Thursday, August 27, 2009

စစ်အုပ်စု သက်တမ်းရှည်နေသရွေ့(၂၄)


ကျနော်တို့ရဲဘော်တွေနဲ့ သစ္စာဖောက် ၃ ဦးတို့ ထိပ်တိုက်ရင်ဆိုင်ပြီးတဲ့နောက် (လွတ်တဲ့သူ လွတ်ကုန်ကြတဲ့ အထိ) သူတို့ကိုခေါ်မတွေ့လို့ ရဲနီတွေ ပူစပ်ပူလောင် ဖြစ်လာကြပါတယ်။ ထောင်မှူး ကျော်မင်းကတဆင့် “ရဲဘော်မြ၊ ကိုဘခက်တို့နဲ့ တွေ့ပါရစေ” လို့ တင်ပြကြပါတယ်။
အကြောင်းပြန်ကြားချက်ကတော့ “ခင်ဗျားတို့နဲ့ ကျနော်တို့ ဘာပြဿနာမှ မရှိတော့ဘူး၊ မကြာခင် လွှတ်ပေးတော့မှာပါ” တဲ့။
“မဟုတ်ပါဘူး၊ ကျနော်တို့အနေနဲ့ တခြားတင်ပြဆွေးနွေးစရာတွေလည်းရှိလို့ ခဏစီဖြစ်ဖြစ် တွေ့ချင်ပါတယ်” လို့ ထပ်ဆင့် တင်ပြကြပြန်တယ်။
ဒါကြောင့် ရဲနီအားလုံး အဆောင်ထဲကသာမက တိုက်ထဲက ရဲနီတွေပါတပေါင်းတည်း ခေါ်တွေ့ပါတယ်။ ၂ဝ ကျော်လောက် ရှိပါမယ်။ ဒါပေမယ့် ကျနော်တို့အခန်းထဲက ရဲနီကြီးတယောက် ပါမသွားပါ။ တနာရီလောက်ကြာမှ တခေါက် ပြန်ခေါ် ပါတယ်။
ဖြစ်ပုံက ချန်ထားတဲ့ကိစ္စ သူတို့က မေးမြန်းတောင်းဆိုတော့ ဘခက်က “ --- ရဲ့ ညီကို ပြောတာ မဟုတ်လား၊ ဒီကောင်က ဘဝင်မြင့်နေတာ၊ ကျနော်တို့ကို ခွေးလို့ပြောသွားတဲ့ကောင်ပဲ၊ တွေ့ပြီးပြီ” လို့ပြောမှ နာမည်တူ တနယ်ထဲသားချင်းပါ လို့ ရှင်းပြရကြောင်း၊ ရဲနီကြီး ဦးအောင်ရက ပြန်ပြောပြပါတယ်။
သူတို့က အခွင့်အရေးတွေ တောင်းဆိုခဲ့ကြောင်း၊ စာနယ်ဇင်းမဖတ်ရလို့ ကမ္ဘာကြီး ဘာဖြစ်နေတယ်ဆိုတာ မသိရကြောင်း၊ အသစ်တက်လာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးသစ် ပဲရစ်ဒီကွေးလျား ဘယ်နိုင်ငံသားမှန်းမသိ ဖြစ်ရကြောင်း၊ ဒါကြောင့် စာဖတ်ခွင့်ပြုဖို့ တောင်းဆိုခဲ့ကြောင်း မိတ်ဆက်ပေးပါတယ်။
ဘခက်တို့ဘက်က “ခင်ဗျားတို့ ဆရာကြီး သခင်စိုး အင်းစိန်ထောင်ထဲမှာပဲ အေးအေးဆေးဆေး စာဖတ် ကျမ်းပြု နေကြောင်း သီးသန့် အိမ်ကလေးတလုံးနဲ့ သီးခြားထားတာဖြစ်ကြောင်း၊ ကိုယ့်အိမ် တံခါးကိုယ့်စိတ်ကြိုက် ဖွင့်ချင်ဖွင့် ပိတ်ချင်ပိတ်လို့ရကြောင်း၊ ဒါ့အပြင် ဆရာကြီးက ကျန်းမာရေးအတွက် အလေးမ လေ့ကျင့်ခန်းတွေ လုပ်နေကြောင်း၊ ထောင်ထဲမှာပဲ မခင်စုနဲ့ နောက်ထပ် ကလေးတယောက် ရနေပြီဖြစ်ကြောင်း” … စသည်များလည်း ပါ,ပါတယ်။
“ခင်ဗျားတို့ စိတ်ချလက်ချသာနေ လွှတ်ပေးဖို့ စီစဉ်နေပါတယ်” လို့ ကတိပေးလိုက်ကြောင်းလည်း … ရှင်းပြပါတယ်။
ပြောတဲ့အတိုင်းပါပဲ၊ ၃ လလောက်ရှိတော့ ရဲနီတွေအားလုံး လွတ်သွားကြပါတယ်။
အဆောင်မှာ ကျွန်းပြန်ဆိုလို့ ကျွန်တော်တို့ ၇ ယောက်ပဲ ကျန်ပါတော့တယ်။ တိုက်ထဲမှာတော့ ၄-၅-၆ ယောက် ကျန်နိုင်သေးတယ်။ ကျနော်တို့ကို လက်ကျန်တွေနဲ့ မရောဘဲ ထားပါတယ်။ မကြာခင် အထက်အခန်းမှ ကျောင်းသား ရဲဘော်တွေနဲ့ အဆက်အသွယ် ရလာပါတယ်။
သူတို့ပွဲတောင်းချက်အရ ညနေမှာ ပြည်သူ့အသံက သီချင်းတွေ၊ တခြား တော်လှန်ရေးသီချင်းတွေ ကျွန်းအာဇာနည် ရဲဘော် ၈ ဦး (ပေါင်း ၉ ပုဒ်) သီချင်းတွေကို ကျနော်က ဆိုပြရပါတယ်။ ဝါဒါတွေ ဂျူတီချိန်းချိန် တနေ့ တပုဒ်, နှစ်ပုဒ် လောက်ပဲ ဆိုပြခွင့်ရတာပါ။
အဆောင်နံပတ် ၄ နဲ့ကပ်လျက်ရှိတဲ့ အဆောင်နံပတ် ၅ မှာလည်း အကျဉ်းသားများ ပြည့်နေပါတယ်။ ၄ ဆောင် အပေါ်ထပ် ကျွန်းပြန်ရဲဘော်တွေနဲ့ ၅ ဆောင်အပေါ်ထပ်ရှိ ရွှေရတု လှုပ်ရှားမှုမှ ထိန်းသိမ်းခံကျောင်းသားများ ဆက်သွယ်မိခဲ့ကြပြီး ဖြစ်တယ်။
ညအချိန် အဆောင် ၄ အပေါ်ထပ် ကျွန်းပြန်တွေမှ ဆေးလိပ်မီး ဝှေ့ယမ်းအချက်ပြမှုကို ၅ ဆောင်က ကျောင်းသားများ ဖတ်လို့ရသွားရာက သတင်း အပြန်အလှန် ပို့နိုင်ခဲ့ကြတာဖြစ်တယ်။
နောက် ကျနော်တို့ ၇ ယောက်ကို လူရှင်းထားတဲ့ ၅ ဆောင်အောက်ထပ်ကို ရွှေ့ပေးရာက ရွှေရတု ကျောင်းသားတွေနဲ့ အထက်အောက် တိုက်ရိုက်ဆက်သွယ်မှု ရခဲ့တာပါ။
အထက်က တက်တက်ကြွကြွ ဆက်သွယ်ရေးလုပ်ပေးနေသူ နှစ်ဦးကတော့ ကျောင်းသားတွေပဲ ဖြစ်ကြတဲ့ ကိုခင်မောင်ဝင်း နဲ့ ကိုမောင်မောင်ပါ။ တယောက်က ပုပု၊ တယောက်က ရှည်ရှည် အိုင်တီ အစ် (it) အတွဲပါ။
တခါတော့ အရှေ့မြောက်စစ်ဒေသ တိုက်ပွဲတခုကမိလာတဲ့ ရဲဘော်လေးတယောက်အကြောင်း သိကြရတယ်။
“ယူနီဖောင်းကြီးနဲ့မိလာတာ၊ အဲဒီ ယူနီဖောင်း ခုအထိ သူ့ဆီမှာရှိဆဲ”… လို့ အပေါ်ထပ်က စာတစောင်ကျလာတယ်။ ကျနော်တို့ ရဲဘော်အားလုံးရဲ့မျက်လုံးတွေ တောက်ပြောင်သွားကြတယ်။
“ကြည့်ချင်လိုက်တာ” … လို့ တသံတည်း ထွက်လာကြတယ်။ “ကြံစမ်းပါဦး”… လို့လည်း တောင်းဆိုလာကြတယ်။
နောက်တနေ့ညနေ ဝါဒါတွေရှင်းခါစ သီချင်းဆိုပြပြီးတာနဲ့ ကြမ်းခင်းပျဉ်ကို ဖောက်ထားတဲ့ အပေါက်ကနေ ကုန်းကြည့်နေတဲ့ အပေါ်ထပ်က ရဲဘော်ကို သမံတလင်းပေါ်မှာ လက်နဲ့ စာရေးပြလိုက်တယ်။
“နက်ဖန် ရေချိုးဆင်းရင် ကိုတင်ဝင်း (အရှေ့မြောက်)ကို P.A ယူနီဖောင်းဝတ်ပြီး ဆင်းခဲ့ပါ”… လို့။
စဉ်းစားသာ ကြည့်ကြပါတော့၊ အားလုံးရဲ့ခံစားချက်မှာ စိတ်တုန်လှုပ်တာက တဖက်၊ ကြည်နူးရတာက တဖက် ဆင်းလာတုန်း ယူနီဖောင်းကြီး ဆွဲချွတ်ပစ်လိုက်မလား? ယူနီဖောင်းကြီးနဲ့ပဲ တိုက်ထဲ ပို့လိုက်မလား?
သို့သော် ဘာမှမဖြစ်၊ ချပ်ချပ်ရပ်ရပ်နဲ့ စမတ်ကျကျ ဝတ်ဆင်းလာတဲ့ ရဲဘော်ဟာ (ရေမချိုးမီ) ရေကန်ပတ်ပြီး လမ်းလျှောက်လိုက်၊ ကျန်းမာရေးလေ့ကျင်းခန်း လုပ်ပြလိုက်နဲ့ ကျက်သရေရှိလိုက်ပါဘိ။ ခုတင်ပေါ်မှာ အိပ်သလိုလိုနဲ့ကြည့်သူ လမ်းလျှောက်ရင်း ကြည့်သူ ကွယ်ကြည့်သူတွေ အားလုံး ပီတိပြုံး ကိုယ်စီနဲ့ပေါ့။
အသေးစိတ်ကအစ စိတ်ထဲမှတ်တေးထားကြပြီး သူတို့ ပြန်ထွက်သွားတာနဲ့ စားမြုံ့ပြန်ကြတော့တယ်။ အင်္ကျီကျယ်သီး ဘယ်နှစ်လုံး၊ အရောင်က ဘာ၊ ယူနီဖောင်းအသားက ဘာ အစ၊ အရောင်က ဘယ်တပ်နဲ့ နီးစပ်တယ်၊ ချုပ်ပုံက ဘယ်လို … စသည် မြိန်ရေရှက်ရေ ပြောမိကြတယ်။ ဒါနဲ့ မပြီး။ ညနေရောက်တော့ တခါ စာရေးပြလိုက်တယ်။
“ယူနီဖောင်းက ကြယ်သီးတလုံး လိုချင်တယ်။ ချပေးလိုက်ပါ”
ဆက်လက်ဖော်ပြပါမယ်။

No comments: