Wednesday, March 10, 2010

မြင်းစီးနေရသော လှေထိုးသား (သို့မဟုတ်) ဝံပုလွေကြီး၏ ဘဝနှင့်စာပေ ( နိဂုံးပိုင်း )

‘Black Cat’ မဂ္ဂဇင်းက အမေရိကန်တနိုင်ငံလုံးသို့ ထုတ်ဝေဖြန့်ချိသည့် မဂ္ဂဇင်းဖြစ်သည်။ အောင်မြင်ထင်ရှားသည့် မဂ္ဂဇင်းတခုဟု ဆိုရမည်။ အမေရိကန်ပညာရပ်ဝန်းမှ စောင့်ဖတ်ရသည့် မဂ္ဂဇင်း …။ ဤမဂ္ဂဇင်းကြီးမှ ဂျက်လန်ဒန်၏ ‘သေမင်းတထောင်’ ဝတ္ထုတိုအား ပထမဦးစွာ ထည့်သွင်းဖော်ပြ၏။ စာမူခအား ဒေါ်လာ ၄၀ ပေး၏။

ယခင်ကမူ စာမူတပုဒ်အား ၅ ဒေါ်လာသာ ရ၏။ စာရေးခြင်းဖြင့် ဝမ်းမီးအားငြိမ်းစေနိုင်ရာ၏ဟု ဂျက်သည် တွေးထင်မိလာ၏။ မကြာ …။ ‘မြောက်အရပ်ရှာပုံတော်ခရီး’ ဝတ္ထုတိုအား ‘အတ္တလန်တိတ်’ အမည်ရှိ မဂ္ဂဇင်း၌ ဖော်ပြပါရှိပြန်သည်။ အတ္တလန်တိတ် မဂ္ဂဇင်းက အမေရိကန်ပြည်ထောင်စုတွင်သာမက ဥရောပသို့တိုင် လက်တန်ရှည်၏။ မြောက်အရပ်ရှာပုံတော်ခရီး ဝတ္ထုတိုအတွက် ဂျက်သည် စာမူခ ဒေါ်လာ ၁၂၀ ရ၏။

ထိုစဉ်က… ဂျက်၏အသက်သည် ၂၃၊ ၂၄နှစ်ခန့် ရှိပြီ။ သတင်းစာများက … ‘စာရေးဆရာကြီး မစ္စတာဂျက်လန်ဒန်’ ဟူ၍ ဖော်ပြညွှန်းလာကြ၏။

ဂျက်သည် … တနေ့လျှင် စာလုံးရေ ၂၀၀၀ ပြီးအောင် ရေး၏။ တပတ်လျှင် … တရက်သာ အနားယူပြီး ၆ ရက်တိတိ စာရေး၏။

‘Black Cat’ အတ္တလန်တိတ် မဂ္ဂဇင်းများကဲ့သို့ပင် အမေရိကန်၌ သြဇာကြီးကြသည့် ‘မက်ကလူး’၊ ‘ကော့စမိုပိုလီကန်’၊ ‘မီရာဆင်’၊ ‘ဟာပါး’ မဂ္ဂဇင်းတို့ကလည်း ဂျက်၏စာမူများအား အလုအယက် ဝယ်ယူ ဖော်ပြလာကြ၏။ ဂျက်၏ စာရေး၍ရသည့် ဝင်ငွေက တလလျှင် ဒေါ်လာ ၃၀၀ ထက် မနည်းတော့ … …။ ဂျက်၏ စာဖတ်ပရိသတ်သည်လည်း အမေရိကန်ပြည်ထောင်စုကိုကျော်လွန်ကာ ဥရောပအထိ ကျယ်ပြန့်၍နေလေပြီ။

ထုတ်ဝေသူများက ဂျက်၏ဝတ္ထုတိုများအားစု၍ စာအုပ်ထုတ်၏။ ဂျက်အား တနင့်တပိုးသော စာမူခအား ပေး၏။

‘မိဘရိုးရာ နှင့် နှင်းမုန်တိုင်း၏သားမြေးများ’ ဟူ၍ ဝတ္ထုတိုစုအား ထုတ်၏။ ရောင်း၍မလောက်…။ ထုတ်၍ မလောက် …။

ဂျက်၏ပထမဆုံး လုံးချင်းဝတ္ထုရှည်က … …‘နှင်းကမ္ဘာ၏ သမီးပျို’ ဖြစ်သည်။ နှင်းကမ္ဘာ၏သမီးပျို က လူဖြူ၊ လူမဲခွဲခြားရေးဝါဒများပါသော စာအုပ်ဖြစ်သည်။ ထုတ်ဝေသူတို့ မှန်းဆသလောက် … ရောင်းမလောက် မဖြစ်ခဲ့…။

တောင်အာဖရိကတွင် ‘ဘိုးဝါး’ စစ်ကြီးဖြစ်သည်။ AP သတင်းဌာနက ဘိုးဝါး စစ်ပွဲသတင်း လိုချင်၏။ ဂျက်အား စစ်မြေပြင်သတင်းထောက်လှမ်းရယူပေးရန် ဂျက်အား ကမ်းလှမ်း၏။ ကုန်ကျစရိတ်အားလုံးအား ကျခံပြီး အသားတင် ရက်သတ္တပတ်လျှင် ဒေါ်လာ ၃၀၀ ပေးမည်ဟူ၍ ဖြစ်သည်။

မိခင်နှင့်ဇနီးကြား မပြေလည်သည့်အကြားမှ အဝေးသို့ပြေးချင်နေသော ဂျက်သည် AP ၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်၏။

ဂျက်အင်္ဂလန်သို့ ရောက်သည်။ အင်္ဂလန်မှတဆင့် တောင်အာဖရိကသို့ …။ ခရီးစဉ်က … လန်ဒန်သို့ ရောက်သည်တွင် ဘာကြောင့်ရယ်မသိ … AP မှ ကမ်းလှမ်းခဲ့သည့် စစ်သတင်းထောက် အလုပ်အား ဖျက်လိုက်သည်။

ဂျက်လန်ဒန် … လန်ဒန်တွင် ရောက်နေခိုက် … လန်ဒန်အရှေ့ပိုင်းရပ်ကွက်သို့ သွားသည်။ လန်ဒန် အရှေ့ပိုင်းရပ်ကွက်က … သူခိုးဂျပိုး … အောက်တန်းစား ကလေကချေများနေသော ရပ်ကွက် … ကျူးကျော်ကွက်သစ်။ ထိုရပ်ကွက်တွင် အခန်းငယ်လေးငှားပြီး ဂျက်သည် ၂ လခန့် နေ၏။ ကြီးမြတ်သော ဗြိတိန်နိုင်ငံသား လူ့အောက်တန်းစားများနှင့် ရောရောထွေးထွေး …။ ထိပ်ပုတ် ခေါင်းပုတ် ပေါင်းသင်း၏။ သူတို့၏ဘဝများအတွင်းသို့ ဂျက်သည် နက်နက်ရှိုင်းရှိုင်း စီးမျှောပျော်ဝင်ခွင့်ရခဲ့၏။

ပြီးလျှင် … အမေရိကန်သို့ ပြန်လာပြီး စာအုပ်တအုပ် ရေး၏။ ‘အရှင်လတ်လတ် ငရဲကျနေသူများ’ …။ အရှင်လတ်လတ်ငရဲကျနေသူများက နေမဝင်အင်ပါယာ၏ အာဏာပိုင်များ ၊ လူချမ်းသာများအဖို့ အနာပေါ်တုတ်ကျဖြစ်စေခဲ့၏။ ဗြိတိသျှနိုင်ငံခြားရေးဌာနက အမေရိကန်အစိုးရထံသို့ စာတို စာရှည်များရေး၍ အကြိမ်ကြိမ် ကန့်ကွက်၏။ အင်္ဂလိပ်စာပေနှင့် ဝေဖန်ရေးသမားများကမူ ဂျက်၏စာအုပ်အား လက်ခံကြိုဆိုကြ၏။

အရှင်လတ်လတ်ငရဲကျနေသူများ ပြီးနောက် ‘အရိုင်း၏ခေါ်သံ’ …။ ‘ပင်လယ်ဝံပုလွေ’…။ ၁၉၀၃ ခုနှစ် … ၁၉၀၄ ဆက်တိုက် ထွက်လာ၏။ အကြိမ်ကြိမ် ထုတ်ရ၏။ အထပ်ထပ် ပိုက်ဆံရ၏။ ပင်လယ်ဝံပုလွေနှင့် ဂျက်သည် ဒေါ်လာ တသိန်းခွဲအထိ ရရှိခဲ့သည်ဟုဆို၏။

၁၉၀၅ ခုနှစ်တွင် ရုရှား-ဂျပန် စစ်ဖြစ်ပွားရာ စစ်မြေပြင်သို့ စွန့်စွန့်စားစားသွားပြန်သည်။ စစ်မြေပြင်မှ အမေရိကန်သို့ပြန်ရောက်ပြီး ဂျက်သည် … ‘သံဖနောင့်’ ဝတ္တုရှည်ကြီးအား ရေး၏။

သံဖနောင့်တွင် … …“အထွေထွေ အရင်းရှင်စနစ်ကြီး၏ အနာဂတ်အလာအလားနှင့် ရက်စက် ကြမ်းကြုတ်မှုများကို ဟောကိန်းထုတ် ဝေဖန်ခြင်းမျှမက အမေရိကန် အပါအဝင် နိုင်ငံတကာ အလုပ်သမား လူတန်းစား လှုပ်ရှားမှုကြီးအတွင်း ရန်သူလူတန်းစားအပေါ် လျော့လျော့ပေါ့ပေါ့ တွက်ချက်တတ်သော ရွှေပြည်အေးဝါဒနှင့် အချောင်သမားဝါဒ၏ အန္တရယ်ကိုပါ တပ်လှန့်လိုက်သော နိုင်ငံရေးကြေညာချက်ကြီး” ဟု ဆိုကြသည်။

‘မက်မီလန်’ စာအုပ်ထုတ်ဝေရေးက သံဖနောင့်အား ၁၉၀၇ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ပြီးလျှင် … အကြိမ်ကြိမ် ထပ်၍ … ထပ်၍ ထုတ်ဝေရပြန်သည်။ ‘သံဖနောင့်’ နောက်ပိုင်းထွက်လာသော ဂျက်လန်ဒန်၏ စာများက သံဖနောင့်အရင် ဂျက်လန်ဒန်၏စာများကို စိန်ခေါ်၍မနိုင်တော့ …။ ဂျက်လန်ဒန်၏စာပေဝိဉာဉ်သည် စာရေးသူနှင့် ကွေကွင်းခဲ့လေပြီလား…။

ဂျက်၌စာရေးရန် အကြောင်းအရာက ခမ်းခြောက်၍နေလေပြီ။ အတတ်ပညာ၌ မည်မျှ လိမ္မာတတ်ကျွမ်းသော်လည်း အကြောင်းအရာချိုတဲ့သော စာသည် မည်သို့သော ဂျက်လန်ဒန်၏စာမျိုး ဖြစ်လေမည်နည်း …။

‘ဂျွန်ဘာလီကွန်း’ က ဂျက်၏ နောက်ဆုံးကျည်ဆံဟု ဆိုရမည်။ ဂျွန်ဘာလီကွန်းက သူ၏ ဖျက်ခနဲတွေ့ရသော ဂျက်လန်ဒန် အတ္ထုပ္ပတ္တိဟု ဆိုရမည်။ ဂျွန်ဘာလီကွန်းတွင် သူပြုတ်ကျခဲ့ရသည့် အရက်သမားဘဝ တွင်းနက်ကြီးအတွင်း အတွေ့အကြုံများအား ပွင့်ပွင့်လင်းလင်းဖွင့်ချပြရန် ကြိုးစား၏။ သို့သော် … အချို့ အချို့သော သူ၏မှားယွင်းမှုများက ကလောင်ဖျားသို့ ထွက်ကျမလာရဲခဲ့ … ဟု ဂျက်က ဂျွန်ဘာလီကွန်းတွင် ဝန်ခံခဲ့၏။ ထိုစဉ်က သူ့အသက်သည် ၃၆ နှစ်သာ ရှိသေး၏။ ၃၆ နှစ်အလွန်နှစ်များက ဂျက်လန်ဒန်၏ နောက်ဆုံးနေ့ နေဝင်ရက်များဟု ဆိုရမည် …။

“စာရေးဆရာဘဝနှင့် စာရေးသားခြင်းအလုပ်အကိုင်များကို ငွေကြေးရရှိရေးတခုတည်းအတွက် ကျွန်ုပ်သည် တွဲကပ်လုပ်ကိုင်နေရခြင်းမျှသာ ဖြစ်သည်။ သည်းညည်းခံ လုပ်ကိုင်နေရခြင်းလည်း ဖြစ်သည်။ တကယ်တော့မူ ထိုဘဝနှင့် ထိုအလုပ်အကိုင်ကို ကျွန်ုပ်သည် အလွန်တရာ စိတ်ကုန်ခမ်းလျှက်ရှိသည်။ အလွန်တရာ စိတ်ပျက် ငြီးငွေ့၍လည်း နေသည်။ ယခုအခါ စာရေးသားရခြင်းအလုပ်သည် ကျွန်ုပ်အဖို့ အလွန်တရာ ဝန်လေးပင်ပန်းသော အလုပ်တခုလို ဖြစ်လာသည်။ သို့ရာတွင် ထိုလုပ်ငန်းကိုမလုပ်လျှင် မဖြစ်သောကြောင့်သာ စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကျွန်ုပ်သည် ဝဋ်ကြွေးကြီးတခုလို လုပ်ကိုင်နေရခြင်းသာ ဖြစ်သည်”

(ဂျက်လန်ဒန်)
စာရေးဆရာ အပ္ပတန်စင်ကလဲရားထံသို့ ပေးစာမှ


ကိုးကား
- ဂျက်လန်ဒန်၏ဝတ္တုတိုများ (နတ်နွယ် မြန်မာပြန်သည်)
- ပင်လယ်ဝံပုလွေ (ညွန့်ကြူး မြန်မာပြန်သည်)
- ဗန်းမော်တင်အောင်၏ ဂျက်လန်ဒန်၊ သူ့ဘဝ၊ သူ့စာပေ

1 comment:

Unknown said...

ဒီစာအုပ်တွေကို ဘယ်မှာဒေါင်းရေမလဲ ပြောပြပေးပါလာုး jeeptoo@hotmail.com ကပ်ါ facebook username ပါ