Thursday, March 4, 2010

မြင်းစီးနေရသော လှေထိုးသား (သို့မဟုတ်) ဝံပုလွေကြီး၏ ဘဝနှင့်စာပေ ( ၂ )

ရုရှားမှ ‘ဘာကူနင်’ ၏ အနာကစ်ဝါဒသဘောတရားနှင့် ဗြိတိန်ရှိ ‘ဖေဘီယန်း’ ဆိုရှယ်လစ်ဝါဒတို့ကိုမူ ဂျက်က သဘောမတူ …။

ကားလ်မက်နှင့် ပရဲဒရစ်အိန်ဂျယ်တို့ ပြုစုသည့် ‘ကွန်မြူနစ်ကြေညာစာတမ်း’ ကိုမူ ဂျက်သည် နှစ်နှစ်ကာကာ သဘောကျ၏။ စွဲစွဲနှစ်နှစ် ယုံကြည်၏။

“ဆိုရှယ်လစ်ဝါဒီများအတွက် ၎င်းတို့၏ ရည်မှန်းချက်နှင့်သဘောထားများကို ဖုံးကွယ်ထားရန် ဘာအကြောင်းမှ မရှိချေ။ တည်ရှိဆဲဖြစ်သော လူမှုရေးစနစ် အဆောက်အအုံကြီးတရပ်လုံးကို အကြမ်းဖက်သောနည်းဖြင့်သာ မှောက်လှန်ပယ်ရှားနိုင်သော ပြောင်ပြောင်တင်းတင်း ထုတ်ဖော်ကြေညာဝံ့ရမည်ဖြစ်၏။ ယင်းကြေညာချက်ဖြင့် အုပ်စိုးသူလူတန်းစားတရပ်လုံး သွေးပျက်ချောက်ချားသွားပါစေ၊ နှောင်တည်းထားသော အနှောင်အဖွဲ့များမှလွဲ၍ အရင်းမဲ့များတွင် ဆုံးရှုံးစရာ အခြားဘာမျှမရှိ၊ ကမ္ဘာမြေတခုလုံးကို အောင်နိုင်စရာသာရှိ၏။ ထို့ကြောင့် နိုင်ငံတကာမှ အလုပ်သမားများများ စည်းလုံးညီညွတ်ခြင်း ရှိကြလော့ … …”

ဤအပိုဒ်အား ဖတ်တိုင်း ဂျက်သည် ကြက်သီးဖျန်းဖျန်းထသည်ဟု ဆိုသည်။ သဘောတရားရေးအရ လေ့လာသကဲ့သို့ လက်တွေ့တွင်လည်း ဂျက်သည် လုပ်ဆောင်သည်။

ပထမ ဥက္ကလန် အလုပ်သမားအသင်းအဖွဲ့များတွင် ပါဝင်၏။ ဆွေးနွေးပွဲများ၊ တရားပွဲများတွင် တတ်တတ်ကြွကြွ…။ ထိုမှတဆင့်… ဂျက်သည် ဥက္ကလန် ဆိုရှယ်လစ်အလုပ်သမားပါတီနှင့် နီးစပ်ယဉ်ပါးခဲ့၏။

အမေရိကန်နိုင်ငံလုံးဆိုင်ရာ အလုပ်သမားပါတ်ီရပ် ပီပီပြင်ပြင်… ခိုင်ခိုင်ခံ့ခံ့တည်ဆောက်နိုင်ရန် ဂျက်သည် လှုံ့ဆော် စည်းရုံး၏။ ပါတီအစည်းအဝေးများတွင် အလုပ်သမားလူတန်းစားပါတီတရပ်တွင် အယူဝါဒ သန့်ရှင်းစင်ကြယ်စေဖို့ … ခိုင်ခန့်ဖို့အရေးကြီးကြောင်း ရပ်ခံတင်ပြ၏။ ပစ္စည်းမဲ့တော်လှန်ရေးကြီးတရပ်၏ သွားရာလမ်းသည် မဲပုံးထောင်သော လမ်းမဟုတ် … ဟု ဂျက်က ခိုင်ခိုင်မာမာ ယုံကြည်၏။

ယုံကြည်သည့်အတိုင်းလည်း လှုံ့ဆော်သည်။ လူထုတရားပွဲများ၌ လူထုအား အရင်းအတိုင်း ပွင့်ပွင့်လင်းလင်း ချပြ၏။ ဟောပြော၏။ ရှင်းလင်းပြ၏။ ဟောပြောပွဲများ၌ ဂျက်သည် … …

“… … ကြိုးကိုင်ချယ်လှယ်နေကြသူများကို အမြန်ဆုံးရှင်းလင်းဖယ်ရှားရမည်။ ပြီးတော့… အမေရိကန် လူ့အဖွဲ့အစည်းကို အသစ်တဖန်ဖွဲ့စည်းရမယ်… …” ဟူ၍ အမြဲနိဂုံးချုပ် ပြောတတ်၏။ သူ၏ ရဲရဲတောက် ဟောပြောချက်များကြောင့် ဥက္ကလန်ရှိ ပုဂ္ဂိုလ်များက ပြည်ထောင်စုငြိမ်ဝပ်ပိပြားရေးကို ပျက်စီးရာပျက်စီးကြောင်း လှုံ့ဆော်မှုနှင့် ဖမ်း၏။ ရုံးတင် တရားစွဲ၏။

သတင်းစာများက ဂျက်နှင့်ပတ်သတ်၍ စာလုံးမည်းကြီးများနှင့် သတင်းဖော်ပြကြသည်။ ခေါင်းစီးထိုးကြ၏။

“အမေရိကန်ပြည်ထောင်စုကို မှောက်လှန်ရန်ဟောပြောသည့် ချာတိတ်ဆိုရှယ်လစ်တဦး”

ဂျက်လန်ဒန်

ထိုစဉ်က … ဂျက်သည် ဆန်ဖရန်စစ္စကို ကမ်းလွန်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်ပြင်များတွင် သဘောရှိ စီးချင်းထိုးပြီး၍ ဥက္ကလန်အိမ်သို့ ပြန်ရောက်နေသည့်အချိန် ဖြစ်သည်။

ပါးစပ်လှုပ်ဖို့အတွက် ဂျက်သည် ဥက္ကလန်ရှိ ဂုန်လျော်စက်ရုံတရုံတွင် အလုပ်ကြမ်းသမားတဦးအဖြစ် လုပ်အားကို တနေ့ ၁၀ နာရီမျှထုတ်၍ ရောင်းချနေရ၏။ တနေ့ … ဆန်ဖရန်စစ္စကိုမြို့မှလစဉ်ထုတ်ဝေသည့် ‘ခေါ်သံ’ အမည်ရှိ မဂ္ဂဇင်းဝတ္ထုတို ဖိတ်ခေါ်ပြိုင်ပွဲတခု ပြုလုပ်၏။ ထူးခြားသော ကိုယ်တွေ့အဖြစ်အပျက်တခုအား ရေးသားရန်ဟူ၍ မှတ်ချက်နှင့်ဖြစ်သည်။ စာမူခအတွက် ဆုချီးမြှင့်မည်က ၂၅ ဒေါ်လာ …။ ဂျက် ထိုမဂ္ဂဇင်းသို့ စာမူတပုဒ် ရေး၍ပို့သည်။

“တရုတ်ကမ်းလွန်ပင်လယ်ပြင်မှ လေပြင်းမုန်တိုင်း” ဟူသည့် ဝတ္ထုတိုဖြစ်သည်။ ‘ဆူသာလင်’ သင်္ဘောတွင် သင်္ဘောသားဘဝ သူ့၏အတွေ့အကြုံအချို့ …။ လူသားနှင့် သဘာဝအရိုင်း၏ စီးချင်းထိုးပွဲ …။ ဂျက်၏ဝတ္ထုတိုအား ‘ခေါ်သံ’မဂ္ဂဇင်းက ရွေးချယ်၍ ဖော်ပြခဲ့သည်။ ထိုစာမူက ဂျက်၏ပထမဆုံး ပုံနှိပ်ဖော်ပြခံရသော စာမူ …။ ပုံနှိပ်စာလုံးနှင့် သူ၏စာမူအား တွေ့မြင်ရပြီးနောက် ဂျက်သည် ဝတ္ထုတိုများအား တပုဒ်ပြီးတပုဒ် ရေးတော့၏။ တဖက်က တနေ့ ၁၀ နာရီ အလုပ်လုပ်ရင်း … ရသမျှအချိန်အတွင်း လုံ့လထုတ်၍ ရေးသားခဲ့ရခြင်းဖြစ်၏။ တပုဒ်ပြီး … တပုဒ်မဂ္ဂဇင်းတိုက်သို့ ပို့၏။ တပုဒ်ပြီးတပုဒ် မဂ္ဂဇင်းတိုက်မှလည်း ပယ်၏။ ၅ ပုဒ်ခန့် ဆက်တိုက်ပယ်ခံရပြီးသောအခါ ဂျက်သည် ဆက်မပို့တော့ …။ စာရေးခြင်းကိုမူ မဖျက် … …။ ဆက်၍ ရေးသည်သာ …။

အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ကမ်းခြေအနှံ့ ခြေသလုံးအိမ်တိုင်ကူးခဲ့ပြီးနောက် … ဂျက်သည် ဥက္ကလန်သို့ ပြန်လာပြန်၏။

၁၈၉၅ ခုနှစ် …။

ဥက္ကလန်အထက်တန်းကျောင်းတွင် ကျောင်းကူလုပ်ရင်း အထက်တန်းပညာအား သင်၏။ ထိုစဉ်က … ဂျက် အသက်သည် ၁၉ နှစ်ခန့် ရှိပြီ။ ဥက္ကလန်အထက်တန်းကျောင်းမှ ‘ခေတ်’ အမည်နှင့် စာပေမဂ္ဂဇင်းတစောင်အား လစဉ်ထုတ်၏။

ဂျက်သည် ခေတ်မဂ္ဂဇင်းတွင် ဆောင်းပါးနှင့် ဝတ္ထုတိုများ ရေး၏။ ခေတ်မှလည်း ဖော်ပြသည်။ ခေတ်တွင် ဖော်ပြပါရှိသည့် ဝတ္ထုတိုများက … ခြေသလုံးအိမ်တိုင် ကလေကချေတို့၏ ဘဝများ …။ အမောများ …။ အားမာန်များ … …။ ရင်ခုန်သံများ …။

ဆောင်းပါးတပုဒ်၌ ဂျက်သည် ဆိုရှယ်လစ်ဝါဒသဘောတရား အကြောင်းဖော်ပြ၏။ ပညာရေးအား ဝေဖန်၏။ ဒီမိုကရေစီပညာရေးစနစ်လိုအပ်ကြောင်း ထောက်ပြ၏။ ထိုဆောင်းပါးကြောင့် ဥက္ကလန်ရှိ ပညာရေး အာဏာပိုင်တို့က မျက်လုံးပြူးကုန်ကြရ၏။ တုန်လှုပ်ချောက်ခြားကြရ၏။ ပြီးလျှင် … … မခံမရပ်နိုင်ဖြစ်ကြ၏။

ရလဒ်ကား … ဂျက်၏စာမူများအား ခေတ် တွင် ဖော်ပြပါရှိခြင်း မရှိတော့ …။ မကြာ … ဂျက်ကိုလည်း အကြောင်းရှာ၍ ဥက္ကလန်အထက်တန်းကျောင်းမှ ထုတ်ပစ်လိုက်တော့၏။

ခေတ်မဂ္ဂဇင်းက ဂျက်၏စာမူများကို မဖော်ပြတော့သော်လည်း သူသည် စာရေးမပျက် … ။ ရေး၏။ သူ့တွင် ရေးပြီးသား ဝတ္ထုတို ပုဒ်ရေ ၅၀ ခန့် နှင့် ဆောင်းပါးပုဒ်ရေ ၃၀ ခန့်ရှိသည်။ ထိုသို့သော စာမူများအား ဂျက်သည် တံဆိပ်ခေါင်းဖိုးရှာပြီး အမေရိကန်ပြည်ထောင်စုရှိ လစဉ်ထုတ် ဂျာနယ်၊ မဂ္ဂဇင်းများသို့ ပို့၏။ ပို့သော်လည်း … ဖော်ပြခံရခြင်းကား မရှိ …။ သူ၏ ထိုထိုသော စာမူများက … အမေရိကန် အလုပ်သမား လူတန်းစားနှင့် အဖိနှိပ်ခံပြည်သူများ၏ဘဝအားဖွဲ့သည့် ဘဝသရုပ်ဖော်ဝတ္ထုတိုများနှင့် ဆိုရှယ်လစ် သဘောတရား၊ အလုပ်သမားလှုပ်ရှားမှု အကြောင်းအရာတို့ကို ရေးသားသည့် ဆောင်းပါးများသာ ဖြစ်၏။

အခြေအနေကား … ထုတ်ဝေသူ၊ အယ်ဒီတာတို့က ဂျက်၏စာမူပါ အကြောင်းအရာနောက် လိုက်၍မမှီ …။ ကွာဟနေသကဲ့သို့ …။ မဂ္ဂဇင်းများတွင် သူ၏စာမူများအား ဖော်ပြခြင်းမရှိသည့်အရေးအပေါ် … ဤသို့ ဂျက် ဆင်ခြင်မိ၏။ ဤတွင် … လူတန်းစားအဖွဲ့အစည်းအတွင်း လူတန်းစားတိုက်ပွဲအကြောင်းအရာမှ … လူသားနှင့် သဘာဝအရိုင်း တိုက်ပွဲများဆီသို့ ဦးလှည့်၍ ‘ချ’ ရေးရတော့၏။

‘ခရီးလမ်းကြမ်း’ ဝတ္ထုတိုအား ရေး၏။ ခရီးလမ်းကြမ်းက ရေခဲပြင်၊ ဆီးနှင်း၊ မုန်တိုင်း၊ အမှောင်ထု၊ စွပ်ဖားဆွဲသည့် ခွေးများနှင့် ရွှေတူးသမား၏ တိုက်ပွဲ …။ သက်ရှိနှင့် သက်မဲ့၏ ပဋိပက္ခ … …။ ခရီးလမ်းကြမ်းအား အမေရိကန်နိုင်ငံထုတ် မဂ္ဂဇင်းတစောင်က ရွေးချယ်ဖော်ပြ၏။ စာမူခအဖြစ် ၅ ဒေါ်လာ ချီးမြှင့်မည့်အကြောင်း သူထံသို့ အကြောင်းကြား၏။

မဂ္ဂဇင်းတွင် ခရီးလမ်းကြမ်းအား ဖော်ပြပါရှိခဲ့ပြီး ၂ လကြာသည့်တိုင် စာမူခ ၅ ဒေါ်လာက ဂျက်ထံသို့ ရောက်မလာ …။ သည်းညည်းမခံနိုင်တော့ …။ မီးရထားခိုးစီးပြီး မဂ္ဂဇင်းတိုက်ရှိရာမြို့သို့ သွားသည်။ ပြီးလျှင် … အယ်ဒီတာများအား ရိုက်ပုတ်ပြီး သူ၏စာမူခ ၅ ဒေါ်လာအား ထုတ်ယူခဲ့သည်ဟု ဆို၏။ ဂျက်လန်ဒန်က အမေရိကန်စာရေးဆရာများအနက် အယ်ဒီတာများအား ရိုက်ပုတ်၍ စာမူခတောင်းသူဟူ၍ ဆိုစမတ်ပြုရ၏။ သို့သော်လည်း … ရိုက်ပုတ်ခံရသည့် အယ်ဒီတာများနှင့် ရိုက်ပုတ်ခဲ့သည့် စာရေးဆရာတို့က နားလည်သင့်မြတ်ပြီး ‘နှင်းကမ္ဘာ’၊ ‘မိုင်လေးဆယ်ခရီး’၊ ‘ဝံပုလွေ့သားတော်’ စသည့်တို့ တပုဒ်ပြီးတပုဒ် ဖော်ပြခဲ့၏။

အမေရိကန်မဂ္ဂဇင်း သုံးလေးစောင်မှလည်း ဂျက်၏စာမူများအား ထည့်သွင်းဖော်ပြလာကြရာ … ဂျက်၏ စာပေအရေးအသားအပေါ် အမေရိကန် စာပေအသိုင်းအဝိုင်းသည် တစတစနှင့် ဂရုစိုက်လာကြတော့သည်။ ‘ချာတိတ်ဆိုရှယ်လစ်’ ဟု ကင်ပွန်းတပ်ခဲ့သည့် ဥက္ကလန်သတင်းစာများမှလည်း … ‘အလာအလားရှိသော လူငယ်စာရေးဆရာ ဂျက်လန်ဒန်’ ဟူ၍ ပြောင်းလဲညွှန်းလာကြ၏။

ဆက်လက်ဖော်ပြပါမည်။

No comments: