မြောက်ဘက်တောင်ကုန်းထက် အရိုးတံပိုးမှုတ်သံ သိမ့်သိမ့်ခါဟီးထ
သွေးနံစွဲတဲ့ ထင်းရူးတောတွေ ငြီးငြူလက်ခမောင်းခတ် တောက်ခေါက်
ကြောက်မက်ထိတ်လန့်ဖွယ် ခွပ်ဒေါင်းကျိန်စာ မိုးအောက်မြေပြင် စွဲခါလှုပ်နှိုး
သူရဲကောင်းဝိဉာဉ်တွေ ဒုန်းစိုင်းစီးဆင်း လောကတံတိုင်းလဲပြိုပွင့်
တရားခံမိစ္ဆာယုတ်တွေ တည်ရာမဲ့ ခန္ဓာ သိက္ခာ စည်းစိမ် တစ်စစီ ပျက်သုန်းကြ၊
ဇာတ်မသိမ်းသေးတဲ့ ဒဏ်ရာများနဲ့ ငါတို့ လူထုအောင်ပွဲ ခရီးကြမ်းရှည်မှာ
ထလော့ တို့ အညတြရ ရဲဘော်တွေ ---
လာလော့ ငါတို့ သူရဲကောင်းတွေ ---
တိုက်လော့ ငါတို့ အာဇာနည်တွေ ---
ဝိုင်းရံအာခံကြလော့ တို့ရဲဘော်ရဲဘက်ကောင်းတွေ --- ၊
စူးရှပြင်းထန်တဲ့ ကြုံးဝါးသံနက်ကြီး ရင်ခွင်အားလုံးထဲ ဆွဲဖွင့်တိုးဝင်
နှစ်များစွာ မွန်းကျပ်ဆွံအ နှလုံးသားမျက်ရည်အိမ် သွန်းဖြိုးလှိုင်းထ
ဆန္ဒပြသံ ကျည်ပေါက်သံ ကြေးစည်ထုသံ ချစ်သူအမျှဝေသံ ပွင့်လျှံ
သက်ပြင်းချွေချ အံကြိတ်ရင်ကော့ အရိပ်တွေ ပူးဝင်နာခံ ရှင်ပြန်နေကြ၊
ယုံကြည်ချက် ဟုန်းဟုန်းတောက်ပတဲ့ အလေပြုခံ ရဲဘော်တို့ရေ ---
သင်တို့ဟာ ---
တော်လှန်သွေးသမိုင်းမှာ ထာဝရ အာဂသူရဲကောင်း မှော်ကွန်းတင်ခဲ့ပြီသာပ။ ။
ဒေါင်းနီ
ဝ၂- ၁ဝ- ၂ဝ၁၂
(သူရဲကောင်းပီသစွာ ကျဆုံးကြွေလွင့်သွားသော မကဒတ မြောက်ပိုင်း ယုံကြည်ချက် ရဲဘော်အပေါင်းသို့)
No comments:
Post a Comment