Thursday, March 25, 2010

စာစိတ်ပေစိတ်အစ တက္ကသိုလ်ဘုန်းနိုင်က (မောင်တောက်)

စတုတ္ထတန်း စာမေးပွဲကြီးကား ပြီးဆုံးသွားခဲ့ပေပြီ။ ကျနော့်မှာတော့ မွေးစားဖခင်၏ ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှသော ဆေးရုံလိုတိုက်ကြီးထဲတွင် ကိုယ့်ကံဇာတာနှင့်ကိုယ် အထီးကျန်ဆန်နေရသည်။

စည်းကမ်းကြီးလွန်းသော မွေးစားဖခင်အရာရှိကြောင့် တိုက်ပေါ်မှ လမ်းမပေါ်သို့ပင် ဆင်းမဆော့ရ။ ရုပ်မြင်သံကြားခေတ်ကလည်း မထွန်းကားသေး။ ဆေးရောင်စုံ လူပဒေသာများ၊ မော်တော်ကားများ၊ ဈေးသည်များ၊ ယဉ်ထိန်းရဲ၊ ရိုးရိုးရဲ၊ ကျနော်တို့ရိပ်သာမှ အရွယ်တူများ၏ လမ်းမပေါ် ဘောလုံးပွဲ။
အပေါ်ထပ်ဝရံတာမှ လှမ်းမြင်နေရသော ရန်ကုန်မြို့လယ်ရှုခင်းများကို ငေးမောရင်း နွေရာသီ ကျောင်းပိတ်ရက်၏ နာရီလက်တံတွေကို စိတ်အတွေးဖြင့် တဖြည်းဖြည်းချင်း လှည့်ပစ်နေရသည်။

ကြာတော့ ဝရံတာသို့ပင် မထွက်ချင်ဖြစ်လာ၏။ မြို့ပြမြင်ကွင်းတို့ကလည်း အမြင်အာရုံကို ပြောင်းလဲလှုပ်ခတ်လာအောင် မဆွဲဆောင်နိုင်ကြတော့။ ရိုးအီသွားသည်ဟုပဲ ဆိုရတော့မည်။

သလိုနှင့် ပြင်ပမြင်ကွင်းတို့ကိုကျောခိုင်းပြီး အိမ်တွင်းမှာပင် နွေရာသီကျောင်းပိတ်ရက်တို့ကို အကုန်မြန်စေမည့် တစုံတရာကို ရှာဖွေမိပေပြီ။ ကစားစရာတွေရှိသော်လည်း တဦးတည်းမို့ မထိမကိုင်ချင်ပြန်။ မွေးစားဖခင်က ရုံးသွားပြီး အမဖြစ်သူကလည်း ရုံးဝန်ထမ်းဖြစ်စ၊ မိခင်ကတော့ တရားစာအုပ်နှင့် လောကကြီးကို ဖုန်သုတ်နေတတ်၏။

ဘာရယ်မသိ။ တအိမ်လုံးရှိ အခန်းများသို့ အဝင်အထွက်ပြုရင်း မည်သည့်အရာကို ရှာဖွေနေမှန်းမသိ ရှာဖွေနေမိသည်။ ခြေလှမ်းတွေရပ်တန့်သွားတော့ အမဖြစ်သူ၏ စာအုပ်စင်ရှေ့။ အစီအစဉ် မကျတကျ ထပ်ထားသော စာအုပ်များဆီ အကြည့်ရောက်ပြီးနောက် လက်ကလည်း ကောက်ကိုင်လိုက်မိသည်။

‘ကမ္ဘာကုန်ကျယ်သရွေ့ဝယ်’

တက္ကသိုလ်ဘုန်းနိုင်၏ ထိုစာအုပ်ကြီးက ထူလွန်းလှသော်လည်း ကျနော်ပြန်မချဖြစ်တော့။ စာဖတ်မြန်သော ကိုယ့်အကြောင်းကို ကိုယ်တိုင်သဘောပေါက်ထားသည်မို့ ဧည့်ခန်းထဲထိုင်ကာ မနားတမ်း ဖတ်ရှုမိတော့သည်။
စတုတ္ထတန်း ကျောင်းသားအရွယ်မို့ အချစ်အကြောင်းတွေ စာလုံးမပေါင်းတတ်သေး။

သို့သော် တက္ကသိုလ်ဘုန်းနိုင်၏ ဇာတ်လမ်း၊ ဇာတ်ကွက်၊ စကားလုံးများနှင့် ဇာတ်ဆောင်တို့၏ စရိုက်လက္ခဏာတို့ကို နုနုငယ်ငယ်အရွယ်နှင့် ငြိတွယ်သွားတော့သည်။ ထို့နောက်ပိုင်း တက္ကသိုလ်ဘုန်းနိုင် အသည်းစွဲ ကျနော့်အမစာအုပ်စင်ပေါ်မှ ‘နွေကန္တာဦး’၊ ‘ညီမလေးရယ် စိုးရိမ်မိတယ်’၊ ‘မုန်းရစ်လေဦး’၊ ‘သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်’ စသဖြင့် တအုပ်ပြီးတအုပ် ဖတ်နေမိတော့သည်။

ဆိုပါတော့။ နွေရာသီကျောင်းပိတ်ရက် တောက်လျှောက် မိမိအိမ်ထဲမှာပင် တက္ကသိုလ်ဘုန်းနိုင်၏ ဖန်တီးမှုအနုပညာ အကျယ်ချုပ်မိနေရသော ကျနော်။

*****

၁၉၈၉ ခုနှစ်။

စာပေနယ်ထဲသို့ ကဗျာတပုဒ်ဖြင့် စတင်ဝင်ရောက်ခဲ့ပြီး စာနယ်ဇင်းလောကထဲမှာပင် ကိုယ့်ကိုယ်ကို ပုံအပ်ထားလိုက်တော့သည်။ သည့်နောက် ၁၉၉၃ ခုနှစ်တွင် ‘ရင်ခုန်ပွင့်’ မဂ္ဂဇင်းကို အမည်မခံ အယ်ဒီတာအဖြစ် ဆောင်ရွက်ခွင့်ရခဲ့သည်။ မဂ္ဂဇင်းထုတ်ဝေသည့် စာပေတိုက်အမည်က …

‘အားမာန်သစ် စာပေ’

ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ကို အားမာန်သစ်စာပေတိုက်သို့ ရောက်လာမှ ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။ ကျနော်လည်း အတိတ်ကို သတိရကာ ကျနော်၏ စာစိတ်ပေစိတ်အစကို စိတ်အတွေးဖြင့် ပြန်လည် တူးဆွမိတော့၏။

ဟုတ်ပါရဲ့။ စတုတ္ထတန်း ကျောင်းသားဘဝ၊ တက္ကသိုလ်ဘုန်းနိုင် လုံးချင်းဝတ္ထုများ၊ နွေရာသီကျောင်းပိတ်ရက်။ ဇာတ်လမ်း၊ ဇာတ်ကွက်၊ စကားလုံး၊ ဇာတ်ကောင်စရိုက်များ၊ သည့်နောက် စိတ်ပညာရှုထောင့်။

၁၉၅၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ စိတ်ပညာ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ရရှိခဲ့ပြီး၊ ၁၉၅၉-၆၁ တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကိုလံဘီယာ တက္ကသိုလ် ဘွဲ့လွန်မဟာဌာနမှ မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ဆရာကြီးသည် ရေးသမျှ တွေးသမျှ အနုပညာလက်ရာမှန်သမျှထဲ စိတ်ပညာရှုထောင့် အမြင်ကလေးတွဲပြီး ဖော်ကျူးတတ်သည်။

မှတ်မိသေး၏။ ၁၉၉၃ ခုနှစ်၊ တနင်္ဂနွေတရက်။ အားမာန်သစ်စာပေတိုက်ပိုင်ရှင် ခွန်ဂျာမှိုင်းနှင့် ကျနော် နံနက်စောစောထကာ သန်လျင်သို့ သွားခဲ့ဖူးသည်။ ခရီး၏ဦးတည်ရာကား ဓမ္မရောင်ခြည်ကျောင်းလမ်းထဲက ဆရာကြီး၏အိမ်။ နံနက်စောစောသွား၍ နေ့လည်တွင် ရန်ကုန်ဘက်ပြန်ကူးမည်ဟု ကျနော်တို့နှစ်ဦး၏ သဘောတူဆုံးဖြတ်ထားချက်ကား ဆရာကြီးနှင့်တွေ့တော့ အရည်ပျော်ကျသွားရသည်။

ခေါမ၊ ရောမနှင့် ဂရိ အတွေးအခေါ်များ၊ စိတ်ပညာရှုထောင့်အမြင်များနှင့် ကမ္ဘာ့စာပေ၊ မြန်မာ့စာပေအကြောင်း မပင်မပန်းပြောပြနေသည့် ဆရာကြီး၏ တန်ဖိုးရှိသောစကားလုံးများထဲတွင် ကျနော်နှင့် ခွန်ဂျာမှိုင်းတို့ ဝမ်းမြောက်ဝမ်းသာ ပျော်ဝင်သွားကြခြင်းပင်။ ထိုစဉ်က သန်လျင်မြစ်ကူးတံတားကြီး မပြီးသေးသဖြင့် နောက်ဆုံးကူးတို့သင်္ဘော ထွက်ချိန်နီးမှ ရန်ကုန်ဘက်သို့ ကမန်းကတန်း ပြန်ခဲ့ကြရသည်။

“ကဗျာဆန်တာနဲ့ ကဗျာမှုပြုတာ ခွဲကြည့်ရအောင်။ ကဗျာဆန်တယ်ဆိုတာက လှပတဲ့စကားလုံးလေးတွေကို ပုလဲတလုံး ရွဲတလုံးစီပြီး သီချင်းအဖြစ် ဆိုလိုက်တယ်။ အသက်မပါဘူး။ ကဗျာမှုပြုတယ်ဆိုတာက စကားလုံးတွေက လှရုံတင်မကဘူး။ အဲဒီ စကားလုံးလေးတွေ သွားနုတ်လို့မရဘူး။ အပိုတိုးလို့လည်း မရဘူး။ သူတို့သာလျှင် ဒီဟာကို ပြောနိုင်တယ်။ တခြားစကားလုံးတွေက မပြောနိုင်ဘူး”

ဂီတကို ကဗျာမှုပြုခြင်းနှင့်ပတ်သက်၍ စာနယ်ဇင်းဆရာ ဝင်းငြိမ်းနှင့်တွေ့ဆုံခန်းတွင် ဆရာကြီးပြောပြခဲ့ဖူးသော စကားလုံးများဖြစ်၏။ စကားပြောလျှင် မိမိလည်း စိတ်ပါလက်ပါ၊ တခြားသူတွေလည်း စိတ်ဝင်တစားရှိအောင် ပြောတတ်သူပင်။ ပြီးတော့ ဆရာကြီးပြောသမျှ အပိုအလိုမရှိ အားလုံးပကတိ တန်ဖိုးရှိသော အကြောင်းအရာနှင့် စကားလုံးများသာ ဖြစ်နေပြန်သည်။

ခုတော့ ပြီးခဲ့သည့် မေလ ၁ဝ ရက်နေ့၊ နံနက် ၇ နာရီခန့်က သန်လျင်မြို့ ဓမ္မရောင်ခြည်ကျောင်းလမ်း အိမ်အမှတ် ၃၆ နေအိမ်မှာပင် ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် ကွယ်လွန်သွားခဲ့လေပြီ။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး တောင်းဆိုလှုပ်ရှားမှုကြီးပေါ်ပေါက်နေချိန် တက္ကသိုလ်ဓမ္မာရုံတွင် ဒီမိုကရေစီရေး ဟောပြောခဲ့သဖြင့် ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ်မှ အငြိမ်းစားယူခဲ့ရသော ဦးခင်မောင်တင့် သို့မဟုတ် ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် (၁၉၃ဝ-၂ဝဝ၂) … …

*****

အပြင်ဘက်မှာတော့ မိုးရေစက်တွေက လေးလေးတွဲ့တွဲ့ ပေါက်ကျနေ၏။ ဆရာကြီးရေးသားခဲ့သော ‘သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်’ ဝတ္ထုထဲမှ စွယ်တော်ရွက်ကလေးများကတော့ မိုးရေစက်နှင့် လေတိုးသံများကြား ဘယ်ညာရမ်းရင်း “တက္ကသိုလ်ဘုန်းနိုင် မသေဘူး” ဟု ငြင်းဆန်နေကြရော့မည်။

ကျနော့်မှာတော့ စာစိတ်ပေစိတ်အစ တက္ကသိုလ်ဘုန်းနိုင်က ဟု ကျနော့်ငယ်ဘဝကိုတမ်းတပြီး ဆရာကြီး၏ ကျေးဇူးတရားတို့ကို ဂါရဝပြုမိနေတော့သည်။

ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်
ကောင်းရာသုဂတိလားပါစေ။

ရေစီးသံဂျာနယ်
အတွဲ ၆၊ အမှတ် ၂
မေလ ၁၆ ရက်၊ ၂ဝဝ၂ ခုနှစ်

No comments: