ငရဲနံရံတစ်ချို့ကျိုးကြေ ချစ်သူတစ်စုပျံသန်း
အဲ့ဒီ မိုးမြေသိမ့်ခါ တိုက်ငှက်တောင်ပံခတ်သံ
အဲ့ဒါ သွေးသားအရိုးထဲက လေဆန်ကျူးရင့်ချက်
တိတ်ဆိတ်ဆွံ့အတဲ့ အဝေးအိပ်မက်တွေ ရှင်ပြန်နိုးထ
အမေ့မျက်ရည်အိမ် မျှော်လင့်ချက်တွေ ဖူးပွင့်သင်းဝေ
အဓမ္မ ခြွေချခံသားတွေအတွက် အမျှဝေခက် အံကြိတ်နေသတဲ့။
ရန်ငါ မိတ်ဖွဲ့ မှော်အဆိပ်ပြုံးအောက် အတိတ်တစ္ဆေအက
တောထောင် မြို့ပြ ကျေးလက်နှလုံးသား ပွက်ဆူပွင့်အန်
မြောက်တောင် ရှေ့နောက် သွေးအရိပ်ကြွင်းများ ရုန်းကန်ထကြွ
အို - နိုင်ငံတော်လမ်းတွေ ရှိုက်ငင်ငိုကြွေး အမေ့ခံ ဒဏ္ဍာရီ မဖြစ်ခဲ့။
နရသိန်ပြန် ယုံကြည်ချက်အကျဉ်းသားတွေ အိုးဝေတေးသံ
ပက်ကြားအက် အနာဂတ်ရင်ထဲ ရဲရဲစီးဆင်း မြေသစ်လွှမ်းစေ
ဟော့ဒီ နှင်းရိုင်း အနောက်မဲဇာမှာ ရုပ်ဇရာဖျော့လျော့နွမ်း စိတ်အမောဒဏ်ပိ
ရင်ခွင်ငတ်မိသားတွေ ခန္ဓာလှပ်လှပ် စွဲကပ်သရွေ့ အကြွေးချေကြရင်း
အနှစ်နှစ်ဆယ်ကျော် မကျွတ် မလွတ် စွဲရစ်နှောင်ဖွဲ့ တိုက်ဘက်ကောင်းကို ကြိုနေကြရဲ့။
ဒေါင်းနီ
၀၁ - ၁၃ - ၁၂
(ပြန်လည်လွတ်မြောက်လာသော ယုံကြည်ချက်အကျဉ်းသား နိုင်ငံရေးသမားအပေါင်းအား လေးစားစွာဖြင့် ဂုဏ်ယူကြိုဆိုလျှက် ---)
No comments:
Post a Comment