်သည်။ ပြီးတော့ ပီသသော အသံကိုပြသည်။ သူမျှော်ရာ လှမ်းကြည့်လိုက်တော့ ...။

“အလို ... တောင်ဘက်ဆီက သူ့ဆွေမျိုးတွေ ပျံသန်းလာလို့ကိုး”

“ကဲ ... ဟင်္သာရေ ... ဒီနေ့ကစပြီး ဘဝတူတွေနဲ့ လွတ်လပ်တဲ့ကောင်းကင်မှာ လှည့်လည်လေတော့၊ အေးမြတဲ့ရေကန်မှာ ကူးခတ်ပေတော့ ... ဟော ... ဟိုမှာ ... မင်းဆွေမျိုးတွေ ...”

လက်မှ လွှတ်တင်ပေးလိုက်သည်။ ဟင်္သာအုပ်နောက် ဦးတည်နေရာမှ မြည်သံတချက်ပေးကာ ပြန်လှည့်လာပြီး ပခုံးထက် နားသက်လာပြန်သည်။ ဪ သြော် ... ဟင်္သာငယ်ရယ် “ရဲရဲပျံလိုက် ဟင်္သာလေး ... မင်းအတွက် အဆင်ပြေဆုံး ဝန်းကျင်ဟာ အဲဒီမှာရှိလေရဲ့ ... အဖော်တွေ ဝေးမသွားခင် ပျံပေတော့” ဒုတိယအကြိမ် လွှတ်ပေးလိုက်သည်။ ဟင်္သာငယ် ခွန်းဆက်မြည်ကျူးရင်း ကောင်းကင်ထဲ တိုးဝင်သွားတော့သည်။ ပျပျထင်နေသေးသော ဟင်္သာငယ်ကို ငေးကြည့်ရင်း ... လေးမြား လက်နက်နဲ့ တည်ဆောက်လို့မရနိုင်တဲ့ အရာကို အခြားအရာတခုနဲ့ တည်ဆောက်လို့ရနိုင်တယ်ဆိုတာ ဒေဝဒတ္ထ ကို ပြောပြချင်စမ်းပါဘိ။

ကံထွန်းသစ်
[သုခချမ်းသာ။ ။ အောက်တိုဘာလ၊ ၁၉၉၉]

သရုပ်ဖော် - အောင်ထက်


No comments: