၁၉၈၈ စက်တင်ဘာ ၁၈ မှာ စစ်တပ်အာဏာသိမ်းပြီးမှ တပြည်လုံးက ကျောင်းသားတွေဟာ အသုတ်လိုက် အသုတ်လိုက် အလျှိုလျှို ချိတ်ဆက်ပြီး တောခိုတော့တာပဲ။ အဲဒီမတိုင်ခင်တည်းက ကြိုတွက်ပြီး ကြိုထွက်သွားကြနှင့်သူတွေလည်း အတော်များပါတယ်။ ကျနော်တို့ ကရင်သူပုန်နယ် ဖာပွန်ခရိုင်မှာတော့ ၁၉၈၈ အောက်တိုဘာ တတိယပတ်နဲ့ နောက်ဆုံးပတ်အတွင်းမှာ တပတ်ကျော်ကျော် တောင်တန်းတွေကို ကျော်တက် လျှောက်ဖြတ်ခဲ့ရတဲ့ KNU တပ်မဟာ ၁ နယ်မြေကတဆင့် သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ပဲခူး၊ ရန်ကုန်၊ ပုသိမ် စတဲ့ အနယ်နယ်က တောခိုလာတဲ့ ကျောင်းသားပေါင်းစုံ လူတန်းစားအသီးသီးဟာ မာနယ်ပလောနဲ့ စက်လှေ တနာရီလောက်မောင်းရတဲ့ သံလွင်မြစ်ကမ်းပေါ်က မယ်လဲထ ဆိုတဲ့ နွားမှောင်ခိုဂိတ်လေးမှာ လာစုဆုံရောက်ကြတယ်။
၂၅ ဧကလောက်ပဲကျယ်တဲ့ ဒီမှောင်ခိုဈေးတန်းရွာလေးမှာ တောခိုကျောင်းသား ၂၀၀၀ ကျော်လောက်ဟာ ပြည့်ကြပ်နေတာပေါ့။ အဲဒီတော့ နယ်မြေခံ KNU လူကြီးတွေက သံလွင်မြစ်တလျှောက်မှာ Camp 1၊ Camp 2၊ Camp 3 ဆိုပြီး စခန်း ၃ ခု ခွဲပို့ နေရာချလိုက်တယ်။ Camp 1 က သံလွင်မြစ်ကြီး ဒေါင်လိုက်စီးနေတဲ့ မသာတံခါး လို့ခေါ်တဲ့နေရာအနားမှာ... နယ်မြေ အကြမ်းဆုံးပဲ။ Camp 3 က သေ့လောထ သစ်စက်နားမှာ။ Camp 2 က မယ်ပေါမူထ သစ်စက်နားမှာ။
အဲဒီအချိန်မှာ ကျောင်းသားတွေ ငှက်ဖျားဖြစ်ပြီး စ သေနေပြီ၊ စစ်သင်တန်းတွေလည်း စ တက်နေပြီ၊ ဖောက်ခွဲရေးသင်တန်းတွေ တဝုန်းဝုန်းနဲ့ ပေးနေပြီ... ဆိုးတာက နယ်မြေ ကြမ်း၊ အစား ရှား၊ သင်တန်းက ကြမ်းတာပဲ... ကျောင်းသားတချို့ စတင် အိမ်ပြန်နေကြပြီ... အိမ်ပြန်မရောက်ဘဲ လမ်းတဝက်မှာပဲ ပျောက် ပျောက်သွားကြပြီ (ကျနော် နာမည်တွေမှတ်မိနေတဲ့ ရှေ့နေနဲ့ DENTAL ကျောင်းသား ၂၁ ယောက်အုပ်စု လုံးဝ အိမ်ပြန်မရောက်ခဲ့ဘူး၊ ဒီအကြောင်းတွေကို... နောက်မှ ရာဇဝင်ကြွေး ရှင်းမယ်ဗျာ... ပြန်ပြောရင် ပြန်တွေးရင် ရင်မှာ သိပ် ဒေါသတင်းတယ်... ရင်နာတယ်...
အခုက ဒေါင်းနီအကြောင်းရေးဖို့ ဒီစာကို စခဲ့တာ... ကျနော် ဒီစာမျိုး တခါမှ မရေးဖူးဘူး... အခုက ကိုယ့်ရဲဘော် အညတြစစ်စစ်ကြီးတဦးကို အလေးနီ ပြုတာပါ) ဆက်ရေးမယ်ဗျာ။
နယ်မြေကြမ်းတဲ့ Camp 1၊ Camp 2၊ Camp 3 မှာ ခဏပဲ နေခဲ့ရတယ်... ဒီဇင်ဘာမှာ သံလွင်မြစ်အပေါ်ဘက်ကို တနာရီလောက် ထပ်ဆန်တက်ရတဲ့ ဥူးသုထစခန်းကို ပြောင်းရတယ်... အဲဒီ စခန်းဟာ KNU ရဲ့ တပ်ရင်း ၂၀ တပ်စိုက်ရာပါ။ စစ်သင်တန်းကွင်း ကောင်းကောင်းရှိတယ်။ နယ်မြေကျယ်တယ်။ ရွာသူရွာသားရှိတယ်။ ဈေးဆိုင်လေးတွေ ရှိတယ်။ ဒါပေမယ့် ကျနော်တို့အတွက်ကတော့ အစားက ဆက်ရှားတာနေတာပဲ... ငှက်ဖျားက ဆက်ဖျားနေတာပဲ၊ သင်တန်းက ဆက် ကြမ်းနေတာပဲ။ ဥူးသုထစခန်းကို သံလွင်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာပြီး လာပေါင်းစု သင်တန်းတက်တဲ့ စောထစခန်းက ကျောင်းသားပေါင်း ၃၀၀ ကျော်မယ် ထင်တယ် (မှားရင် ပြင်ပေးကြပါ)...
သူတို့ပြောပြတာက စောထမှာ ၁၈ ယောက်လောက် ဖျားသေခဲ့ပြီးပြီ တဲ့... အဲဒီလို ကျောင်းသား ၂၅၀၀ လောက် စုပေါင်းနေထိုင် သင်တန်းတက်တဲ့ စခန်းမှာ ငှက်ဖျားရောဂါ နောက်က ဝမ်းကိုက်ရောဂါ ကပ်လိုက်လာတယ်... အဲဒီနောက်က အသဲရောင် အသားဝါရောဂါ ထပ်လိုက်လာတယ်... ကျနော်တို့မှာ ကွီနင်း ဆိုတဲ့ စမ်းသပ်ဆေးကလွဲလို့ တခြား ဘာဆေးဝါးမှ လုံလုံလောက်လောက် မရှိဘူး... တဖြုတ်ဖြုတ် ထပ်သေပြန်တာပဲ... စစ်သင်တန်းဟာ ၃ လ မပြည့်ခင်မှာပဲ အမြန် သင်တန်းဆင်းလိုက်ရတယ်... ဘာလို့ဆို KNU ရဲ့ မော်ဖိုးကေစခန်း၊ မယ်လစခန်းတွေကို ၁၉၈၉ သင်္ကြန်မတိုင်ခင်တည်းက မဆလ စစ်တပ်က အပီအပြင် စ ကိုင်နေပြီ... တပ်သားသစ်တွေ ရှိသမျှ ဟိုဆွဲ ဒီဆွဲ ပို့ရတယ်။
ကျနော်က မော်ဖိုးကေ၊ မယ်လကို စစ်ကြာင်းနဲ့ပါသွားရော... တပ်ရင်း ၂၀ မှာနေခဲ့ရတဲ့ သင်တန်းကာလလေးက အမှတ်ရစရာပဲ... ကျောင်းသားတွေ စတိတ်ရှိုးတွေ လုပ်ခဲ့တယ်... ပြဇာတ်တွေလည်း ကခဲ့တယ်... ဘော်လုံးပြိုင်ပွဲ လုပ်ခဲ့တယ်... ပြီးတော့ သံလွင်မြစ်ထဲ ၄ ယောက်လောက် ရေနစ်သေတယ်... ၄၀၀ လောက် နွားလှေကြီးတွေနဲ့ ကြိုဆိုရေးစခန်းကို အိမ်ပြန်ဖို့ ထွက်သွားကြတယ် (အဲဒီ သံလွင်ကမ်းမှာပဲ အတူတောခိုခဲ့တဲ့ ဘော်ဒါတွေ နွားလှေကြီးနဲ့ ပြန်သွားလို့ ကျနော် မျက်ရည်ကျခဲ့ရတယ်... တယောက်ဆို (ကိုယ် တယောက်မပါလည်း တော်လှန်ရေးကြီးက ပျက်သွားမှာမှ မဟုတ်တာ) လို့ပြောပြီး ပြန်သွားခဲ့တာ... ဒီ စကား တသက်လုံး မမေ့တော့ဘူး... အဲဒီ အချိန်တုန်းက ကျနော့် အသက် ၁၆ နှစ်ခွဲပဲရှိသေးတာ... ကလေးပဲ... ဒီအကြောင်းတွေလည်း နောက်တော့ ရေးရမှာပဲ)...။
စောထစခန်းက ရဲဘော်တွေကို ကျနော် အရင်ဆုံး စရင်နှီးတာက တာကြီး ပဲ (သူက ၁၃ နှစ်လောက်ပဲ ရှိသေးတာ)... နောက် ကျော်ကျော် (သူက သင်တန်းတက်ရင် ကျနော်နဲ့ ရှေ့ နောက် ကပ်ပြေးတာ) နောက် သီတာအေးတို့ ၂ ယောက်... သူတို့အုပ်ထဲမှာ တင်ဦးလွင် ဆိုတာ ရှိနေခဲ့တာပေါ့... အဲတုန်းက သူက (ဒေါင်းနီ) ကလောင်ကို မကိုင်ဖြစ်လောက်သေးဘူး... ဒေါင်းအိုးဝေတွေလည်း မထွက်သေးဘူး...။
ဒေါင်းအိုးဝေစာစောင်တွေ စထွက်လာတော့ ကျနော် အမှတ်ရနေတဲ့ ကဗျာကလောင်တွေက အရိုင်းဏီ၊ ဒေါင်းနီ၊ မိဆူးပွင့်၊ ညီနိုင်၊ စတာတွေပေါ့။ အဲဒီချိန်က မောင်လွမ်းဏီတောင် မတွေ့မိသေးဘူး (အလယ်ပိုင်းက မဆင်းလာသေးဘူး ဖြစ်မယ်)
ကျနော်တို့စခန်းကဆို တယောက်မှ ကဗျာမရေးတတ်ဘူး... အဲတုန်းက စာအုပ်ဖတ်ပြီးရင် မြို့ကပြန်လာတဲ့ လူကြီးတွေကို စာအုပ်ထဲမှာပါတဲ့ နှင်းခါးမိုး ဆိုတာ ဘယ်ကလဲ၊ ဒေါင်းနီက ဘယ်ကလဲ လိုက်လိုက် မေးရတယ်... စောထက ရဲဘော်တစ်ယောက်ကပဲ အဲဒါ ဒေါင်းနီ လို့ ကျနော့်ကို ပြခဲ့တာ...။ တော်လှန်သွေးတွေ ရဲရဲတောက်ကြွနေချိန် ကိုတင်ဦးလွင်က (ဒေါင်းနီ) ဆိုတဲ့ ကလောင်ကိုယူလိုက်တာ ကျနော် အတော် သဘောကျတာ... သူ့ ကဗျာတွေဟာ အရမ်းတိုက်တယ်... အားပါတယ်... မိုးဝေဟန်ကို ၈၈ မာန် ထည့်တီးထားတဲ့ သံစဉ်သစ်လို့ ကျနော် ဆိုချင်တယ်... မှော်ဆန်တယ်... ပန်းချီဆရာဖြစ်နေတော့ စကားလုံးတွေကို အရောင်စုံအသွေးစုံ ထည့်ကစားတတ်တယ်... မြန်မာရိုးရာကာရန်ကို ဖက်တွယ် ဟန်သစ်ထားတယ်... နောက်ဆုံး သူ့ဘလော့မှာ ရေးခဲ့တဲ့ကဗျာတွေအထိ မာန်သွက်ထက်ရှနေတာကို ဖတ်ခဲ့ရတယ်...။
(ဒေါင်းနီ) ဟာ တင်ဦးလွင် လို့ ပန်းချီကားတွေမှာ ဆိုင်းထိုးပြီး ရေးခဲ့ပါတယ်... ဒေါင်းအိုးဝေ သရုပ်ဖော် ဒီဇိုင်းတွေ ဆွဲခဲ့ပါတယ်... သူ့ပန်းချီဟာ (နောက်ပြောရရင်တော့ တော်လှန်ရေးဦးမှာ ဆေးမဝယ်နိုင်လို့လားပဲ... ကောက်ကြောင်းတွေနဲ့ချည်း SURREAL ရအောင် လုပ်ခဲ့တယ်... သင်္ကေတတွေနဲ့ စာစီကုံးတယ်... ကျနော် ပြောတာ ဖြစ်နိုင်လောက်တယ်... နောက်ပိုင်းမှာ သူဆက်ရေးဖြစ်ခဲ့တဲ့ ကားတွေမှာ အရောင်တွေကို မြိုင်မြိုင်လှိုင်လှိုင် တွေ့ခဲ့ရပါတယ်... ဒေါင်းအိုးဝေဟာ ဒေါင်းနီ ကလောင်အတွက် စိတ်ကြိုက်ကွင်း မဟုတ်လောက်ဘူး ဆိုရမလားပဲ...။
ကိုတင်ဦးလွင်ဟာ ဆရာ နိုင်ဝင်းဆွေ၊ ကိုတိုက်အောင်၊ ဦးစိုးချိန် (မောင်စိုးချိန်) တို့နဲ့ မာနယ်ပလောမှာ သွားပေါင်းမိကြတယ်... သစ္စာရီဗျူးစာစောင်ကို စတင်ထုတ်ခဲ့ကြတယ်... သစ္စာရီဗျူးစာစောင်ဟာ ပြတ်ပြတ်သားသား တော်လှန်တယ်... အနုပညာတွေ မြှုပ်ထားတယ်... ကွန်မြူနစ်ဆန်တယ်လို့ ပြောကြပေမယ့် ကျနော်တော့ ကြိုက်တယ်... အဲဒီမှာ ဒေါင်းနီ ရဲ့ ပဉ္စလက်မှော်ဆန်တဲ့ ကဗျာရှည်ကို ကျနော် သွားတွေ့ရလိုက်တာပဲ... ကဗျာထဲမှာ ခိုင်ထူးသံစဉ်တွေပါ ကြားနေခဲ့ရတယ်လို့ ကျနော်ခံစားခဲ့မိတာ... အနုပညာ ပိုဆန်လာတယ်... (ဆောရီး... ကဗျာ ခေါင်းစဉ်မမှတ်မိတော့ဘူး... မောင်စိုးချိန်ကို မေးကြည့်)... စာစောင်ကို ကိုတင်ဦးလွင်ကိုယ်တိုင် ပန်းချီလက်ရေးနဲ့ ရေးပြီး ဖဒိုဘသင်ရုံးက ဂက်စတာနဲ့ လှိမ့်ထုတ် ဖြန့်ချိခဲ့တာပါ... သူ့လက်ရေးဟာ အခုထိ ကျနော် မြင်ယောင်နေတုန်းပဲ... သစ္စာရီဗျူးလည်း သက်ဇိုးမရှည်လိုက်ပါဘူး... ကိုတိုက်အောင်နဲ့ ဒေါက်တာဇော်ထွန်း ပျောက်သွား (အသတ်ခံရတာ ဖြစ်မယ်)၊ မောင်စိုးချိန် ထွက်ပြေးရ၊ ဆရာနိုင်ဝင်းဆွေ ဂေါက်သွား၊ ကိုတင်ဦးလွင်က GREEN NOVEMBER 32 မှာလား... စောထစခန်း ပြန်သွားလား မသိတော့ဘူး...။
၁၉၉၀ နောက်ပိုင်း စခန်းတွေ ထပ်မံပြောင်းရွှေ့ စခန်းချပြီးတဲ့အခါ ကျနော်တို့ သံလွင်စခန်း(၂၀၉) သက်သာထရွာနဲ့ စောထစခန်း (၂၁၀) မယ်ပေါမူထရွာက မိနစ် ၂၀ လောက်ပဲ ဝေးတာ... မကြာမကြာ သွားလည်ဖြစ်ရင်းနဲ့ ဆေးလိပ်ကောင်းတွေ အတူတူ ဖွာကြ ဂစ်တာတီးကြ... ကိုတင်ဦးလွင်က အရမ်းဆေးလိပ်ကောင်း ကြိုက်တဲ့သူ... တခါတခါ စိတ်ပါရင် တက်တူးပါ ထိုးပေးသေးတယ်... တခါတော့ ကျနော်နဲ့ ကိုတင်ဦးလွင်နဲ့ ဒေါ့ဂျက်နဲ့ ခွေးသားလား ဂျီသားလား မသိတဲ့အသားကို အုန်းသီးထဲ့ ထည့်ဖုတ်စားခဲ့ဖူးတယ်... ကျနော် ဒီလို သွားလာ ရင်းနှီးနေတာ သူ့ကဗျာတွေကို ကြိုက်ကြောင်း... ပုံတွေကို တွေးတွေးဆဆ ကြည့်ဖြစ်ကြောင်း တခါမှ မပြောဖူးဘူးဗျ... ကျနော်ကိုက ကဗျာမဖြစ်သေးလို့ ဘာမှ မစတာဖြစ်လိမ့်မယ်...။
တောထဲ တလျှောက်လုံး နားထောင် လေ့လာ သက်သက်ပဲ... ABSDF ၂ ဗဟိုကွဲတာဟာ မိသားစု ဖရိုဖရဲ ဖြစ်တာပဲ... ရဲဘော်တွေလည်း ဟိုကွဲ ဒီကွဲ၊ ဒီလွင့် ဟိုလွင့်... တချို့ဆို အခုထိ ပြန်မဆုံဖြစ်တော့တာ... အဲဒီထဲမှာ ကိုတင်ဦးလွင်လည်း ပါတာပေါ့... ထူးထူးဆန်းဆန်းပဲ ကျနော်နေတဲ့မြို့မှာ အစ်မကြီးတစ်ယောက်ဟာ နင်တို့ကျောင်းသားထဲမှာ တင်ဦးလွင် ဆိုတာကို သိလားလို့ လာမေးတယ်ဗျာ... အစ်မကြီးဟာ ဒေါင်းနီ ဆိုတာကို မသိသေးဘူး... ကျနော် အကုန်ရှင်းပြခဲ့ပါတယ်... ငယ်ရည်းစားတွေပါ တဲ့... သူတို့ ပြန်ဆုံခဲ့ကြမှာပါ... ရှားရှားပါးပါး ဒေါင်းနီ ရေးတဲ့ ဆောင်းပါးတစ်ပုဒ်ပဲ ကျနော် ဖတ်ခဲ့ရဖူးတယ်... ခေါင်းစဉ်က (အမှန်အတိုင်း ပြောရရင် ကံကောင်း ပြောတာ မယုံချင်) တဲ့... မြက်ခင်းသစ်မှာ တောပြန် အညံ့ခံ ဖိုးကံကောင်းက ကျောင်းသားအလောင်းဟာ သောင်ရင်းမြစ်ထဲမှာပေါ်နေတာ မြစ်ကို ပြောင်းပြန်စီးပြီး လိမ်ညာ လုပ်ကြံ ဝါဖြန့်ရေးထားတာကို ပြန် ကစ်တဲ့ ဆောင်းပါးပါ... ကျနော်ရှိနေတဲ့ကာလအထိ ကိုတင်ဦးလွင်ကို စခန်းလူကြီး တာဝန်ပေးတာ ခဏနေတော့ ပြန်ပြုတ်သွားပါတယ်... ဆေးလိပ်ကောင်း ကြိုက်ပြီး အရောင်ရေးတဲ့ သူကိုယ်တိုင် အဲဒါတွေကို သိပ်ရှုပ်ချင်ပုံ မရဘူးလို့ ကျနော် ထင်တယ်...
ရဲဘော် ဘော်ဒါအများစုဟာ သူ့ကို ချစ်ခင်ရင်းနှီးစွာ ဒေါင်းနီ လို့ပဲ ခေါ်ကြပါတယ်... ကျနော်က မရင်းနှီးလို့ မဟုတ်ဘူး... တခါမှ ကိုဒေါင်းနီလို့ မခေါ်ခဲ့ဘူး... တလေးတစားပဲ ကိုတင်ဦးလွင်လို့ပဲ အမြဲခေါ်ခဲ့တာ... မဆုံဖြစ်ကြတော့ပေမယ့် ရဲဘော်ဂျာကြီးပေးလို့ သူ့ဘလော့ကို ကျနော် ဝင်ဖတ်ဖြစ်ခဲ့ပါတယ်... အဲတော့မှာ သူ့ကဗျာကို ကျနော် တော်လှန်ရေးအစကတည်းက ကြိုက်ခဲ့ကြောင်း ပြောဖြစ်ခဲ့တာကို အခုမှ သူ သေဆုံးသွားပြီးတော့မှာ အဲလို ပြောဖြစ်ခဲ့တာ တန်တယ်လို့ ခံစားရတယ်... ကိုတင်ဦးလွင်မှာ (အနုပညာသက်သေ) ဆိုတဲ့ ဘလော့ ရှိပါတယ်... ကျနော့် အောက်ဆုံးမှာ လင့် ထည့်ပေးလိုက်မယ်... ရဲဘော်တို့ အလေးပြုချင်ရင် ဝင်ပြီး ကဗျာ ဖတ်၊ ပန်းချီ ခံစားလို့ရတာပေါ့... သွားနှင့်ဦးပေါ့ ကိုတင်ဦးလွင်... ကျနော် ရန်နိုင် AR15 ကို သေနတ်ဇောက်ထိုးဖောက်ပြီး အလေးနီပြုလိုက်ပါတယ်... “တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့တက္ကသိုလ်” ဆိုတဲ့ ဆိုင်းဘုတ်အောက်ကနေပြီးတော့...။ ။
http://artwitness.blogspot.com.au/
သုအိုင်စံ
၃-၀၈-၂၀၁၄
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment