မနေ့က တညနေလုံး လမ်းလျှောက်ရင်း စကားလုံးစီထားတဲ့ အချက်အလက်တွေထဲက အဓိက ကျတဲ့ ဝါကျတွေ အသုံးဝင်လာပါပြီ။
“ဟုတ်ပြီ ကျနော်ပြောမယ်၊ ကျနော်ချစ်တဲ့ လေးစားကြည်ညိုတဲ့ ရဲဘော်တွေ ခေါင်းဆောင်တွေဟာ သူတို့ အသက်ကိုစွန့်ပြီး တော်လှန်ရေးလုပ်ရင်း ရာသက်ပန် တော်လှန်ရေးသမားဘဝကို ခံယူသွားခဲ့ကြပါပြီ။ ဒါပေမယ့် ဒီအထဲက တချို့ရဲဘော်တွေကျတော့ အပြီးအပိုင် မစွန့်လွှတ်နိုင်လို့ တော်လှန်ရေးခရီးလမ်းဆုံးအောင် မလိုက်ပါ နိုင်ဘဲ တပိုင်းတစနဲ့ ကျန်နေရစ်ခဲ့ကြတာ တွေ့ရတယ်။
- ဒီထောင်ထဲမှာ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဧပြီ ထိုးစစ် နာမည်တပ်ပြီး Suppression (ဖိနှိပ်ရေး) လုပ်ခဲ့တယ်။ ရဲဘော်တော်တော်များများ တောင့်ခံကြတယ်။ ဒီအထဲက ကျနော် လေးစားတဲ့ ရဲဘော်တယောက်ဟာလည်း အချိန်အတော်ကြာ တောင့်ခံထားပါတယ်၊ ထမင်းမကျွေး ရေမပေးဘဲ တိုက်ခန်းကျဉ်းတွေထဲ လူအပြည့် ထည့်ထားတာပါ၊ တခါတရံ ဝင်ရိုက်လိုက်သေးတယ်။
အညံ့ခံတဲ့ သူကို အဆောင်ပြန်ပို့ပြီး ကောင်းကောင်းကျွေးမွေးတယ် … တဲ့။ သူဟာ နောက်ဆုံးကျန်တဲ့အထိ တောင့်ခံနေပါသေးတယ်။ နောက်ဆုံး သေရမယ့်အချိန်ရောက်တော့ တောင့်မထားနိုင်တော့ဘူး၊ ‘အညံ့ခံ လက်မှတ် ဘွန်း(BOND)’ ထိုးပေးလိုက်ရတယ်။
- အဆောင်ပေါ်ပြန်ရောက်တော့ ယူကြုံးမရ အဆောင်နံရံတိုင်ကြီးကို ခေါင်းနဲ့တိုက်တိုက်ပြီး ငိုတယ်ဆိုပဲ။ ပါးစပ်က သူ့နာမည်ကို ရွတ်ရွတ်ပြီး “--- မင်းခွေးဖြစ်ပြီ၊ --- မင်း ခွေးဖြစ်ပြီ” … လို့လည်း ရွတ်ဆိုသတဲ့။
- ကဲ … ဒီတော့ ခင်ဗျားတို့ စဉ်းစား၊ မခံနိုင်လို့ လက်မှတ်ထိုးမိတဲ့ ပါတီဝင်တယောက်ကတောင် သူ ခွေးဖြစ်ပါပြီလို့ ခံယူတယ်ဆိုရင် ဒူးထောက်လက်နက်ချရုံတင်မက ကိုယ့်ပါတီ ကိုယ် သစ္စာဖောက်တဲ့သူတွေဟာ ဘာဖြစ်သွားမလဲ? ကိုယ်ဘာသာ ဆုံးဖြတ်ပေတော့ …”
ကျနော်က အသက်မရှူအားဘဲ တရစပ် ပြောချလိုက်ပါတယ်။
မင်းသားခေါင်းစွပ်ကြီး ပြုတ်ကျသွားပါပြီ။ မျက်နှာကြီး ညိုမည်းသွားကာ ဝုန်းခနဲ ထရပ်လိုက်ပါတယ်။ တင်ရှိန်ရော အပေါက်ဝမှာ အသံခိုးဖမ်းနေတဲ့ ၂ ယောက်ပါ လှုပ်လှုပ်ရှားရှားဖြစ်သွားကြတာ သတိထားလိုက်မိတယ်။
ဘခက်က စားပွဲကိုလက်ဝါးနဲ့ တဖျန်းဖျန်းရိုက်ရင်း …
“ခင်ဗျားက ကျုပ်တို့ကို ခွေးလို့ ပြောတာပေါ့၊ ဟုတ်လား၊ ဒီမယ် ကို-- ခင်ဗျားကို ဘယ်တော့မှ မလွှတ်ဘူး၊ ဒါပဲ” … လို့ အံကြိတ်ပြီး ပြောပါတော့တယ်။
“ကျနော်ကလည်း ခင်ဗျားတို့ခေါ်လို့လာတာ။ လွတ်ချင်လို့လာတာ မဟုတ်ဘူး။ ကြိုက်သလောက်သာထား” … လို့ အရသာရှိရှိ ပြောပစ်လိုက်ပါတယ်။
ကျနော့် ရည်မှန်းချက် ပေါက်မြောက်သွားပေပြီ။
(၅)
မျှော်တော်ဇောနဲ့ မောနေတဲ့ အခန်းထဲက ရဲဘော်တွေ … ကျနော့်ကိုမြင်တာနဲ့ အားရဝမ်းသာ ဖြစ်ကုန်ကြတယ်။
“ကဲ … ထမင်းချန်ထားတယ် မဟုတ်လား၊ ဆာလှပြီ၊ စားရင်း ပြောကြတာပေါ့”
ကျနော့် ဇာတ်လမ်းလည်း ကြားပြီးရော အားလုံး ကျွက်ကျွက်ညံသွားကြတယ်။
“ဘယ်လို လုပ်ရမလဲ? တခြားအဖွဲ့အစည်းကလူတွေကိုကော ပြောရမလား?”
“ပြောပေါ့၊ ကျနော်တို့ ဘယ်လိုရပ်တည်တယ်ဆိုတာ အသိပေးရမယ်။ ဒါမှ သူတို့ ဘယ်လို ရပ်တည်ရမယ် … ဆိုတာ စဉ်းစားနိုင်လိမ့်မယ်”
ရဲနီတွေကလွဲပြီး ကောင်းသောဂယက် ဖြစ်သွားပါတယ်။ သူတို့က ‘လေကျယ်တာပါ၊ အဲဒီလို ပြောရင် တိုက်ထဲရောက်သွားမှာပေါ့’ လို့ပြောကြောင်း တခြားအဖွဲ့အစည်းတွေက ပြန်ပြောပြလို့ သိကြရတယ်။
အထက်ခန်း၊ ဘေးက အခန်းတွေလည်း သတင်းဖြန့်လိုက်ပါတယ်။ ရဲဘော်အသီးသီးက မောင်းတင်ထားကြပေပြီ။ နောက်ပိုင်းခေါ်တွေ့တဲ့အခါ ၃ ယောက်တတွဲ ၄ ယောက်တတွဲတွေ ဖြစ်သွားပါတယ်။ ပွဲကလည်း တစတစနဲ့ ပိုကြမ်းလာပါတယ်။
ကိုအောင်ဘော်တို့အဆိုင်းကတော့ သာသာနဲ့နာနာနှက်လာတဲ့ အဆိုင်းဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ရပိုင်ခွင့်နဲ့ လက်ရှိဖြစ်နေတာ ခင်ဗျားတို့ပြောတာတွေနဲ့ ကျုပ်တို့ ခံနေရတာတွေဟာ ခါးတောင်းကျိုက်တခြား ဖင်တခြား ဖြစ်နေတယ်လို့ ‘လှောင်ပြောင်’ ပြီး ရိခဲ့ကြတာကြားလို့ ပြုံးမိရသေးတယ်။
(အုတ်ရိုးသတင်းတခုအရ ဖိုးသံ(ချောင်း)က သူတို့နဲ့ စကားမပြောဘူး၊ ပါလာတဲ့ MI ဗိုလ်မှူး စိုးမြင့်ကို “သူတို့က သစ္စာဖောက်တွေ ကျနော် စကားမပြောနိုင်ဘူး၊ ပြောစရာရှိရင် ခင်ဗျားတို့နဲ့ပဲ ပြောမယ်” … လို့ ရပ်ခံခဲ့ကြောင်းကြားကြရလို့ ကျန်ရဲဘော်များ ပိုပြီး အားတက်ကုန်ပါတယ်။ ကြုံလို့ မေးကြည့်တော့ ဟုတ်ကြောင်း သိရတယ်။)
နောက်ဆုံးအဆိုင်းကတော့ ပွဲအကြမ်းဆုံး ဖြစ်သွားပါတယ်။ DSI အရာရှိဟောင်း ကရင်ကြီး ကိုအောင်နိုင်က …
“ဒီမယ် ကိုမြ၊ ခင်ဗျားနဲ့ကျနော် ပဲခူးရိုးမကတည်းက သိခဲ့ကြတာဖြစ်တယ်။ ခင်ဗျားကို ဖမ်းမိသွားတော့ ‘အသေဖမ်းမိခြင်း’ လို့ သတင်းစာထဲ ထည့်လိုက်တယ်။ အဲဒါကိုပြပြီး လက်နက်ချမလား၊ မချဘူးလား မေးတယ်၊ သေရမှာကြောက်ပြီး ခင်ဗျား လက်နက်ချလိုက်တာ မဟုတ်လား?” လို့ ချက်ကျကျ မေးခဲ့တယ်။
ရမ်းဗြဲကျွန်းသား ရခိုင်ကလေး ကိုကံမြင့်က “ခင်ဗျားတို့ဟာ ရန်သူနဲ့ပေါင်းပြီး ယုတ်ယုတ်မာမာတွေ လုပ်ခဲ့ကြတယ်။ ခင်ဗျားတို့လည်း ရန်သူပဲ။ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပဲ” လို့ ကြိမ်းခဲ့တယ်။
ရဲဘော် အောင်ထီက “ခင်ဗျားတို့က ကျနော်တို့ကို လွှတ်ပေးမယ် ပြောတယ်။ ဒီနေ့ လွှတ်ရင် နက်ဖန် တောခိုပြီး ခင်ဗျားတို့ကို တိုက်မယ်”လို့ ပြောပြန်တယ်။
သူတို့တတွေကတော့ အဆောင်ပြန်မရောက်ဘဲ တိုက်ထဲရောက်ကုန်ကြပါတယ်။
မကြာမီ ဒုတိယအသုတ် (၃ဝ ကျော်) လွှတ်ပေးလိုက်ပါတယ်။ ဗိုလ်အုန်းမောင်၊ ဦးခင်မောင်မြင့် အပါအဝင် ပြည်သူ့တိုးတက်ရေးပါတီက ရဲဘော်များ၊ ကိုဉာဏ်ဝင်း၊ ကိုတင်မောင်ဝင်း ညီအကို၊ ထက်မြက်၊ ကျနော်တို့ အခန်းထဲက ကိုဌေးမောင်၊ ကိုညွန့်ခေါင်၊ ကိုခင်မောင်ဇော် စသည့် ရဲဘော်တွေ လွတ်သွားပါတယ်။
ကိုဉာဏ်ဝင်းတို့ ညီအစ်ကိုကို သူတို့ဖခင်ရဲ့တပည့်ဖြစ်ခဲ့ဖူးတဲ့ မျက်မှန်တင်ဦးက သူကိုယ်တိုင် ကားမောင်းပြီး အိမ်တိုင်ယာရောက် ပို့ပေးတယ်ဆိုတဲ့ အုတ်ရိုးသတင်းတခုလည်း ထွက်လာခဲ့တယ်။
ဆက်လက်ဖော်ပြပါမယ်။