Sunday, October 24, 2010

ဂီရိ အနင်းခံလိုက်ရတဲ့ ကျောက်ဖြူ

ဂီရိမုန်တိုင်းဝင်ပြီးနောက်တနေ့ အောက်တိုဘာလ ၂၃ ရက်နေ့က တွေ့ရတဲ့ ကျောက်ဖြူမြို့နယ် တနေရာ။

အောက်တိုဘာလ ၂၂ ရက်နေ့ ည ၈ နာရီလောက်က တနာရီ မိုင် ၁၀၀ ကျော်နှုန်းနဲ့ တိုက်ခတ်သွားခဲ့တဲ့ ဂီရိမုန်တိုင်းဟာ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်ဘက် ကနေပြီး နိုင်ငံအလယ်ပိုင်းထိ ရိုက်ခတ်သွားခဲ့ပါတယ်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရဲ့ ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ ကျောက်ဖြူ၊ မင်းပြား၊ မာန်အောင်၊ မြေပုံ၊ ပေါက်တော စတဲ့ ဒေသတွေက အဆောက်အဦတွေနဲ့ အိမ်တွေ ပျက်စီးသွားခဲ့ပြီး အသေအပျောက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ကျောက်ဖြူမြို့နယ်ထဲမှာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ဒုက္ခသည်ပေါင်း ၅,၀၀၀ လောက် ရှိပြီး ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြရတယ်လို့ ဗွီအိုအေ သတင်းအရ သိရပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့က ကျောက်ဖြူမြို့ရှိ မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် ပုဂ္ဂလိက အလှူရှင်များက ကူညီရေးပစ္စည်းများ ပေးဝေနေစဉ်။

ရခိုင်ပြည်နယ်ကတဆင့် မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းတွေဆီကို ဆက်ပြီး ဦးတည် ရွေ့လျားသွားခဲ့တဲ့ မုန်တိုင်းဂီရိကြောင့် လမ်း၊ တံတားတွေ၊ လျှပ်စစ်၊ ကြေးနန်းနဲ့ ဆက်သွယ်ရေးဌာန အဆောက်အဦတွေလည်း ထိခိုက်ပျက်စီးခဲ့ရပြီး တယ်လီဖုန်းလိုင်းနဲ့ လျှပ်စစ်ဓာတ်အားပေးမှုတွေလည်း ပြတ်တောက်ခဲ့ပါတယ်။

မုန်တိုင်းကြောင့် မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ အကြီးအကျယ် ပျက်စီး ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလဆန်းက ဧရာဝတီတိုင်းကို တနာရီ မိုင် ၁၂၀ နှုန်းနီးပါးနဲ့ တိုက်ခတ်သွားခဲ့တဲ့ ဆိုင်ကလုန်းနာဂစ်ကြောင့် သေဆုံးခဲ့ရသူပေါင်း တသိန်းခွဲနီးပါး ရှိခဲ့ကြောင်း သိရပါတယ်။

Photos : AP

No comments: