Friday, October 29, 2010

ဂီရီဒဏ်ခံခဲ့ရတဲ့ မြေပုံ

အောက်တိုဘာလ ၂၄ ရက်နေ့က တွေ့ရတဲ့ မြေပုံမြို့တွင်း တနေရာ

ဆိုင်ကလုန်းမုန်တိုင်း ဂီရိကြောင့် ရခိုင်ပြည်နယ် မြေပုံမြို့နယ်ဟာ လူအသေအပျောက်နဲ့ ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့ပြီး မင်းပြားနဲ့ ကျောက်ဖြူမြို့နယ်တို့ဟာလည်း ပျက်စီးဆုံးရှုံးမှု များပြားခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့က တွေ့ရတဲ့ မြေပုံမြို့တွင်း တနေရာ

နအဖ စစ်အစိုးရက မြေပုံမြို့နယ်မှာ ၂၂ ဦး၊ မင်းပြားမှာ ၅ ဦး သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။ မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေကို သွားရောက်အကူအညီ ပေးနေတဲ့အဖွဲ့တွေကတော့ သေဆုံးသူဦးရေဟာ ၁၀၀ ကျော်တယ်လို့ ဆိုပါတယ်။

Photos : Eleven Media Group


လှုပ်လှုပ်ရှားရှား ၂၀၁၀ ပါတီများ

အောက်တိုဘာလ ၂၉ ရက်နေ့က ရန်ကုန်မှာ မဲဆွယ်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားလူငယ် (ပြည်ထောင်စု မြန်မာနိုင်ငံ) အဖွဲ့ဝင်များ

အောက်တိုဘာလ ၂၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအင်အားစု ကမာရွတ်ရုံးခွဲဖွင့်ပွဲမှာ တွေ့ရတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု ခေါင်းဆောင် ဦးခင်မောင်ဆွေနဲ့ ဒေါက်တာသန်းငြိမ်း။

Photos : AP, Reuters


အရှိုက်ထိသွားတဲ့ စစ်ဗိုလ်လူထွက် ကြံ့ဖွံ့အမတ်လောင်း


သတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ ကြံ့ဖွတ်အမတ်လောင်း ဦးအောင်သိန်းလင်း နှင့် ဦးဌေးဦး

အောက်တိုဘာလ ၂၇ ရက်နေ့က ကြံ့ဖွံ့ပါတီရုံးချုပ်မှာကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရန်ကုန်မြို့တော်ဝန် ကြံ့ဖွံ့ အမတ်လောင်း ဦးအောင်သိန်းလင်းက သတင်းထောက်တွေရဲ့ မေးခွန်းတွေက မချေမငံနဲ့ ပြန်လည် ဖြေကြားသွားတယ်လို့ ဆိုပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်


သတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ ကြံ့ဖွတ်အမတ်လောင်း ဦးဌေးဦး

ဦးဌေးဦးနဲ့အတူပြုလုပ်တဲ့ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက ရန်ကုန်မှာ လမ်းခင်းပေးနေတာ နိုင်ငံတော်ပိုင်ငွေလား ပါတီပိုင်ငွေလားဆိုပြီး မေးမြန်းခဲ့ရာ စစ်ဗိုလ်လူထွက် ဦးအောင်သိန်းလင်းက “မဖြေနိုင်ဘူး” လို့ မချေမငံပြောဆိုခဲ့လို့ ဆိုပါတယ်။ ဘာကြောင့် ကြံ့ဖွံ့ပါတီက ခင်းပေးတာလို့ ကျောက်တိုင်တွေ စိုက်ထူထားရသလဲလို့ မေးရာမှာ “အဲဒီလမ်းတွေကို သွားမေး” လို့ ဖြေဆိုသွားတယ်လို့ အဲဒီ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့သူတွေက ပြောဆိုကြပါတယ်။



စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ စစ်ဗိုလ်လူထွက် မြို့တော်ဝန် ဦးအောင်သိန်းလင်းက တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မြေ အမျိုးသား လွှတ်တော်မှာ ဝင်ရောက်အရွေးခံမှာ ဖြစ်ပါတယ်။




ရန်ကုန်က ကြံ့ဖွံ့ပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ်များ

ကြံ့ဖွံ့ပါတီရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ လက်ရှိ စစ်အစိုးရ၏ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်း ဦးဌေးဦးကတော့ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် မဲဆန္ဒနယ်မြေရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံမှာဖြစ်ပါတယ်။

Photos : AP


Tuesday, October 26, 2010

လူ့အဆင့်အတန်းဆိုတာ ဘာလဲ

ရင်းနှီးတဲ့ မိတ်ဆွေတယောက်က ထူးခြားတဲ့ အကူအညီတခု လာတောင်းပါတယ်။ နိုင်ငံခြားရောက်နေတဲ့ သူ့သားဆီကို အဲဒီနိုင်ငံမှာနေတဲ့ တပည့်ရင်းတယောက် လောက်လွှတ်ပြီး နားချခိုင်းပေးစမ်းပါဆိုတဲ့ အကူအညီဖြစ်တယ်။

ပထမဆုံးကြုံဖူးတာ

သူ့စကားကြားတော့ တော်တော် အံ့အားသင့်သွားတယ်။ နိုင်ငံခြားသွားချင်လို့ အကြံတောင်းတာ၊ အကူအညီ တောင်းတာတွေ အမြဲကြုံတွေ့နေကျဖြစ်ပေမယ့် အခုလို နိုင်ငံခြားကသား ပြန်လာစေချင်လို့ အကူအညီ တောင်းတာမျိုးတော့ တခါမှ မကြုံဖူးဘူး။ ဒါ ပထမဆုံးပဲ။ သူ့သား နိုင်ငံခြားထွက်သွားတာ သုံးနှစ်ရှိပါပြီ။ မြန်မာပြည်မှာ ဖွင့်ထားတဲ့ နိုင်ငံခြားသား အများစုသင်တဲ့ ကျောင်းကြီးတခုက အထက်တန်းပြီးပြီးချင်း သွားလိုက်တာမို့ သွားစက ၁၈ နှစ်တောင် မပြည့်သေးပါ ဘူး။ ဟိုနိုင်ငံရောက်တော့ တက္ကသိုလ်ဝင်ခွင့်မရသေးဘဲ ဝင်ခွင့်သင်တန်း တနှစ်ကြာအောင် တက်ရပါတယ်။ မြန်မာပြည်မှာ မိဘက မျက်စိအောက်က အပျောက်မခံအောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့တာဆိုတော့ ၁၈ နှစ်ရွယ်သား လေးဟာ ဟိုနိုင်ငံရောက်တော့ ဇောင်းထဲက လွှတ်တဲ့မြင်းလိုဖြစ်ပြီး ပျော်ချင်တိုင်း ပျော်မြူးနေပါတော့တယ်။

ပြန်မလာတော့လို့

သုံးနှစ်သာ ကြာသွားတယ်။ ဘယ်တက္ကသိုလ်ကောလိပ်မှ မတက်ရပါဘူး။ ဒါပေမယ့် ကျောင်းသားဗီဇာရနိုင်တဲ့ သင်တန်းတွေ တခုပြီးတခုပြောင်းတက်ပြီး ဆက်နေပါတယ်။ သူတို့နိုင်ငံတွေမှာလည်း ပညာရေးဆိုတာ စီးပွားရေးလုပ်ငန်း အဖြစ် လုပ်ကြကိုင်ကြတာဆိုတော့ ကျောင်းလခ တနှစ်စာသွင်းရင် ဗီဇာရအောင် လုပ်ပေးတဲ့ ကျောင်းတွေက အများသားကိုး။ ဒီကမိဘများက ပိုက်ဆံပို့နိုင်ရင် ပို့နိုင်သလောက် ဟိုမှာ ကျောင်းသားလုပ်ပြီး နေနိုင်ကြတယ်လေ။ သုံးနှစ်ကြာတော့ မိဘများကပြန်လာဖို့ခေါ်ပေမယ့် သားလေးက ပြန်မလာဘူး။ အကြောင်းအမျိုးမျိုး ပြပြီး ငြင်းတယ်။ နောက်ဆုံးမတတ်သာတော့လို့ လာပြီးအကူအညီ တောင်းတာ ဖြစ်ပါတယ်။

လူနေမှုအဆင့်အတန်းတဲ့

ရင်းနှီးတဲ့ မိတ်ဆွေဖြစ်တာကြောင့် သူအကူအညီတောင်းတဲ့အတိုင်း ဟိုမှာနေတာ နှစ်ပေါင်း နှစ်ဆယ်လောက် ရှိပြီဖြစ်တဲ့ တပည့်ရင်းချာတယောက်ဆီကို အီးမေးလ် ပို့ပြီး အကူအညီတောင်းပေးလိုက်ပါတယ်။ သားလိုဖြစ်နေတဲ့ တပည့်ကလည်း ချက်ချင်း ကတိပေးပြီး အလုပ်အားရက်မှာ ဖုန်းနဲ့ချိန်းပြီး သွားတွေ့ပါတယ်။ သူ့အိမ်ကိုခေါ်ပြီး မြန်မာ ထမင်းဟင်းတွေလည်း ကျွေးပါတယ်။ ရင်းနှီးအောင်လည်း ပေါင်းပါတယ်။ သုံးလလောက်ကြာတော့ တပည့်ဆီက လက်လျော့လိုက်ရကြောင်း အကြောင်းကြားပါတယ်။ ကလေးက ဘယ်လိုမှ တိုက်တွန်းလို့မရတဲ့အကြောင်း၊ ဟိုမှာပဲ တသက်လုံးနေဖို့ ကြံရွယ်ထားပုံရကြောင်း ပြောပြပါတယ်။ (Quality of Life) 'လူနေမှု အဆင့်အတန်း' ဆိုတဲ့စကားကို ပါးစပ်ကမချအောင်ကို ပြောနေတယ်ဆရာရဲ့ လို့လည်း ဖုန်းထဲက ပြောပြပါတယ်။

ဘယ်သူ့အပြစ်လဲ

အကျိုးအကြောင်း မိတ်ဆွေဖြစ်သူကို ပြောပြတော့ မျက်ရည်ကျရှာတယ်။ ကိုယ်တိုင်သွားခေါ်မှ ဖြစ်တော့မှာပဲလို့လည်း ညည်းညူသွားပါတယ်။ ဒီကိစ္စကို ရက်ပေါင်းအတော်ကြာအောင် စဉ်းစားနေမိတယ်။ ဒီကလေးဟာ ဒီမှာလည်း ရွှေပေါ်မြတင်နေခဲ့ရတာပါ။ ဒေါ်လာနဲ့ပေးပြီးတက်ရတဲ့ကျောင်းမှာ အထက်တန်း ကုန်တဲ့အထိ တက်ခဲ့ရပါတယ်။ သူ့ဘဝ တလျှောက်လုံး မရှိဆိုတဲ့စကား မကြားခဲ့ဖူးဘူးလို့ ဆိုနိုင်လောက်တဲ့ အခြေအနေပါ။ ဒါတောင်မှ ဒီ 'ကွာလတီအော့လိုက်ဖ်' ဆိုတဲ့စကား ဘာကြောင့် နှုတ်ဖျားကမချ ဖြစ်နေရတာလဲ။ ကလေးရဲ့ အပြစ်လား၊ အလိုလိုက်တဲ့ မိဘများရဲ့အပြစ်လား။ ဒါမှမဟုတ် ဒါမှမဟုတ် . . .။

မျိုးချစ်ကြီးတွေ မဟုတ်ပေမယ့်

ဒီကိစ္စကို အပြန်ပြန်အလှန်လှန် ဝေဖန်စောကြောနေမိတယ်။ ကလေးမိဘများ ကလည်း ထူးကဲတဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေ မဟုတ်ပေမယ့် နိုင်ငံခြားကိုမှ အထင်ကြီးတတ်သူတွေ မဟုတ်ပါဘူး။ နိုင်ငံခြားမှာ သွားနေဖို့လည်း စိတ်ကူးတောင် ကြည့်ဖူးသူတွေ မဟုတ်ပါဘူး။ ဘိုးစဉ်ဘောင်ဆက် ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်လာကြပြီး တင့်တောင်းတင့်တယ် နေနိုင်ကြသူတွေ ဖြစ်ပါတယ်။ သားလေးကလည်း ဒေါ်လာပေးတက်ရတဲ့ကျောင်းမှာ တက်ခဲ့တာ ဖြစ်ပေမယ့် ဟော့ဟော့ရမ်းရမ်း မဟုတ်ပါဘူး။ စာကြိုးစားရှာပါတယ်။ ကျောင်းပိတ်ရက်တွေမှာလည်း အအားမနေပါဘူး။ သင်တန်း အမျိုးမျိုး တခုပြီးတခု တက်နေခဲ့တာပါ။

ကျောင်းတွေနဲ့ ဆိုင်သလား

၁၈ နှစ်အရွယ် ကလေးတယောက်ရဲ့ခေါင်းထဲကို ဒီ 'ကွာလတီအော့လိုက်ဖ်' ဆိုတဲ့စကားက ဘယ်လိုလုပ်ပြီး ရောက်သွားခဲ့တာလဲ။ သူတက်ခဲ့တဲ့ ကျောင်းတွေ သင်တန်းတွေနဲ့များ ဆိုင်နေလေသလား။ သူတက်ခဲ့တဲ့ ကျောင်းတွေမှာ နိုင်ငံခြားသားက အများစုဖြစ်တယ်။ ကျောင်းသားတွေက လူမျိုးစုံသလို ဆရာတွေကလည်း နိုင်ငံစုံကလာကြတာ ဖြစ်တယ်။ နိုင်ငံခြားက သင်ရိုးတွေ အတိုင်းပဲသင်တယ်။ မြန်မာကျောင်းတွေက သင်ရိုးတွေမသင်ဘူး။ မြန်မာပြည်က စာမေးပွဲတွေ မဖြေဘူး။ အထက်တန်းပြီးရင် နိုင်ငံခြားသွား ကျောင်းဆက်တက် ကြမှာ။ ဒီအထိ ကိစ္စမရှိဘူး။ နိုင်ငံသားတိုင်း ကိုယ်ကြိုက်ရာကို လွတ်လပ်စွာ လုပ်ခွင့်ရှိတာပဲ။ နိုင်ငံခြားသွား ပညာသင်တာ မကောင်းတဲ့ကိစ္စမှ မဟုတ်တာ။

ကျောပိုးအိတ်သမားတွေလား

အဲဒီလိုကျောင်းတွေမှာရှိတဲ့ ဆရာတွေနဲ့များ ဆိုင်နေမလားလို့ စဉ်းစားမိတယ်။ ကျောင်းတချို့က ဆရာ ဆရာမတွေကို သေသေချာချာ စိစစ်ပြီး အရည်အချင်း ပြည့်မီသူတွေကိုသာ ခန့်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့တလေက စီးပွားရေးသမားလို ဈေးတွက်တွက်ပြီး 'ပေါချောင်ကောင်း'တွေရှာပြီး ငှားတာမျိုး လည်းရှိတယ်။ အခုလိုကျောင်းမျိုးတွေ မပေါ်ခင်အချိန်က အင်္ဂလိပ်စကားပြော သင်တန်းကျောင်းတခုဖွင့်ခဲ့ဖူးတော့ တကိုယ်တော် ကျောပိုးအိတ်သမားတွေ လာပြီး ဆရာအလုပ်လျှောက်တာ မကြာခဏ ကြုံဖူးတယ်။ သူတို့က ပိုက်ဆံ မကုန်ဘဲ ကမ္ဘာအနှံ့လည်ရအောင် ရောက်ရာအရပ်မှာ ကြုံတဲ့အလုပ် ဝင်လုပ်ပြီး စရိတ်ရှာလေ့ရှိကြတယ်။ နိုင်ငံတနိုင်ငံမှာ အားရအောင် လည်ပတ်ပြီးတဲ့အခါ နောက်တနိုင်ငံ ကူးသွားကြတယ်။ ကြုံရာဝင်လုပ်ကြ ပြန်တယ်။

ပညာတတ်တိုင်း ဆရာမဖြစ်

အဲဒီလို ကျောပိုးအိတ်သမားတွေထဲမှာ တချို့က ကျောင်းသူကျောင်းသားတွေ ဖြစ်ပြီး တချို့က ကျောင်းဆရာတွေ ဖြစ်တယ်။ တချို့ကျတော့လည်း သိပ်ပညာမတတ်တဲ့ အောက်ခြေအလုပ်သမားတွေ ဖြစ်တယ်။ ကျောင်းဆရာ အလုပ်ဆိုတာ ပညာတတ်တိုင်း လုပ်လို့ဖြစ်တာ မဟုတ်ပါဘူး။ ဆရာဖြစ် သင်တန်းအောင်မှ လုပ်နိုင်တဲ့အလုပ်မျိုးဖြစ်ပါတယ်။ တကယ်လို့ ဆရာလုပ်ဖို့ အရည်အချင်း မရှိသူတွေ ဆရာဝင်လုပ်နေကြတဲ့ ကျောင်းမျိုးဆိုရင် ကလေးတွေကို မှန်ကန်တဲ့ ပညာရပ်တွေ မှန်ကန်တဲ့ အတွေးအခေါ်တွေ ပေးနိုင်ပါ့မလား။

ပြင်ပသင်တန်းတွေ ပိုဆိုး

နောက်ပြီး ပြင်ပသင်တန်း ဆိုတာတွေက ပိုပြီးဆိုးသေးတယ်။ အင်္ဂလိပ်စာလေး နည်းနည်းဖတ်တတ်တယ် ဆိုရုံလောက်နဲ့ နိုင်ငံခြားက စာအုပ်ကြီးတွေကိုင်ပြီး ဆရာဝင်လုပ်နေကြသူတွေ အများကြီးရှိတယ်။ ဆရာဖြစ် လက်မှတ်ဆိုတာဝေးလို့ သူတို့ ဆရာကြီးတဆူလုပ်ပြီး သင်ကြားပေးနေတဲ့ ဘာသာရပ်ကိုတောင် ဘွဲ့ရအောင် သင်ယူဖူးခဲ့ကြတာ မဟုတ်ဘူး။ စာအုပ်ကြီးထဲက မှတ်စုထုတ်ပြီး ကြက်တူရွေးလို ရွတ်ပြနေကြတာ များတယ်။ အဲဒီလို သင်တန်းတွေကို အဟုတ်မှတ်ပြီး တက်ခဲ့ကြတဲ့ကလေးတွေ အများစုက စကားပြောလိုက်ရင် အင်္ဂလိပ် စကားလုံးကြီးတွေ အတုံးလိုက် အတစ်လိုက်ပဲ။ ဘာဖြစ်ဖြစ် သူတို့က ဂလိုဘယ်ဆိုတာကြီးနဲ့ ကိုင်ပေါက်လိုက်ကြတယ်။ စတစ်ဂလစ်က ဘာပြောတယ်။ ဖရိုက်မင်းက ဘာပြောတယ်။ ဖူကူးရာမက ဘာပြောတယ် ဆိုတာတွေ အပ်ကြောင်းထပ်နေတော့တယ်။ ပါးစပ်တွေမှာ အမြှုပ်တစီစီနဲ့။

အဆင့်အတန်းရှိတဲ့လူ

ဒီလိုကလေးမျိုးတွေကပဲ လူ့အဆင့်အတန်းဆိုတဲ့ စကားအများဆုံး ပြောကြတာ ဖြစ်တယ်။ အပ်ကစပြီး မော်တော်ကားထိ ဝယ်လို့ရတဲ့ ကုန်တိုက်ကြီးတွေ နေရာတကာရှိပြီး သုံးချင်တိုင်းသုံး၊ ဖြုန်းချင်တိုင်းဖြုန်း ပျော်ချင်တိုင်းပျော်လို့ရတဲ့ နိုင်ငံတွေမှာနေမှ အဆင့်အတန်းရှိတဲ့လူလို့ သတ်မှတ်တယ်လို့ ထင်နေကြပုံ ရပါတယ်။ သင်တန်းမှာ သူတို့သင်ယူခဲ့ကြတဲ့ ဂျီဒီပီတွေ ဂျီအင်ပီတွေ လူတထောင်မှာ မော်တော်ကား ဘယ်နှစီး၊ တယ်လီဖုန်း ဘယ်နှလုံး ဆိုတဲ့ စာရင်းအင်း အချက်အလက်တွေ ကိုကြည့်ပြီး နိုင်ငံတနိုင်ငံ၊ လူမျိုးတမျိုးရဲ့ အဆင့်အတန်းကို သတ်မှတ်ရတယ်လို့ပဲ ယူဆထားကြတာကိုး။

ဘယ်သူမပြု မိမိမှု

လူတွေရဲ့ပျော်ရွှင်ချမ်းသာမှုဆိုတာ ရုပ်ဝတ္ထုပစ္စည်းတွေက ဖန်တီးပေးတာ မဟုတ်ဘူး စိတ်ချမ်းသာမှုရှိမှ အမှန်တကယ် ပျော်ရွှင်ရတယ်ဆိုတာ ကလေးတွေက ဘယ်လိုသိမှာလဲ။ စိတ်ချမ်းသာမှု ရှိဖို့အတွက် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနဲ့ တရားမျှတမှုရှိခြင်းတို့ကသာလျှင် ဖော်ဆောင်ပေးနိုင်တယ် ဆိုတာလည်း မသိရှာကြဘူး။ မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာလူဖြစ်ခဲ့ ပေမယ့် မြန်မာလူမျိုးတွေနဲ့က အနေဝေးကြတယ်လေ။ နိုင်ငံခြားသားတွေ သင်တဲ့ကျောင်းနဲ့ နိုင်ငံခြားစာတွေသင်တဲ့ သင်တန်းတွေပဲတက်ပြီး ကြီးပြင်းလာခဲ့ကြတာ မဟုတ်လား။ ဒီတော့လည်း ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ဘယ်အထင်ကြီး တော့မှာလဲ။ နိုင်ငံခြားမှာနေမှပဲ လူ့အဆင့်အတန်းမြင့်တယ်လို့ ထင်နေကြတော့ မှာပေါ့။ မိတ်ဆွေကြီးအတွက်တော့ စိတ်မကောင်းဘူး။ ဒါပေမယ့် ဘာမှလည်း မတတ်နိုင်ဘူး။ ဘယ်သူမပြု မိမိမှုပဲလေ။

http://www.news-eleven.com/ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။


Monday, October 25, 2010

ပခုက္ကူ ရေနံပိုက်မီး ၁၀ ဦးသေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရ

မကွေးတိုင်း ပခုက္ကူခရိုင် မြစ်ခြေတိုက်နယ်ပိုင် ညောင်လှကျေးရွာအနီးရှိ ရေနံပိုက်လိုင်း ယမန်နေ့ အောက်တိုဘာလ ၂၄ ရက်၊ တနင်္ဂနွေညပိုင်းက ပေါက်ကွဲမီးလောင်ရာ လူ ၁၄ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ စစ်အစိုးရရဲ့ သတင်းများက ဆိုပါတယ်။

ရေနံပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွားစဉ်

သေဆုံး ဒဏ်ရာရရှိသူများမှာ ရေနံပိုက်လိုင်းက ယိုစိမ့်နေတဲ့ရေနံတွေကို ခံယူနေတဲ့ ဒေသခံရွာသားများဖြစ်ပြီး မတော်တဆ ပိုက်လိုင်းပေါက် မီးလောင်မှုကြောင့်ဖြစ်ကြောင်း အစိုးရအရာရှိတဦးကို ကိုးကားပြီး AFP သတင်းမှာလည်း ဖော်ပြထားပါတယ်။

Photos : AP, AFP, Mizzima



မုန်တိုင်းသင့်ဒေသသို့ ကယ်ဆယ်ရေးပစ္စည်းများ ပို့ပြီ

အောက်တိုဘာလ ၂၅ ရက်နေ့က ဂီရိ မုန်တိုင်းသင့်ဒေသသို့ ထောက်ပံ့ကူညီမယ့် အဆောက်အအုံသုံးပစ္စည်းများနဲ့ ဆန်အိတ်များကို ဆိပ်ကမ်းအလုပ်သမားများက ရန်ကုန် ဗိုလ်တထောင် ဆိပ်ခံတံတားမှ သင်္ဘောပေါ်သို့ တင်ဆောင်နေစဉ်။

ရခိုင်ပြည်နယ် စစ်တွေနဲ့ ကျောက်ဖြူအကြားမှ ကုန်းတွင်းပိုင်းအထိ ဖြတ်သန်းတိုက်ခတ်ခဲ့သွားတဲ့ ဂီရိ ဆိုင်ကလုံး မုန်တိုင်းကြောင့် လူသေဆုံးမှုနဲ့ အဆောက်အဦ အများအပြား ပျက်စီးခဲ့ကြောင်းသိရပြီး နအဖ စစ်အစိုးရကတော့ ယခုအချိန်အထိ ပျက်စီးဆုံးရှုံးမှုတွေကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

Photos : Reuters


Sunday, October 24, 2010

ဂီရိ အနင်းခံလိုက်ရတဲ့ ကျောက်ဖြူ

ဂီရိမုန်တိုင်းဝင်ပြီးနောက်တနေ့ အောက်တိုဘာလ ၂၃ ရက်နေ့က တွေ့ရတဲ့ ကျောက်ဖြူမြို့နယ် တနေရာ။

အောက်တိုဘာလ ၂၂ ရက်နေ့ ည ၈ နာရီလောက်က တနာရီ မိုင် ၁၀၀ ကျော်နှုန်းနဲ့ တိုက်ခတ်သွားခဲ့တဲ့ ဂီရိမုန်တိုင်းဟာ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်ဘက် ကနေပြီး နိုင်ငံအလယ်ပိုင်းထိ ရိုက်ခတ်သွားခဲ့ပါတယ်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရဲ့ ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ ကျောက်ဖြူ၊ မင်းပြား၊ မာန်အောင်၊ မြေပုံ၊ ပေါက်တော စတဲ့ ဒေသတွေက အဆောက်အဦတွေနဲ့ အိမ်တွေ ပျက်စီးသွားခဲ့ပြီး အသေအပျောက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ကျောက်ဖြူမြို့နယ်ထဲမှာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ဒုက္ခသည်ပေါင်း ၅,၀၀၀ လောက် ရှိပြီး ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြရတယ်လို့ ဗွီအိုအေ သတင်းအရ သိရပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့က ကျောက်ဖြူမြို့ရှိ မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် ပုဂ္ဂလိက အလှူရှင်များက ကူညီရေးပစ္စည်းများ ပေးဝေနေစဉ်။

ရခိုင်ပြည်နယ်ကတဆင့် မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းတွေဆီကို ဆက်ပြီး ဦးတည် ရွေ့လျားသွားခဲ့တဲ့ မုန်တိုင်းဂီရိကြောင့် လမ်း၊ တံတားတွေ၊ လျှပ်စစ်၊ ကြေးနန်းနဲ့ ဆက်သွယ်ရေးဌာန အဆောက်အဦတွေလည်း ထိခိုက်ပျက်စီးခဲ့ရပြီး တယ်လီဖုန်းလိုင်းနဲ့ လျှပ်စစ်ဓာတ်အားပေးမှုတွေလည်း ပြတ်တောက်ခဲ့ပါတယ်။

မုန်တိုင်းကြောင့် မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ အကြီးအကျယ် ပျက်စီး ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလဆန်းက ဧရာဝတီတိုင်းကို တနာရီ မိုင် ၁၂၀ နှုန်းနီးပါးနဲ့ တိုက်ခတ်သွားခဲ့တဲ့ ဆိုင်ကလုန်းနာဂစ်ကြောင့် သေဆုံးခဲ့ရသူပေါင်း တသိန်းခွဲနီးပါး ရှိခဲ့ကြောင်း သိရပါတယ်။

Photos : AP

သီတင်းကျွတ်

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက် သီတင်းကျွတ်လပြည့်နေ့မှာ ကန်တော်ကြီးကနေ လှမ်းဖူးမျှော်ရတဲ့ ရွှေတိဂုံစေတီတော်

ရန်ကုန် ကန်တော်ကြီးက သီတင်းကျွတ် မီးထွန်းပွဲတော် ပုံရိပ်တချို့

Photos : AP

လှုပ်လှုပ်ရှားရှား ၂၀၁၀ ပါတီများ

အောက်တိုဘာလ ၂၄ ရက်နေ့က ကြံ့ဖွံ့ရဲ့ မဲဆွယ်စာစောင်တွေကို ဖတ်နေတဲ့ ရန်ကုန်မြို့ခံတချို့။

အောက်တိုဘာလ ၂၃ ရက်နေ့က မဲလိုက်ဆွယ်နေတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု အဖွဲ့ဝင်အချို့။

Photos : AP


Friday, October 22, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၅၆)

ကျနော်အထုပ်ကို ဖြေကြည့်သည်။ ကျနော့် ကရင်အင်္ကျီကို တွေ့သွားသည်။ တပ်ရင်းမှူးက …

“မင်း ဘာလူမျိုးလဲ”

“ကျနော် ကရင်လူမျိုးပဲ”

တပ်ရင်းမှူးက နည်းနည်းပါးပါးမေးပြီး ပြန်ခေါ်သွားခိုင်းသည်။

မနက် ၉ နာရီကျော်လောက်တွင် တင်ရင်းကင်းရုံးသို့ တပ်ရင်းမှူးရောက်လာ ပါသည်။ ကင်းမှူးကိုခေါ်ပြီး ကျနော့်ဒဏ်ရာကို ဆေးထည့်ခိုင်းသည်။ သွေးပေနေသောအင်္ကျီကို လျှော်ခိုင်းသည်။ လက်ကိုချည်ထားသော ကြိုးကို ဖြေခိုင်းသည်။

နောင်အခါတွင်သိရသည်မှာ ထိုစဉ်အခါက တပ်ရင်းမှူးလုပ်ခဲ့သူမှာ ကရင်အမျိုးသားဟု သိရသည်။ ကျနော့်ကို သူတတ်နိုင်သည့်ဘောင်အတွင်းမှ ကူညီခဲ့ခြင်းပင်ဖြစ်လေသလားဟု စဉ်းစားမိသည်။

ကင်းမှူးက ကျနော့်ကို တိရိစ္ဆာန်တကောင်လို သဘောထားဆက်ဆံရာမှ တပ်ရင်းမှူးက ကောင်းကောင်းမွန်မွန် ဆက်ဆံသည့်အတွက် သူ့လက်အောက်မှ လူများသည် ကျနော့်ကို ရိုင်းရိုင်းပြပြ မဆက်ဆံတော့ပါ။

အကျဉ်းထောင်သို့ တကျော့ပြန်

သံဖြူဇရပ် ခလရ ၃၀ တပ်ရင်းအချုပ်တွင် တပါတ်နေခဲ့ရသည်။ ၁၉၇၀ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက် ဗိုလ်ကြည်ဝင်း ကိုယ်တိုင်ဦးစီး၍ တပ်ကြပ်ကြီး တယောက်၊ စစ်သား ၅ ယောက် လှံစွပ်ကိုယ်စီတပ်၍ ကျနော့်ကို လက်ထိပ်ခတ်ပြီး သံကြိုးစကိုကားနဲ့တွဲပြီး တဖန် သော့ခတ်ပြန်သည်။ မော်လမြိုင်ထောင်သို့ လာပို့သည်။

မော်လမြိုင်ထောင်၏ ကြိုးတိုက်ကလေး၊ အချုပ်ခန်း အခန်းနံပတ် ၁ တွင် ကျနော့်ကိုချုပ်သည်။ ကျနော့်ခေါင်းသည် မူးဝေနောက်ကျိနေပါသည်။ ကျနော် လှဲလောင်းနေသော ကြိုးတိုက်အခန်းကျဉ်းသည် ကျနော့်ရင်ကို ပို၍ မွန်းကျပ်စေသည်။ ကျနော် မောပန်းနေပါသည်။ ကျနော် အုတ်နံရံကိုမှီပြီး အမောဖြေနေသည်။ အနီးတွင်တွေ့ရသော သံချောင်းလေးနှင့် အုတ်နံရံကို ရေးခြစ်လိုက်သည်။

‘သံဓိဋ္ဌာန်ချ အသက်စွန့်ရန် မကြောက်၊ အခက်အခဲ ဖယ်ရှား အောင်ပွဲအရယူ’
၁၀-၁၀-၁၉၇၀ ခုနှစ်

တော်လှန်ရေးသမားတိုင်း တော်လှန်ရေး ဆက်လုပ်ကြ
(အားနက်စကို ချီဂွေဗားရား)

လွန်ခဲ့သည့်ရက်များက ဖြတ်သန်းခဲ့ရသည့် ကြမ်းတမ်းပြင်းထန်လှသော အဖြစ်အပျက်များက ကျနော့် အတွေးအာရုံတွင် ပြန်ပေါ်လာကြသည်။ ဖထီးမန်းအောင်ကြည်၊ ဆရာ ဦးအောင်ငွေ သူတို့ လွတ်မြောက်ကြရဲ့လား။ တိုက်ပွဲဟာ အဆုံးအရှုံး များတယ်။ ဆက်ပြီး တိုက်ရဦးမယ်။

ကြိုးတိုက်အချုပ်ခန်း၏ အပေါက်ဝသံတိုင်တွင် မှီထိုင်ရင်း အပြင်လောက ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ အောက်တိုဘာ သီတင်းကျွတ်လဆန်း၏ ကောင်းကင်သည် ပြာလဲ့ပြီး လှပကြည်လင်နေသည်။

မိုးငွေ့နည်းသော တိမ်တောင် တိမ်ရိပ်တို့သည် ဖြူဖွေးတောက်ပသောအဆင်းကို ဆောင်ယူကြလျှက် ဂွမ်းပုံ ဂွမ်းလိပ်ကြီးများပမာ အားနည်းလာပြီဖြစ်သော အနောက်တောင်လေကို ဟီးလေးခိုကာ အုပ်စုဖွဲ့လျှက် တအိအိ ရွှေ့လျားနေကြလေ၏။

“ဒို့ရဲဘော်များဟာ အခက်အခဲတွေ့လျှင် အောင်မြင်မှုကို ကြည့်ရမယ်။ နေရောင်ခြည်ကို မြင်ရမယ်။ ဒို့ရဲ့စိတ်ဓာတ် ရှင်သန်နေရမယ်”

ရဲဘော်ဖိုးသံချောင်းတို့ မန္တလေးမှရဲဘော်များ ပြည်တော်ညွန့်သင်္ဘောပေါ်တွင် ပထမဆုံးသီဆိုခဲ့သော သီချင်းသံကို ပြန်လည်ကြားယောင်လာပါသည်။

၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်
တနင်္လာနေ့။


၁၉၆၀ ခုနှစ်၊ နံနက် ၁၁ နာရီ ၁၅ မိနစ်

ကေအဲန်ယူ၊ ကရင့်လက်နက်ကိုင် တော်လှန်ရေး
ရှေ့တန်းပြောက်ကျားဒေသ တနေရာ


ဆက်လက်ဖော်ပြပါမည်။


Thursday, October 21, 2010

နအဖ စစ်အစိုးရ အလံပြောင်း

နအဖ စစ်အစိုးရက ၃၆ နှစ်နီးပါး အသုံးပြုခဲ့တဲ့ စပါးနှံ၊ ပင်နီယံနဲ့ ကြယ်ဖြူ ၁၄ လုံးပါ ဆိုရှယ်လစ် သင်္ကေတအလံကို ဖြုတ်ချပြီး အလံသစ်ပြောင်းတင်တဲ့ အခမ်းအနားကို မြန်မာတနိုင်ငံလုံး ဒီကနေ့ညနေပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ နအဖရဲ့ အလံသစ်ဟာ အဝါရောင်၊ အစိမ်းရင့်ရောင်၊ အနီရောင် ခြယ်ထားပြီး အလယ်မှာ အဖြူရောင် ကြယ်ကြီးတလုံး ပါရှိပါတယ်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည်ဖော်ဖို့အတွက် ကြိုတင်ဆောင်ရွက်ဖို့ရှိတဲ့ လုပ်ငန်းရပ်တွေကို နအဖ ကနေ ဆောင်ရွက်ပေးဖို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတွက် အခုလို အလံတော်သစ်ကို တင်လိုက်တာဖြစ်တယ်လို့ နအဖ သတင်းဌာနတွေက ဆိုပါတယ်။

ဒါပေမယ့် အခုလို အလံသစ်ကို အသုံးပြုလိုက်တာဟာ စစ်အစိုးရက သူတို့ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို ချိုးဖောက်တာ ဖြစ်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး ပြည်သူလွှတ်တော် ခေါ်ယူအတည်ပြုပြီးမှသာ သုံးစွဲနိုင်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

ဒီကနေ့ အလံတင် အခမ်းအနားကို ဗေဒင်ယတြာ သဘောအရ အလံဟောင်းချသူတွေက အင်္ဂါသားသမီးတွေ ဖြစ်ပြီး အလံသစ်တင်မယ့်သူတွေက ဗုဒ္ဓဟူးသားသမီးတွေ ဖြစ်ရမယ်လို့ နအဖ စစ်အစိုးရက ရုတ်တရက် ညွှန်ကြားပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

အခုဖြုတ်ချခံရတဲ့ နအဖ အလံဟောင်းဟာ ၁၉၆၂ အာဏာသိမ်းစစ်တပ် ကျောထောက်နောက်ခံဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့အလံ ဖြစ်ပါတယ်။

Photos : Getty Images, AP, Irrawaddy